← Chapters

မျိုးမစစ်အိုကြီး

Vol. 77 Ch. 1065

မျိုးမစစ်အိုကြီး

Vol. 77 Ch. 1065

ကျန်းရီသည် ယဉ်ရို့ပင်းနှင့် ပတ်သတ်၍ အတော်လေး ဒွိဟဖြစ်နေ၏။ သူက သူမကို စိတ်မဝင်စားဟု ဆိုလျှင် လိမ်နေခြင်းသာ ဖြစ်ပေမည်။ မည်သည့်ယောက်ျားမဆို သူမကဲ့သို့ အလှပဂေးလေးတစ်ယောက်ကို လိုချင်ကြမည်သာ။ သူမ၏ နှလုံးသားကို အရည်ဖျော်လိုကြမည်သာ။ သူမထံမှနေ၍ နှစ်လိုဖွယ်အပြုံးကို လိုချင်ကြမည်သာ။

ယဉ်ရို့ပင်းကလည်း ကျန်းရီအပေါ် ခံစားချက်ရှိနေကြောင်း ထင်ရှားသည်။ သူမသည် သူ့အပေါ် သစ္စာရှိပြီး သူ့ကို ကူညီခဲ့ဖူးသည်။ ကျန်းရီသည် သူမနှင့် စကားပြောကာ အချိန်ကုန်ဆုံးရသည်ကို ကြည်နူးမိ၏။ သူမ၏ မွှေးပျံ့သော ကိုယ်သင်းရနံ့လေးကို ရှူရှိုက်ရင်း သူ စိတ်လှုပ်ရှားဖွယ် အတွေးများကို တွေးမိနေသည်။ သို့သော် သူ ထိုအတွေးများကို ဖိနှိပ်ထားလိုက်ပြီး အတွေးမလွန်စေရန် ကြိုးစားလိုက်သည်။

ယဉ်ရို့ပင်းကဲ့သို့ ကြွယ်ဝ၍ အာဏာရှိသော မိသားစုများတွင် မွေးဖွားလာသော မိန်းကလေးများသည် ငယ်စဉ်ကတည်းက ကျော်ကြားသော မျိုးနွယ်များမှ သခင်လေးများနှင့် တွေ့ဆုံခဲ့ဖူးပေသည်။ သူမတို့သည် အပေါ်ယံတွင် ကြင်နာ၊ နွေးထွေးပုံ ပေါ်သော်လည်း အတွင်းတွင် ကောက်ကျစ်ယုတ်မာတတ်သူများစွာကို တွေ့ခဲ့ဖူးကြသည်။ ထိုလူများက သူတို့၏ပန်းတိုင်သို့ ရောက်ရန် မည်သည့်နည်းကိုမဆို သုံးမည့်သူများပင်။ ထို့ကြောင့် သူမကဲ့သို့ မိန်းက‌လေးများက ထိုသို့သော သခင်လေးများကို အထင်သေးရွံရှာကာ လျစ်လျူရှုတတ်ကြသည်။

ထိုသခင်လေးများကတော့ ယင်ကောင်များကဲ့သို့ သူမတို့အနားသို့ ကပ်နိုင်ရန် နည်းမျိုးစုံသုံးကြမည်ဖြစ်သည်။ သို့သော် သူတို့က သခင်မလေးများ၏ အာရုံစိုက်မှုကို ခံရအောင် လုပ်လေလေ၊ သခင်မလေးများက သူတို့ကို ပိုရွံရှာလာလေလေပင်။ လူ့သဘာဝသည် အလွယ်တကူရသော အရာများကို တန်ဖိုးမထားတတ်ပေ။ အမြဲလိုလို မရနိုင်သည်ကိုမှ လိုချင်တတ်ကြသည်။

အထူးသဖြင့် မိန်းမများ၏ စိတ်က နားလည်ရပိုခက်သည်။

မိန်းများသည် အကောင်းဆုံး စားဖွယ်များကို စားနေရသော်လည်း ဟင်းရွက်ကစွန်းကိုမှ တောင့်တတတ်သည်။ ကျန်းရီက အလွန်အဖိုးတန်သော ဟင်းရွက်ကစွန်းဖြစ်ကြောင်းကိုမူ သံသယဖြစ်စရာ မရှိပေ။

ကျန်းရီက ငယ်ရွယ်၏၊ လျှို့ဝှက်၏၊ လူများစွာကိုလည်း တစ်ကိုယ်တော် သတ်ခဲ့ပြီး နာမည်တစ်လုံး ရခဲ့၏။ အနုပညာအပိုင်းတွင်လည်း အဆင့်မြင့် ကောင်းကင်ပန်းချီကား သုံးချပ်ကို ရေးဆွဲနိုင်ခဲ့၏။ ထို့ပြင် သူက ဝူမျိုးနွယ်နှင့် တစ်ကိုယ်တော်စစ်ခင်းရန်လည်း မကြောက်ပေ။ စေတီတောင်၌ သူ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကို သတ်ပစ်ခဲ့သည်။ ယခု နတ်ဘုရားအသံလှိုင်းတောင်ကြားတွင်လည်း သူသည် သစ်ရွက်တစ်ရွက်ကို မှုတ်၍ အသံလှိုင်းဧကရာဇ်၏ တပည့်အဖြစ် လက်ခံခြင်းကို ခံခဲ့ရသည်။

အထက်ပါအကြောင်းများကြောင့် ကျန်းရီသည် ယဉ်ရို့ပင်းအတွက် ဘိန်းပန်းတစ်ပွင့်ကဲ့သို့ ဆွဲဆောင်မှုရှိနေပေသည်။ မိန်းမတစ်ယောက်သည် ယောက်ျားတစ်ယောက်ကို စိတ်ဝင်စားမိလျှင် ထိုယောက်ျား၏ အကြောင်းမှန်သမျှကို စုံစမ်းတတ်သည်။ ထိုသို့စုံစမ်းရင်းဖြင့်လည်း ထိုယောက်ျားအပေါ် ပို၍ အထင်ကြီးလေးစားလာကာ ထိုယောက်ျား၏ လွှမ်းမိုးမှုကို လုံးဝခံလိုက်ရတတ်သည်။

တော်သေးသည်မှာ...

ယဉ်ရို့ပင်းနှင့် ကျန်းရီတို့ နှစ်ယောက်စလုံးက တူညီသောဒွိဟ ဖြစ်နေကြသည်။ သူတို့သည် သူတို့၏ခံစားချက်များကို အတင်းဖိနှိပ်ထားကြသည်။ သူတို့တွင် မည်သည့်အနာဂတ်မှ ရှိမည်မဟုတ်ကြောင်း နှစ်ယောက်စလုံး သိထားသည်။ ယင်းက သူတို့၏ ကံကြမ္မာပင်။

ယဉ်ရို့ပင်းက ကျန့်ထျန်းလဲ့ကို လက်မထပ်လျှင်ဖြစ်စေ၊ ကျန်းရီက အပြစ်သားကျွန်းသို့ မသွားခဲ့လျှင်ဖြစ်စေ ကျန်းရီ လုပ်ခဲ့သော အရာအားလုံးကြောင့် သူတို့နှစ်ယောက်က ဘယ်တော့မှ ပေါင်းဖက်နိုင်မည် မဟုတ်ပေ။

စေတီတောင်မှတိုက်ပွဲ ပြီးနောက်တွင် ကျန်းရီက မြောက်ဘက်ဧကရာဇ်၏ ဝူမျိုးနွယ်နှင့် ကမ္ဘာ့ရန်ဘက် ဖြစ်လာခဲ့သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက တစ်စိတ်တစ်ဝမ်းထဲဖြစ်သည်။ အကယ်၍ ကျန်းရီနှင့် ယဉ်ရို့ပင်းတို့သာ ပေါင်းဖက်လိုက်လျှင် ယဉ်မျိုးနွယ်က ရွေးချယ်စရာမရှိ‌တော့ဘဲ ကျန်မျိုးနွယ်ရှစ်ခုနှင့် ရန်သူဖြစ်ရမည်ဖြစ်သည်။ ယဉ်မျိုးနွယ်သည် ကျန်းရီတစ်ယောက်အတွက်ဖြင့် ထိုသို့အဖြစ်ခံပါမည်လော။

သေချာပေါက် အဖြစ်ခံမည် မဟုတ်ပေ။

ထို့ကြောင့် ကျန်းရီနှင့် ယဉ်ရို့ပင်းတို့နှစ်ယောက်စလုံး နှုတ်ဆိတ်နေခြင်းပင်။ သို့သော် သူတို့နှစ်ယောက် ပို၍ အိုးတိုးအန်းတန်း ဖြစ်လာနေသည်။ လေထုအတွင်းမှ အငွေ့အသက်ကလည်း ပို၍ ချစ်ကြည်နူးဖွယ်ကောင်းလာသည်။

ငါးမိနစ်ကြာပြီးနောက် ကျန်းရီ စိတ်မရှည်နိုင် ဖြစ်လာ၏။ အခြေအနေက သူ့ကို စိတ်မသက်မသာ ဖြစ်နေစေသည်။ ထိုစဉ် သူ အကြံတစ်ခု ရလိုက်၏။ ထို့ကြောင့် သူ ယဉ်ရို့ပင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။

“သခင်မလေးယဉ်... မင်း ငါ့ကို တစ်ခုလောက် ကူညီပေးနိုင်မလား”

“အာ...”

ယဉ်ရို့ပင်းသည် စိတ်ကူးယဉ်ကမ္ဘာထဲတွင်သာ ရှိနေသေး၍ အတန်ငယ် ရှက်သွေးဖြာသွား၏။ သို့သော် သူမ ကျန်းရီ၏မျက်နှာထားကို တွေ့လိုက်ရသောအခါ ချက်ချင်း မျက်နှာပြန်တည်သွားသည်။ သူမ ပြောလိုက်၏။

“ပြောပါ... အဆင်ပြေရင် ကျွန်မ ကူညီပေးပါမယ်”

“အဲ့ဒါက အရေးကြီးတဲ့ကိစ္စတစ်ခုပဲ”

ကျန်းရီက အလေးအနက်ပြောလိုက်သည်။

“မင်း လီဟုန်ကို သိလား။ သူက မင်းတို့ မိသားစုနဲ့ ဆွေမျိုးတော်တယ်ထင်တယ်”

ယဉ်ရို့ပင်း ခါးမတ်လိုက်ပြီး သံသယဖြင့် မေးလိုက်သည်။

“ဟုတ်တယ်... သူက ကျွန်မအမေရဲ့ ဝမ်းကွဲအစ်ကိုပဲ။ ကျွန်မက သူ့ကို ဦးလေးသုံးလို့ခေါ်တယ်။ သူက ရှင့်ကို နှောင့်ယှက်မိလို့လား”

“အဲ့လိုတော့ မဟုတ်ဘူး”

ကျန်းရီသည် ခေတ္တမျှ နှုတ်ဆိတ်သွားပြီးမှ ထူးဆန်းစွာ ဆက်ပြောလိုက်၏။

“မင်း သူ့ရဲ့အကျင့်အကြောင်းကို ကြားဖူးလား။ ဘာလို့ မင်းတို့မျိုးနွယ်က သူ့ကို လုပ်ချင်တိုင်းလုပ်ခွင့် ပေးထားတာလဲ။ အဲ့ဒါက မင်းတို့မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဘူးလား”

“အွန်း... သူက တကယ်ကို မျိုးမစစ်အိုကြီးပဲ”

ယဉ်ရို့ပင်းက တည့်တိုးသာ ပြောလိုက်သည်။ ထို့နောက် သူမ ခါးသက်သက်ရယ်၍ ဆက်ပြော၏။

“ကျွန်မအမေရဲ့ အဖေက ကျွန်မအမေ ငယ်ငယ်ကတည်းက ဆုံးသွားခဲ့တာ။ အဲ့ဒါကြောင့် သူ့အဖေရဲ့ ဝမ်းကွဲတစ်ယောက်က သူ့ကို သမီးအဖြစ် မွေးစားခဲ့တယ်။ အဲ့ဝမ်းကွဲက လီဟုန်ရဲ့ အဖေပဲ။ အဲ့တော့ လီဟုန်က သူ့အတွက် အစ်ကိုတစ်ယောက်လို ဖြစ်နေတာပေါ့။ သူငယ်ငယ်တုန်းက လီဟုန်က သူ့ကို စောင့်ရှောက်ပေးခဲ့တယ်။ လီဟုန်က မကောင်းတဲ့ကိစ္စတွေ လုပ်ပြီးရင် ကျွန်မရဲ့ အမေကို လာတောင်းပန်တယ်။ အဲ့ကျ ကျွန်မရဲ့ အမေကလည်း စိတ်ပျော့သွားတော့တာပဲ။ ကျွန်မရဲ့ အမေက စိတ်ပျော့သွားတော့ ကျွန်မအဖေကလည်း ဘာမှ အများကြီး မပြောနိုင်တော့ဘူးလေ”

“ငါနားလည်ပြီ”

နောက်ဆုံးတွင် ကျန်းရီ နားလည်သွားလေသည်။ ထို့နောက် သူ အတန်ငယ် ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်သည်။

“အခြေအနေက ဒီလိုပါ။ ထန်မျိုးနွယ်မှာ ငါနဲ့သိတဲ့ ကောင်မလေးနှစ်ယောက်ရှိတယ်။ ဒီတစ်ခေါက် ငါ သူတို့နဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှာ ပြန်တွေ့ခဲ့တာ။ လီဟုန်က သူတို့ကို မျက်စိကျသွားလို့ သူတို့နှစ်ယောက်ကို ဘုံကြိုးပြတ်ဝါး အချောင်းတစ်ရာနဲ့ လဲဖို့ လုပ်နေတယ်။ အဲ့ကောင်မလေးနှစ်ယောက်ကတော့ အဲ့ကိစ္စကို လက်မခံပါဘူး။ အဲ့ဒါကြောင့် သူတို့က ထန်မျိုးနွယ်က ကြီးကြပ်သူတွေရဲ့ အရိုက်အနှက်ကို ခံခဲ့ရတယ်...”

“ငါ ဒီကိစ္စကို ကိုယ်တိုင်မကြုံရရင် ဝင်ပါမိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကြုံခဲ့ရပြီဆိုတော့... ကောင်မလေးနှစ်ယောက် ဘဝပျက်မှာကို ထိုင်ကြည့်မနေနိုင်ဘူးလေ။ အစကတော့ ငါ သူတို့ကို လုသွားပြီး ကယ်မလို့ပဲ။ ဒါပေမဲ့ ဒီနေ့ မင်း ရောက်လာပြီဆိုတော့ မင်း ငါ့ကို တခြားနည်းလမ်းတွေ အကြံပေးနိုင်မလား။ ငါ လီမျိုးနွယ်ကို အပြစ်ပြုမိလိုက်ရင် ယဉ်မျိုးနွယ်ရဲ့ ရန်သူဖြစ်လာတာနဲ့ အတူတူပဲမလား”

“ကောင်မလေးနှစ်ယောက်လား...”

ယဉ်ရို့ပင်း အတန်ငယ် မျက်နှာပျက်သွား၏။ ထို့နောက် သူမ စိတ်အလိုမကျဟန်ဖြင့် ‌မေးလိုက်သည်။

“အဲ့နှစ်ယောက်က တော်တော်လှမှာပေါ့... ဟုတ်တယ်မလား”

“...”

ကျန်းရီ မည်သို့ပြန်ပြောရမည်မသိ ဖြစ်သွား၏။ မိန်းမများ အမှန်ပင် ထူးဆန်းသူများပင်။ သူက သေချာရှင်းပြခဲ့သော်လည်း သူမက အခြေအနေအကြောင်းကို မမေးဘဲ ထိုကောင်မလေးနှစ်ယောက်က လှ၊ မလှကို မေးနေလေသည်။ ကျန်းရီက အကျိုးမရှိလျှင် ကောင်းမှုကို မလုပ်တတ်သူလော။ သူက လှပ‌သော မိန်းကလေးများကိုသာ ကူညီတတ်သော နှာဘူးတစ်ယောက်လော။

“သာမန်ပါပဲ... မင်းလောက် မလှပါဘူး”

ကျန်းရီသည် ယဉ်ရို့ပင်းက သူ့ကို ကြည့်နေကြောင်း တွေ့လိုက်၍ ပုံမှန်ကဲ့သို့ ပြောလိုက်၏။

“ဒီတော့ မင်း ကူညီမှာလား။ မင်း မကူညီဘူးဆိုရင် ငါ ‌ရွေးချယ်စရာ မရှိတော့ဘဲ သူတို့ကို လုပြေးရမှာပဲ။ တကယ်လို့ အဲ့အချိန်ကျ လီဟုန်က ငါ့ကို တားရင် ငါ သူ့ကို သတ်ပစ်ရလောက်တယ်။ အဲ့ကျရင်တော့ မင်း ငါ့ကို အပြစ်မတင်နဲ့”

“မလုပ်ပါနဲ့”

‘မင်းလောက် မလှပါဘူး’ဟူသော စကားကို ကြားလိုက်ရသောအခါ ယဉ်ရို့ပင်း၏ မျက်လုံးများ တောက်ပလာ၏။ ထို့ကြောင့် သူမ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ကျွန်မ ကူညီမှာပါ။ လူနှစ်ယောက်တည်း မဟုတ်လား။ အပြင်ကိုပြန်ရောက်ရင် သူတို့နှစ်ယောက်ကို ရှင့်ကို ပေးလိုက်ဖို့ ကျွန်မ ပြောလိုက်ပါမယ်။ လီဟုန်က ကျွန်မကို ဆန့်ကျင်ရဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှင် လီဟုန်ကို သတ်လို့မဖြစ်ဘူးဆိုတာကိုတော့ မှတ်ထားပါ... မဟုတ်ရင် ကျွန်မအမေ ဝမ်းနည်းရလိမ့်မယ်။ အဲ့အခါကျ ကျွန်မတို့လည်း ရွေးချယ်စရာမရှိတော့ဘဲ တပ်သားတွေ စေလွှတ်ပြီး ရှင့်ကို လိုက်ဖမ်းခိုင်းရလိမ့်မယ်”

“ကောင်းပြီ... ကျေးဇူးအများကြီးတင်ပါတယ် သခင်မလေးယဉ်”

ကျန်းရီ သက်ပြင်းလေးလေးတစ်ချက် ချလိုက်၏။ ယခုတွင် ထိုကိစ္စက အဆင်ပြေသွားပြီဖြစ်ရာ သူ အတော်လေး စိတ်ပေါ့သွားပေပြီ။ ကျန်းရီသည် ခေတ္တမျှ နှုတ်ဆိတ်နေပြီးနောက် ပြောလိုက်၏။

“မင်းရဲ့အမေကို အဲ့တဏှာရူးအိုကြီးကို ထိန်းဖို့ပြောလိုက်ပါ။ မဟုတ်ရင် ငါက သူ့ကို မသတ်ရင်တောင်.. အနှေးနဲ့အမြန်ဆိုသလို တစ်ယောက်ယောက်က သတ်မှာပဲ။ သူက တော်‌တော်အိုနေပြီကို... လိင်ကိစ္စတွေ လုပ်နိုင်သေးတာလား”

“အို...”

ယဉ်ရို့ပင်းသည် မျက်နှာလေးရဲသွားပြီး ကျန်းရီထံမှ အကြည့်လွှဲလိုက်သည်။ ကျန်းရီ၏ စကားများက ပို၍ မလေးမစား ဖြစ်လာနေသည်။ ယဉ်ရို့ပင်းက ဂုဏ်သိက္ခာအကြီးဆုံးမျိုးနွယ်တစ်ခုမှ သခင်မလေးတစ်ယောက် မဟုတ်ပါလား။ ထို့ပြင် သူမက အပျိုလေးတစ်ယောက်သာ ဖြစ်သေးသည်။ ထို့ကြောင့် ကျန်းရီ၏စကားများက လွန်လွန်းပေသည်။

“အဟမ်း...အဟမ်း...”

ကျန်းရီလည်း သူ့စကားက လွန်သွားကြောင်း သတိပြုမိလိုက်၏။ ထို့ကြောင့် သူ မျက်နှာရဲသွားပြီး နှာခေါင်းကုတ်လိုက်သည်။

“ငါ စကားမှားသွားတယ်။ ဒေါသမထွက်ပါနဲ့ အဘွားအိုလေး...”

“ဘယ်သူက အိုတာလဲ။ ရှင်ကသာ ကျွန်မထက် ပိုအိုပြီး ပိုတုံးတာ”

ယဉ်ရို့ပင်းက ကျန်းရီကို ဒေါသလေးဖြင့် ကြည့်လိုက်၏။ သူမ၏ ဒေါသမျက်နှာလေးက မာန်ဖီနေသော ခြင်္သေ့ပေါက်လေး၏ မျက်နှာကဲ့သို့ပင်။

ကျန်းရီ ခါးသက်သက် ပြုံးကာ ခပ်သွက်သွက် ပြောလိုက်သည်။

“ဟုတ်ပါပြီ..ဟုတ်ပါပြီ။ ငါက ပိုအိုတာ၊ အသက်ငါးဆယ်ရှိပြီလေ။ ငါက အဘိုးကြီးပဲ။ မင်းကတော့ ဆယ့်ခြောက်နှစ်အရွယ် ဖူးပွင့်စ အပျိုမဒမ်းလေးပေါ့။ ပြီးတော့ နတ်သက်ကြွေလာတဲ့ နတ်သမီးလေးလိုလည်း လှသေးတယ်။ ကဲ... အဲ့လိုဆို ကျေနပ်ပြီလား”

“ဟွန်း...”

ယဉ်ရို့ပင်းသည် ကျန်းရီ၏ စကားများကြောင့် အတော်လေး ကျေနပ်သွား၏။ သို့သော် သူမသည် တစ်စုံတစ်ခုကို တွေးမိသွား၍ နှုတ်ခမ်းဆူလိုက်ပြီး ကျန်းရီကို လက်သီးဆုပ်လေးများနှင့် ထုကာ ဒေါသတကြီး ပြောလိုက်သည်။

“ရှင်က ကျွန်မကို အသားယူနေတာပဲ။ ရှင်က အသက်ငါးဆယ်၊ ကျွန်မက ဆယ့်ခြောက်နှစ်ဆိုရင် ကျွန်မက ရှင့်ကို ဘယ်လိုခေါ်ရမှာလဲ”

ယဉ်ရို့ပင်း၏ လက်သီးဆုပ်လေးများက ကျန်းရီ၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်နေ၏။ သူတို့နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များက တုန်ယင်နေကြသည်။ သူတို့နှစ်ယောက်စလုံး ယစ်မူးနေကြပေသည်။

ကျန်းရီက ယဉ်ရို့ပင်း၏ ရှက်ရွံ့ဟန်လေးများကြောင့် စိတ်လှုပ်ရှားနေပြီး ယဉ်ရို့ပင်းကလည်း ကျန်းရီ၏ စကားများကြောင့် ရှက်ရွံ့နေသည်။ ယခု သူမ၏ ပုံစံက ချစ်သူကို စိတ်ကောက်နေသော မိန်းမပျိုလေးတစ်ယောက်နှင့် တူနေပေသည်။

***

All Chapters