ဖောက်ပြန်ခံရသူ
Vol. 77 Ch. 1070
‘ကျန့်မျိုးနွယ်က အဲ့လောက်တောင် စွမ်းအားကြီးတာလား’
ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။ အောင်းလုသည် သူ့အား အရှေ့ဘက် တော်ဝင်နယ်မြေသို့ သွားမည်ဆိုလျှင် လူသုံးယောက်ကို ရှောင်ရန် မှာခဲ့သည်။ ထိုသုံးယောက်မှာ ဗုဒ္ဓဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ထိုသုံးယောက်က ကြယ်ကိုးပွင့် သိုင်းပညာရှင်များ ဖြစ်သည်ဟု လူသိထင်ရှား ကျော်ကြား၍ပင်။
သို့သော် ကျန်းရီသည် ကျန့်မျိုးနွယ်ကိုလည်း ကြောက်ရန်လိုကြောင်းကိုမူ မသိထားပေ။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းတစ်ခုမှာ ကျန့်မျိုးနွယ်က အလွန်သိုသိုသိပ်သိပ်နေ၍ဖြစ်သည်။ ကျန့်မျိုးနွယ်ဝင်များက ဆန်းကြယ်ဧကရာဇ်မြို့မှ ထွက်လာခဲသည်။ ထို့ပြင် လွန်ခဲ့သော နှစ်သိန်းကျော်အတွင်း ကျန့်မျိုးနွယ်က ကြီးကျယ်သော၊ မှတ်သားလောက်သော မည်သည့်ကိစ္စကိုမှ မလုပ်ခဲ့ပေ။ ထို့ကြောင့် ကျန့်မျိုးနွယ်သည် အိပ်မောကျနေသော နဂါးတစ်ကောင်ကဲ့သို့ မည်သည့်အန္တရာယ်အငွေ့အသက်ကိုမှ ထုတ်လွှတ်မနေချေ။
အခြားအကြောင်းအရင်းတစ်ခုမှာမူ ကျန့်မျိုးနွယ်၏ ပိုင်နက်က အလွန်သေးခြင်းပင်။ သူတို့က မြို့တစ်မြို့ကိုသာ သိမ်းပိုက်ထားသည်။ ထို့ကြောင့် လူများက သူတို့ကို လျှော့တွက်ကြသည်။ သူတို့၏ ပိုင်နက်က မကျယ်သဖြင့် သူတို့သည် သိုင်းပညာရှင်များစွာကိုလည်း မသိမ်းသွင်းနိုင်ပေ။ သိုင်းပညာရှင်များကို သိမ်းသွင်းလိုလျှင် ထိုသိုင်းပညာရှင်များကို အရင်းအမြစ်၊ အာဏာ သို့မဟုတ် အဆင့်အတန်းတိုထဲမှ တစ်ခုခုကို ပေးရမည် မဟုတ်ပါလား။
ဥပမာအနေဖြင့် မြောက်ဘက်ဧကရာဇ်၏ ဝူမျိုးနွယ်ကို ကြည့်ပါ။ သူတို့က မြို့ကြီးများစွာကို အခြားမျိုးနွယ်များအား ပေးထားကြသည်။ အပြန်အလှန်အနေဖြင့် ထိုမျိုးနွယ်ကြီးများ၏ ပံ့ပိုးထောက်ပံ့မှုကို သူတို့က ပြန်ရကြသည်။ မဟာမိတ်တစ်ခုပင် ဖွဲ့နိုင်ထားသည်။ ထို့ကြောင့် ဝူမျိုးနွယ်ကို ရင်ဆိုင်လိုသူများသည် အခြား ထောင်ချီသော မျိုးနွယ်များနှင့်လည်း ရင်ဆိုင်ရမည်ဖြစ်သည်။
ကျန့်မျိုးနွယ်ကမူ မြို့များစွာကို ပိုင်ဆိုင်မထားပေ။ သို့ဖြစ်ရာ သူတို့လက်အောက်သို့ ခိုဝင်လိုသော မျိုးနွယ်များ မရှိချေ။ မည်သူက သူများ၏လက်အောက်သို့ အကျိုးအမြတ်မရဘဲ ဝင်ပါမည်နည်း။ ထို့ကြောင့် ကျန်းရီသည် ကျန့်မျိုးနွယ်က ဧကရာဇ်ကိုးပါးမျိုးနွယ်စုတွင် အင်အားအနည်းဆုံးဟု မှတ်ယူထားမိခဲ့သည်။
“အာ... ညီလေးကျန်း၊ ညီလေး သိပ်မရှင်းသေးတဲ့ ကိစ္စအချို့ ရှိနေသေးပုံပဲ”
ထန်မင်က မုတ်ဆိတ်ကိုသပ်ကာ ရှင်းပြလိုက်သည်။
“အတိတ်တုန်းက ဆန်းကြယ်ဧကရာဇ်ရဲ့ လက်အောက်မှာရှိတဲ့ နံပါတ်(၁) သူရဲကောင်းက ဘယ်သူလဲဆိုတာကို ညီလေးသိလား”
ကျန်းရီ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ကျန့်မျိုးနွယ်ရဲ့ ဘိုးဘေးလား”
“ဟုတ်တယ်...”
ထန်မင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဆန်းကြယ်ဧကရာဇ်ရဲ့ လက်အောက်မှာရှိတဲ့ သိုင်းပညာရှင်တွေထဲက စွမ်းအားအကြီးဆုံးသူ၊ ဆန်းကြယ်ဧကရာဇ်က အယုံကြည်ရဆုံးသူက ကျန့်မျိုးနွယ်ရဲ့ ဘိုးဘေ ကျန့်ဝူတိပဲ။ ကျန့်မျိုးနွယ် ဘာလို့ သူများတွေရဲ့ ဒေသတွေကို မသိမ်းပိုက်ခဲ့တာလဲဆိုတာကိုရော ညီလေးသိလား။ ဘာလို့လည်းဆိုတော့ ကျန့်မျိုးနွယ်က ဆန်းကြယ်ဧကရာဇ်မြို့နဲ့ ဆန်းကြယ်နတ်ဘုရားတောင်ကို ပိုင်ဆိုင်နိုင်ခဲ့လို့ပဲ။ အဲ့နေရာနှစ်ခုက မြို့ကြိုးဆယ်မြို့ကိုတောင် ယှဉ်နိုင်တယ်။ ဆန်းကြယ်ဧကရာဇ်မြို့ဆိုတာ ဘယ်လိုနေရာမျိုးလဲ။ အတိတ်တုန်းက ဆန်းကြယ်ဧကရာဇ် နေခဲ့တဲ့ နေရာလေ။ အဲ့မြို့ထဲမှာ ဝိညာဉ်စုဝေးအစီအရင် အကြီးကြီးတစ်ခု ရှိတယ်။ အဲ့တော့ အဲ့မြို့ထဲက မိုးမြေအတွင်းအားက အပြင်က မိုးမြေအတွင်းအားထက် အဆတစ်ထောင်ပိုများတယ်...”
“အဲ့ဒါကြောင့် ကျန့်မျိုးနွယ်က ရတနာသိုက်တစ်ခုကို ဖင်ခုထိုင်ထားရသလို ဖြစ်နေတာပေါ့။ သူတို့မျိုးနွယ်က တပည့်တွေ အကုန်လုံးက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံနိုင်ကြတယ်။ သူတို့မျိုးနွယ်က တခြားမျိုးနွယ်တွေထက် နတ်ဘုရားတစ်ပိုင်းတွေ ပိုရှိတယ်။ ပြီးတော့ ဆန်းကြယ်နတ်ဘုရားတောင်ပေါ်မှာလည်း ဆန်းကြယ်နယ်မြေတချို့ရှိတယ်။ အဲ့ဆန်းကြယ်နယ်မြေတွေက ဆန်းကြယ်ဧကရာဇ်ကိုယ်တိုင် ချန်ခဲ့တဲ့ နယ်မြေတွေပဲ”
“အို့...”
ကျန်းရီ တုန်လှုပ်၊ အံ့အားသင့်သွားသည်။ အဆတစ်ထောင် ပိုမြန်သော ကျင့်ကြံနှုန်းအောက်တွင် အတွင်းအား ကျင့်ကြံရန်မှာ အလွန်လွယ်ကူပေသည်။ ကျန့်မျိုးနွယ်မှ တပည့်များကလည်း အနည်းနှင့် အများဆိုသလို ပါရမီပါမည့်သူများသာ။ ထို့ပြင် ဆန်းကြယ်ဧကရာဇ်ကိုယ်တိုင် ချန်ခဲ့သော ဆန်းကြယ်နယ်မြေများကို ပေါင်းထည့်လိုက်လျှင် သူတို့က ပို၍ပင် ထူးချွန်လာကြမည်ဖြစ်သည်။ ထို့ကြောင့် ဆန်းကြယ်ဧကရာဇ်မြို့ကို ပိုင်ဆိုင်ရခြင်းက ဒေသလေးခုကို ပိုင်ဆိုင်ရခြင်းထက် အမှန်ပင် ပိုကောင်းပေသည်။
“ဆန်းကြယ်ဧကရာဇ်က သူ နတ်ရွာမစံခင် ဆုလာဘ်တွေ ပေးခဲ့ပြီး ဧကရာဇ်ဘွဲ့တွေ ချီးမြှင့်ခဲ့တယ်။ ကျန်တဲ့ဧကရာဇ်ရှစ်ပါးက အရှေ့ဘက် တော်ဝင်နယ်မြေရဲ့ အရပ်ရှစ်မျက်နှာကို စောင့်ကြပ်ဖို့ တာဝန်ပေးခံခဲ့ရတယ်။ ကျန့်မျိုးနွယ်ကတော့ တော်ဝင်နယ်မြေရဲ့ အလယ်မှာရှိတဲ့ ဆန်းကြယ်ဧကရာဇ်မြို့ကို ရခဲ့တယ်။ အဲ့တော့ ဆန်းကြယ်ဧကရာဇ်က ကျန့်ဝူတိကို ဘယ်လောက်ချစ်ခင်သလဲဆိုတာကို သိနိုင်တယ်။ အဲ့ဒါကြောင့်လည်း ကျန်တဲ့ဧကရာဇ်ရှစ်ပါးက တိုက်ပွဲဧကရာဇ်ကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် လေးစားရတယ်...”
ထန်မင်က ဆက်ရှင်းပြသည်။
“ကျန့်မျိုးနွယ်က ဘာလို့ သိုသိုသိပ်သိပ် နေလဲဆိုတာကို ညီလေးသိလား။ ဘာလို့ဆိုတော့ သူက အပင်မြင့်လေ လေတိုက်ခံရလေဆိုတာကို သိထားလို့ပဲ။ ကျန့်မျိုးနွယ်က ဆန်းကြယ်ဧကရာဇ်မြို့ကို ရထားတာနဲ့တင် ကျန်မျိုးနွယ်ရှစ်ခုက မနာလိုဖြစ်နေပြီ။ တကယ်လို့ ကျန့်မျိုးနွယ်က မြောက်ကြွမြောက်ကြွနဲ့ နေနေလို့ ကျန်တဲ့မျိုးနွယ်ရှစ်ခုက မျက်စိစပါးမွေးစူးလာပြီး ကျန့်မျိုးနွယ်ကို ပေါင်းတိုက်ကြမယ်ဆိုရင် ကျန့်မျိုးနွယ်ပဲ ပျက်စီးသွားရမှာပေါ့”
“ကျွန်တော် နားလည်ပြီ”
ကျန်းရီ ပြောလိုက်သည်။ ထန်မင်ကြောင့်သာ မဟုတ်လျှင် သူ ထိုကိစ္စကို သိဦးမည် မဟုတ်ပေ။ လောကအတွင်းရှိ သူရဲကောင်းများကို အမှန်ပင် လျှော့တွက်၍ မရချေ။ အထူးသဖြင့် ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် ရှေးဟောင်းမျိုးနွယ်များကို လျှော့တွက်၍ မဖြစ်ပေ။ သူတို့က နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ပြီး သမိုင်းရေစီး၏ ဝါးမျိုးမှုကို မခံခဲ့ရဟူသော အချက်က သူတို့၏ ကွဲပြားသော အင်အားနှင့် စွမ်းဆောင်နိုင်စွမ်းကို သက်သေပြနေပေသည်။
ထန်မင်က ကျန်းရီကို ထပ်မံဖျောင်းဖျရန် ကြိုးစားလိုက်သည်။
“အဲ့တော့ ညီလေး ယဉ်ရို့ပင်းနဲ့ မပတ်သတ်သင့်ဘူး။ ကျန့်ထျန်းလဲကို ဖောက်ပြန်ခံရတဲ့သူတစ်ယောက် ဖြစ်လာအောင် လုပ်ရတာ စိတ်ကျေနပ်စရာ ကောင်းတယ်ဆိုပေမဲ့ ညီလေး ကျန့်မျိုးနွယ်ကို ဒေါသထွက်သွားအောင် လုပ်မိရင် ပြဿနာကြီးသွားလိမ့်မယ်”
“ဖောက်ပြန်ခံရတဲ့သူတစ်ယောက်...”
ကျန်းရီ ခါးသက်သက်ပြုံးလိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။
“အစ်ကိုထန်က အတွေးလွန်နေတာပါ။ ကျွန်တော်က ယဉ်ရို့ပင်းကို ဒီကိစ္စအတွက် ကူညီပေးဖို့ပဲ တောင်းဆိုခဲ့တာပါ။ အစ်ကို ပြောချင်တာကို ကျွန်တော် နားလည်ပါတယ်။ အခုလို သတိပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”
“အင်း..အင်း...”
ထန်မင်က ကျေကျေနပ်နပ် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အဲ့လိုဆို ကောင်းတယ်။ အစ်ကို အဲ့ကိစ္စအတွက် သွားပြင်ဆင်လိုက်ဦးမယ်။ ယဉ်ရို့ပင်း ဝင်ပါလာရင် လဲ့ဟုန်က ဘာမှ ပြောရဲမှာ မဟုတ်ဘူး။ ညီလေး... အဲ့ကိစ္စပြီးသွားရင် ညီလေးက နတ်ဘုရားအသံလှိုင်းတောင်ကြားမှာ ဆက်နေမှာလား ဒါမှမဟုတ် တခြားနေရာကို သွားမှာလား”
“ကျွန်တော် အစ်ကိုတို့နဲ့ လိုက်ခဲ့ဖြစ်ဖို့ များတယ်”
ကျန်းရီက တောင်ဘက်ကိုကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော်က ဆန်းကြယ်နတ်ဘုရားတောင်ကို သွားချင်တာ”
“ညီလေးက ဆန်းကြယ်နတ်ဘုရားတောင်ကို သွားချင်တာလား”
ထန်မင်သည် ထန်မျိုးနွယ်မှ အကြီးအကဲတစ်ယောက်ဖြစ်၍ ဉာဏ်ကောင်းကာ နားလည်လွယ်သူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ အကြံပေးလိုက်သည်။
“ညီလေး... ညီလေး ဒီမှာပဲ ဆက်နေပြီး အသံလှိုင်းဧကရာဇ်ဆီကနေ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို သင်ယူသင့်တယ်လို့ အစ်ကို ထင်တယ်။ ဘယ်သူမှ ဆန်းကြယ်နတ်ဘုရားတောင်ပေါ်ကို မတက်နိုင်ဘူး... ညီလေးတောင် တက်နိုင်မှာ မဟုတ်ဘူး။ ညီလေးက ဆန်းကြယ်နတ်ဘုရားတောင်ပေါ်ကိုတောင် မတက်နိုင်ရင် ဘယ်လိုလုပ် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်မှာလဲ”
ကျန်းရီ ထုတ်ပြော၍မရသော ကိစ္စများ ရှိပေသည်။ ထို့ကြောင့် သူ မရေမရာသာ ပြန်ဖြေလိုက်သည်။
“ကျွန်တော် ကြိုးတော့ကြိုးစား ကြည့်ရမှာပဲ။ တောင်ပေါ်ကို မတက်နိုင်ဘူးဆိုလည်း လှည့်ပြန်ခဲ့ရုံပေါ့”
“အဲ့ဒါဆိုလည်း ကောင်းပြီလေ”
ထန်မင် ဆက်၍ ပြောမနေတော့ပေ။ ထို့နောက် သူ ထရပ်ကာ ပြောလိုက်သည်။
“အစ်ကို စီစဉ်စရာရှိတာတွေ သွားစီစဉ်လိုက်ဦးမယ်။ ညီလေးလည်း အနားယူသင့်ပြီ”
***
“ရှင်... သခင်လေးက ကျွန်မတို့ကို သခင်မလေးယဉ်နောက်ကို လိုက်စေချင်တာလား။ သခင်လေးက ကျွန်မတို့ကို မလိုချင်တော့ဘူးလား”
ထန်မင်ထွက်သွားသောအခါ ကျန်းရီက သူ့အခန်းသို့ ပြန်၍ ထန်ရွှယ်နှင့် ထန်ယန်တို့ကို အပြင်သို့ ထုတ်လိုက်၏။ ထို့နောက် သူသည် သူမတို့ကို နောက်သုံးရက်နေလျှင် ယဉ်ရို့ပင်းဆီ ပေးလိုက်မည်ဖြစ်ကြောင်း ပြောလိုက်သည်။
အမွှာညီအစ်မနှစ်ယောက် စိတ်လှုပ်ရှားလာ၏။ သူမတို့က ယဉ်ရို့ပင်းအကြောင်းကို ကြားဖူးသည်။ သူမတို့၏ ပထမဆုံး သခင်မလေးက ယဉ်မျိုးနွယ်မှ ဖြစ်သည်။ သူမတို့သည် ယဉ်ရို့ပင်းနောက်သို့ လိုက်ကာ ယဉ်မျိုးနွယ်သို့ ပြန်ရမည်ကို ကြောက်ရွံ့နေကြသည်။ မျိုးနွယ်တစ်ခုက ပိုကြီးလေလေ၊ တွေ့ကြုံရမည့် အရှုပ်အထွေးများကလည်း ပိုကြီးလာလေလေ ဖြစ်သည်။ ထို့ပြင် လီဟုန်က ယဉ်ရို့ပင်း၏ တတိယဦးလေးဖြစ်သည်။ သို့ဖြစ်ရာ အနာဂတ်တွင် မည်သည့်ကိစ္စများ ဖြစ်လာနိုင်သည်ကို မည်သူက သိမည်နည်း။
“သခင်လေးက ကျွန်မတို့က သခင်လေးနောက်ကိုပဲ လိုက်ချင်တာပါ။ ကျွန်မတို့ သေရမယ်ဆိုရင်တောင် စိတ်ပြောင်းမှာ မဟုတ်ပါဘူး”
ထန်ရွှယ်က ခေါင်းမာစွာဖြင့် အံကြိတ်ကာ ပြောလိုက်သည်။ ထန်ယန်ကမူ ရှက်ရွံ့တတ်သူတစ်ယောက်ဖြစ်၍ မည်သို့မှ မပြောဝံ့ပေ။ သို့သော် သူမ၏မျက်ဝန်းများက ကျန်းရီကို တောင်းပန်းတိုးလျှိုးဟန်ဖြင့် ကြည့်နေပေသည်။
“မပူပါနဲ့...”
ကျန်းရီက လက်မြှောက်ကာ ညီအစ်မနှစ်ယောက်၏ ခေါင်းကို ပုတ်ပေးလိုက်၏။ ထို့နောက် သူ ပြောလိုက်သည်။
“ယဉ်ရို့ပင်းက ငါ့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ။ သူနဲ့ဆိုရင် မင်းတို့နှစ်ယောက် သေချာပေါက် လုံခြုံမှာပါ။ သူက မင်းတို့နှစ်ယောက်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ”
“ဟင့်အင်း...”
ထန်ရွှယ်က အံကြိတ်၍ ပြောလိုက်သည်။
“သခင်လေး... သခင်လေးက ကျွန်မတို့နှစ်ယောက်ကို ဧကရာဇ်နန်းတော်ထဲ ထည့်ထားပြီး ဘယ်တော့မှ ပြန်ထုတ်မပေးတော့ဘူးဆိုရင်တောင် ကျွန်မတို့က သခင်လေးနောက်ကိုပဲ လိုက်မှာပါ”
“အရူးမလေးတွေ...”
ကျန်းရီက သက်ပြင်းသဲ့သဲ့ချ၍ ပြောလိုက်သည်။
“ငါ့ကို ယုံပါ။ မင်းတို့နှစ်ယောက် ယဉ်ရို့ပင်းနောက်ကို လိုက်သွားရင် ဘာမှ ဖြစ်မှာမဟုတ်ပါဘူး။ ဒီလိုဆိုဘယ်လိုလဲ... ငါ့ကိစ္စတွေ ပြီးသွားတာနဲ့ ငါ ယဉ်ရို့ပင်းဆီသွားပြီး မင်းတို့နှစ်ယောက်ကို ပြန်တောင်းမယ်။ အဲ့လိုဆိုရင်ရော အဆင်ပြေပြီလား”
“အဲ့လိုဆိုလည်း ကောင်းပါပြီ”
ကျန်းရီက အလွန်ပြတ်သားနေ၍ ထန်ရွှယ်နှင့် ထန်ယန်တို့ အတွန့်မတက် ဝံ့တော့ပေ။ သူမတို့နှစ်ယောက်က ကျန်းရီကို သနားစဖွယ်ကြည့်နေကြသည်။ သူမတို့၏ မျက်နှာပေါ်တွင် မကျေနပ်သော အရိပ်အယောင်လေး အနည်းငယ်လည်း ရှိနေသည်။
ဟူး...
ကျန်းရီသည် ထိုသနားစဖွယ် မိန်းမပျိုလေးနှစ်ယောက်ကို ကြည့်၍ အလွန်ဝေးကွာသည့် အဆုံးမဲ့ပင်လယ်နက်တွင် ကျန်ခဲ့သော ကျန်းရှောင်နူကို ပြန်အမှတ်ရသွားလေသည်။ သူ သူမကို မတွေ့ရသည်မှာ နှစ်အနည်းငယ်ပင် ကြာခဲ့ပေပြီ။ ယခု သူမ၏ အခြေအနေက မည်သို့ ရှိနေသနည်း။ သူမ နေမှ ကောင်းပါရဲ့လော။
ကျန်းရီသည် ကျန်းရှောင်နူအကြောင်းကို တွေးမိသောအခါ ပို၍ စိတ်ဆင်းရဲလာ၏။ သူ ကုတင်ဆီသို့ လျှောက်သွားလိုက်သည်။ ယနေ့ညတွင် သူ မကျင့်ကြံလိုတော့ပေ။ ထို့ကြောင့် သူ ကုတင်ပေါ်တွင်လှဲကာ မျက်လုံးများမှိတ်၍ မှိန်းနေလိုက်သည်။
ထန်ရွှယ်နှင့် ထန်ယန်တို့သည် ကျန်းရီ၏ စိတ်ဆင်းရဲနေသောပုံစံကို တွေ့သောအခါ သူက သူမတို့နှင့် ခွဲခွာရတော့မည်ဖြစ်၍ ဝမ်းနည်းနေခြင်းဖြစ်ရမည်ဟု တွေးမိလိုက်ကြသည်။ ထို့ကြောင့် သူမတို့နှစ်ယောက် ရှက်သွေးဖြာသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထန်ရွှယ်၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုနှင့် ပြတ်သားမှုတို့ ရောထွေးနေသည်။ သူမ ထန်ယန်ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူမတို့နှစ်ယောက်သည် သူမတို့၏ အဝတ်များကို စတင် ချွတ်လိုက်ကြလေသည်။
ရှဲ...ရှပ်...
အဝတ်ချွတ်သံများက ကျန်းရီကို အံ့အားသင့်သွားစေ၏။ ထို့ကြောင့် သူ မျက်လုံးဖွင့်ကြည့်လိုက်၏။ သူ့မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
ထန်ရွှယ်နှင့် ထန်ယန်တို့က သူမတို့၏ အဝတ်အစားများကို ချွတ်ပြီးသွားပေပြီ။ သူမတို့ကိုယ်ပေါ်တွင် ပါးလျသော အတွင်းဝတ်စုံရှည်တစ်ခုသာ ကျန်တော့ပေသည်။ သူမတို့၏ ဖြူဝင်းသော ပေါင်တံများက ကျန်းရီကို အာခေါင်ခြောက်လာစေသည်။ ထို့ပြင် သူမတို့နှစ်ယောက်လုံး၏ ရုပ်ရည်များက တစ်ပုံစံတည်းတူညီနေရာ ရုပ်ရည်၏သက်ရောက်မှုက နှစ်ဆဖြစ်နေသည်။
ကျန်းရီသည် ခေတ္တမျှ မှင်တက်နေပြီးနောက် ခပ်သွက်သွက် အကြည့်လွှဲကာ အော်ပြာလိုက်သည်။
“မင်းတို့နှစ်ယောက်က ဘာတွေ လုပ်နေကြတာလဲ။ ချက်ချင်း အဝတ်တွေ ပြန်ဝတ်စမ်း”
“သခင်လေး...”
ထန်ယန်က ရှက်ရွံ့ဟန်ဖြင့် ခေါင်းငုံ့လိုက်ပြီး မည်သည့်စကားမှ မဆိုနိုင်ဖြစ်သွားသည်။ သို့သော် ထန်ရွှယ်ကမူ အံ့ကြိတ်ကာ ပြောလိုက်သည်။
“သခင်လေးရဲ့ ကျေးဇူးကို ကျွန်မတို့ ဘယ်တော့မှ ပြန်ဆပ်နိုင်မှာ မဟုတ်ပါဘူး။ အဲ့တော့ သခင်လေးကို ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကိုပဲ ပေးနိုင်ပါတယ်။ သခင်လေး... ကျွန်မတို့နှစ်ယောက်စလုံးက အပျိုစင်တွေပါ။ ကျွန်မတို့ သခင်လေးကို အလုပ်အကြွေးပြုချင်ပါတယ်။ ညီမလေးက သူ့ကို သခင်လေး သဘောကျလာဖို့ မျှော်လင့်နေတာ ကြာပါပြီ”
“ဟာ...မမ... ဘာတွေ ပြောနေတာလဲ”
ထန်ယန်က တုန်ယင်သွားသည်။ သူမသည် ရှက်လွန်းလှသဖြင့် ထိုနေရာမှ ပျောက်ကွယ်သွားလိုနေသည်။ သို့သော် သူမ အံကြိတ်ကာ ပြန်ပက်လိုက်သည်။
“မနေ့က ညီမတို့ ရေချိုးနေတုန်းက မမလည်း သခင်လေးနဲ့ အတူနေချင်တယ်လို့ မပြောခဲ့ဘူးလား။ သခင်လေးရဲ့ လက်မောင်းကြွက်သားတွေက ရင်ခုန်စရာကြီးလို့လည်း မမပြောခဲ့သေးတယ်...”
***