ကောင်စုတ်
Vol. 77 Ch. 1064
“ဟာ...”
ယဉ်ရို့ပင်းက ‘ကျန်းရီ’ဆိုသော အမည်ကို ပြောလိုက်သောအခါ ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွားသည်။ သူ အရှိန်အဝါ ထုတ်လွှတ်လိုက်ပြီး ယဉ်ရို့ပင်းကို သတ်ဖြတ်လိုဟန်ဖြင့် ကြည့်ကာ အော်ပြောလိုက်သည်။
“မင်းက ငါရုပ်ဖျက်ထားတာကို ဖောက်မြင်နိုင်ရုံတင်မကဘူး ငါ့ရဲ့ နာမည်ကိုလည်း ထုတ်ပြောရဲတယ်ပေါ့လေ။ ငါ မင်းကို သတ်ပစ်မှာ မင်းမကြောက်ဘူးလား”
အပြစ်ဆေးကြောဒေသတွင် ရှိခဲ့စဉ်က ယဉ်ရို့ပင်းသည် ကျန်းရီကို မသိခဲ့ပေ။ ယခုတွင် သူမ သိသွားပြီဖြစ်၍ သူတို့နှစ်ယောက်က ရန်သူများ ဖြစ်သွားပေပြီ။ ကျန်းရီက အပြစ်သားကျွန်းမှ ဖြစ်သည်။ ထိုအချက်ကို မပြောင်းလဲနိုင်ပေ။ အပြစ်သားကျွန်းမှ လူတိုင်းက ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ ရန်သူများ ဖြစ်နေမည်သာ။
ယခုတွင် ယဉ်ရို့ပင်းက ကျန်းရီကို သိသွားပြီဖြစ်၍ သူမသည် ကျန်းရီအတွက် ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်လာပေပြီ။ ယခုက ဆန်းကြယ်နယ်မြေထဲတွင် ဖြစ်၍ ပတ်ဝန်းကျင်တွင် မည်သူမှ ရှိမနေပေ။ ထို့ကြောင့် ကျန်းရီအတွက် ဤနေရာတွင် ယဉ်ရို့ပင်းကို သတ်ပစ်ရန် အလွန်လွယ်ကူသည်။
ယဉ်ရို့ပင်း၏ အေးစက်စက် မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။ သူမက ကျန်းရီကို ချိုသာစွာ ပြုံးပြ၍ ပြောလိုက်သည်။
“ရှင်က ကျွန်မကို သတ်မှာလား။ ကျန်းရီ... ရှင်သာ ကျွန်မကို သတ်ရက်ရင် ကျွန်မ ပြန်ခုခံမှာ မဟုတ်ဘူး”
ဟူး...
ကျန်းရီ၏ အရှိန်အဝါ ပျောက်ကွယ်သွားသည်။ ထို့နောက် သူ သက်ပြင်းချ၍ ပြောလိုက်သည်။
“ယဉ်ရို့ပင်း... အခု ငါတို့က ရန်သူတွေ ဖြစ်နေပြီ။ မင်း ပိုပြီးအလေးအနက်ထားလို့ ရမလား။ အခု ငါဘယ်သူဆိုတာ ပေါ်သွားပြီ... အဲ့တော့ ငါ အချိန်မရွေး အသတ်ခံရနိုင်တယ်။ ငါ မင်းကို နှုတ်ပိတ်ဖို့ သတ်ပစ်သင့်လား”
ယဉ်ရို့ပင်းက မြေခွေးတစ်ကောင်ကဲ့သို့ ပြုံးနေဆဲပင်။ သူမသည် ကျန်းရီ၏ စကားကို ကြားလိုက်သောအခါ လက်ပိုက်လိုက်ပြီး ကြောက်ရွံ့ယောင်ဆောင်လိုက်၏။
“ရှင်က ကျွန်မကို သတ်ချင်တာလား။ ကျွန်မ အရမ်းကြောက်တာပဲ။ အနားကို တိုးမလာနဲ့နော်... ရှင် တိုးလာရင် ကျွန်မ အော်လိုက်မှာ”
“လခွမ်းနဲ့မှ...”
ကျန်းရီ ပြောစရာစကား ပျောက်ရှသွားသည်။ သူသည် ထိုမိန်းမပျိုလေးကို မည်သို့ ကိုင်တွယ်ရမည်ကို မသိပေ။ သူမက သူ့ကို သတ်ခွင့်ပြုလျှင်ပင် သူက သတ်ရက်မည် မဟုတ်ချေ။ ထို့ကြောင့် သူ ပြန်ထိုင်ကာ ပြောလိုက်သည်။
“ထားလိုက်ပါတော့... မင်း ငါ့အကြောင်းကို ဖော်ချင်ရင်လည်း ဖော်လိုက်တော့။ ငါ မင်းနဲ့တွေ့ခဲ့ရတာကိုက ကံဆိုးတာပဲ”
“ခစ်ခစ်...”
ယဉ်ရို့ပင်းသည် စစ်ပွဲတစ်ပွဲကို အောင်နိုင်ခဲ့သော စစ်သူကြီးတစ်ယောက်ကဲ့သို့ ရွှန်းဝေစွာ ပြုံးလိုက်၏။ ထို့နောက် သူမ အနားသို့ လျှောက်လာပြီး ကျန်းရီကို စိတ်ဝင်တစား ကြည့်လိုက်သည်။
“ကျန်းရီ... ဒီနှစ်နှစ်လုံးလုံး ရှင် ဘယ်ကို ရောက်နေခဲ့တာလဲ။ အစ်မချန်နဲ့ ကျွန်မက ရှင် မြောက်ဘက်ဧကရာဇ် ဖမ်းတာကို ခံလိုက်ရပြီလို့ ထင်နေတာ”
“မင်းကို ကြည့်ပါဦး... ပွစိပွစိနဲ့ စကားများလိုက်တာ”
ယဉ်ရို့ပင်းက ကောင်းကင်သို့ မော့ကြည့်၍ တခစ်ခစ်ရယ်ကာ ပြောလိုက်သည်။
“ရှင်က အရမ်းစွမ်းအားကြီးတာပဲ... ဘာလို့ ရီစန်အဖြစ် ဟန်ဆောင်ထားရတာလဲ။ ဘာလို့ မြောက်ဘက်ဧကရာဇ်မြို့ထဲကို သတ်ဖြတ်ပြီး မဝင်သွားရတာလဲ။ အဲ့စကားချိုချိုလေးတွေနဲ့ တခြားမိန်းကလေးတွေကိုပဲ သွားအရူးလုပ်လိုက်။ ကျွန်မက ဉာဏ်ကောင်းတယ်... ငတုံးမတွေလို မဟုတ်ဘူး”
“မင်းက ဉာဏ်ကောင်းတာလား။ ထားလိုက်ပါတော့။ မင်းသာ တကယ်ဉာဏ်ကောင်းရင် ဗုဒ္ဓတောင်မှာကတည်းက ငါ ဘယ်သူဆိုတာကို သိခဲ့သင့်တာပေါ့”
ကျန်းရီသည် ထိုသို့ ပြောပြီးနောက် ယဉ်ရို့ပင်းကို ကြည့်ကာ စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
“ဒါနဲ့နေပါဦး... ယဉ်ရို့ပင်း.. ဒီတစ်ခေါက် မင်း ငါ့ကို ဘယ်လိုသိသွားတာလဲ”
“ဟင်းဟင်း...”
ယဉ်ရို့ပင်းက ပဟေဋိဆန်စွာ ရယ်၍ ပြောလိုက်သည်။
“မှန်းကြည့်လေ”
ကျန်းရီက နှာခေါင်းပွတ်၍ ပြန်ပြောလိုက်သည်။
“မင်းက ငါမမှန်းနိုင်ဘူးလို့ ထင်နေတာလား”
“ဟွန်း... အဲ့ဒါဆိုလည်း ပြောမပြတော့ဘူး”
ယဉ်ရို့ပင်းက နှာခေါင်းရှုံ့ကာ မျက်နှာလွှဲ၍ ကျန်းရီကို လျစ်လျူရှုလိုက်သည်။
“အို့...ဟုတ်တယ်”
ကျန်းရီသည် အစောက သူ အနံ့ခံမိခဲ့သော မွှေးရနံ့ကို တွေးမိသွား၏။ ထို့ကြောင့် သူ သူ့ပေါင်သူ ရိုက်ကာ ပြောလိုက်သည်။
“ငါသိပြီ။ အဲ့ဒါက ရနံ့ပဲ။ ငါ့ရဲ့ ကိုယ်သင်းရနံ့ပဲ”
“ရှင်က နည်းနည်းတော့ ဉာဏ်ကောင်းသားပဲ”
ယဉ်ရို့ပင်းက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
“နောက်တစ်ခါကျရင် ရှင် ကျွန်မအရှေ့မှာ ရုပ်ဖျက်ဖို့ မစဉ်းစားနဲ့။ ရှင်က ရှင့်ရဲ့ ရုပ်သွင်၊ စိတ်ဝိညာဉ်အရှိန်အဝါနဲ့ အငွေ့အသက်တွေကို ပြောင်းနိုင်ပေမယ့် ရှင့်ရဲ့ ကိုယ်သင်းရနံ့ကိုတော့ မပြောင်းနိုင်ဘူး။ ကျွန်မက ပါရမီပါလို့ ရှင့်ရဲ့ ကိုယ်သင်းရနံ့ကို အလွယ်လေး အနံ့ခံနိုင်တယ်”
“နောက်တစ်ခါဟုတ်လား...”
ကျန်းရီ ရုတ်တရက် ရယ်ကာ ပြောလိုက်သည်။
“သခင်မလေးယဉ်... မင်းက ငါ့အကြောင်းကို မဖော်တော့ဘူးလား”
“မဖော်တော့ဘူးလားဆိုတာ ဘာကိုပြောတာလဲ။ ရှင့်အကြောင်းကို ဖော်ပါမယ်လို့ ကျွန်မက ဘယ်တုန်းက ပြောခဲ့ဖူးလို့လဲ”
ယဉ်ရို့ပင်းက ကျန်းရီကို မျက်စောင်းထိုး၍ ပြောလိုက်သည်။
“ကျန်းရီ... ကျွန်မ ရှင့်အကြောင်းကို ဖော်မှာ မဟုတ်ဘူး။ နောက်ကျ ကျွန်မ ရှင့်ကို တွေ့ရင် မမြင်ချင်ယောင်ဆောင်သွားနိုင်တယ်။ ဒါပေမဲ့ ရှင် ကျွန်မကို တစ်ခုတော့ ကတိပေးရမယ်”
“ကောင်းပြီ”
ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“မင်းကို ငါ့ခန္ဓာကိုယ် ပေးရမှာကလွဲလို့ တခြားဘာကိုမဆို ညှိနှိုင်းလို့ရတယ်”
“ဟွန်း...ကောင်စုတ်”
ယဉ်ရို့ပင်းက ချစ်စဖွယ် ပြောလိုက်သည်။ သူမ၏ မျက်နှာလေးကလည်း ရှက်သွေးဖြာကာ နီမြန်းသွားသည်။ ထို့နောက် သူမ ပြောလိုက်လေသည်။
“ရှင်က ယဉ်မျိုးနွယ်နဲ့ ရန်သူ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်မကို ကတိပေးပါ။ ရှင် ယဉ်မျိုးနွယ်ဝင်တွေကို ရန်မစရဘူး။ အဲ့ဒါဆို ယဉ်မျိုးနွယ်ကလည်း ရှင့်ကို နှောင့်ယှက်မှာ မဟုတ်ဘူး”
“အဲ့ကတိတော့ ငါ ပေးနိုင်ပါတယ်”
ကျန်းရီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါက ဘယ်တုန်းကမှ သတ်ဖြတ်ရတာကို မကြိုက်ခဲ့ပါဘူး။ ငါက စိတ္တဇကောင်တစ်ကောင် မဟုတ်ဘူး။ ငါ့ကို လာရန်မစရင် ငါက ဘာလို့ ယဉ်မျိုးနွယ်နဲ့ ရန်သူဖြစ်ရမှာလဲ။ အင်း... ငါ မင်းမျက်နှာကို ထောက်ထားနိုင်ပါတယ်။ ယဉ်မျိုးနွယ်က ငါ့ကို ရန်လာစရင်တောင် ငါ ဘာမှ ပြန်မလုပ်ဘဲ သည်းခံပေးမယ်။ အဲ... ဒါပေမဲ့ ယဉ်မျိုးနွယ်က အရမ်းတရားလွန်လာရင်တော့ မရဘူးပေါ့”
“အဲ့လို ဖြစ်မှာ မဟုတ်ပါဘူး”
ယဉ်ရို့ပင်းက ယုံကြည်မှုရှိရှိ ပြန်ပြောလိုက်သည်။
“တကယ်တော့... ယဉ်မျိုးနွယ်က မျိုးဆက်သစ်တွေအကုန်လုံးက ရှင့်ကို လေးစားကြပါတယ်။ ကျွန်မရဲ့ အစ်ကိုတွေ၊ မောင်တွေ အကုန်လုံးက သူတို့ ရှင့်ကိုသာမီနိုင်ရင် သေပျော်ပြီလို့တောင် ပြောကြတယ်။ ကျွန်မတို့မျိုးနွယ်က ရှင်လုပ်ခဲ့ကိစ္စတွေကို သိထားပါတယ်။ အဲ့တော့ ကျွန်မတို့ ရှင့်ကို ပေါ်ပေါ်ထင်ထင်တော့ မထောက်ခံနိုင်ဘူး။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက တစ်လှေတည်းစီး မဟုတ်လား”
“အမွှမ်းတင်လွန်းနေပါပြီ၊ အမွှမ်းတင်လွန်းနေပါပြီ...”
ကျန်းရီက အရှက်မရှိ လက်ဆုပ်ကာ ပြောလိုက်သည်။
“တကယ်တော့ ငါက မင်းတို့ ထင်သလောက် မကောင်းပါဘူး။ ငါ့မှာလည်း ပြစ်ချက်တွေ ရှိတယ်...”
“ဟွန်း...”
ယဉ်ရို့ပင်း သည်းမခံနိုင်တော့ဘဲ ထပ်မံ နှာခေါင်းရှုံ့လိုက်သည်။ သို့သော် သူမက ချက်ချင်း ပြန်ပြုံးကာ ပြောလိုက်သည်။
“ရှင်က တည်တည်တံ့တံ့ကို မနေနိုင်ဘူးလား။ ရှင်က ထူးဆန်းတဲ့လူတစ်ယောက်လို့ အစ်မချန်ကလည်း ပြောတယ်။ သူက ရှင်နဲ့ရှိနေရင် ဘာလို့လဲမသိဘူး.. ပျော်ရတယ်တဲ့”
“ငါပြောတဲ့အဲ့ဒါပဲ... အဲ့ဒါက ငါ့ရဲ့ ပြစ်ချက်တွေထဲက တစ်ခုပဲ”
ကျန်းရီက စိတ်ညစ်ယောင်ဆောင်၍ သက်ပြင်းရှည်ကြီး ချလိုက်သည်။
“ငါလည်း အဲ့ဒါကို သိပါတယ်။ ဘာလို့လဲမသိဘူး... မိန်းကလေးတွေက ငါ့ကို ကြွေကြတယ်။ အဲ့ဒါကြောင့် ငါ အရမ်းစိတ်ညစ်ရတယ်”
“ဟားဟား... ရှင်က တော်တော် အရှက်မရှိတာပဲ”
ယဉ်ရို့ပင်းက လှပစွာပြုံး၍ ကျန်းရီကို ပြောလိုက်သည်။ ကျန်းရီကလည်း ပြုံးလိုက်ပြီး ရေကန်ထဲရှိ ရေဂယက်ကလေးများကို ကြည့်လိုက်သည်။ ထို့နောက် သူ သက်ပြင်းချကာ ပြောလိုက်လေသည်။
“လူတစ်ယောက်ရဲ့ဘဝမှာ ခါးသီးမှုတွေ၊ ခက်ခဲပင်ပန်းမှုတွေက များလွန်းတယ်။ အမြဲ တည်တည်တံ့တံ့ကြီးနေနေရင်လည်း ဘာအဓိပ္ပာယ်မှ မရှိဘူး။ နည်းနည်းလောက် ခပ်ပျော်ပျော်နေတာက ဘာမှားလို့လဲ။ ဘာလို့ မကောင်းတဲ့ကိစ္စတွေကိုပဲ တွေးပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ညစ်အောင် လုပ်နေရမှာလဲ။ ဘဝမှာ အမြဲ ကိုယ်လိုချင်တာကို ရနိုင်နေရင် ဘယ်သူက ပင်ပန်းဆင်းရဲချင်ပါဦးမလဲ”
ထို့နောက် ကျန်းရီသည် စကားဆက်မပြောတော့ဘဲ ရေဂယက်များကိုသာ ငေးကြည့်နေတော့သည်။ ယဉ်ရို့ပင်း၏ မျက်နှာထားလည်း တည်လာသည်။ သူမလည်း ကျန်းရီဘေးတွင် ထိုင်လိုက်ပြီး ရေဂယက်များကို ကြည့်လိုက်သည်။ ထို့နောက် သူမ သက်ပြင်းချကာ ပြောလိုက်လေသည်။
“ကျန်းရီ... ရှင်သာ အပြစ်သားကျွန်းကို မသွားခဲ့ရင် ကျွန်မတို့ ပေါ်ပေါ်ထင်ထင် မိတ်ဆွေဖွဲ့နိုင်မှာ”
“အဟင်း... ငါသာ အပြစ်သားကျွန်းကို မသွားခဲ့ရင် အခုအချိန်ဆို အရိုးဆွေးနေလောက်ပြီ”
ကျန်းရီက ခပ်လှောင်လှောင်ရယ်၍ ပြောလိုက်သည်။
“တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေဖွဲ့တယ်ဆိုတာ နှလုံးသားအပေါ်မှာပဲ မူတည်တယ်။ တစ်ယောက်ရဲ့ အဆင့်အတန်းတွေ၊ နှစ်ယောက်ကြားက အကွာအဝေးတွေက အရေးမပါဘူး။ အနေဝေးပေမယ့် နှလုံးသားချင်းနီးတယ်။ ငါတို့ အဲ့မိတ်ဆွေကို ထပ်မတွေ့ရတော့ဘူးဆိုရင်လည်း ဘာဖြစ်သေးလဲ”
“အွန်း... ရှင်ပြောတာ မှန်ပါတယ်။ ကျွန်မ အတွေးမှားသွားတာ”
ယဉ်ရို့ပင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျန်းရီ... တကယ်လို့ ရှင်သာ ဇင်ကို ကျင့်ကြံမယ်ဆိုရင် ဆရာတစ်ဆူဖြစ်လာလောက်မှာပဲ။ အရင်တုန်းက အစ်မချန်ကလည်း အဲ့လိုမျိုး ပြောခဲ့ဖူးတယ်။ ရှင်တို့နှစ်ယောက်က တကယ့်ကို အသိဉာဏ်ကြီးတာပဲ”
“ငါက အသိဉာဏ်ကြီးတယ်တဲ့လား...အဟား...”
ကျန်းရီ ခါးသက်သက် ပြုံးလိုက်သည်။
“လူနှစ်ယောက်က အချိန်အကြာကြီး ချစ်ခဲ့ကြရင် တစ်ယောက်နဲ့တစ်ယောက် နေ့တိုင်း မတွေ့နိုင်တာက ဘာများ အရေးပါမှာလဲ။ အဲ့စကားက တကယ်တော့ တော်တော်လေး ဝမ်းနည်းဖို့ကောင်းတယ်၊ တစ်ယောက်နဲ့တစ်ယောက်က နေ့တိုင်းတွေ့နေရရင် ဘာလို့များ ခွဲခွာချင်ရမှာလဲ။ နေ့တိုင်း အတူတူ ဖက်အိပ်နေရတာက ပိုမကောင်းဘူးလား”
“ဟွန်း... ကျွန်မ ခုနက ပြောခဲ့တဲ့ စကားကို ပြန်ရုတ်သိမ်းတယ်”
ယဉ်ရို့ပင်း ရှက်သွေးဖြာသွား၏။ ထို့နောက် သူတို့နှစ်ယောက်စလုံး အတွေးနက်သွားသည်။ သို့သော် ထိုတောင်ကြားလေးက ကျဉ်းပြီး သူတို့နှစ်ယောက်က နီးကပ်စွာ ထိုင်နေခြင်းပင်။ ယဉ်ရို့ပင်းထံတွင် မွှေးရနံ့ခပ်သင်းသင်းလေး ရှိနေပြီး ကျန်းရီထံတွင်လည်း အားကောင်းသော ယောက်ျားဆန်သည့် ကိုယ်သင်းရနံ့ ရှိနေသည်။ သူတို့နှစ်ယောက် အတန်ငယ် အိုးတိုးအန်းတန်းဖြစ်နေကြသည်။ လေထုအတွင်းရှိ အငွေ့အသက်ကလည်း ပို၍ ချစ်ကြည်နူးဖွယ်ဖြစ်လာလေသည်။
***