← Chapters

ပန်းနတ်သမီး

Vol. 77 Ch. 1066

ပန်းနတ်သမီး

Vol. 77 Ch. 1066

အသားချင်းထိကာ ထုနှက်ရိုက်ပုတ်ပြီးနောက် ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ ပြန်၍ တိတ်ဆိတ်သွား၏။ ယခုမှ ပို၍ပင် အိုးတိုးအန်းတန်း ဖြစ်လာသည်။

ကျန်းရီနှင့် ယဉ်ရို့ပင်းတို့က အတောင်ကျိုးနေသော ငှက်ကလေးနှစ်ကောင်ကဲ့သို့ပင်။ သူတို့က ကောင်းကင်ထက်သို့ ပျံတက်လိုကြသော်လည်း ပျံမတက်နိုင်ဖြစ်နေပေသည်။ သူတို့ ပျံတက်လိုက်သည်နှင့် အောက်သို့ ပြန်ပြုတ်ကျကာ မြေပြင်နှင့် မိတ်ဆက်သွားမည်ဖြစ်ကြောင်း သူတို့ ကောင်းစွာ သိထားသည်။

တော်သေးသည်မှာ တစ်နာရီဟူသော အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွား၍ပင်။ ခပ်လှမ်းလှမ်းရှိ တောင်အလယ်တွင် စီးဆင်းနေသော စမ်းချောင်းက နှေးလိုက်၊ မြန်လိုက်နှင့် စီးဆင်းလာသည်။ စမ်းရေကလည်း အတက်အကျ ဖြစ်နေသည်။

စမ်းရေက အနှေးအမြန်၊ အတက်အကျ ဖြစ်နေရာ ရေပြင်တွင် လှိုင်းထလာသည်။ ထိုစမ်းရေများက ရေတံခွန်မှတဆင့် အောက်ရှိ ရေကန်ထဲသို့ ကျဆင်းကာ စည်းချက်ညီသော အသံတစ်ခုကို ထွက်ပေါ်လာစေလေသည်။

“ဝေါ...ဟောဟော၊ တုန်...ဟုန်ဟုန်...”

စမ်းရေက ရေကန်မျက်နှာပြင်ကို ထိသောအခါ ဆူညံသံ ဖြစ်ပေါ်စေသည်။ သို့သော် ထိုအခိုက်တွင် ထိုဆူညံသံက ရုတ်တရက် ဂီတအသံကဲ့သို့ ဖြစ်လာသည်။ ရေကို တူရိယာအဖြစ် အသုံးပြုကာ သာယာလှပသော တေးသွားတစ်ပုဒ်ကို တီးခတ်နေသကဲ့သို့ပင်။

“အာ...”

ကျန်းရီ၏ မျက်ဝန်းများက တောက်ပလာ၏။ ထို့နောက် ဝေဝါးလာသည်။ သူ ခပ်မြန်မြန် တင်ပျဉ်ခွေထိုင်လိုက်ပြီး နှလုံးသားတစ်ခုလုံးကိုသုံးကာ ထို အံ့အားသင့်ဖွယ်ကောင်းသော ‘ဂီတသံ’ကို ခံစားလိုက်သည်။ သူသည် စတင်တရားထိုင်သော ဘုန်းကြီးအိုတစ်ပါးကဲ့သို့ တည်ငြိမ်နေသည်။

‘သူက တကယ့်ကို  ဂီတပါရမီရှင်တစ်ယောက်ပဲ’

ယဉ်ရို့ပင်းသည် အချိန်အတော်ကြာ နားဆင်လိုက်ပြီးနောက် ထူးဆန်းသောတေးသွားနောက်ကွယ်ရှိ ထူးခြားသော ညှို့ဓာတ်တစ်ခုကို ခံစားမိလိုက်သည်။ သို့သော် ထိုညှို့ဓာတ်က သူမအတွက် မထင်ရှားသဖြင့် သူမ ၎င်းကို မဖမ်းဆုပ်နိုင်ခဲ့ပေ။ သူမ မိန်းမောနေသော ကျန်းရီကို ကြည့်လိုက်သည်။ ထိုယောက်ျားက အလွန်အံ့အားသင့်စရာကောင်းကာ၊ အလွန်ဆန်းကြယ်ပေသည်။ သူက အလွန်ငယ်ရွယ်သော်လည်း သူ၏တိုက်ခိုက်စွမ်းအားက အံ့ဩဖွယ်ပင်။ ထို့ပြင် သူက အနုပညာဧကရာဇ်တစ်ယောက်လည်း ဖြစ်လာနိုင်ခြေရှိသည်။ ယခုတွင် သူက ဂီတ‌တေးသွားအတွင်း၌ လုံးဝနစ်မြောနေပုံပင်။

အမျိုးသမီးတစ်ယောက်က မည်မျှ သန်မာပါစေ အမျိုးသမီးတစ်ယောက်သာ ဖြစ်နေသေးသည်။ သူမက နာကျင်မှု၊ ဝမ်းနည်းမှုတို့ကို ခံစားရသေးပြီး သံယောဇဉ်လည်း တွယ်နိုင်သေးသည်။ ထို့ပြင် အကြောင်းမရှိဘဲနှင့် ထူးဆန်းသောအကြောင်းများကိုလည်း တွေးချင်တွေးမိတတ်သည်။ ယခုအဖြစ်ကို ဥပမာအနေဖြင့်ကြည့်ပါ။ ယဉ်ရို့ပင်းသည် ကျန်းရီကို ငေးကြည့်နေမိပြီး စမ်းရေသံ တေးသွားထဲရှိ ညှို့ဓာတ်ကို သိမြင်နားလည်နိုင်အောင် ကြိုးစားရန် ‌မေ့လျော့နေလေသည်။ အကယ်၍ အပြင်မှလူများသာ ထိုအကြောင်းကို သိသွားပါက သေချာပေါက် ဒေါသထွက်သွားပေလိမ့်မည်။ နတ်ဘုရားစမ်းဆန်းကြယ်နယ်မြေထဲသို့ ဝင်ရခြင်းမှာ မည်မျှ ရှားပါးသော အခွင့်အရေးတစ်ခုနည်း။ သို့သော် ထိုမိန်းမပျိုလေးက ယင်းအခွင့်အရေးကို ဖြုန်းတီးပစ်နေသည်လော။

“အာ...”

တစ်နာရီကြာပြီးနောက် ယဉ်ရို့ပင် သတိပြန်ဝင်လာ၏။ ထို့ကြောင့် သူမ လျင်မြန်စွာ အကြည့်လွှဲလိုက်ပြီး လက်နှစ်ဘက်စလုံးဖြင့် မျက်နှာကို အုပ်ထားလိုက်သည်။ သူမ၏ နားရွက်နှစ်ဘက်စလုံးက နီရဲနေသည်။ သူမသည် ကျန်းရီကို မကြည့်မိစေရန် သူမကိုယ်သူမ ဖိအားပေးလိုက်ပြီး အကျအန တင်ပျဉ်ခွေပြန်ထိုင်ကာ တေးသွားထဲရှိ ထူးခြားမှုကို သိမြင်နားလည်နိုင်ရန် ကြိုးစားလိုက်လေသည်။

သို့သော်...

ယဉ်ရို့ပင်းသည် တစ်နာရီကြာ ကြိုးစားလိုက်သော်လည်း မည်သည်ကိုမှ နားမလည်နိုင်ခဲ့ပေ။ ထို့ကြောင့် သူမ စိတ်ပျက်စွာဖြင့် မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး ကျန်းရီကို ထပ်ကြည့်လိုက်သည်။ သူမသည် ကျန်းရီကို ကြည့်ရင်း သတိလွတ်သွားပြန်သည်။ သူမ၏ နှလုံသားက မတည်ငြိမ်ရာ အဘယ်သို့ တေးသွားနောက်ကွယ်ရှိ ထူးခြားမှုကို သိမြင်နားလည်နိုင်ပါမည်နည်း။ ထိုအဖြစ်က အကြိမ်အနည်းငယ် ဆက်၍ သံသရာလည်နေ၏။ နောက်ဆုံးတွင် ခြောက်နာရီ ပြည့်လုနီးလာပေသည်။

ခြောက်နာရီပြည့်ရန် ငါးမိနစ်အလိုတွင် မလှုပ်မယှက် တရားထိုင်နေခဲ့သော ကျန်းရီက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်လေသည်။ ထို့ကြောင့် သူ့ကို ငေးကြည့်နေမိသော ယဉ်ရို့ပင်းတစ်ယောက် လန့်သွား၏။ ကျန်းရီက စိတ်မကောင်းစွာ ပြောလိုက်သည်။

“သခင်မလေးယဉ်... မင်းက ဘာလို့ နတ်ဘုရားစမ်းရဲ့ ထူးခြားမှုကို သိမြင်နားလည်နိုင်အောင် မကြိုးစားဘဲ ငါ့ကိုပဲ ကြည့်နေရတာလဲ။ မင်း အရင်တုန်းက ဒီလိုခံ့ညားတဲ့ ယောက်ျားမျိုးကို မမြင်ဖူးဘူးလား”

ကျန်းရီသည် အစကတည်းက တရားထိုင်၍ စိတ်နှစ်ကာ နတ်ဘုရားစမ်း၏ တေးသွားကို ခံစားခဲ့သဖြင့် အချို့အရာများကို သိမြင်နားလည်နိုင်ခဲ့သည်။ အစောတွင် သူ အသံလှိုင်းဧကရာဇ်၏ တေးသွားကို နား‌ထောင်ခဲ့စဉ်က တစ်စုံတစ်ခုကို အကြောင်းတစ်စုံတစ်ရာကြောင့် ဖမ်းဆုပ်နိုင်ခဲ့ခြင်းသာ။ ယခုတွင်မူ သူ စတင် သိမြင်နားလည်လာပေပြီ။

နှစ်နာရီကြာပြီးနောက်တွင် ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအခြေအနေတွင်ဆိုလျှင် သူ ပိုသိမြင်နားလည်နိုင်လိမ့်မည်ဟု သူ တွေးမိသည်။ သို့ဆိုလျှင် သူ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်ကလည်း အဆင့်တက်သွားနိုင်ပေသည်။

သို့သော် ကျန်းရီ မှားခဲ့သည်။ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ခြင်းက အမှန်ပင် သူ၏ အာရုံများကို စူးရှလာစေသည်။ သူ စမ်းရေ‌တေးသွားကို ပို၍ ကြည်လင်ပြတ်သားစွာ ကြားလာရသည်။ သို့သော် သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ထားသဖြင့် ပတ်ဝန်းကျင်မှ အရာအားလုံးကိုလည်း အလိုလို အာရုံရနေသည်။ ထိုအရာများထဲတွင် ယဉ်ရို့ပင်းက သူ့ကို ငေးကြည့်နေခြင်းလည်း ပါဝင်ပေသည်။

ပြောရမည်ဆိုလျှင် မိန်းမလှလေးတစ်ယောက်၏ နူးညံ့သော မျက်ဝန်းများနှင့် ငေးကြည့်နေခြင်းကို ခံနေရသော ယောက်ျားတစ်ယောက်သည် မည်သို့ ရင်မခုန်ဘဲ နေနိုင်ပါမည်နည်း။ သူတော်စင်တစ်ယောက်သည်ပင် တောင့်ခံနိုင်ပါမည်လော။

ထို့‌ကြောင့် နောက်ဆုံးနှစ်နာရီတွင် ကျန်းရီသည်လည်း ယဉ်ရို့ပင်းကဲ့သို့ နှလုံးသား မတည်မငြိမ်ဖြစ်လာ၏။ ထို့နောက်တွင် သူ မသင့်တော်သော အကြောင်းများကို တွေးမိလာသည်။ ထိုသို့ဖြင့်သာ အချိန်က ကုန်ဆုံးသွားခဲ့သည်။ ယခုတွင် သူတို့ အပြင်သို့ ပြန်ထုတ်ခံရရန် ငါးမိနစ်သာ လိုတော့ပေသည်။ ကျန်းရီ လက်လျှော့လိုက်ပေပြီ။

“ကျွန်... ကျွန်မက ရှင့်ကို ကြည့်မနေပါဘူး”

ယဉ်ရို့ပင်းသည် သူခိုးလူမိသွားသကဲ့သို့ တုန်လှုပ်၊ ရှက်ရွံ့သွားပြီး အကြည့်လွှဲလိုက်လေသည်။ သူမ၏ မျက်နှာလေးက မျောက်ဖင်နီ၏ ဖင်ကဲ့သို့ ဖြစ်နေသည်။ သို့သော် သူမက ခေါင်းမာစွာ ဆက်ဆင်ခြေတက်လိုက်သည်။

“ကျွန်မက... ရှင် ဘာတွေများ ရှာတွေ့လဲလို့ ကြည့်ပြီး ရှင့်လို လိုက်လုပ်ဖို့ လုပ်နေတာပါ။ ဟုတ်တယ်... အဲ့လိုလုပ်နေတာပဲ”

ဟူး...

ကျန်းရီသည် လှိုင်းထနေသော စမ်းချောင်းလေးကို ကြည့်ရင်း နှမြောနေမိသည်။ အကယ်၍ ယဉ်ရို့ပင်းသာ သူ့ကို နှောင့်ယှက်မနေလျှင် သူ၏နတ်ဘုရားအသံ ကောင်းကင်အတတ်က အဆင့်တက်သွားလောက်သည်။ မည်သို့ပင်ဖြစ်စေ သူက အခြေခံများကို ဖမ်းဆုပ်နိုင်ခဲ့ပြီဖြစ်၍ အနှေးနှင့်အမြန်ဆိုသလို သူ၏ နတ်ဘုရားအသံ ‌ကောင်းကင်အတတ်က တိုးတက်လာပေလိမ့်မည်။

‘ထားလိုက်ပါတော့... အမြဲ ကိုယ်ဖြစ်စေချင်သလို ဖြစ်တာမှ မဟုတ်တာ။ ဒီအခွင့်အရေးကလည်း မမျှော်လင့်ဘဲ ရခဲ့တဲ့ အခွင့်အရေးတစ်ခုပဲ’

ကျန်းရီသည် ကိုယ့်စိတ်ကိုကိုယ် ဖြေလိုက်၏။ သူ့မျက်နှာပေါ်တွင်လည်း အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ သူ ယဉ်ရို့ပင်းကို စနောက်လိုဟန်ဖြင့် ကြည့်ကာ ပြောလိုက်၏။

“ရှောင်ယဉ်... နောက်ကျရင် ယောက်ျားတွေကို အဲ့လို ငေးမကြည့်နဲ့နော်။ မိန်းကလေးတွေက ဣန္ဒြေရှိရတယ်။ ပြီး‌တော့ ငါ့ရဲ့ အခုပုံစံက အဲ့လောက်ကြီး ခံ့ညားနေတာ မဟုတ်ပါဘူး... ဟုတ်တယ်မလား”

“ဟင်...”

ယဉ်ရို့ပင်းသည် ရှက်လွန်းသဖြင့် ကျန်းရီနှင့် မျက်လုံးချင်း မဆုံဝံ့ပေ။ သူမ၏ စိတ်လှုပ်ရှားကာ ဒေါသဖြစ်နေဟန်လေးက ကျန်းရီကို တဟားဟား ရယ်မိသွားစေ၏။ ကျန်းရီသည် တော်ဝင်နယ်မြေမှ ဒုတိယ အလှပဂေးလေးကို စနောက်လိုက်နိုင်၍ အတော်လေး ကျေနပ်သွား၏။ ကျန့်ထျန်းလဲ့သည်ပင် ယဉ်ရို့ပင်း၏ ယခုပုံစံလေးကို တွေ့မြင်နိုင်လောက်မည် မဟုတ်ပေ။

သို့သော် အချိန်မရှိတော့၍ ကျန်းရီ အလေးအနက်သာ ဆက်ပြောလိုက်ရသည်။

“ယဉ်ရို့ပင်း... ငါတို့ အပြင်ကို ရောက်ရင် မင်း ငါ့ကို မသိယောင်ဆောင်နေပါ။ တကယ်လို့ မင်းက သံသယဖြစ်စရာကောင်းအောင် ပြုမူနေမယ်ဆိုရင် ငါဘယ်သူဆိုတာ သေချာပေါက် ပေါ်သွားမှာပဲ။ အဲ့ကျရင် မြောက်ဘက်ဧကရာဇ်က ငါ့ကို လာသတ်လိမ့်မယ်။ ငါလည်း ရွေးစရာမရှိဘဲ အရှေ့ဘက် တော်ဝင်နယ်မြေကနေ ထွက်ပြေးရလိမ့်မယ်...”

“ဟားဟား...”

ယဉ်ရို့ပင်းသည် ကျန်းရီကို ပြန်ပက်နိုင်မည့် အခွင့်အရေးကို လက်လွတ်မခံပေ။ သူမ နှာခေါင်းနှစ်ခါရှုံ့လိုက်ပြီး ကျန်းရီကို မုန်းတီးဟန်ဖြင့် ကြည့်လိုက်သည်။

“ဘာလို့ ကျွန်မက ရှင့်ကို ကူညီရမှာလဲ။ ရှင်က ကျွန်မကို စနောက်ရဲတဲ့ ကောင်စုတ်ပဲ။ ကျွန်မသာ အပြင်ကို ပြန်ရောက်သွားရင် ရီစန်က ကျန်းရီပါလို့ အော်ပြောလိုက်မှာပဲ။ အဲ့ကျရင် လူတိုင်းက ရှင့်ကို ဝိုင်းတိုက်ခိုက်လိမ့်မယ်။ ကောင်မလေးနှစ်ယောက်ရဲ့ ကိစ္စအတွက်လည်း ရှင့်ဘာသာပဲ နည်းလမ်းစဉ်းစားတော့။ ကျွန်မကတော့... ဝင်ပါတော့မှာ မဟုတ်ဘူး”

“ဟားဟားဟား...”

ကျန်းရီသည် ဒေါသထွက်နေသော ယဉ်ရို့ပင်းကို ကြည့်၍ တဟားဟား ရယ်လိုက်၏။ သူသည် သူမ၏စကားကြောင့် ဒေါသမဖြစ်သွားသည့်အပြင် အလွန်ပင် ပျော်ရွှင်သွားသည်။ ထို့ကြောင့် သူ ရယ်ကာ ပြောလိုက်သည်။

“ကောင်းပြီ ရို့ပင်း... စနောက်မနေနဲ့တော့။ အလေးအနက် ပြောကြရအောင်။ ဒါပေမဲ့ မင်းက ဒေါသထွက်နေတာတောင်မှာ လှနေတုန်းပဲ”

ယဉ်ရို့ပင်းသည် ကျန်းရီ၏ စကားကို ကြားလိုက်သောအခါ ဒေါသတစ်ဝက်ခန့် လျော့သွား၏။ သို့သော် သူမ နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။

“ဟင့်အင်း... ရှင် ကျွန်မကို လျော်ကြေးပေးရမယ်။ ကျွန်မကို ရှင့်မှာရှိတဲ့ ရတနာနည်းနည်း ပေးရမယ်။ ဥပမာအနေနဲ့... ရှင် အပြစ်‌ဆေးကြောဒေသမှာ ရခဲ့တဲ့ ရှေးဟောင်းအသုံးအ‌‌ဆောင် ရှစ်ခု၊ ကိုးခု၊ ဆယ်ခုလောက်ပေါ့။ အဲ့ဒါဆိုရင် ကျွန်မ ရှင့်ကို ခွင့်လွှတ်ပေးမယ်”

“ရှစ်ခု၊ ကိုးခု၊ ဆယ်ခု ဟုတ်လား...”

ကျန်းရီ မျက်လုံးပင့်လိုက်ပြီး ခါးမတ်မတ်ဆန့်ကာ ပြောလိုက်သည်။

“ငါ့ကိုပဲ ယူလိုက်ပါတော့လား”

“ကျွန်မက ရှင့်ကို ဘာလုပ်ရမှာလဲ”

ယဉ်ရို့ပင်း ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။

“ကျန်းရီ... ရှင်က အနုပညာဧကရာဇ် မဟုတ်လား။ ကျွန်မအတွက် ကောင်းကင်ပန်းချီကားတစ်ချပ် ဆွဲပေးမယ်ဆိုရင်ရော။ တော်ဝင်နယ်မြေမှာ ရှင့်ရဲ့ ပန်းချီကားတွေက အဖိုးမဖြတ်နိုင်ဘူး”

“ကောင်းကင်ပန်းချီကားလား”

ကျန်းရီသည် ယဉ်ရို့ပင်း၏ မျက်ဝန်းများထဲမှ အလိုဆန္ဒကို တွေ့လိုက်၍ မငြင်းရက်နိုင် ဖြစ်သွားသည်။ ထို့ကြောင့် သူ ခေါင်းညိတ်လိုက်ပြီး သူ့လက်စွပ်အတွင်းမှနေ၍ မင်နှင့် စက္ကူတို့ကို ထုတ်လိုက်သည်။

ကျန်းရီသည် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး ရုတ်တရက် မျက်လုံးများ မှိတ်လိုက်လေသည်။ သူ့လက်တွင် အနီရောင်အလင်း တောက်ပလာပြီး သူ၏ စုတ်တံက စတင် လှုပ်ရှားလာသည်။

ယဉ်ရို့ပင်းသည် စုတ်ချက်အနည်းငယ်က စက္ကူပေါ်တွင် ပုံတစ်ပုံ ဖြစ်လာစေသည်ကို မြင်လိုက်၍ ကျန်းရီ၏ အရည်အချင်းကို စိတ်ထဲမှ ချီးကျူးလိုက်သည်။ စက္ကူထက်မှ ပုံက တဖြည်းဖြည်း ရုပ်လုံးပေါ်လာ၏။ ထိုအခါ သူမ တုန်ယင်သွားပြီး ရှက်ရွံ့သွားသည်။ တစ်ချိန်တည်းမှာပဲ သူမ ပျော်လည်းပျော်သွားသည်။

စုတ်တံရပ်ကာ မင်ခြောက်ပေပြီ။

ကောင်းကင်ပန်းချီကားတစ်ချပ် ရုပ်လုံးပေါ်လာပြီဖြစ်သည်။ ပန်းချီကား၏ နောက်ခံက ခြံဝန်းတစ်ခု ဖြစ်သည်။ ခြံဝန်းထဲတွင် လတ်ဆတ်သော ပန်းကလေးများ အမြောက်အမြား ဖူးပွင့်နေသည်။ ပန်းကလေးများ ဘေးရှိ မြက်ခင်းပြင်ပေါ်တွင်မူ မိန်းမပျိုလေးတစ်ယောက်က ကကြိုးသွယ်နေသည်။ ထိုမိန်းမပျိုလေးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နတ်သမီးလေးတစ်ပါးကဲ့သို့ လှပသည်။ သို့သော် သူမက ခြေဗလာဖြင့်ပင်။ သူမ၏ အပြုံးကလည်း ယောက်ျားများကို မိန်းမောသွားစေသည်။

ကျန်းရီသည် ယဉ်ရို့ပင်းကို ထိုပုံစံဖြင့် ပထမဆုံး မြင်ဖူးခဲ့ခြင်းပင်။ ထိုပန်းချီကားထဲတွင် တာအိုပုံသဏ္ဌာန်အရှိန်အဝါများစွာ ရှိကြောင်း ထင်ရှားသည်။ ၎င်းက အဆင့်မြင့် ကောင်းကင်ပန်ချီကားတစ်ချပ်ပင်။

ကျန်းရီ မျက်လုံးများ ဖွင့်လိုက်ပြီး ပန်းချီကားကို ကြည့်ကာ အလွန်ကျေနပ်သွား၏။ ထို့နောက် သူ ခေတ္တမျှ တွေးလိုက်ပြီး မင်တစ်တို့ယူကာ ပန်းချီကားထောင့်တွင် ‘ရီဖျောင်ဖျောင်’ဟူသော စာလုံးသုံးလုံးကို ရေးလိုက်သည်။ ပန်းချီကားကိုမူ ‘ပန်းနတ်သမီး’ဟု အမည်ပေးလိုက်သည်။

ခြောက်နာရီ ပြည့်တော့ပေမည်။ ကျန်းရီသည် မင်ခြောက်အောင် စောင့်ပြီးနောက် ပန်းချီကားကို လိပ်ကာ ယဉ်ရို့ပင်းအား ပေးလိုက်၏။ ထို့နောက် သူ အလေးအနက် ပြောလိုက်သည်။

“ယဉ်ရို့ပင်... ငါတို့ ဒီတစ်ခါ ခွဲခွာပြီးရင် ဘယ်တော့မှ ပြန်တွေ့ရမယ် မသိဘူး။ ငါတို့ ပြန်တောင်တွေ့ရပါဦးမလား။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ နောက်တစ်ခါ ငါတို့ ပြန်ဆုံတဲ့အခါကျလည်း မိတ်ဆွေတွေအဖြစ်ပဲ ဆက်ရှိနေသေးဖို့ ငါ မျှော်လင့်ပါတယ်”

“အွန်း...”

ယဉ်ရို့ပင်းက ပန်းချီကားကို လက်ခံယူလိုက်ပြီး နှုတ်ခမ်းကိုက်ကာ ကျန်းရီကို ကြည့်၍ ပြောလိုက်လေသည်။

“ကျန်းရီ... ကျွန်မ ရှင့်ကို သိတာ ကြာပြီဆိုပေမယ့် ရှင့်ရဲ့ ရုပ်အစစ်ကို မမြင်ဖူးသေးဘူး။ ရှင့်ရဲ့ရုပ်အစစ်ကို ကျွန်မကို ပြလို့ရမလား”

ရွှီး...

ကျန်းရီ၏ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်အလင်း လင်းလက်သွား၏။ သူ့ခန္ဓာကိုယ်ကြွက်သားများက ရွေ့လျားလာပြီး သူ၏အသားအရေကလည်း ပြောင်းလဲလာသည်။ နောက်ဆုံးတွင် သူ၏ ရုပ်သွင်အစစ်အမှန် ပေါ်လာလေသည်။

ယဉ်ရို့ပင်းက ကျန်းရီကို စိုက်ကြည့်လိုက်၏။ သူမသည် သူ၏ရုပ်သွင်ကို ထာဝရ မှတ်မိလိုနေပေသည်။ မကြာခင်မှာပင် အချိန်ပြည့်သွား၏။ သူတို့နှစ်ယောက်အပေါ်သို့ အဖြူရောင်အလင်း ကျဆင်းလာလေသည်။

ကျန်းရီ လျင်မြန်စွာ ရုပ်ပြန်ပြောင်းလိုက်သည်။ ယဉ်ရို့ပင်းကလည်း မျက်လုံးများ မှိတ်ထားလိုက်သည်။ သူမ၏ မျက်လုံးစွန်းမှနေ၍ မျက်ရည်တစ်စက တိတ်တဆိတ် လိမ့်ဆင်းသွား၏။ သူမ၏ မျက်နှာလေးပေါ်တွင် အထီးကျန်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူမသည် သူမသာ ကြားနိုင်လောက်သော လေသံလေးဖြင့် ရေရွတ်လိုက်လေသည်။

“ကျန်းရီ... ကျွန်မသာ ရှင် အပြစ်သားကျွန်းကို မရောက်ခင် ရှင်နဲ့ သိခဲ့ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ...”

***

All Chapters