မင်းတို့ လုပ်ရဲလား
Vol. 77 Ch. 1071
‘မိန်းကလေးတစ်ယောက်ကို တာဝန်မယူနိုင်ရင် မင်းရဲ့ ညီလေးကို ဘောင်းဘီထဲက မထုတ်နဲ့’
ထိုအခိုက်တွင် ကျန်းရီသည် ကောင်းကင်တောင်ပံမြို့တွင် ကြားဖူးခဲ့သော ခပ်ကြမ်းကြမ်း စကားတစ်ခုကို အမှတ်ရသွားသည်။ ရုပ်ချင်း တစ်ပုံစံတည်းတူသော အလှပဂေးလေးနှစ်ယောက်က သူမတို့၏ အဝတ်အစားများကို ချွတ်၍ အတွင်းဝတ်တစ်ခုတည်းနှင့် ရပ်နေပေသည်။ ထို့ပြင် သူမတို့က ယောက်ျားတစ်ယောက်ကို စိတ်လှုပ်ရှားသွားစေမည့် စကားများကို ပြောနေသည်။ ဤနေရာတွင် အခြားယောက်ျားတစ်ယောက်သာဆိုပါက နွားသိုးကြိုးပြတ် ဖြစ်နေလောက်ပေပြီ။
ကျန်းရီက ကိစ္စများစွာကို တွေ့ကြုံခဲ့ဖူးပေပြီ။ ထိုအခိုက်တွင် သူ့စိတ်ထဲ၌ မည်သည့် တဏှာမှ ရှိမနေပေ။ သူသာ အလိုရှိလျှင် နှင်းဒေသမှာကတည်းက မိုယောင်အာနှင့် ပျော်ပါးနိုင်ခဲ့သည်။ သူသည်လည်း မိန်းမလှလေးများကို လိုချင်တပ်မက်တတ်သော သာမန်ယောက်ျားတစ်ယောက်သာ။ ဤလောကတွင် ယောက်ျားများက မိန်းမများစွာ၊ ကိုယ်လုပ်တော်များစွာ ယူကြသည်မှာ သာမန်သာဖြစ်သည်။ ဆိုရလျှင် မိန်းမလှလေးများကို များများယူနိုင်ခြင်းက မိမိ၏ အာဏာစွမ်းအားကို သက်သေပြသကဲ့သို့ပင်။ မိန်းမများများရှိလေလေ၊ မိမိ၏ ဆွဲဆောင်မှုက ပိုတိုးလာလေလေပင်။
သို့သော် ကျန်းရီသည် အမွှာညီအစ်နှစ်ယောက်ကို တာဝန်မယူနိုင်ပေ။ ဖုန်းလန်နှင့် ချင်းယွီတို့က သူ့နောက် လိုက်လာခဲ့သဖြင့် ယခုတွင် ရှန်းစီမျိုးနွယ်စု၌ သူပြန်လာမည့် အချိန်ကိုသာ စောင့်မျှော်နေရသည်။ အကယ်၍ ကျန်းရီသာ အရှေ့ဘက် တော်ဝင်နယ်မြေတွင် သေသွားလျှင် သူမတို့နှစ်ယောက်က မုဆိုးမများ ဖြစ်သွားပေလိမ့်မည်။
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်သို့ သွားလို၏။ ထိုခရီးတွင် သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်သည်။ ထိုသို့ဖြစ်လာလျှင် မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့က သူ့ကို လိုက်သတ်ပေလိမ့်မည်။
ကျန်းရီက ကြောင်တစ်ကောင် မဟုတ်၍ အသက်ကိုးသက် မရှိပေ။
ထို့ကြောင့် ကျန်းရီသည် သူခံစားနေရသော ခံစားချက်များကို အတင်းချိုးနှိမ်ထားလိုက်ပြီး မျက်လုံးများ မှိတ်၍ တိတ်တဆိတ် ထထိုင်လိုက်လေသည်။ ထို့နောက် သူသည် မိန်းမပျိုနှစ်ယောက်၏ ခြေရင်းရှိ အဝတ်များကို ကောက်၍ သူမတို့ကို အဝတ်ပြန်ဝတ်ပေးလိုက်သည်။ သူမတို့၏ ခါးစည်းကို ပြန်စည်းပေးပြီးသောအခါ သူ သက်ပြင်းချလိုက်သည်။ ထို့နောက် သူ မျက်လုံးများ ဖွင့်လိုက်ပြီး မိန်းမပျိုနှစ်ယောက်ကို ကြည့်၍ ပြောလိုက်သည်။
“ထန်ရွှယ်၊ ထန်ယန်.. ဒီတစ်ခေါက် ငါ အောင်မြင်ခဲ့ရင် ယဉ်မျိုးနွယ်ဆီလာပြီး မင်းတို့နှစ်ယောက်ကို လာခေါ်ပါမယ်။ အဲ့ကျမှ မင်းတို့ ငါ့နောက်ကို လိုက်ချင်သေးတယ်ဆိုရင် ငါ မင်းတို့ကို ခေါ်သွားမယ်။ တကယ်လို့ ဒီတစ်ခေါက် ငါ ကံဆိုးခဲ့ရင် မင်းတို့နှစ်ယောက် ငါ့ကို မေ့လိုက်ပြီးတော့ ကိုယ့်ပျော်ရွှင်မှုကိုကိုယ် ရှာဖွေကြပါ”
“အဲ့လိုဖြစ်မှာ မဟုတ်ပါဘူး။ သခင်လေးက လူကောင်းတစ်ယောက်ဆိုတော့ သေချာပေါက် အသက်ရှည်မှာပါ”
ကျန်းရီ၏ စကားများက စိတ်ရင်းအမှန်နှင့် ရိုးရိုးသားသားပြောသော စကားများဖြစ်ကြောင်းကို ထန်ရွှယ် ခံစားမိပေသည်။ သူမ၏ မျက်ဝန်းများထဲမှနေ၍ မျက်ရည်များ စီးကျလာ၏။ သူမ မရပ်မနား ခေါင်းခါကာ ပြောလိုက်သည်။
“သခင်လေး ကျွန်မတို့ သခင်လေးရဲ့စကားကို နားထောင်ပါမယ်။ ကျွန်မတို့ သခင်လေး လာခေါ်မယ့်အချိန်ကို စောင့်နေပါမယ်။ သခင်လေး ပြန်မလာဘူးဆိုရင်တောင် ကျွန်မတို့က သခင်လေးကို ဆက်စောင့်နေမှာပါ”
ညီအစ်မနှစ်ယောက်သည် ငယ်စဉ်ကတည်းက အချင်းချင်းအားကိုး၍သာ နေခဲ့ရသည်။ သူမတို့သည် သူမတို့၏မျိုးနွယ်တစ်ခုလုံး သတ်ဖြတ်ခံခဲ့ရသည်ကို မြင်ပြီးပြီးချင်းမှာပင် ကျွန်ဈေးသို့ အရောင်းခံခဲ့ရသည်။ သူမတို့ အခက်အခဲများစွာ၊ ညှင်းပန်းနှိပ်စက်မှုများစွာကို ဖြတ်ကျော်ခဲ့ရသည်။ သူမတို့နှစ်ယောက်သည် ထန်မျိုးနွယ်တွင် နေ့ရက်ကောင်းအချို့ကို ရခဲ့သော်လည်း သူမတို့တွင် လှပသောအနာဂတ်မရှိကြောင်း သိထားပြီးဖြစ်သည်။ ထန်မျိုးနွယ်က သူမတို့ကို အရေးကြီးသော တစ်စုံတစ်ယောက်ထံ ရောင်းလိုက်မည်သာ။
မိန်းမပျိုနှစ်ယောက်သည် သူမတို့ကို လီအဘိုးကြီးအား ရောင်းလိုက်မည်ဖြစ်ကြေင်း သိခဲ့ရချိန်တွင် လုံးဝမျှော်လင့်ချက်မဲ့သွားခဲ့သည်။ လီအဘိုးကြီး မဟုတ်ဘဲ အခြားတစ်ယောက်ဆီ အရောင်းခံရလျှင်လည်း ဒုက္ခခံရနိုင်သေးကြောင်း သူမတို့ သိသည်။ မည်သို့ပင်ဖြစ်စေ သူမတို့က လီဟုန်၏အကြောင်းကို ကြားဖူးထားသည်။ ထို့ကြောင့် သူမတို့ နေ့စဉ်နေ့တိုင်း ကြောက်ရွံ့နေခဲ့ရသည်။ သို့သော် မမျှော်လင့်ပါဘဲ ကျန်းရီက သူမတို့ကို ကယ်တင်ခဲ့သည်။
မိန်းမပျိုနှစ်ယောက်သည် သူမတို့ဘဝတစ်လျှောက်တွင် ယောက်ျားပေါင်းများစွာကို တွေ့ခဲ့ဖူးသည်။ ယောက်ျားတိုင်းက သူမတို့ကို တဏှာမျက်ဝန်းများဖြင့်သာ စားမတတ်ဝါးမတတ် ကြည့်ခဲ့ကြသည်။ ကျန်းရီတစ်ယောက်သာ ထိုသို့ အကြံအစည်များမရှိဘဲ သူမတို့ကို ညီမအရင်လေးများအလား လေးလေးစားစား၊ ချစ်ချစ်ခင်ခင်ဖြင့် ဂရုစိုက်ပေးခဲ့သည်။ သူမတို့နှစ်ယောက်သည် ရုတ်ခြည်းဆိုသလို ငရဲမှနေ၍ ကောင်းကင်ဘုံသို့ ရောက်သွားခဲ့သည်။ ထို့ကြောင့် သူမတို့ ကျန်းရီကို အကြွင်းမဲ့ လက်ခံလိုက်ပေပြီ။ သူမတို့သည် တစ်ဘဝလုံး ကျန်းရီကိုသာ သခင်အဖြစ်၊ ယောက်ျားအဖြစ် သတ်မှတ်မည်ဖြစ်သည်။
သုံးရက်ဟူသော အချိန်က လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားခဲ့သည်။ အသံလှိုင်းဧကရာဇ်က ချန်မျိုးနွယ်ဝင်များအား ကျန်းရီကို မနှောင့်ယှက်ရန် ပြောခဲ့သည်။ ယခုတွင် ကျန်းရီ၏ အဆင့်အတန်းက အတော်လေး မြင့်နေပြီဖြစ်၍ အစေခံမလေးများနှင့် ကျန်သူများကလည်း သူ့ကို မြင်လျှင် ချန်မျိုးနွယ် မိသားစုခေါင်းဆောင်ကို မြင်သကဲ့သို့ တလေးတစား ဦးညွှတ်ကြလေသည်။ ချန်မျိုးနွယ် မိသားစုခေါင်းဆောင်ကလည်း ကျန်းရီကို မြင်လျှင် သူ့ကို မြင်သကဲ့သို့ သဘောထားရမည်ဟု အမိန့်ထုတ်ပြန်ထားသည်။
ကျန်းရီက ထန်ရွှယ်နှင့် ထန်ယန်တို့ကို ထန်မင်ဆီသို့ လွှဲပေးလိုက်သည်။ သူမတို့နှစ်ယောက်သည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထန်မင်နောက်သို့ လိုက်သွားကြ၏။ ကျန်းရီသည် သူမတို့နှင့်အတူ လိုက်မသွားဘဲ သူ၏ခြံဝန်းထဲတွင်သာ နေခဲ့သည်။ သို့သော် သူသည် ချက်ချင်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး မိန်းမပျိုနှစ်ယောက်ကို ယဉ်ရို့ပင်းက ခေါ်သွားနိုင်ပါသလောဟု စူးစမ်းလိုက်လေသည်။
ထန်မင်က မိန်းမပျိုနှစ်ယောက်ကို သူ၏ ခြံဝန်းသို့ ခေါ်သွား၏။ မကြာခင်မှာပင် လီဟုန်သည် ယောက်ျားနှစ်ယောက်နှင့်အတူ သုတ်ပြီးသုတ်ပြာ ရောက်လာ၏။ ထန်ရွှယ်နှင့် ထန်ယန်တို့ကို မြင်လိုက်သောအခါ သူ၏မျက်လုံးများက စူးရှတောက်ပလာသည်။ သူသည် တောင်ပေါ်တွင် နှစ်ပေါင်းများစွာနေခဲ့ပြီးမှ ရွာသူတစ်ယောက်ကို ပထမဆုံးအကြိမ် ပြန်တွေ့လိုက်ရသော ဝရမ်းပြေးတစ်ယောက်ကဲ့သို့ ကောက်ကျစ်စွာ ပြုံးလိုက်၏။ သူနှင့်အတူ ပါလာသော ယောက်ျားနှစ်ယောက်ကလည်း ထို့အတူပင် ပြုံးလိုက်ကြသည်။ သူတို့နှစ်ယောက်သည် မိန်းမပျိုနှစ်ယောက်ကို ဝါးမျိုပစ်ရန် မစောင့်နိုင်တော့သကဲ့သို့ တလှုပ်လှုပ်တရွရွ ဖြစ်နေကြသည်။
“အကြီးအကဲလီ... ခင်ဗျားတောင်းဆိုထားတဲ့အတိုင်း ကျုပ် ကောင်မလေးတွေကို ခေါ်လာခဲ့ပြီ”
ထန်မင်သည် ရွံ့ရှာနေသော်လည်း ဟန်ဆောင်ပြုံးကာ ပြောလိုက်သည်။
“အကြီးအကဲ တစ်ချက်စစ်ကြည့်ပါ။ ဘာပြဿနာမှမရှိဘူးဆိုရင် လက်မှတ်ထိုးပြီး ကောင်မလေးတွေကို ခေါ်သွားလို့ရပါပြီ”
လီဟုန်သည် မိန်းမပျိုနှစ်ယောက်ကို အကြိမ်များစွာ ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။ မိန်းမပျိုနှစ်ယောက်သည် သူ့အကြည့်ကြောင့် ကြောက်ရွံ့ကာ တုန်ယင်လာကြသည်။ နောက်ဆုံးတွင် သူ ပြုံးကာ ပြောလိုက်လေသည်။
“ဘာပြဿနာမှ မရှိပါဘူး။ သူတို့က အပျိုလေးတွေပါပဲ။ အကြီးအကဲထန်ကို ကျေးဇူးအများကြီး တင်ပါတယ်။ အကြီးအကဲ ဘုံကြိုးပြတ်ဒေသက ဖြတ်သွားတဲ့အခါကျရင် ကျုပ်ကို အသိပေးပါ။ ကျုပ် အကြီးအကဲကို ကောင်းကောင်းဧည့်ခံပါမယ်”
“ကောင်းပါပြီ...”
ထန်မင်က လက်ဟန်ပြလိုက်ရာ သူ့လူတစ်ယောက်က စာရွက်နှင့် စုတ်တံယူလာကာ စာချုပ်တစ်ခု ရေးသားလိုက်သည်။ လီဟုန်က စာချုပ်ကို သိပ်အရေးမစိုက်ဟန်ဖြင့် ဖတ်လိုက်ပြီး သူ့နာမည်ကို ရေးထိုးလိုက်လေသည်။ သူသည် မိန်းမပျိုနှစ်ယောက်ကိုခေါ်၍ ပြန်သွားရန် ခြေတကြွကြွ ဖြစ်နေပေသည်။ သူ၏စိတ်လှုပ်ရှားနေသောပုံစံအရ သူသည် အခန်းသို့ ပြန်ရောက်လျှင်ရောက်ချင်း ပျော်ပါးတော့မည့်ပုံပင်။
ထန်ရွှယ်နှင့် ထန်ယန်တို့သည် ကြောက်လွန်းလှသဖြင့် မျက်နှာလေးများ ဖြူရော်နေကြသည်။ သို့သော် ကျန်းရီနှင့် ထန်မင်တို့က သူမတို့ကို အလျင်စလို မပြုမူရန် မှာထားပေသည်။ ထို့ကြောင့် သူမတို့သည် တုန်တုန်ယင်ယင်နှင့် လီဟုန်အနောက်သို့ လိုက်သွားရလေသည်။ သူမတို့၏ ခြေလှမ်းများက အလွန်နှေးကွေးနေသည်။
“သူတို့ကို ဆွဲခေါ်ခဲ့”
လီဟုန်သည် အတန်ငယ် စိတ်မရှည်ဖြစ်လာပြီး သူနှင့်ပါလာသော ယောက်ျားနှစ်ယောက်ကို အမိန့်ပေးလိုက်သည်။ ထိုနှစ်ယောက်က ချက်ချင်းပင် မိန်းမပျိုနှစ်ယောက်ကို ဆွဲခေါ်လိုက်သည်။
ထန်ယန်သည် ခြံဝန်းအပြင်သို့ ရောက်သောအခါ ကျန်းရီ ညွှန်ကြားထားသည့်အတိုင်း ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။
“ရှင်တို့နှစ်ယောက်က ဘာလုပ်တာလဲ။ ကျွန်မတို့ကို လွှတ်။ ကျွန်မတို့မှာ ခြေထောက်ပါတယ်... ကိုယ့်ဘာသာ လျှောက်မယ်။ ရှင် ဆုပ်ထားတာ... ကျွန်မ နာနေပြီ”
ထန်ရွှယ်ကလည်း နာကျင်စွာဖြင့် ငိုယိုကာ အော်ပြောလိုက်သည်။
“ကျွန်မတို့ကိုလွှတ်၊ ကျွန်မတို့ကိုလွှတ်”
ကျန်းရီသည် မိန်းမပျိုနှစ်ယောက်ကို ခြံဝန်းအပြင်သို့ ရောက်သည်နှင့် စတင်ခုခံရန် သင်ပေးထားခြင်းပင်။ ထိုမှ ယဉ်ရို့ပင်းသည် ဝင်ပါရန် အကြောင်းပြချက်ကောင်းတစ်ခုကို ရပေလိမ့်မည်။ မိန်းမပျိုနှစ်ယောက်သည် ထိုကိစ္စက သူမတို့၏အနာဂတ်နှင့် သက်ဆိုင်နေသဖြင့် အစွမ်းကုန်ကြိုးစားနေကြသည်။
“ပါးစပ်ပိတ်ထားစမ်း”
လီဟုန်သည် ချန်မျိုးနွယ်မှ အစောင့်အချို့နှင့် အစေခံမလေးအချို့က သူတို့ကို ကြည့်နေကြောင်း တွေ့လိုက်သောအခါ ဒေါသထွက်သွားလေသည်။ ထို့ကြောင့် သူ မိန်းမပျိုနှစ်ယောက်ကို စိုက်ကြည့်ကာ ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်က သေချင်လို့လား။ ဘာလို့ အော်ဟစ်နေတာလဲ။ ငါက မင်းတို့နှစ်ယောက်ကို ဝယ်ဖို့ ဘုံကြိုးပြတ်ဝါး အချောင်းတစ်ရာတောင် ပေးထားရတာ။ အခုကစပြီး မင်းတို့နှစ်ယောက်က ငါ့ရဲ့ ကျွန်တွေပဲ။ မင်းတို့ ငါ့စကားနားမထောင်ရင် နောင်တရသွားလိမ့်မယ်”
“ထွီ..တဏှာရူးအိုကြီး... ကျွန်မတို့ညီအစ်မက ရှင့်ရဲ့ကျွန်တွေ လုပ်မယ့်အစား အသေခံလိုက်မယ်”
ထန်ရွှယ်က အော်ပြောလိုက်သည်။ သူမတို့နှစ်ယောက်သည် ထိုတဏှာရူးအိုကြီးကို ကြည့်မိရုံဖြင့်ပင် ရွံရှာမိပေသည်။
ဖြန်း...
လီဟုန်သည် ရိုက်ချက်တစ်ချက်က ထန်ယန်၏ သွားတစ်ချောင်းကို ကျွတ်ထွက်သွားစေသည်။ ထို့နောက် သူက ထန်ရွှယ်ကို သတ်ပစ်တော့မလို ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့ ငါ့လက်ထဲရောက်လာတာနဲ့ သေချင်ရင်တောင် သေနိုင်မှာ မဟုတ်ဘူး။ သူတို့နှစ်ယောက်ကို သတိလစ်သွားအောင် လုပ်ပြီး ခေါ်ခဲ့။ သူတို့ ကိုယ့်ကိုယ်ကိုယ် သတ်မသေစေနဲ့”
“ကျွန်မတို့ကို ကယ်ပါ...”
ထန်ယန်က ကြောက်ရွံ့တကြီး အော်လိုက်သည်။ ဤတစ်ကြိမ်တွင် သူမ၏အသံက အလွန်ကျယ်ပေသည်။ လီဟုန်၏ နောက်လိုက်ခွေးနှစ်ကောင်က ဒေါသထွက်သွားပြီး သူမတို့နှစ်ယောက်ကို သတိလစ်သွားအောင် လုပ်ရန် ဟန်ပြင်လိုက်ကြသည်။
ထိုအခိုက်တွင် အဝေးမှနေ၍ လူတစ်စု ရောက်ရှိလာ၏။ ထိုလူစုကို ယဉ်ရို့ပင်းက ဦးဆောင်လာခြင်းပင်။ သူမ အော်ပြောလိုက်သည်။
“ရပ်လိုက်...”
လီဟုန်သည် ယဉ်ရို့ပင်းကို မြင်လိုက်သောအခါ မျက်နှာပျက်သွား၏။ သူ့လူနှစ်ယောက်ကလည်း ယဉ်ရို့ပင်းကို လှမ်းကြည့်လိုက်ကြသည်။ သို့သော် ခေတ္တမျှ ရပ်သွားသော သူတို့၏လက်များက မိန်းမပျိုနှစ်ယောက်၏ လည်ပင်းကို ပြန်၍ ချိန်ရွယ်လိုက်လေသည်။ ယဉ်ရို့ပင်း ရောက်လာပေပြီ။ အကယ်၍ မိန်းမပျိုနှစ်ယောက်က ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်လိုက်လျှင် လီမျိုးနွယ်က အားလုံး၏ လှောင်စရာ ဖြစ်သွားပေလိမ့်မည်။
“မင်းတို့ လုပ်ရဲလား”
အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက်တွင် အားကောင်းသော အရှိန်အဝါတစ်ခုက ထိုတစ်နေရာလုံးကို လွှမ်းခြုံသွားသည်။ ယောက်ျားနှစ်ယောက်၏လက်များက ထန်ရွှယ်နှင့် ထန်ယန်တို့၏ လည်ပင်းအနားသို့ ရောက်နေပြီဖြစ်၏။ သို့သော် သူတို့ ဆံချည်တစ်မျှင်စာပင် ဆက်မလှုပ်ဝံ့တော့ပေ။ ထိုအရှိန်အဝါက အလွန်အားကောင်းသော နတ်ဘုရားတစ်ပိုင်းအရှိန်အဝါပင်။ ယဉ်ရို့ပင်းနောက်သို့ လိုက်လာသော ကျန့်ထျန်းလဲ့က လှုပ်ရှားလိုက်ပေပြီ။
***