အင်မော်တယ်လောကရဲ့ နံပါတ် တစ် ကျောင်းတော်
Vol. 50 Ch. 689
“ လူသစ်လေး … မင်းက ဘယ်လိုတောင် မောက်မာနေတာလဲ။ ငါ လိုချင်တဲ့သူကို ထိရဲတယ်ပေါ့ ….” အသံတစ်သံက ဟန်ချင်းရု စကားကို ဖြတ်ပြောလိုက်ကာ မိုဝူကျိအား အတွေး ပြန်တောက်သွားစေသည်။
မိုဝူကျိက တစ်ချက်ကြည့်လိုက်ရုံဖြင့် သူနှင့် မနီးမဝေးတွင် ရှိနေသော ထိုအနီရောင် ဝတ်ရုံနှင့် လူမှာ အင်မော်တယ် ဘုရင်အဆင့် ဖြစ်ကြောင်း တန်းသိလိုက်၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်ပေါ်၌ အင်မော်တယ် စွမ်းအားများမှာ ပြဿနာ တစ်ခု ရှိနေလေသည်။ အကြောင်းမှာ ဤနေရာအပြင်ဘက်ရှိ တခြားသော အင်မော်တယ် ဘုရင်အဆင့်များထက် များစွာ အားနည်းနေဟန် ပေါ်နေ၏။
မိုဝူကျိအား သံသယ ဝင်သွားစေသည်မှာ ထိုအနီရောင် ဝတ်ရုံနှင့် အမျိုးသား၏ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများအပြင် ထိုသူက နည်းနည်းလေးမျှ နာကျင်နေဟန် မပေါ်ပေ။ သူတို့ နှစ်ယောက်လုံးက ဓားစွမ်းအင် သက်ရောက်ခံရသည်နှယ် မပေါ်ဘဲ အနီရောင်ဝတ်ရုံနှင့် အမျိုးသားမှာ သူ့ကဲ့သို့ ဖြစ်နေ၏။
ဟန်ချင်းရုက မျက်လုံးကို ဖွင့်လိုက်သည့်အခါ တစ်ခုခု လွဲမှားနေကြောင်း သိရှိလိုက်သည် “ ဝူကျိ … ကျမ ဘာလို့ ပိုပြီး နေလို့ ကောင်းလာတာလဲ ”
မိုဝူကျိ ပြန်ဖြေဖို့ရာပင် မစောင့်ဘဲ ဟန်ချင်းရုက ပိုပို ကောင်းလာကြောင်း အတည်ပြုနိုင်လိုက်၏။ အကြောင်းမှာ သူမ၏ ဆုံးရှုံးသွားသော သွေးများကို ထပ်ဖြည့်ပေးလိုက်သလို ခံစားစေရုံသာမက အသက်ဓာတ်လည်း တဖြည်းဖြည်း ပိုတိုးလာကြောင်း ခံစားမိလိုက်သောကြောင့် နည်းနည်းလေး ပိုကောင်းလာရုံတင် မကပေ။
သူမ၏ ပျက်စီးနေသော ဝိညာဉ်ပင် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာနေ၏။
“ ဒဏ်ရာတွေကို စိုးရိမ်ဖို့ မလိုတော့ဘူး …” မိုဝူကျိက သူမကို နှစ်သိမ့်ပေးလိုက်သည်။ သူက ဤနေရာ၌ ခြေကုပ်နေရာ ရလိုလျှင် သူ့ကိုယ်ပိုင် နယ်မြေပိုင်နက် ရဖို့ရာ လိုအပ်ကြောင်း သိ၏။
ဓားစွမ်းအင်ကြောင့် ဖြစ်လာသော ဟန်ချင်းရု၏ ဒဏ်ရာများမှာ အဆင့် ၈ ဆေးလုံးဧကရာဇ်ကဲ့သို့သော သူလို လူမျိုးရှေ့၌ စာမဖွဲ့လောက်ပေ။ မိုဝူကျိတွင် ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်ကို ပြန်လည် ကောင်းမွန်လာစေသည့် သဘာဝကျီဆေးလုံး ရှိနေသည် မဟုတ်ပါလော။
မကြာခင် ပြန်ကောင်းလာမည် ဖြစ်ကြောင်း ကြားသောအခါ ဟန်ချင်းရုက စိတ်မသက်မသာ ခံစားလာမိသည်။
သေခြင်းတရားနှင့် မျက်မှောက်ကိုယ်တွေ့ ကြုံပြီးနောက် သူမက ပြောစရာအားလုံး ပြောချပစ်ခဲ့သည်။ သို့သော် သူမ သေမည် မဟုတ်ကြောင်း ကြားရသောအခါ မိုဝူကျိနှင့် မျက်နှာချင်း မဆိုင်ရဲတော့ပေ။ သူမက လုံးဝကို စိတ်နှင့်ကိုယ် မကပ်တော့ပေ။ မိုဝူကျိ၏ ရင်ခွင်ထဲ အတင်းတိုးဝင်ခဲ့ပုံကိုလည်း ဆက်မတွေးကြည့်ချင်တော့ပေ။ အကယ်၍ မိုဝူကျိက သူမအသက်ကို ကယ်တင်နိုင်မှန်း သိလျှင် ထိုအရာအားလုံးကို ပြောခဲ့မိမည် မဟုတ်ချေ။
“ သူမကို လွတ်လိုက်ပြီး ထွက်သွားစမ်း ….” အနီရောင် ဝတ်ရုံနှင့် အမျိုးသားက မတိုက်ခိုက်ဘဲ မိုဝူကျိအား သတိပေးလိုက်သည်။
မိုဝူကျိက ထိုသူ့ကို အာရုံမစိုက်ဘဲ လက်မောင်းထဲတွင် ရှိနေသော ဟန်ချင်းရုကို ကြည့်ကာ မေးလိုက်သည် “ သူက ဘယ်သူလဲ။ ဘာလိုချင်တာလဲ … ”
“ ဘာမှ မဟုတ်ပါဘူး။ အရင် ဒီကနေ ထွက်သွားရအောင် … ကျမတို့ ဒီနေရာမှာ မရှိနေရင် သူ ဘာမှ လုပ်ဖို့ မရပါဘူး ” ဟန်ချင်းရုက နူးနူးညံညံ ပြောလိုက်၏။
မိုဝူကျိနောက်တွင် ရပ်နေသည့် ဖေးလင်က မြန်မြန် ပြောလိုက်၏
“ စီနီယာ …. အဲဒီလူက နတ်ဆိုးလက်အဖွဲ့ ဖန်းဟုန်ရဲ့ လူယုံတော်ပါ။ သူ့က ကျတော် လက်သီးတစ်ချက်တည်းနဲ့ ရှင်းပစ်လို့ ရတဲ့ အင်မော်တယ်ဘုရင်အဆင့်လေးပဲ ရှိသေးတာပါ …. ”
မိုဝူကျိက ဆေးနှစ်လုံးကို ထုတ်ကာ ဖေးလင်အား ပေးလိုက်ပြီး “ ဒီဆေးနှစ်လုံးကို သောက်လိုက် …ပြီးမှ ကျုပ်ရဲ့ မေးခွန်းကို ဖြေ ..”
ဤနေရာသို့ ရောက်လာပြီး အင်အားစုများ မည်သို့ ရှိနေသည်ကို တွေ့ပြီးနောက် မိုဝူကျိက သူ့ကိုယ်ပိုင် လူများ စုဆောင်းရမည် ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
“ စီနီယာကို ကျေးဇူး အများကြီး တင်ပါတယ် ….” ဖေးလင်က ထိုဆေးလုံးများကို စိတ်လှုပ်ရှားစွာ မျိုချလိုက်သည်။ အကြောင်းမှာ မိုဝူကျိက ဟန်ချင်းရုအား ထိုဆေးလုံး တိုက်ကျွေးခဲ့သည်ကို မြင်စဉ် သူက မျှော်လင့်ချက်တကြီး ဖြစ်နေမိခဲ့၏။
ဆေးနှစ်လုံးကို မျိုချပြီးနောက် ဆေးရည် ဖြစ်သွားကာ ထိုဆေးရည်က ဖေးလင်၏ အရိုးများနှင့် အသိစိတ်ပင်လယ်ထဲ စိမ့်ဝင်သွား၏။
စက္ကန့်ပိုင်းလေး ကြာမြင့်ပြီးနောက် သူ့အရိုးများမှာ ပြန်လည် ကောင်းမွန်လာပြီး အင်မော်တယ် သဘာဝစွမ်းအားများမှာလည်း ပြန်လည် ဖွဲ့စည်းလာလေ၏။
ဖေးလင်၏ မျက်လုံးများက ပြူးကျယ်ကာ ပါးစပ်ဟောင်းလောင်း ဖြစ်နေမိပြီး မိုဝူကျိအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ကုသဆေးလုံးမှာ သူ့ခန္ဓာကိုယ် ပြန်လည် ကောင်းမွန်လာစေရုံသာမက သူ့အရိုးများကိုပင် ပြန်လည် ကုသပေးနေသေး၏။ ဖေးလင်က ထိုအရာကို တိုက်ဆိုင်မှုဟု မထင်သော်လည်း သူ့ကို အံ့အားသင့်စေဆုံးအရာမှာ သူ့ဝိညာဉ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်လည်း ပြန်လည် ကောင်းမွန်လာနေခြင်း ဖြစ်ပေသည်။
“ သဘာဝကျီ ဆေးလုံးများလား … ” ဖေးလင် တစ်ယောက် မယုံကြည်နိုင်စွာ ဖြစ်သွားသည့် အကြောင်းအရင်းမှာ သဘာဝကျီဆေးလုံးမှာ အဆင့် ၇ အင်မော်တယ်ဆေးလုံး ဖြစ်သော်လည်း အဆင့် ၇ ဆေးလုံးဧကရာဇ် တစ်ယောက် ဖော်စပ်နိုင်သည့်အရာတော့ မဟုတ်ပေ။ တကယ်တမ်း အဆင့် ၈ ဆေးလုံးဧကရာဇ် တချို့သာ သဘာဝကျီဆေးလုံးကို ဖော်စပ်နိုင်ကြခြင်း ဖြစ်၏။ ထို့အပြင် အဆင့် ၉ ဆေးလုံး ဧကရာဇ်များသာ မိုဝူကျိ ပေးလိုက်သော ဆေးလုံးကို ဖော်စပ်နိုင်ခြင်း ဖြစ်ပေသည်။
သူက စကားများကို မျိုသိပ်ထားလိုက်ရင်း မိုဝူကျိအား လေးလေးစားစား ကြည့်လိုက်သည်။
မိုဝူကျိက ဘယ်လို လူစားမျိုးလဲ …. သဘာဝကျီ ဆေးလုံးကိုတောင် သူများဆီ ပေးပစ်နိုင်တယ်လား ….
သဘာဝကျီဆေးလုံးအပြင် မိုဝူကျိက ဖေးလင်အား အင်မော်တယ်ပေါများ ဆေးလုံးလည်း ပေးလိုက်သေး၏။
သူက လူတချို့ကို သူ့ဘက် ခေါ်ထားလိုလေရာ အရမ်းကပ်စေးနှဲနေလို့ မဖြစ်သလို အရမ်းရက်ရောနေ၍လည်း မဖြစ်ပေ။ ထိုဆေးနှစ်လုံးမှာ ဖေးလင်၏ သဘာဝစွမ်းအား တချို့ကိုသာ ပြန်လည် အားဖြည့်လာစေခြင်း ဖြစ်၏။ အင်အားအပြည့် မဟုတ်သေးပေ။
“ ဘာဆေးလုံး သောက်လိုက်တာလဲ ” အင်မော်တယ်ဘုရင်က ဖေးလင်အား တုန်လှုပ်တကြီး ကြည့်ကာ မေးလိုက်သည်။ သူ့က ကိုယ့်ဘာသာ ပြီးပြည့်စုံသည့် ခန္ဓာကိုယ် ထိန်းထားနိုင်ခြင်းမှာ သူ့ကျင့်ကြံဆင့် အပါအဝင် ဓားစွမ်းအင်မြစ်ရေကြောင့်သာ ဖြစ်၏။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်မှာ နဂိုရှိသလောက် ဆယ်ပုံတစ်ပုံပင် မကျန်ရှိတော့ပေ။
“ ချင်းရု …. ငါတို့တွေ ဒီနေရာက ထွက်သွားရင် သေသွားလိမ့်မယ်။ ဒီနေရာမှာ နေမှ ရမယ်။ ဒီမှာ ဖြစ်ခဲ့သမျှ ကိစ္စတွေ အားလုံးကို ပြောပြ ” မိုဝူကျိက ဤဘေးကင်းနွယ်တောင်တွင် နေနိုင်မည့် နည်းလမ်းကို စဉ်းစားနေစဉ် အင်မော်တယ် ဘုရင်အဆင့် တစ်ယောက်အား ဂရုစိုက်မည် မဟုတ်ပေ။
ဟန်ချင်းရုက နောက်ကွယ်မှ သဘောတရားကို နားလည်၍ သက်တောင့်သက်သာ ပြောလိုက်သည်
“ အဲဒီလူက နတ်ဆိုးလက်အဖွဲ့က ရောက်လာတာ။ သူက ကျမကို ကုသမပေးခင် နတ်ဆိုးလက်အဖွဲ့ထဲ ဝင်စေချင်တယ်လေ။ အဲဒီနောက်ကျ ကျမကို ဖန်းမျိုးရိုးနဲ့လူဆီ ခစားရမယ်တဲ့ …. ကျမက မလုပ်ချင်တော့ သူတို့က ကျမကို သူတို့ပိုင်နက်ထဲ အဝင်မခံဘူး။ မျှမျှတတ ပြောရရင်တော့ သူတို့က ကျမ မလုပ်ချင်တာကို အတင်းဖိအားမပေးပါဘူး ”
“ စီနီယာ … ဒီနေရာက ဖန်းဟုန်ရဲ့ ပိုင်နက်ဆိုတော့ ကျုပ်တို့ ဒီရောက်နေတဲ့ ကိစ္စကို လာဖြေရှင်းလိမ့်မယ် …” ဖေးလင်က သူ့အင်အားများ သူ့ဆီ ပြန်ရောက်လာပြီး ဒဏ်ရာများ ပြန်ကောင်းလာသည်ကို ခံစားမိကာ အားအပြည့်နှင့် ပြောလိုက်သည်။
မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။ ဖန်းဟုန်မှာ အင်မော်တယ် ဧကရာဇ်တစ်ယောက်၏ ဂုဏ်သိက္ခာ ထိန်းသိမ်းထားနေဆဲ ဖြစ်ရာ ဟန်ချင်းရုလို ကျင်းရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်အား သူမ မလုပ်ချင်သည့်အရာကို အတင်းကျပ် မစေခိုင်းပေ ။
“ ဖေးလင် .. ကျုပ်ကို ဝေကျီတောက်နဲ့ တွေ့ဖို့ ခေါ်သွားပေး … ”
“ ဟုတ်ကဲ့ ” ဖေးလင်က အင်မော်တယ် အုပ်စိုးသူ တစ်ယောက် ဖြစ်ပြီး နှစ်များစွာ နေထိုင်လာသူ ဖြစ်ရာ မိုဝူကျိ ပြောလိုက်သည်နှင့် ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်ပေသည်။ မိုဝူကျိက မဟာမိတ် ရှာနေခြင်း ဖြစ်၏။
ထိုအရာက သူ့အား ပိုမို ကျေနပ်စေလေသည်။ အကြောင်းမှာ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ သူ့ထက် မြင့်မားပြီး သူ့ထက် များစွာ အားကောင်းသောကြောင့် ဖြစ်၏။ အကယ်၍ သူက ဝေကျီတောက်ကို မဟာမိတ်အဖြစ် ခေါ်နိုင်လျှင် ဘေးကင်းနွယ်တောင်၌ နေရာ တစ်နေရာစာ ရဖို့ရာ ပြဿနာ မဟုတ်တော့ပေ။
မိုဝူကျိက ဟန်ချင်းရုကို သယ်သွားရင်း ဖေးလင်နှင့်အတူတူ ထွက်သွားသည်ကို ကြည့်ပြီး အနီရောင်ဝတ်ရုံနှင့် အမျိုးသားက လှုပ်ရှားလိုသော်လည်း သတ္တိမရှိပေ။ သူက ဖေးလင်နှင့်ပင် မယှဉ်နိုင်လေရာ တည်ငြိမ်ပြတ်သားဟန် ရှိသည့် လူငယ်လေးမှာ သူ သွားနှောင့်ယှက်၍ ရသည့်သူ မဟုတ်ပေ။
“ ဖေးလင် …. ဖန်းဟုန်က ခင်ဗျားကို ဘာလို့ လာမရှာသေးတာလဲ ” ဖေးလင်က ဖန်းဟုန်၏ အတင်းစေခိုင်းမှုကြောင့် ထွက်လာသည် ဖြစ်ရာ ဖေးလင် ပြန်ရောက်လာတာ ကြာမြင့်လှပြီ ဖြစ်သော်လည်း ဖန်းဟုန်က ယခုထိ ပေါ်မလာသေးပေ။
ဖေးလင်က ခါးသီးစွာ ရယ်မောလိုက်ရင်း “ ဘာလို့လဲဆိုတော့ အခုက ဖန်းဟုန် ရေသယ်ရမဲ့ အလှည့်လေ။ မဟုတ်ရင် ကျုပ်က ဘယ်လိုလုပ် ပြန်လာရဲမှာလဲ … ”
ရေသယ်ရတာလား ….
သူက စိတ်စွမ်းအားကို သုံးပြီး စစ်ဆေးကြည့်လိုက်သည့်အခါ အာရုံမခံမိပေ။ ထိုအတွေးဖြင့် မိုဝူကျိက စိတ်စွမ်းအားကို နောက်တစ်ဖန် ဖြန့်ကျက်လိုက်၏။ ဤတစ်ခါ၌ တစ်ခုခု ထူးဆန်းနေသည်ကို မြင်တွေ့လိုက်ရသည်။ ဓားစွမ်းအင်မြစ် အဝင်ဝ၌ မှိန်ဖျော့ဖျော့ ဖုံးကွယ်ရေး အစီအရင် တစ်ခု ရှိနေပြီး မိုဝူကျိက ဖန်းဟုန်သည် ရေခပ်ဖို့ရာအတွက် ဖုံးကွယ်ရေး အစီအရင် ခင်းကျင်းထားလိမ့်မည်ဟု မယုံနိုင်ပေ။
မိုဝူကျိက စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် ထိုဖုံးကွယ်ရေး အစီအရင်ဆီ မသွားပေ။
ဖေးလင်က အရင်ဦးစွာ ရှင်းပြလိုက်၏ “ ဒီနေရာမှာ ရေသယ်တဲ့အခါတိုင်း အားလုံးက ဖုံးကွယ်ရေး အစီအရင် ခင်းကျင်းထားကြတယ်လေ။ သူတို့ ရေဘယ်လောက် သယ်နိုင်လဲဆိုတာ ဖုံးကွယ်ဖို့ အတွက်ပေါ့ …. ”
မိုဝူကျိက ခေါင်းညိတ်ကာ “ ဪ …. ”
“စီနီယာက ဓားစွမ်းအင်မြစ်ကို မြင်ရတယ်လား ” ဖေးလင်၏ စိတ်နှလုံးသားက အေးခဲသွားလေ၏။ ဖန်းဟုန်က သူတို့နေရာတွင် ရပ်နေလျှင်ပင် စိတ်စွမ်းအားဖြင့် ဓားစွမ်းအင်မြစ်ကို မြင်နိုင်မည် မဟုတ်ပေ။
မိုဝူကျိက ရိုးရိုးရှင်းရှင်းသာ ဖြေလိုက်သည် “ ဟုတ်တယ်လေ ”
ဖေးလင်က ဆက်မမေးရဲတော့ဘဲ မိုဝူကျိအား အင်မော်တယ် ဧကရာဇ်တစ်ယောက်အဖြစ် ဆက်ဆံနေတော့သည်။ အကယ်၍ သူက အင်မော်တယ် ဧကရာဇ် မဟုတ်လျှင် သဘာဝကျီဆေးလုံးအား မည်သို့ ထုတ်ပေးနိုင်မည်နည်း။ သူတို့ ရပ်နေသည့် နေရာမှာ ဓားစွမ်းအင်မြစ်ကို မည်သို့ မြင်နိုင်မည်နည်း။
“ စီနီယာ … ကျုပ်တို့ ရောက်ပြီ။ တကယ်တော့ သမာဓိတောင်ရဲ့ ရှန့်ဟဲကောင်းက ဝေကျီတောက်ထက် မိတ်ဆွေဖွဲ့ဖို့ ပိုလွယ်လောက်တယ်။ သူ သဘောမကျတဲ့ သူတွေဆိုရင် တွေ့ခွင့်တောင် မရဘူး။ တွေ့ခဲ့ရင်လည်း အလုပ်လုပ်အတူတူ တွဲလုပ်လို့ ရမှာ မဟုတ်ဘူး ” ဖေးလင်က တိုတိုတုတ်တုတ် ရှင်းပြလိုက်၏။
“ သိပြီ … ဝေကျီတောက်ကို တွေ့ပြီးတော့ ရှန့်ဟဲကောင်းကို သွားရှာကြတာပေါ့။ ဒါနဲ့ ကျုပ်နာမည် မိုဝူကျိပါ …. အဲဒါကြောင့်မလို့ နောင်ကျ စီနီယာအစား ဂိုဏ်းချုပ်မိုလို့ ခေါ်လို့ ရတယ် …” မိုဝူကျိက ရှန့်ဟဲကောင်းကို ချက်ချင်း သွားမရှာသည့် အကြောင်အးရင်းမှာ သမာဓိတောင် အဖွဲ့၏ နာမည်ကို သဘောမကျ၍ ဖြစ်သည်။
ယခင် လူအားလုံးနှင့် ပတ်သတ်ဆက်နွယ်မှုများအရ ဖြောင့်မတ်သည်၊ သမာရိုးကျသည်ဟု ပြောသောသူများမှာ မရိုးရှင်း၊ မဖြောင့်မတ်သူများ ဖြစ်ကြ၏။ အချုပ်အားဖြင့် ဖြောင့်မတ်သည်ဟု တတွတ်တွတ် ပြောမနေကြသူများမှာ အမှန်တကယ် ဖြောင့်မတ်သူများ ဖြစ်နေတတ်ကြသည်။
“ ဟုတ်ကဲ့ ဂိုဏ်းချုပ်မို …” ဖေးလင်က လေးလေးစားစား ဖြေလိုက်၏။ ဤလူငယ်လေးက အများကြီး သိပြီး အားကောင်းနေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
သူက ဂိုဏ်းချုပ် တစ်ယောက် ဖြစ်နေတာကိုး ….
ဂိုဏ်းချုပ်မိုက ခံညားထည်ဝါလှပြီး သူက အသေးအမွှားလေး လုပ်ပေးရုံဖြင့် သူ့အား ထိပ်တန်းအဆင့် ဆေးနှစ်လုံး ချီးမြင့်လေသည်။ သူက မိုဝူကျိကို သေချာကပ်တွယ်ထားပြီး ဂိုဏ်းသား တစ်ယောက် ဖြစ်လာအောင် လုပ်ရမည်။
“ ဂိုဏ်းချုပ်မို …. အခု ကျုပ် ဝေကျီတောက်ကို ကျုပ်တို့ .. သွားအကြောင်းကြား …..” ဖေးလင်က ရပ်လိုက်ရင်း မိုဝူကျိအား ကြည့်လိုက်သည်။ သူက ဂိုဏ်းနာမည်ကို အခုထိ မသိသေးပေ။
“ ကျုပ်တို့နာမည်က ဖန်းဖန် အင်မော်တယ်လောကရဲ့ နံပါတ် တစ်ပဲ ….” မိုဝူကျိက ခပ်တည်တည်သာ ပြောလိုက်၏။
အင်မော်တယ်လောကရဲ့ နံပါတ် တစ်လား ….
ဖေးလင်၏ စိတ်နှလုံးပင် အရူးအမူး ခုန်လှုပ်သွားမိ၏။ သူက ဓားအကျဉ်းထောင်ထဲ ရောက်နေသည်မှာ ကြာမြင့်သွားပြီ ဖြစ်ရာ အင်မော်တယ်လောက၌ ဘယ်အချိန်က နံပါတ်တစ်ဆိုပြီး ပေါ်လာတာလဲ ….
မိုဝူကျိက နံပါတ်တစ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေရက်သားနှင့် ဓားအကျဉ်းထောင်ထဲ အဘယ်ကြောင့် ရောက်လာတာလဲ …..
သူက ထိုမေးခွန်းများကို မမေးရဲပေ။ ထို့ကြောင့် သူက လေးလေးစားစားသာ ပြန်ဖြေလိုက်၏ “ ဟုတ်ကဲ့ပါ ဂိုဏ်းချုပ် … ကျုပ် အခုချက်ချင်း သွားအကြောင်းကြားလိုက်ပါ့မယ် … ”