မဟာတာအို အမျိုးသုံးထောင်
Vol. 77 Ch. 1069
‘မဟုတ်သေးပါဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်က နဂါးညှိုးရော်မြက်ပင်ကြောင့် ပြောင်းလဲသွားတာမလား။ သဘောတရားအရဆိုရင် ငါ့ရဲ့ခန္ဓာကိုယ်က အပြီးပြည့်စုံဆုံး အခြေအနေမှာ ရှိနေရမှာ။ မဟုတ်ရင် ငါ့ရဲ့ ကျင့်ကြံနှုန်းက ဘာလို့ ဆယ်ဆပိုမြန်နေမှာလဲ’
ကျန်းရီသည် တွေးတောရင်း တစ်စုံတစ်ခု မှားနေကြောင်း ခံစားလာရ၏။ သို့သော် အသံလှိုင်းဧကရာဇ်၏ စကားများကလည်း အဓိပ္ပာယ်ရှိနေသည်။ ထို့ကြောင့် သူ စိတ်ရှုပ်လာပြီး ဆက်မတွေးတော့ရန်သာ ဆုံးဖြတ်လိုက်လေသည်။ ထိုအကြောင်းကို များစွာတွေးတောနေလျှင်လည်း အကျိုးမရှိပေ။ ဤဘဝတွင် သူ နတ်ဘုရားတစ်ပိုင်း မဖြစ်လာနိုင်လျှင်လည်း ယင်းက သူ၏ကံကြမ္မာပင်။ ထိုကံကြမ္မာကို ဆန့်ကျင်လျှင်လည်း အကျိုးရှိမည်မဟုတ်ချေ။
ကျန်းရီ သက်ပြင်းလေးလေးတစ်ချက် ချလိုက်ပြီး ထပ်မေးလိုက်သည်။
“ဧကရာဇ်.... နတ်ဘုရားအသံ ကောင်းကင်အတတ်ရဲ့ တတိယနဲ့ စတုတ္ထအဆင့်က ဘယ်လိုပါလဲ”
အသံလှိုင်းဧကရာဇ်က ကျန်းရီအား ထိုအရာများကို ကိုယ်တိုင် သိမြင်လာအောင် လုပ်ရမည်ဟု ပြောခဲ့သော်လည်း ကျန်းရီ ရွေးချယ်ရမည့် လမ်းကြောင့်တစ်ခုတော့ ရှိရမည် မဟုတ်ပါလား။ ထိုမှ ကျန်းရီက လမ်းမှာကို မလိုက်မိမည်ဖြစ်သည်။ နတ်ဘုရားအသံ ကောင်းကင်အတတ်က တာအိုပုံသဏ္ဌာန်နှင့် မတူပေ။
အသံလှိုင်းဧကရာဇ်က ဘာကိုမှ မထိမ်ချန်ထားဘဲ အလွန်ရက်ရောစွာ ပြောလိုက်သည်။
“တတိယအဆင့်က အခု ငါရောက်နေတဲ့အဆင့်ပေါ့။ ငါကတော့ အဲ့အဆင့်ကို ဝိညာဉ်ဖျက်ဆီးအဆင့်လို့ခေါ်တယ်။ အဲ့လမ်းက ငါရွေးခဲ့တဲ့လမ်းပဲ။ ငါက အသည်းကွဲတေးသွားတစ်ခုကို ဖန်တီးခဲ့တယ်... အဲ့တေးသွားက ရန်သူကို သူ့ဘဝမှာ အချစ်မရှိဘူးလို့ ခံစားရအောင် လုပ်တာပဲ။ အဲ့ကျရင် သူ့နှလုံးသားက သေဆုံးသွားမယ်၊ သူ့ရဲ့စိတ်ဝိညာဉ်ကလည်း အထီးကျန်ပြီး ပျက်စီးသွားမယ်။ ဒုတိယအဆင့်က ရန်သူကို ခံစားချက်တွေ များသွားအောင်လုပ်ပြီး အဲ့ခံစားချက်တွေထဲမှာ ပြန်ပိတ်မိသွားအောင် လုပ်တာလို့ ငါ ခုနက ပြောခဲ့တယ်မလား...”
“လူတစ်ယောက်ရဲ့ ခံစားချက်တွေကို နည်းအမျိုးမျိုးနဲ့ လှုပ်နှိုးနိုင်တယ်။ သူ့ကို ပျော်အောင်လုပ်လို့ရတယ်၊ တက်ကြွလာအောင်လုပ်လို့ရတယ် ဒါမှမဟုတ်လည်း ဝမ်းနည်းလာအောင် လုပ်လို့ရတယ်။ မင်း မှတ်ထားရမှာက နတ်ဘုရားအသံ ကောင်းကင်အတတ်ကို တတိယအဆင့် ရောက်သွားအောင် လုပ်ချင်ရင် အရမ်းလောဘကြီးလို့မရဘူးဆိုတာပဲ။ မင်းက ခံစားချက်တစ်ခုကိုပဲ အာရုံစိုက်ပြီး အဲ့ခံစားချက်ကို အဆင့်အမြင့်ဆုံး ဖြစ်လာအောင် သွေးနေရမယ်။ အဲ့တော့မှ မင်းရဲ့ အစွမ်းက ထိပ်ဆုံးကို ရောက်လိမ့်မယ်။ အစွမ်းက ထိပ်ဆုံးကိုရောက်မှ တတိယအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးရလိမ့်မယ်”
ကျန်းရီသည် အပြည့်အဝ နားမလည်သေးသော်လည်း အသံလှိုင်းဧကရာဇ်၏ စကားတိုင်းကို မှတ်သားထားလိုက်လေသည်။ ထို့နောက် သူသည် တပည့်တစ်ယောက်ကဲ့သို့ ရိုရိုသေသေ ဦးညွှတ်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဧကရာဇ်... ကျွန်တော် အများကြီး သင်ယူခဲ့ရပါတယ်”
“စတုတ္ထအဆင့်ကတော့...”
အသံလှိုင်းဧကရာဇ်၏ မျက်နှာက ထပ်မံ၍ ဝင်းပလာ၏။ သူ စိတ်လှုပ်တရှားဖြင့် ပြောလိုက်သည်။
“ငါ့ရဲ့ ခန့်မှန်းချက်အရတော့ စတုတ္ထအဆင့်က နတ်ဘုရားအသံ ကောင်းကင်အတတ်ရဲ့ အထွတ်အထိပ်အဆင့် ဖြစ်လိမ့်မယ်။ အဲ့အဆင့်မှာ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်လွှတ်လိုက်တာနဲ့ အရာအားလုံး ပျက်သုဉ်းသွားလိမ့်မယ်။ အဲ့အတတ်ကို အထွတ်အထိပ်အထိရောက်အောင် ကျင့်ကြံနိုင်တာက မိုးမြေရဲ့ နီတိကို နားလည်လိုက်တဲ့ အဓိပ္ပာယ်ပဲ။ အဲ့တော့ အဲ့လူက ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။ နတ်ဘုရားအဆင့်ဆိုတာ အရင်တုန်းက ဆန်းကြယ်ဧကရာဇ် ရောက်ခဲ့တဲ့ အဆင့်ပဲ...”
“သိုင်းပညာတာအိုဖြစ်စေ၊ မိစ္ဆာတာအိုဖြစ်စေ၊ ဗုဒ္ဓတာအိုဖြစ်စေ၊ ဘယ်တာအိုမဆိုဖြစ်စေ မဟာတာအိုတစ်ခုရဲ့ အထွတ်အထိပ်ကို ရောက်ရင် နတ်ဘုရားအဆင့်ကို ရောက်မှာပဲ။ ဒီလောကထဲမှာ မဟာတာအို အမျိုးသုံးထောင်ရှိတယ်။ ဒါပေမဲ့ အဲ့တာအိုတွေရဲ့ ပန်းတိုင်ကတော့ အတူတူပဲ။ ပြောရမယ်ဆိုရင် အဲ့တာအိုတွေက မိုးမြေစည်းမျဉ်းတွေ၊ နီတိတွေကို သိမြင်နားလည်အောင် လုပ်တာပဲ။ လူတစ်ယောက်က အဲ့ဒါတွေကို နားလည်ပြီဆိုမှ မိုးမြေက မဟာဂိတ်တံခါးကို ဖွင့်ပေးပြီး နတ်ဘုရားအစစ်အမှန်တစ်ပါး ဖြစ်လာခွင့် ပေးတာပဲ။ နတ်ဘုရားတွေက အဆုံးမဲ့တဲ့ သက်တမ်းကို ပိုင်ဆိုင်ကြတယ်...”
“အာ...”
ကျန်းရီ ထပ်မံ၍ စိတ်လှုပ်ရှားလာ၏။ သူ အတွေးလည်း များလာသည်။ အကယ်၍ သူသာ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်လျှင် ထာဝရ ရှင်သန်နိုင်မည်လော။ ထာဝရရှင်သန်သူများ၏ လောက,က မည်သို့နည်း။
“ကောင်းပြီ... ငါလည်း ပင်ပန်းပြီ။ မင်း သွားတော့။ နောက်ကျ မင်း အကူအညီတစ်ခုခု လိုရင် အရိပ်ဧကရာဇ်က မင်းကို ပေးထားတဲ့ အစိမ်းရောင်ပုလဲကို သုံးပြီး ငါ့လူတွေကို ဆက်သွယ်လိုက်။ ဒါပေမဲ့ ကိစ္စကကြီးရင်တော့ ငါ့ကို ကိုယ်တိုင်ပြော။ ငါက မင်းအတွက် ကိစ္စနှစ်ခု ကူညီပေးမယ်လို့ ကတိပေးပြီးသွားပြီဆိုတော့... သေချာပေါက် အဲ့ကတိကို တည်မှာပါ”
အသံလှိုင်းဧကရာဇ်က လက်ဝှေ့ယမ်းလိုက်ပြီး အတန်ငယ် ပင်ပန်းဟန်ဖြင့် ခေါင်းငုံ့လိုက်သည်။ ထို့နောက် သူသည် ဗျပ်စောင်းကို ငြင်သာစွာ ဆက်၍တီးခတ်နေလေသည်။ ကျန်းရီ ဆက်၍ မမေးဝံ့တော့ပေ။ သူ အသံလှိုင်းဧကရာဇ်ကို အလေးအနက် ဦးညွှတ်လိုက်သည်။ အသံလှိုင်းဧကရာဇ်က ထူးခြားသော်လည်း လေးစားခံရရန် ထိုက်တန်ပေသည်။ သူသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ပို၍ နားလည်နိုင်ရန် သူ့မျက်လုံးများကို သူကိုယ်တိုင် ဖောက်ထုတ်ပစ်ခဲ့သူဖြစ်သည်။
ကျန်းရီ နောက်သို့ ခြေလှမ်းဆုတ်လိုက်ပြီး တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ လျှောက်ဝင်သွားလိုက်သည်။ ၎င်းက အလိုလို နိုးထလာပြီး ကျန်းရီကို တောင်ကြားအပြင်သို့ ထုတ်ပေးလိုက်သည်။
“ဟူး...”
ကျန်းရီ ထွက်သွားသည်နှင့် အသံလှိုင်းဧကရာဇ်က ခေါင်းမော့၍ သက်ပြင်းလေးလေးတစ်ချက် ချလိုက်လေသည်။ ထို့နောက် သူ ကျန်းရီ ထွက်သွားရာဘက်သို့ မျက်နှာလှည့်လိုက်သည်။ သူ အတော်ကြာ ငြိမ်နေပြီးမှ ထပ်မံ သက်ပြင်းချလိုက်သည်။
“အဲ့ကောင်လေးက တော်တော်လေး ပါရမီထူးတာပဲ။ ဒါပေမဲ့ နည်းနည်း စိတ်မရှည်တတ်ဘူး၊ သည်းခံခြင်းရဲ့ အရေးကြီးပုံကိုလည်း မသိဘူး။ နောက်ဆယ်စုနှစ်အနည်းငယ်လောက်နေရင် သူ စတုတ္ထအဆင့်ကို ရောက်နိုင်လောက်တယ်။ ဒါပေမဲ့ မြောက်ဘက်ဧကရာဇ်က သူ့ကို အဲ့လောက် အချိန်များများ ပေးပါ့မလား”
ကျန်းရီ အသံလှိုင်းဧကရာဇ်နှင့် တွေ့ဆုံပြီး ပြန်ထွက်လာသောအခါ လူများစွာက သူ့ထံ လာရောက် မိတ်ဆွေ့ဖွဲ့ကြ၏။ အသံလှိုင်းဧကရာဇ်၏ တပည့်ဖြစ်သွားခြင်းက သူ၏ဂုဏ်အဆင့်အတန့်ကို ချက်ချင်း မြင့်တက်သွားစေသည်။ ယခုတွင် သူ၏ အဆင့်အတန်းက ထန်မင်ထက်ပင် မြင့်နေပေပြီ။
အထူးသဖြင့် နတ်ဘုရားအသံလှိုင်းဒေသ၏ အိမ်နီးချင်းဒေသများရှိ မျိုးနွယ်များမှ သိုင်းသမားများအားလုံးသည် ကျန်းရီကို လေးစားသမှု ပြသည့်အနေဖြင့် ကိုယ်တိုင်လာရောက်ကာ ခွက်တိုက်၊ ခွက်မြှောက် လုပ်ကြသည်။ ချန်မျိုးနွယ်မှလူများကလည်း သူ့ကို ပို၍ယဉ်ယဉ်ကျေးကျေး ဆက်ဆံလာသည်။ ကျန့်ထျန်းလဲ့၏ သူ့ကိုကြည့်သော အကြည့်များပင် ပြောင်းလဲလာသည်။
အသံလှိုင်းဧကရာဇ်၏ ထူးခြားသောအကျင့်စရိုက်က ကျော်ကြားပေသည်။ အတိတ်တွင် ယဉ်ဧကရာဇ်က သူ၏သမီးတော်တစ်ပါးကို အသံလှိုင်းဧကရာဇ်ထံတွင် တပည့်ခံရန် စေလွှတ်လိုခဲ့သည်။ ထိုသမီးတော်မှာ ယဉ်ရို့ပင်း၏ ညီမလေး ယဉ်မုန့်ဝမ်ဖြစ်သည်။ ယဉ်မုန့်ဝမ်သည် ပါရမီပါပြီး ငယ်စဉ်ကလည်း ဂီတတူရိယာများကို မြတ်နိုးခဲ့သည်။ သူမက အလွန်လိမ္မာပြီး ချစ်စဖွယ်လည်းကောင်းရာ ယဉ်ဧကရာဇ်က သူမကို အလွန်ချစ်ပေသည်။ သို့သော် အသံလှိုင်းဧကရာဇ်သည် သူမကို တစ်ကြိမ်သာ လက်ခံတွေ့ခဲ့ပြီး လူအားလုံးရှိအရှေ့တွင် ယဉ်မုန့်ဝမ်က ဂီတဘက်တွင် ပါရမီမပါ၍ သူမကို တပည့်အဖြစ် လက်ခံမည် မဟုတ်ဟု ပြောခဲ့လေသည်။ သူသည် ယဉ်ဧကရာဇ်၏ မျက်နှာကိုပင် မထောက်ထားခဲ့ချေ။
နှစ်ပေါင်းများစွာအတွင် မရေမတွက်နိုင်သော လူများသည် နတ်ဘုရားအသံလှိုင်းတောင်ကြားသို့ လာ၍ အသံလှိုင်းဧကရာဇ်ထံတွင် တပည့်ခံခွင့်ပြုရန် တောင်းတိုခဲ့ကြသည်။ သို့သော် အသံလှိုင်းဧကရာဇ်သည် ချန်မျိုးနွယ်မှ အကြီးအကဲတစ်ယောက်ကလွဲ၍ အခြားမည်သူ့ကိုမှ တပည့်အဖြစ် လက်မခံခဲ့ချေ။ သူသည် ပါရမီမရှိသူများကို သင်ကြားပေးပြီး အချိန်မဖြုန်းလိုဟု ပြောခဲ့သည်။ သို့သော် ပါရမီထူးသည့် လူတစ်ယောက်ကိုဆိုလျှင်မူ အသံလှိုင်းဧကရာဇ်က ဒူးထောက်၍ပင် ထိုလူကို သူ့တပည့်ဖြစ်လာရန် တောင်းဆိုမည်ဖြစ်သည်။
ထို့ကြောင့် ထန်မျိုးနွယ်မှ ရီစန်က အလွန်ပါရီမီထူးကြောင်း ထင်ရှားပေသည်။ အစောတွင်ပင် သူက သူ၏အရည်အချင်းကို အားလုံး၏ရှေ့တွင် ပြသခဲ့ပြီးပြီ မဟုတ်ပါလား။ ယခုတွင် သူက အသံလှိုင်းဧကရာဇ်၏တပည့် ဖြစ်လာပြီဖြစ်၍ သူ၏အနာဂတ်က အကန့်အသတ်မရှိတော့ပေ။ သူသည် အနိမ်ဆုံး ကြယ်ခြောက်ပွင့် သို့မဟုတ် ကြယ်ခုနစ်ပွင့် တိုက်ခိုက်စွမ်းအားကို အလွယ်တကူ ပိုင်ဆိုင်လာနိုင်မည်ဖြစ်သည်။ အကယ်၍ သူသာ ထိုထက်ပို၍ တက်လှမ်းနိုင်ပါက ဒုတိယအသံလှိုင်းဧကရာဇ် ဖြစ်လာနိုင်သေးသည်။
စိတ်ဝိညာဉ်တိုက်ခိုက်မှုများက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ အကယ်၍ အသံလှိုင်းဧကရာဇ်က မြို့တစ်မြို့သို့သွား၍ တေးသွားတစ်ခုကို တီးခတ်လိုက်လျှင် မြို့ထဲရှိ လူအားလုံး သေချာပေါက် သေသွားမည်ဖြစ်သည်။ သို့ဖြစ်ရာ မည်သူက ဒုတိယအသံလှိုင်းဧကရာဇ် ဖြစ်လာနိုင်သော လူတစ်ယောက်နှင့် မိတ်ဆွေမဖွဲ့ချင်ဘဲ နေပါမည်နည်း။ သူတို့က မိတ်ဆွေကောင်းများ ဖြစ်မလာနိုင်လျှင်ပင် အနည်းဆုံးတော့ မည်သူမှ သူ့ကို အပြစ်ပြုကြမည် မဟုတ်ပေ။
တစ်ရက်လုံး ရုတ်ရုတ်သဲသဲ ဖြစ်ပြီးနောက် နေဝင်လာသောအခါ ဧည့်သည်များအားလုံး စတင် ထွက်ခွာလာကြသည်။ သို့သော် အဝေးမှ လာခဲ့ရသော အရေးကြီးဧည့်သည်တော်များကမူ နတ်ဘုရားအသံလှိုင်းမြို့တွင် တည်းခိုရန် ဖိတ်ခေါ်ခံရပေသည်။ အိမ်ရှင်က ဧည့်သည်ကို တစ်ညတာ တည်းခိုခွင့် ပြုရန်မှာ လုပ်သင့်သော အရာတစ်ခု မဟုတ်ပါလား။
ကျန်းရီ၊ ထန်မင်နှင့် ကျန်တပ်မှူးသုံးယောက်ကလည်း နတ်ဘုရားအသံလှိုင်းမြို့သို့ ပြန်သွားလိုက်သည်။ ယဉ်ရို့ပင်း၊ ကျန့်ထျန်းလဲ၊ လီဟုန်နှင့် သူတို့၏နောက်လိုက်များကလည်း နတ်ဘုရားအသံလှိုင်းမြို့သို့သာ သွားကြသည်။ နတ်ဘုရားအသံလှိုင်းတောင်ကြားက အလွန်သေးသဖြင့် ထိုနေရာတွင် လူများစွာ မတည်းခိုနိုင်ပေ။ ချန်မျိုးနွယ်ဝင်အများစုက နတ်ဘုရားအသံလှိုင်းမြို့တွင် နေထိုင်ကြသည် မဟုတ်ပါလား။
ဉာဉ့်နက်လာသောအခါ ကျန်းရီနှင့် ထန်မင်တို့သည် လာရောက်ဂုဏ်ပြုသော ဧည့်သည်တစ်စုကို ပြန်လွှတ်၍ သူတို့၏ခြံဝန်းတံခါးကို ပိတ်လိုက်လေတော့သည်။ သူတို့ ဧည့်သည့်များနှင့် ထပ်၍ တွေ့ဆုံတော့မည် မဟုတ်ပေ။ တံခါးပိတ်ပြီးသည်နှင့် ကျန်းရီက ထန်မင်ဘက်သို့ လှည့်၍ အသံပို့လွှတ်လိုက်ကာ မေးလိုက်သည်။
“အစ်ကိုထန်... ဒီနေ့ကိစ္စက ထန်မျိုးနွယ်ကို ပြဿနာတက်စေလောက်လား”
“ဟားဟား... ဘာပြဿနာ တက်နိုင်မှာမလို့လဲ။ ငါ အကုန်လုံး စီစဉ်ထားပြီးပါပြီ”
ထန်မင် လက်ဝှေ့ယမ်းလိုက်သည်။ သူက ထန်မျိုးနွယ်ကို သတင်းပို့ထားပြီးဖြစ်သည်။ ထန်မျိုးနွယ်သည် တစ်ရက်အတွင်းမှာပင် ရီစန်ဟူသော လူတစ်ယောက်ကို ဖန်တီးနိုင်ပေသည်။ ထန်မင်က ကျန်းရီကို ရှင်းပြလိုက်ပြီး လက်မထောင်ပြလိုက်သည်။ ထို့နောက် သူ ဆက်၍ အသံပို့လွှတ်လိုက်သည်။
“ညီလေး... ညီလေးက တကယ့်ကို အထင်ကြီးစရာ ကောင်းတာပဲ။ ညီလေးက အသံလှိုင်းဧကရာဇ်ရဲ့ တပည့်တောင် ဖြစ်လာတယ်။ အသံလှိုင်းဧကရာဇ်က ညီလေး ရုပ်ဖျက်ထားတာကို ဖောက်မြင်သွားသေးလား”
“မမြင်ဘူးလို့တော့ ထင်တာပဲ”
ကျန်းရီက နှာခေါင်းကုတ်လိုက်သည်။ ထိုကိစ္စအကြောင်းကို များစွာ မရှင်းပြလျှင် အကောင်းဆုံးဖြစ်သည်။ အသံလှိုင်းဧကရာဇ်နှင့် အရိပ်ဧကရာဇ်ကြားမှ ဆက်နွယ်မှုက လျှို့ဝှက်ချက်တစ်ခုအဖြစ်သာ ဆက်ရှိနေရပေမည်။ မဟုတ်လျှင် အသံလှိုင်းဧကရာဇ်က ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ ဘုံရန်သူဖြစ်သွားပေလိမ့်မည်။
“အဲ့ဒါကောင်းတယ်”
ထန်မင်က စိတ်လှုပ်တရှားဖြင့် အသံပို့လွှတ်လိုက်သည်။
“အသံလှိုင်းဧကရာဇ်ရဲ့ အကူအညီနဲ့ဆိုရင် ကောင်မလေးနှစ်ယောက်ရဲ့ ကိစ္စကို အလွယ်လေး ရှင်းနိုင်မှာပဲ။ ညီလေး ချန်မျိုးနွယ် မိသားစုခေါင်းဆောင်နဲ့ သွားတွေ့ပြီး သူ့ကို နည်းလမ်းတစ်ခု ရှာခိုင်းလို့ရတယ်။ လီဟုန်က ချန်မျိုးနွယ်ကို အပြစ်ပြုရဲမှာ မဟုတ်ပါဘူး”
“အဲ့လိုတွေလုပ်ဖို့ မလိုတော့ပါဘူး”
ကျန်းရီက ပြုံးကာ အသံပြန်ပို့လွှတ်လိုက်သည်။
“ကျွန်တော် ယဉ်ရို့ပင်းကို အကူအညီတောင်းခဲ့ပါပြီ။ နောက်သုံးရက်နေရင် အစ်ကိုထန် ကောင်မလေးနှစ်ယောက်ကို လွှဲပေးလိုက်လို့ ရပါပြီ။ အဲ... လွှဲမပေးခင်တော့ လွှဲပေးတော့မယ်ဆိုတာကို ယဉ်ရို့ပင်းဆီ အရင်ဆုံး သတင်းပို့ရမယ်။ အဲ့တော့မှ သူက ကောင်မလေးနှစ်ယောက်ကို ကိုယ်တိုင်သွားခေါ်လိမ့်မယ်”
“အာ...”
ထန်မင်တစ်ယောက် အတန်ငယ် ခေါင်းရှုပ်သွား၏။ သို့သော် သူ ချက်ချင်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူ ပြုံးကာ ပြောလိုက်သည်။
“ညီလေး... ညီလေးက ယဉ်မျိုးနွယ်က နတ်ဆိုးမလေးနဲ့ ဘာလိုလို၊ ညာလိုလို ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်။ အင်း... သူ့ရဲ့ အလှက တကယ့်ကို ပြိုင်ဘက်ကင်းပဲ။ နေပါဦး... ယဉ်ရို့ပင်းက ကျန့်ထျန်းလဲနဲ့ စေ့စပ်ထားတယ်မလား။ ညီလေး... ညီလေးက မီးနဲ့ကစားနေတာပဲ။ ကျန့်မျိုးနွယ်က မြို့တစ်မြို့ကိုပဲ သိမ်းပိုက်ထားတာ ဆိုပေမယ့် ကျန့်မျိုးနွယ်နဲ့ ရင်ဆိုင်ရမယ့်အစား ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲက ကျန်တဲ့မျိုးနွယ်ရှစ်ခုနဲ့ပဲ ရင်ဆိုင်မယ်လို့ အစ်ကိုတို့ မျိုးနွယ်ခေါင်းဆောင်က ပြောဖူးတယ်”
***