← Chapters

ကိုယ့်မျက်လုံးကိုယ် ဖောက်ထုတ်ခြင်း

Vol. 77 Ch. 1068

ကိုယ့်မျက်လုံးကိုယ် ဖောက်ထုတ်ခြင်း

Vol. 77 Ch. 1068

‘ငါက ဒုတိယအဆင့်ကို ရောက်သွားပြီလား။ ငါ စတုတ္ထအဆင့်ကို ရောက်သွားရင် မြောက်ဘက်ဧကရာဇ်ကတောင် ငါ့ကို သတ်နိုင်တော့မှာ မဟုတ်ဘူးလား’

ကျန်းရီတစ်ယောက် ရုတ်ခြည်း စိတ်လှုပ်ရှားသွား၏။ သူသည် နတ်ဘုရားအသံ ကောင်းကင်အတတ်အကြောင်းကို များစွာ မသိပေ။ သို့သော် သူသည် ၎င်းကို နားလည်နိုင်ရန် အမြဲ အကောင်းဆုံး ကြိုးစားခဲ့သည်။

အသံလှိုင်းဧကရာဇ်က ဆိုခဲ့ပြီဖြစ်၍ ကျန်းရီသည် ဤမေးရန်အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။ ကျန်းရီ လက်ဆုပ်ကာ မေးလိုက်သည်။

“အသံလှိုင်းဧကရာဇ်... နတ်ဘုရားအသံ ကောင်းကင်အတတ်ရဲ့ အဆင့်သုံးဆင့်ကို ဘယ်လိုခွဲရပါသလဲ။ ကျွန်တော်က နတ်ဘုရားအသံ ကောင်းကင်အတတ်အကြောင်းကို သိပ်မသိပါဘူး။ ကျွန်တော့်ကို နည်းနည်းလောက် ရှင်းပြပေးလို့ ရမလားခင်ဗျာ”

အသံလှိုင်းဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ပြီး ဗျပ်စောင်း၏ စောင်းကြိုး(၁၃)ကြိုးကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ ဗျပ်စောင်းထံမှနေ၍ ရေစီးသံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူ စိတ်ရှည်စွာ ရှင်းပြလိုက်လေသည်။

“တိတိကျကျ ပြောရမယ်ဆိုရင်တော့ နတ်ဘုရားအသံ ကောင်းကင်အတတ်က စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်မျိုးပဲ။ ဒါပေမဲ့ နတ်ဘုရားအသံ ကောင်းကင်အတတ်က ပိုပြီး အစွမ်းထက်တော့ ကိုယ်ပိုင်အမျိုးအစားကွဲတစ်ခု ဖြစ်လာခဲ့တယ်။ ရှေးကပညာရှင်တွေက ခွဲခြားပေးခဲ့တာပဲ”

ကျန်းရီသည် ထိုမျှအထိ လက်ခံနိုင်၏။ သူ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က ကြောက်မက်ဖွယ်အသံများကို အသုံးပြု၍ ရန်သူများ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်သည်။ ထို့ကြောင့် ရန်သူများသည် အလွန်မခံမရပ်နိုင် ခံစားလာရပြီး ပြန်လည်မတုံ့ပြန်နိုင်ကြတော့ပေ။ ၎င်းက အမှန်ပင် စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခု ဖြစ်ပေသည်။

“စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို နှစ်မျိုးခွဲထားတယ်ဆိုတာ မင်းသိမှာပါ။ ပထမတစ်မျိုးက ရန်သူရဲ့ စိတ်ဝိညာဉ်ကို ဖျက်ဆီးတာပဲ၊ ဒုတိယတစ်မျိုးကတော့ ရန်သူရဲ့ စိတ်ဝိညာဉ်အပေါ် သက်ရောက်တာ။ နတ်ဘုရားအသံ ကောင်းကင်အတတ်က ဒုတိယအမျိုးအစားပဲ...”

အသံလှိုင်းဧကရာဇ်က ဆက်ရှင်းပြသည်။

“သိုင်းပညာရှင်တွေ အဆင့်တစ်ဆင့်တက်တိုင်း သူတို့ရဲ့ စိတ်ဝိညာဉ်တွေက ပိုပြီးသန်မာလာကြတယ်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကို ‌ရောက်သွားပြီဆိုရင်တော့ နတ်ဘုရားဝိညာဉ်ကို ပိုင်ဆိုင်လာကြတယ်။ စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုက ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ နတ်ဘုရားတစ်ပိုင်းတွေရဲ့ စိတ်ဝိညာဉ်ကို မတိုက်ခိုက်နိုင်ကြဘူး။ နတ်ဘုရားတစ်ပိုင်းတွေက နတ်ဘုရားဝိညာဉ်ကို သုံးပြီး အဲ့တိုက်ခိုက်မှုတွေကို ခုခံနိုင်တယ်။ အဲ့ဒါကြောင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုနှစ်မျိုးထဲက ပထမအမျိုးအစားက နတ်ဘုရားတစ်ပိုင်းတွေကို ထိခိုက်အောင် မလုပ်နိုင်ဘူး...”

“ဒါပေမဲ့ ဒုတိယအမျိုးအစားကတော့ မတူဘူး”

အသံလှိုင်းဧကရာဇ်၏ မျက်နှာက ဂုဏ်ယူဝံ့ကြွားစွာ တောက်ပလာ၏။ သူ၏မျက်လုံးများကတော့ မှိတ်ထားဆဲပင်။ သူ ယုံကြည်မှုရှိရှိ ဆက်ပြောလိုက်သည်။

“စိတ်ဝိညာဉ်တိုက်ခိုက်မှုရဲ့ ဒုတိယအမျိုးအစားက အရမ်းထူးခြားတဲ့ တိုက်ခိုက်မှုတစ်ခုပဲ။ အဲ့ဒါက ရန်သူရဲ့ စိတ်ဝိညာဉ်အပေါ် သက်ရောက်ပြီး ရန်သူကို မခုခံနိုင်၊ ပြန်မတိုက်ခိုက်နိုင် ဖြစ်သွားအောင် လုပ်တာပဲ။ အဲ့ကျရင် ရန်သူကို အလွယ်လေး သတ်လိုက်လို့ရပြီပေါ့ကွာ။ သိုင်းပညာရှင်တစ်ယောက်က ဘယ်လောက်ပဲစွမ်းအားကြီးပါစေ လူသားတစ်ယောက် ဖြစ်နေသေးတယ်။ လူသားတိုင်းမှာ အတွေးတွေ၊ ခံစားချက်တွေနဲ့ အာရုံခြောက်ပါး ရှိကြတယ်။ ခံစားချက်ရှိတဲ့ လူသားတိုင်းက တွေးနိုင်တယ်၊ ဒေါသထွက်နိုင်တယ်၊ ကြောက်ရွံ့နိုင်တယ်၊ မျှော်လင့်ချက်မဲ့နိုင်တယ်... စသဖြင့်ပေါ့ကွာ။ အဲ့ဒါကြောင့် ငါတို့ကသာ လူတစ်ယောက်ရဲ့ ခံစားချက်တွေ၊ အတွေးတွေအပေါ် လွှမ်းမိုးနိုင်မယ်ဆိုရင် အဲ့လူက တည်တည်ငြိမ်ငြိမ်နဲ့ တွေးတောဆင်ခြင်နိုင်တော့မှာ မဟုတ်ဘူး။ သူက ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေမယ်ဆိုရင်တောင် အလွယ်လေး အသတ်ခံလိုက်ရမှာပဲ”

“ဟုတ်တယ်...ဟုတ်တယ်...”

ကျန်းရီ စိတ်လှုပ်ရှားလာသည်။ အတိတ်တွင် သူသည်လည်း ထိုသို့သောအကြောင်းများကို တွေးမိခဲ့သည်။ သို့သော် ယခုကဲ့သို့ အရာအားလုံးကို ဆက်စပ်၍ မတွေးနိုင်ခဲ့ပေ။ အသံလှိုင်းဧကရာဇ်၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင်မူ သူ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသည်။

“နတ်ဘုရားအသံ ကောင်းကင်အတတ်က အစွမ်းအထက်ဆုံး စိတ်ဝိညာဉ်တိုက်ခိုက်မှုပဲ။ အတုမရှိဘူး...”

အသံလှိုင်းဧကရာဇ်က အတန်ငယ် တယူသန်လာ၏။ သူ့မျက်နှာကလည်း ဝင်းပနေသည်။ သူ ဆက်ပြောသည်။

“လူသားတွေမှာ အာရုံခြောက်ပါးရှိတယ်။ မြင်နိုင်တယ်၊ အနံ့ခံနိုင်တယ်၊ ထိတွေ့ခံစားနိုင်တယ်၊ အရသာခံနိုင်တယ်၊ တွေးနိုင်တယ်၊ ကြားနိုင်တယ်။ အမြင်၊ အရသာ၊ အထိအတွေ့၊ အနံ့... အဲ့အာရုံတွေကိုတော့ တိုက်ခိုက်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ အသံမှာ ထူးခြားတဲ့ အရှိန်အဝါတစ်ခု ရှိတယ်။ ကိုယ့်ရဲ့အကြားအာရုံကို ပိတ်ထားမယ်ဆိုရင်တောင် စွမ်းအားကြီးတဲ့ အသံလှိုင်းတစ်ခုက ကိုယ့်ရဲ့ဝိညာဉ်ထဲအထိ ဖောက်ဝင်လာနိုင်တယ်။ အသံက အရောင်၊ အနံ့၊ အရသာမရှိဘူး။ ပြီးတော့ အကောင်အထည်မရှိဘဲနဲ့လည်း သတ်ဖြတ်နိုင်တယ်...”

“အဆင့်အနိမ့်ဆုံး နတ်ဘုရားအသံ ကောင်းကင်အတတ်ကတောင် စိတ်ဝိညာဉ်ကို ထိခိုက်အောင် လုပ်နိုင်တယ်။ အဲ့ဒါတောင် ပထမအဆင့်ပဲ ရှိသေးတာနော်။ အရင်က မင်းက အဲ့အဆင့်မှာ ရှိခဲ့တာ။ ဒါပေမဲ့ မင်းရဲ့ နတ်ဘုရားအသံ ကောင်းကင်အတတ်က တခြားဓာတ်တွေနဲ့ ပေါင်းစည်းခဲ့တဲ့ပုံပဲ... မဟုတ်ရင် အဲ့ဒါက အဲ့လောက်စွမ်းအားကြီးနေမှာ မဟုတ်ဘူး။ ပထမအဆင့်မှာက ကြောက်စရာကောင်းတဲ့ စူးရှရှ အသံမျိုးတွေကို အသုံးပြုပြီး ရန်သူရဲ့ စိတ်ဝိညာဉ်ကို ထိခိုက်အောင် လုပ်တာပဲ... အဲ့တော့ ရန်သူက မခုခံနိုင်၊ မတိုက်ခိုက်နိုင် ဖြစ်သွားတာပေါ့...”

“နတ်ဘုရားအသံ ကောင်းကင်အတတ်ရဲ့ ဒုတိယအဆင့်ကိုတော့ ငါက ဝိညာဉ်ဖမ်းစားအဆင့်လို့ခေါ်တယ်။ အရိုးရှင်းဆုံး နည်းကတော့ ဂီတတူရိယာတစ်ခုကို သုံးတာပဲ။ ဂီတသံစဉ်က ရန်သူရဲ့ စိတ်ဝိညာဉ်ကို ထူးခြားတဲ့ အခြေအနေတစ်ခုထဲကို ဆွဲသွင်းပြီး ရန်သူကို အကုန်လုံး မေ့လျော့သွားအောင် လုပ်တာပဲ။ အဲ့အခြေအနေမှာရှိနေတဲ့ လူတစ်ယောက်ကို သတ်ဖို့က အရမ်းလွယ်တယ်...”

“ဂီတသံစဉ်က အသုံးဝင်တဲ့ အရာတစ်ခုပဲ။ ပျော်ရွှင်ဖွယ်သံစဉ်က လူတွေကို ပျော်ရွှင်စေတယ်၊ လွမ်းဆွေးဖွယ်သံစဉ်က လူတွေကို ဝမ်းနည်းနာကျင်စေတယ်။ တက်ကြွတဲ့သံစဉ်က လူတွေကို သွေးဆူလာစေတယ်၊ သိမ်မွေ့တဲ့သံစဉ်က လူတွေကို စိတ်တည်ငြိမ်လာစေတယ်။ နာကျင်ဖွယ်တီးလုံးတွေက လူတွေကို မျှော်လင့်ချက်မဲ့လာစေတယ်...”

“ဒုတိယအဆင့်ရဲ့ အခရာက လူတစ်ယောက်ရဲ့ ခံစားချက်ကို ကြိုးကိုင်ခြယ်လှယ်ဖို့ပဲ။ သူတို့ မေ့ပစ်ချင်နေတဲ့ မှတ်ဉာဏ်တွေကို ပြန်ဖော်ပေးပြီး သူတို့ကို ခံစားချက်တွေ များလာအောင် လုပ်ရမှာ။ အဲ့ကျရင် သူတို့က မိန်းမောသွားလိမ့်မယ်။ သူတို့ အဲ့အခြေအနေထဲ ရောက်သွားရင် သူတို့ရဲ့ အသက်က မင်းရဲ့ လက်ထဲမှာပဲ။ သူတို့ရဲ့ကံကြမ္မာကို မင်းက ဆုံးဖြတ်လို့ ရသွားပြီ”

ရှည်လျားသော ရှင်းပြချက်ကြီး ပြီးဆုံးသွားသောအခါ ကျန်းရီ တက်ကြွလာ၏။ သူသည် အသံလှိုင်းဧကရာဇ် ပြောခဲ့သော စကားလုံးတိုင်းကို မှတ်သားထားလိုက်သည်။ ထို့နောက် သူ ဦးညွှတ်၍ ပြောလိုက်သည်။

“ဧကရာဇ်ရဲ့ ရှင်းပြချက်ကို နားထောင်ရတာ စာအုပ်တွေကို ဆယ်နှစ်လောက် လေ့လာဖတ်ရှုတာထက် ပိုပြီး အကျိုးရှိပါတယ်။ ကျွန်တော် အများကြီး သင်ယူခဲ့ရပါတယ်။ ဧကရာဇ်က တကယ့်ကို တေးသွားသံစဉ်ဘက်မှာ ထိပ်တန်းပညာရှင်တစ်ယောက်ပါပဲ။ ဧကရာဇ်က ဧကရာဇ်ရဲ့ဂုဏ်သတင်းနဲ့ တကယ်ပဲ ထိုက်တန်ပါတယ်။ နောက်ကျရင် ဧကရာဇ်က နတ်ဘုရားအသံ ကောင်းကင်အတတ်ကို သုံးပြီး အသံလှိုင်းနတ်ဘုရား ဖြစ်လာမယ်ဆိုတာကို ကျွန်တော် သေချာပြောရဲပါတယ်”

“ဟားဟားဟား...”

အသံလှိုင်းဧကရာဇ်က အသံထွက်ကာ ရယ်လိုက်ပြီး ကျန်းရီကို ပြောလိုက်သည်။

“မင်းက ငါ့ကို အထင်ကြီးလွန်းနေပြီ။ ငါ့က ငါ့ရဲ့အကန့်အသတ်ကို ကောင်းကောင်းသိပါတယ်။ ဒီတစ်သက်တော့ ငါ ဆက်ပြီး တိုးတက်နိုင်တော့မှာ မဟုတ်ဘူး။ ဟူး... ငါ အတိတ်တုန်းကသာ အမှားကြီးတစ်ခုကို မလုပ်ခဲ့မိရင် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို စတုတ္ထအဆင့်အထိ ရောက်အောင် လုပ်နိုင်လောက်တယ်။ အခုတော့... မဖြစ်နိုင်‌တော့ပါဘူး”

“အမှားကြီးတစ်ခုလား...”

ကျန်းရီ မျက်ခုံးပင့်လိုက်၏။ သူ အတန်ငယ် နားမလည်နိုင် ဖြစ်သွားသည်။

“ဟင်းဟင်း...”

အသံလှိုင်းဧကရာဇ်က သူ့ကိုယ်သူ လှောင်ရယ်ရယ်လိုက်ပြီး ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်လေသည်။ ကျန်းရီတစ်ယောက် ဧကရာဇ်၏ မျက်လုံးများကို တွေ့လိုက်သောအခါ တစ်ကိုယ်လုံးတုန်ယင်သွားပြီး မျက်နှာပျက်သွားသည်။ အသံလှိုင်းဧကရာဇ်ထံတွင် မျက်လုံးများမရှိပေ။ သူ၏မျက်အိမ်က ဟောက်ပက်ကြီးဖြစ်သည်။

“ငါ ဘယ်လိုလုပ် မျက်ကန်းတစ်ယောက် ဖြစ်လာခဲ့လဲဆိုတာကို မင်းသိလား”

အသံလှိုင်းဧကရာဇ်က ခါးသက်သက် ပြုံးကာ မေးလိုက်သည်။

“လွန်ခဲ့တဲ့(၁၅)နှစ်တုန်းက ငါ့မျက်လုံးတွေကို ငါကိုယ်တိုင် ဖောက်ထုတ်ပစ်ခဲ့တာပဲ”

“ဗျာ...”

ကျန်းရီ အံ့အားသင့်သွား၏။ သူ့မျက်နှာပေါ်တွင် မယုံနိုင်မှုများ ပြည့်နှက်သွားသည်။ အဘယ်ကြောင့် အသံလှိုင်းဧကရာဇ်က ကိုယ့်မျက်လုံးကိုယ် ဖောက်ထုတ်ရသနည်း။ သူက ရူးနေခြင်းလော။

“ငါ့ဘဝတစ်လျှောက်လုံးမှာ ငါက ဘဝမြင့်နေခဲ့တာ”

အသံလှိုင်းဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်လောက်က ငါက နတ်ဘုရားအသံ ‌ကောင်းကင်အတတ်မှာ ဆရာတစ်ဆူဖြစ်သွားလို့ အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်လာပြီး ဒေသသုံးခုကို ဖျက်ဆီးပစ်ခဲ့တယ်။ အဲ့နောက်တော့ ငါက နတ်ဘုရားအသံလှိုင်းဒေသရဲ့ အုပ်စိုးသူ ဖြစ်လာခဲ့တယ်။ ငါက ယဉ်ဧကရာဇ်နဲ့လည်း တိုက်ခိုက်ခဲ့သေးတယ်... ငါတို့ သရေကျခဲ့တယ်။ အဲ့ဒါကြောင့် ငါက ဒုတိယဆန်းကြယ်ဧကရာဇ် ဖြစ်လာနိုင်မယ့် အခွင့်အရေးရှိတယ်လို့ တွေးမိခဲ့တယ်။ ငါ နတ်ဘုရားအသံလှိုင်းတောင်ကြားထဲကို ဝင်ပြီး နတ်ဘုရားအသံ ကောင်းကင်အတတ်ကို စတုတ္ထအဆင့်အထိ ရောက်အောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဆယ်နှစ်ကြိုးစားပြီးတာတောင် ဘာရလဒ်မှ မရသေးဘူး...”

“နောက်တော့ ငါ ကိုယ့်မျက်လုံးကိုယ် ဖောက်ထုတ်ပစ်ခဲ့တယ်။ ငါက ကိုယ့်ကိုယ်ကိုယ် ကန်းအောင်လုပ်ပြီး အကြားအာရုံအပေါ်မှာပဲ လုံးဝမှီခိုရအောင် လုပ်ခဲ့တာ... အသံတွေအပေါ် ပိုပြီး နားလည်နိုင်အောင်ပေါ့။ အမြင်အာရုံ မရှိတော့ရင် အကြားအာရုံက ပိုပြီး စူးရှလာတယ်။ ပြီးတော့ မျက်စိက မမြင်နိုင်တော့ အသံတွေကို ပိုပြီး အာရုံစိုက်လာရတယ်။ ဒါပေမဲ့ ငါ မှားသွားခဲ့တယ်။ ငါ ဘာမှားသွားတာလဲဆိုတာကို မင်းသိလား”

ကျန်းရီသည် အသံလှိုင်းဧကရာဇ်က ကိုယ့်မျက်လုံးကိုယ် ဖောက်ထုတ်ပစ်ခဲ့သည်ဆိုသော အချက်ကြောင့် အံ့အားသင့်နေသေးဆဲဖြစ်ရာ အခြားမည်သည်ကိုမှ မတွေးနိုင်သေးပေ။ ထို့ကြောင့် သူ ခေါင်းခါပြလိုက်သည်။ သူသည် အသံပင် မရှူဝံ့ဘဲ အသံလှိုင်းဧကရာဇ် ဆက်ပြောသည်ကို နားထောင်လိုက်သည်။

“လောကကြီးက ကျယ်ပြောလွန်းတယ်.. ပြီးတော့ အရာအားလုံးမှာ ဝိညာဉ်ရှိတယ်။ လူသားတွေက အဲ့ဝိညာဉ်တွေအားလုံးရဲ့ ဆရာသခင်တွေပဲ။ မိုးမြေက အရာတွေကို ဖန်ဆင်းတဲ့အခါမှာ အကြောင်းရှိကြတယ်။ မိုးမြေစည်းမျဉ်းတွေ၊ နက်ရှိုင်းတဲ့ဒဿနတွေနဲ့ နီတိတွေက နေရာအနှံ့မှာ ရှိကြတယ်။ မိုးမြေက လူသားတွေကို လက်နှစ်ဘက်၊ ခြေနှစ်ဘက်နဲ့ မျက်လုံးနှစ်လုံး ပေးခဲ့တာမှာလည်း အကြောင်းရှိတယ်။ ဒါပေမဲ့ ငါက အဲ့သဘာဝအစီအရင်ကို ဖျက်ဆီးမိခဲ့တယ်။ ငါ ကောင်းကင်အမျက်ကို မခံခဲ့ရတာဘဲ ကောင်းနေပြီလို့ ပြောရမှာ... အဲ့တော့ ငါ ဘယ်လိုလုပ် ဆက်ပြီး တိုးတက်နိုင်တော့မှာလဲ”

အသံလှိုင်းဧကရာဇ်က မျက်လုံးများ ပြန်မှိတ်လိုက်ပြီး ခါးသက်သက် ပြောလိုက်သည်။ ထို့နောက် သူ ကျန်းရီကို မျက်နှာချင်းဆိုင်ကာ ဆက်ပြောလိုက်သည်။

“ကောင်လေး... မင်း နတ်ဘုရားအသံ ကောင်းကင်အတတ်ကို စတုတ္ထအဆင့်အထိရောက်အောင် လုပ်ချင်ရင် ဘယ်တော့မှ ကောင်းကင်ကို မဆန့်ကျင်နဲ့။ မင်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကိုမှ အဆုံးရှုံးခံလို့မဖြစ်ဘူး။ ပြီးတော့ မင်း သန္ဓေပြောင်းလဲတာမျိုးလည်း မလုပ်ရဘူး။ လူသားခန္ဓာက ပြီးပြည့်စုံတဲ့ သဘာဝအစီအရင်တစ်ခုပဲ။ အဲ့ဒါ ပျက်စီးသွားရင် မင်း အထွတ်အထိပ်ကို ရောက်နိုင်တော့မှာ မဟုတ်ဘူး”

“အာ...”

ကျန်းရီ မှင်တက်သွားသည်။ အသံလှိုင်းဧကရာဇ် ပြောသည်ကို သူ အနည်းနှင့်အများဆိုသလို နားလည်သည်။ သို့သော် သူ၏ခန္ဓာကိုယ်က သ‌န္ဓေပြောင်းလဲခဲ့ပြီးပေပြီ။ သူ့ဒန်တျန်ထဲတွင် ကြယ်စက်လုံးကိုးလုံးရှိပြီး သူ့၏စိတ်ဝိညာဉ်ထဲတွင် သက်တန့်ဝိညာဉ်လှံရှိသည်။ အသံလှိုင်းဧကရာဇ်၏ ပြောပြချက်အရ သူ့ခန္ဓာကိုယ်က ပြီးပြည့်စုံသော အခြေအနေတွင် ရှိမနေတော့ပေ။ သို့ဆိုလျှင် သူက မည်သည့်အခါတွင်မှ နတ်ဘုရားတစ်ပိုင်း ဖြစ်မလာနိုင်တော့သည်လော။

***

All Chapters