← Chapters

ဆရာဦးလေးငယ်

Vol. 77 Ch. 1067

ဆရာဦးလေးငယ်

Vol. 77 Ch. 1067

“ရို့ပင်း... နောက်သုံးရက်နေရင် နတ်ဘုရားအသံလှိုင်းမြို့ထဲမှာ ကောင်မလေးနှစ်ယောက်ကို လီဟုန်ဆီ ပေးလိုက်ဖို့ ငါ ထန်မျိုးနွယ်ကို ပြောလိုက်မယ်။ အဲ့ကျရင် သူတို့ကို ငါ့ဆီ ပြန်ပေးဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ။ အန်... တကယ်တော့ အဲ့လို လုပ်စရာမလိုဘူး။ အဲ့ကောင်မလေးနှစ်ယောက်ကို အချိန်တစ်ခုလောက်အထိ မင်းရဲ့ အစေခံမလေးတွေ လုပ်ခိုင်းထားလို့ ရတာပဲ။ ငါ့မှာက အရေးကြီး လုပ်စရာကိစ္စတွေ ရှိသေးတယ်။ ငါ အဲ့ကိစ္စကို မင်းလက်ထဲပဲ လွှဲပေးလိုက်မယ်”

ကျန်းရီသည် အပြင်သို့ ပြန်ရောက်သောအခါ အဆောက်အအုံထဲ၌ မည်သူမှ ရှိမနေကြောင်းကို တွေ့လိုက်၍ ယဉ်ရို့ပင်းထံ ခပ်သွက်သွက် အသံပို့လွှတ်လိုက်၏။ သူသည် ထိုကောင်မလေးနှစ်ယောက်အပေါ် မည်သည့်စိတ်မှ မရှိပေ။ သူက သူမတို့နှစ်ယောက်ကို ယခင်က သိခဲ့ဖူးပြီး ယခု လမ်းကြုံ၍သာ ဝင်ကူညီလိုက်ခြင်းဖြစ်သည်။ သူမတို့ လုံခြုံလျှင် ကျန်းရီသည် အခြားမည်သည့်အရာကိုမှ အရေးစိုက်မည် မဟုတ်ပေ။

မူလတွင် ကျန်းရီသည် အသံလှိုင်းဧကရာဇ်အား မိန်းကလေးနှစ်ယောက်ကို ရှန်းစီမျိုးနွယ်စုသို့ ပို့ပေးဖို့ အကူအညီတောင်းရန် ကြံရွယ်ထားခြင်းပင်။ သို့သော် သူမတို့ကို ယဉ်ရို့ပင်းအနောက်သို့ ထည့်လိုက်ခြင်းကလည်း မဆိုးလှသော အကြံပင်။ ကျန်းရီသည် ယဉ်ရို့ပင်းက မိန်းကလေးနှစ်ယောက်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မည်ဟု ယုံကြည်ပေသည်။

“အင်းပါ”

ယဉ်ရို့ပင်းက အသံပြန်ပို့လွှတ်လိုက်သည်။ သူမသည် အပြင်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျန်းရီကို မကြည့်တော့ပေ။ သူမ ဣန္ဒြေဆောင်ထားပြီး ကျန်းရီကို သူစိမ်းတစ်ယောက်ကဲ့သို့ ဆက်ဆံနေပေသည်။

“နှစ်ယောက်စလုံးကို နှုတ်ခွန်းဆက်ပါတယ်”

ချန်မျိုးနွယ်သခင်လေးက အဆောက်အအုံ အပြင်ဘက်တွင် စောင့်နေပေသည်။ သူက ကျန်းရီတို့နှစ်ယောက်ကို ကြည့်ကာ စိတ်ဝင်တစား မေးလိုက်သည်။

“နှစ်ယောက်သား အထဲမှာ ဘာတွေ သိမြင်နားလည်နိုင်ခဲ့ကြလဲ”

ယဉ်ရို့ပင်းက စိတ်ပျက်သော မျက်နှာထားနှင့် ခေါင်းခါလိုက်သည်။ ကျန်းရီကမူ ခေတ္တမျှ တွေး၍ ပြန်ပြောလိုက်သည်။

“ကျွန်တော်ကတော့ နည်းနည်းလောက် သိမြင်နားလည်ခဲ့ပါတယ်။ ဒါနဲ့ သခင်လေးချန်... ကျွန်တော် စဉ်းစားပြီးသွားပါပြီ၊ ကျွန်တော် အသံလှိုင်းဧကရာဇ်ဆီမှာ တပည့်ခံချင်ပါတယ်။ ကျွန်တော်တို့ကို တွေ့ခွင့်ပေးပါ”

ယခုတွင် ထန်ရွှယ်နှင့် ထန်ယန်တို့၏ ပြဿနာကို ရှင်းပြီးပြီဖြစ်၍ ကျန်းရီ စိတ်ပေါ့သွားပြီဖြစ်သည်။ ထို့ကြောင့် သူ အသံလှိုင်းဧကရာဇ်ထံတွင် တပည့်ခံလိုက်လျှင်လည်း မည်သည့်ပြဿနာမှရှိမည် မဟုတ်ပေ။ အသံလှိုင်းဧကရာဇ်ထံတွင် တပည့်ခံလိုက်လျှင်လည်း သူ ထွက်သွားလိုသည့် အချိန်တွင် ထွက်သွားနိုင်သည် မဟုတ်ပါလား။ အသံလှိုင်းဧကရာဇ်သည် သူ့ကို မကူညီလျှင်ပင် အရိပ်ဧကရာဇ်၏ မျက်နှာကိုထောက်၍ သူ အခက်တွေ့အောင်တော့ လုပ်မည်မဟုတ်ချေ။

“အာ...”

သခင်လေးချန်တစ်ယောက် အံ့အားသင့်သွား၏။ သို့သော် သူ ချက်ချင်း ရွှင်ပြစွာ ပြုံးလိုက်ပြီး လက်ဆုပ်ကာ ပြောလိုက်လေသည်။

“ကောင်းလိုက်တာ... ကျွန်တော် ဆရာဦးလေးငယ်ကို အရိုအသေပေးပါတယ်။ တစ်ယောက်လောက် ဒီကိုလာပါဦး။ ဆရာဦးလေးငယ်ကို အဘိုးနဲ့ တွေ့ရအောင် ခေါ်သွားပေးလိုက်ပါ”

“ဆရာဦးလေးငယ်တဲ့လား...”

ကျန်းရီက ရှက်ရွံ့ဟန်ဖြင့် နှာခေါင်းကုတ်လိုက်သည်။ ထိုသို့အခေါ်ခံရသည်ကို သူ အတန်ငယ် စိတ်မသက်မသာ ဖြစ်နေသည်။ သူက အသက်(၂၅)နှစ်သာ ရှိသေးပြီး သခင်လေးချန်က အသက်(၂၈)နှစ် ရှိပြီဖြစ်သည်။ သို့သော် သခင်လေးချန်က သူ့အား ဆရာဦးလေးငယ်ဟု ခေါ်နေပေသည်။

“သခင်လေးရီ ကြွပါ”

ချန်မျိုးနွယ်မှ အကြီးအကဲတစ်ယောက် ရောက်လာပြီး လေးလေးစားစား ပြောလိုက်သည်။ ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ တစ်ယောက်ကိုတစ်ယောက် ‌ခေါင်းဆတ်ပြလိုက်၏။ ထို့နောက် ကျန်းရီက အကြီးအကဲနောက်သို့ လိုက်သွားလေသည်။

ယဉ်ရို့ပင်းက ကျန်းရီ၏ကျောပြင်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ထပ်ပွဲကျင်းပရာ ကွင်းပြင်သို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။ လက်ထပ်ပွဲ မပြီးသေး။ ပွဲက ယခုအထိ ညံပွက်၊ စည်ကားနေဆဲပင်။

သခင်‌လေးချန်နှင့် ယဉ်ရို့ပင်းတို့ ပြန်ရောက်လာသောအခါ အသံများက ပို၍ပင် ညံပွက်သွားသည်။ ထို့ပြင် လူအုပ်သည် ကျန်းရီက အသံလှိုင်းဧကရာဇ်ထံတွင် တပည့်ခံရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိလိုက်သောအခါ အားကျသွားကြ၏။ လူများစွာနှင့် ထန်မင်တို့က သေရည်ခွက်များ မြှောက်ကာ ကျန်းရီကို ဂုဏ်ပြုလိုက်ကြသည်။ သူတို့သည် ထန်မျိုးနွယ်ဝင်တစ်ယောက်က အသံလှိုင်းဧကရာဇ်၏တပည့် ဖြစ်သွားပြီဖြစ်၍ ထန်မျိုးနွယ်ရော ချန်မျိုးနွယ်အတွက်ပါ အကျိုးရှိသည်ဟု မြင်ကြလေသည်။ ကျန်းရီက ကြားခံအချိတ်အဆက်တစ်ခုအဖြစ် ရှိနေပြီဖြစ်ရာ မျိုးနွယ်နှစ်ခုကြားတွင် အနှေးနှင့်အမြန်ဆိုသလို မဟာမိတ်သဘောတူညီချက်တစ်ခု ရှိလာပေလိမ့်မည်။

***

“သခင်လေးရီ... အထဲကို ဝင်သွားလိုက်ပါ။ ကျုပ်တို့က ဆင့်ခေါ်ခံရမှ အထဲကို ဝင်ခွင့်ရှိပါတယ်”

ခြံဝန်းအပြင်သို့ ရောက်သောအခါ ချန်မျိုးနွယ်မှ အကြီးအကဲက ရပ်တန့်လိုက်သည်။ သူသည် တံခါးမှ အကာအရံများကို ဖယ်ပေးလိုက်ပြီး ကျန်းရီကို အထဲသို့ ဝင်သွားရန် လက်ဟန်ပြလိုက်သည်။ ကျန်းရီလည်း အားနာမနေတော့ဘဲ အထဲသို့ ဝင်လိုက်လေသည်။ တံခါးမကြီးကို ဖြတ်ပြီးသောအခါ ကျန်းရီသည် အဖြူရောင်အလင်းကို မြင်လိုက်ရ၏။ ထို့နောက်တွင် သူ့မျက်စိရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားလေသည်။

အထဲတွင် နောက်ထပ် တောင်ကြားလေးတစ်ခု ရှိနေသည်။ ထိုတောင်ကြား၏ ရှုခင်းက နတ်ဘုရားစမ်းဆန်းကြယ်နယ်မြေမှ ရှုခင်းထက် မနိမ့်ပေ။ ယခုတောင်ကြားထဲတွင်လည်း ရေကန်တစ်ခု ရှိနေသည်။ ထိုရေကန်ဘေး၌ သစ်သားတဲလေးတစ်လုံးရှိသည်။ တဲအပြင်ရှိ သစ်ပင်ကြီးတစ်ပင်၏အောက်တွင် အဘိုးအိုတစ်ယောက်က မျက်လုံးများ မှိတ်ကာ တင်ပျဉ်ခွေထိုင်နေသည်။ အဘိုးအိုက ဗျပ်စောင်းတစ်ခုကို ပွတ်သပ်နေ၏။ ဗျပ်စောင်းက အညိုရောင်ဖြစ်ပြီး သုံးပေခန့် ရှည်လျားသည်။ ဗျပ်စောင်းပေါ်တွင် ဆန်းကြယ်သော သင်္ကေတများ၏။ ထို့ပြင် ၎င်းက ဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ထို့ကြောင့် ယင်းကလည်း ရှေးဟောင်းအသုံးအဆောင်တစ်ခု ဖြစ်နိုင်ပေသည်။

တောင်ကြားထဲတွင် ထိုအဘိုးအိုတစ်ယောက်သာ ရှိနေသည်။ သူက အသံလှိုင်းဧကရာဇ် ဖြစ်နိုင်သည်။ ကျန်းရီသည် အဘိုးအိုအနားသို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ပြီး တလေးတစား ဦးညွှတ်ကာ ပြောလိုက်၏။

“ရီစန် အရှင်အသံလှိုင်းဧကရာဇ်ကို အရိုအသေပေးပါတယ်”

အဘိုးအို၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မရှိပေ။ သူ၏ ဆံပင်၊ မုတ်ဆိတ်နှင့် မျက်ခုံးတို့က ဖွေးဖွေးဖြူနေသည်။ သို့သော် သူ့မျက်နှာပေါ်တွင် အရေးအကြောင်းများစွာ မရှိပေ။ သူ၏ အသားအရေက နီမြန်းနေသည်။ သူသည် လက်နှစ်ဘက်ကို ဗျပ်စောင်းပေါ်တွင် တင်၍ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“ကျန်းရီ... အစောက ငါ ဘာလို့ မင်းကို မတွေ့ခဲ့တာလဲဆိုတာကို သိလား”

ကျန်းရီက လက်ဆုပ်၍ ပြန်ဖြေလိုက်သည်။

“ကျွန်တော် မသိပါဘူး”

“မင်းက လောလွန်းတယ်”

အသံလှိုင်းဧကရာဇ်က အတန်ငယ် ခေါင်းမော့လိုက်၏။ သို့သော် သူ မျက်လုံး မဖွင့်သေးပေ။ ထို့နောက် သူ သက်ပြင်းသဲ့သဲ့ချကာ ဆက်ပြောလိုက်သည်။

“ဒီနေ့ ဒီတောင်ကြားထဲမှာ သိုင်းပညာရှင်တွေ အများကြီးရှိတယ်။ မရေမတွက်နိုင်တဲ့ ကောင်းကင်စိတ်အာရုံတွေက ငါ့ရဲ့ခြံဝန်းကို စူးစမ်းနေကြတယ်။ တကယ်လို့ ငါက ထန်မျိုးနွယ်ဝင်တစ်ယောက်ကို သီးသန့်လက်ခံတွေ့ဆုံလိုက်ရင် အပြင်လူတွေက ဘယ်လိုတွေးကြမလဲ”

“အာ...”

ကျန်းရီ အတန်ငယ် အိုးတိုးအန်းတန်းဖြစ်သွားပြီး ခေါင်းကုတ်ကာ ပြောလိုက်သည်။

“အဟုတ်ပါပဲ.... ကျွန်တော် အရမ်းလောမိသွားခဲ့တယ်”

တောင်...

အသံလှိုင်းဧကရာဇ်က ဗျပ်စောင်းမှ စောင်းကြိုးတစ်ချောင်းကို တီးခတ်လိုက်ရာ သိမ်မွေ့သော စောင်းကြိုးသံလေးတစ်သံက လေထဲသို့ ပျံ့လွင့်သွားလေသည်။ ထို့နောက် အသံလှိုင်းဧကရာဇ်သည် ခေါင်းမော့၍ အနောက်ဘက်သို့ ကြည့်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။

“အဲ့နှစ်တုန်းက ငါက အဆုံးမဲ့ပင်လယ်နက်က တစ်စုံတစ်ယောက်ဆီမှာ အကြွေးတစ်ခု တင်ခဲ့တယ်။ အနှေးနဲ့အမြန်ဆိုသလို အဲ့အကြွေးကို ပြန်ဆပ်ရမယ်ဆိုတာ ငါသိထားပါတယ်။ ပြောပါ... မင်း ဘာအကူအညီ လိုချင်တာလဲ။ အဲ့ဒါက ချန်မျိုးနွယ်ကို မထိခိုက်သ၍ ငါ မင်းကို ငါ့အသက်တောင် ပေးနိုင်တယ်”

“အာ...”

ကျန်းရီသည် အသံလှိုင်းဧကရာဇ်က ထိုမျှပွင့်လင်းပြီး ကျေးဇူးကြွေးပြန်ဆပ်ရန်ကို ထိုမျှအလေးအနက်ထားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ကျန်းရီ လျင်မြန်စွာ လက်ဆုပ်၍ ပြောလိုက်သည်။

“အသံလှိုင်းဧကရာဇ်က လေးနက်လွန်းနေပါပြီ။ အစက ကျွန်တော် ကိစ္စလေးတစ်ခုအတွက် ဧကရာဇ်ရဲ့ အကူအညီကို ယူချင်ခဲ့ပေမယ့် အခု မလိုအပ်တော့ပါဘူး။ ကျွန်တော်က ဘယ်လိုလုပ် ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စအတွက်နဲ့ ဧကရာဇ်ကို နှောင့်ယှက်ရဲမှာပါလဲ”

“ဟွန်း...”

အသံလှိုင်းဧကရာဇ်က ရုတ်တရက် ဒေါသထွက်သွားပြီး လက်နှစ်ဘက်ဖြင့် ဗျပ်စောင်းကို ဖိချလိုက်လေသည်။ သူ့ခန္ဓာကိုယ်မှနေ၍လည်း ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်လာသည်။ ထို့နောက် သူ ကျန်းရီကို ဒေါသတကြီးဖြင့် မေးလိုက်သည်။

“ဘာလဲ... မင်းက ငါ့ကို လျှော့တွက်နေတာလား။ ငါက ထိပ်ဆုံးတော့ မဟုတ်ပေမယ့် ငါ့ရန်သူက မြောက်ဘက်ဧကရာဇ်ဆိုရင်တောင် ငါမကြောက်ဘူးကွ။ မင်းသာ ငါ့ကို တိုက်ခိုက်စေချင်ရင် ငါ အသက်ပေးရမယ်ဆိုရင်တောင် မြောက်ဘက်ဧကရာဇ်နဲ့ မြောက်ဘက်ဧကရာဇ်မြို့ကို ဖျက်ဆီးပေးနိုင်တယ်”

ကျန်းရီ မှင်တက်သွား၏။ သူမှင်တက်သွားခြင်းမှာ အသံလှိုင်းဧကရာဇ်၏ အရှိန်အဝါကြောင့် မဟုတ်ဘဲ စကားများကြောင့် ဖြစ်သည်။ ကျန်းရီ လက်ဆုပ်ကာ ခပ်သွက်သွက် ပြန်ပြောလိုက်ရသည်။

“ဧကရာဇ်... ကျွန်တော်ပြောတာကို အထင်မလွဲပါနဲ့။ ကျွန်တော်က အဲ့အဓိပ္ပာယ်နဲ့ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်က ဧကရာဇ်ရဲ့ တိုက်ခိုက်စွမ်းအားကို သံသယမရှိပါဘူး။ မြောက်ဘက်ဧကရာဇ်ရဲ့ ဝူမျိုးနွယ်က ကျွန်တော့်အဖေကို သေစေခဲ့တာပါ။ အဲ့ဒါကြောင့် အဲ့သွေးကြွေးကို ကျွန်တော့်ဘာသာပဲ ဆပ်ချင်လို့ပါ”

“အင်း...”

အသံလှိုင်းဧကရာဇ်သည် ကျန်းရီ၏ ရှင်းပြချက်ကို ကြားသောအခါ အတန်ငယ် ‌‌ဒေါသပြေသွား၏။ သို့သော် သူက ထူးဆန်းစွာ မျက်လုံးမှိတ်ထားဆဲပင်။ အစောက သူ ဒေါသထွက်ခဲ့စဉ်ကပင် မျက်လုံးများ မှိတ်ထားခဲ့သည်။ အသံလှိုင်းဧကရာဇ်က ခေတ္တမျှ တွေးတော၍ ပြောလိုက်သည်။

“ကျန်းရီ... ငါက တစ်သက်လုံး ပွင့်ပွင့်လင်းလင်းနဲ့ တည့်တိုးပဲ ပြောခဲ့တာ။ ပြီးတော့ ငါက ငါ့စကားကို ပြန်ရုတ်သိမ်းမှာ မဟုတ်ဘူး။ ငါသာ မင်းကို ကူညီပေးရင် အတိတ်က အကြွေးတွေ ကျေသွားလိမ့်မယ်လို့ အရိပ်ဧကရာဇ်က ငါ့ဆီ သတင်းပို့ထားတယ်”

“ကျွန်တော် နားလည်ပါတယ်”

ကျန်းရီ ခေါင်းညိတ်လိုက်၏။ သူ အသံလှိုင်းဧကရာဇ်၏ အကျင့်စရိုက်ကို လေးစားသွားသည်။ ယောက်ျားတစ်ယောက်၏ ကတိစကားက ရွှေချောင်းတစ်ထောင်ထက်ပင် ပိုအဖိုးတန်သည်။ အသံလှိုင်းဧကရာဇ်သည် အတိတ်မှ အကြွေးကို ဆပ်ရန် သူ့အသက်ကိုပင် စွန့်လွှတ်ဖို့ ဝန်မလေးပေ။ သို့သော် သူသည် ထိုကိစ္စကြောင့် ချန်မျိုးနွယ် ထိခိုက်သွားမည်ကိုတော့ မလိုလားချေ။ မိမိ၏အသက်ကို စွန့်၍ အကြွေးဆပ်နိုင်သော်လည်း မျိုးနွယ်မှ သောင်းချီသော လူများကိုပါ ဆွဲထည့်ရန်မှာမူ...

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ”

အသံလှိုင်းဧကရာဇ်က အသံဩဩဖြင့် ဆက်ပြောလိုက်သည်။

“အရိပ်ဧကရာဇ်က မင်းကို ကူညီပေးဖို့ ပြောထားပြီးပြီဆိုတော့ ငါ မင်းကို ကိစ္စနှစ်ခု ကူညီပေးမယ်။ အဲ့ကိစ္စနှစ်ခုက ချန်မျိုးနွယ်အပေါ် သက်ရောက်မှုတော့ မရှိရဘူး။ အဲ့ဒါကလွဲလို့ ကျန်တာဘာကိုမဆို ညှိနှိုင်းလို့ရတယ်။ အခုလောလောဆယ် ဘာကိစ္စတွေအတွက် အကူအညီတောင်းရမလဲဆိုတာကို မသိသေးရင် နောက်ကျမှ ပြန်လာပြီး ပြောလဲရတယ်။ မင်း ကြိုက်တဲ့အချိန် လာခဲ့လို့ရတယ်”

“ကျေးဇူးအများကြီးတင်ပါတယ် ဧကရာဇ်”

ကျန်းရီ ဆက်၍ ငြင်းမနေတော့ပေ။ ဧကရာဇ်ကိုးပါးထက် တစ်ဆင့်သာနိမ့်သော လူတစ်ယောက်က သူ့ကို ကိစ္စနှစ်ခု ကူညီပေးမည်ဟု ပြောနေရာ သူသာ ထိုကမ်းလှမ်းချက်ကို ငြင်းလိုက်လျှင် အရူးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

“ကောင်းပြီ... မင်းသွားနိုင်ပြီ”

အသံလှိုင်းဧကရာဇ်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“မင်း ငါ့ဆီမှာ တပည့်ခံနေစရာ မလိုတော့ပါဘူး။ ငါက မင်းကို တပည့်အဖြစ်လက်ခံတာကို အကြောင်းပြပြီး ငါတို့တွေ့တဲ့ကိစ္စကို သံသယဖြစ်စရာမရှိအောင် လုပ်ချင်ရုံပဲ။ မင်းရဲ့ နတ်ဘုရားအသံ ကောင်းကင်အဆင့်က ဒုတိယအဆင့်ကို ရောက်သွားပြီ။ တတိယအဆင့်ကို ရောက်အောင် လုပ်ဖို့ကတော့ ဘယ်သူကမှ မင်းကို မကူညီပေးနိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာပဲ။ မင်းက ပါရမီပါတဲ့သူတစ်ယောက်ပါ... မင်းသာ ကြိုးကြိုးစားစားနဲ့ ဆက်လေ့လာရင် ငါ့ကိုတောင်ကျော်တက်ပြီး စတုတ္ထအဆင့်အထိ ရောက်သွားအောင် လုပ်နိုင်လောက်တယ်။ အဲ့ကျရင် မြောက်ဘက်ဧကရာဇ်တောင် မင်းကို သတ်နိုင်တော့မှာ မဟုတ်ဘူး”

***

All Chapters