ရီစန်ကိုသတ်
Vol. 77 Ch. 1073
ဟူး...
ကျန်းရီက ကောင်းကင်နားလည်သိမြင်ခြင်းကို သုံး၍ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ သူသည် လူများသတိပြုမိသွားမည်စိုး၍ ကောင်းကင်နားလည်သိမြင်ခြင်း၏အစွမ်းကို လျှော့ထားရရာ လူအားလုံး၏ ပြောစကားများကို မကြားလိုက်ရသော်လည်း ယဉ်ရို့ပင်းက ဘေးကြပ်နံကြပ်အခြေအနေသို့ ရောက်နေပြီး မည်သို့ဆက်လုပ်ရမည်မသိ ဖြစ်နေသည်ကိုမူ သိပေသည်။
ကျန့်ထျန်းလဲ့က နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ဖြစ်သဖြင့် သူ၏ စိတ်ဝိညာဉ်က နတ်ဘုရားဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် မဆင်မခြင်ဖြင့် အသံမပို့လွှတ်ဝံ့ပေ။ အကယ်၍ ကျန့်ထျန်းလဲ့သာ သူ အသံပို့လွှတ်လိုက်သည်ကို သတိပြုမိသွားပါက ပြဿနာတက်နိုင်ပေသည်။
ကျန်းရီသည် သူ့ခြံဝန်းအတွင်းမှ အပြင်သို့ ထွက်လိုက်ပြီး ယဉ်ရို့ပင်းတို့ ရှိနေသော နေရာသို့ သွားလိုက်သည်။ သူသည် လမ်းလျှောက်လာရင်း တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံသည့်ပုံစံဖြင့် ယဉ်ရို့ပင်းကို တစ်ချက်ကြည့်လိုက်၏။ ယဉ်ရို့ပင်း၏ မျက်နှာထားနှင့် အစောတွင် သူ အာရုံခံရထားသည့် အကြောင်းများကို ပေါင်းစပ်လိုက်သောအခါ အခြေအနေကို သူ အနည်းနှင့်အများဆိုသလို နားလည်သွားသည်။
ကျန်းရီ တွေးတောလိုက်ပြီး ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်၏။
“အာ... အကုန်လုံးက ဒီမှာ ရှိနေတာပဲ။ ဘာလို့ ဒီမှာ ရပ်နေကြတာလဲ။ သခင်မလေးယဉ်၊ သခင်လေးကျန့်... သခင်မလေးတို့နှစ်ယောက် ကျွန်တော့်ရဲ့ ခြံဝန်းဆီ လက်ဖက်ရည်လိုက်သောက်ပါလား”
ကျန်းရီ၏ စကားများက အလွန်ရှင်းလင်း၏။ ထိုကိစ္စအတွက် သူကိုယ်တိုင် နည်းလမ်းရှာမည်ဖြစ်၍ ယဉ်ရို့ပင်းကို လက်လျှော့ခိုင်းလိုက်ခြင်းပင်။ ယဉ်ရို့ပင်းက အတန်ငယ် နားမလည်နိုင်ဖြစ်သွားပြီး ကျန်းရီကို အပြစ်ရှိဟန်ဖြင့်ကြည့်ကာ ပြောလိုက်သည်။
“သခင်လေးရီက ဖိတ်ခေါ်နေမှတော့ ရို့ပင်းက ဘယ်လိုလုပ် ငြင်းဝံ့မှာလဲ”
“အန်...”
ကျန့်ထျန်းလဲ့က ယဉ်ရို့ပင်းကို သံသယဖြင့် ကြည့်လိုက်၏။ ထို့နောက် သူ ကျန်းရီကို ကြည့်လိုက်သည်။ တစ်စုံတစ်ခု မူမမှန်ကြောင်း သူ ခံစားနေရပေသည်။ အစောက ယဉ်ရို့ပင်း၏ ကျန်းရီကို ကြည့်လိုက်သောအကြည့်က ထူးဆန်းလွန်းသည်။ ထို့ပြင် သူမသည် ရီစန်နှင့် နှစ်ကြိမ်၊ သုံးကြိမ်လောက်သာ တွေ့ဖူးသေးသော်လည်း သူနှင့်အတူ လက်ဖက်ရည်လိုက်သောက်ရန် လက်ခံလိုက်သည်လော။
ယခင်တွင် ရီစန်က ထန်မျိုးနွယ်မှ တပ်မှူးလေးတစ်ယောက်သာဖြစ်သည်။ သူက ဂီတဘက်တွင် အလွန်ပါရမီထူးသဖြင့် အသံလှိုင်းဧကရာဇ်၏ တပည့်တစ်ယောက် ဖြစ်လာခဲ့သော်လည်း ယဉ်ရို့ပင်း၊ ကျန့်ထျန်းလဲ့တို့နှင့် ယှဉ်လျှင် အဆင့်အတန်းနိမ့်သေးပေသည်။ သို့သော် ယဉ်ရို့ပင်းက သူနှင့်အတူ လက်ဖက်ရည်ပင် သောက်လိုနေသည်လော။ ယင်းက သူ့အပေါ် အလွန်မျက်နှာသာပေးနေခြင်း မဟုတ်လော။
ကျန့်ထျန်းလဲ့သည် နတ်ဘုရားတစ်ပိုင်းအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သူဖြစ်၍ ဉာဏ်ကောင်းသည်။ ယဉ်ရို့ပင်းနှင့် ရီစန်တို့ကြားက ဆက်ဆံရေးက သာမန်မဟုတ်ဟု သူ ခံစားနေရသည်။ ယနေ့တွင် ယဉ်ရို့ပင်းက လီဟုန်နှင့် ထိပ်တိုက်တွေ့ခဲ့ခြင်းမှာ ရီစန်နှင့်လည်း ပတ်သတ်နေနိုင်သည်။ ရီစန် ထွက်ပေါ်လာသည့်အချိန်ကလည်း အလွန်တိုက်ဆိုင်နေသည် မဟုတ်ပါလား။ သာမန်လူတစ်ယောက်ဆိုလျှင် ဤအခြေအနေကို တွေ့ပါက တတ်နိုင်သမျှ ရှောင်သွားလိုကြမည်သာ။ မည်သူက မျိုးနွယ်ကြီးတစ်ခု၏ အတွင်းရေးကိစ္စတွင် ဝင်ပါဝံ့ပါမည်နည်း။
‘ရီစန်မှာ ပြဿနာတစ်ခုခုတော့ ရှိနေပြီ’
ကျန့်ထျန်းလဲ့၏အကြည့်က အေးစက်သွား၏။ သို့သော် ယဉ်ရို့ပင်းက ရီစန်ထံ လျှောက်သွားနေပြီဖြစ်၍ သူ များစွာမပြောတော့ပေ။ လီဟုန်ကလည်း သူ့လူများကို ခေါ်၍ သုတ်သီးသုတ်ပြာနှင့် ထွက်သွားပေပြီ။
“အာ... ကျွန်မ အခုမှ အမှတ်ရတယ်။ ကျွန်မမှာ လုပ်စရာကိစ္စတစ်ခု ရှိသေးတယ်။ နောက် အချိန်ရတော့မှ ကျွန်မ သခင်လေးရီကို လာရှာပါမယ်”
ကျန်းရီ၏ ခြံဝန်းအရှေ့သို့ ရောက်သောအခါ ယဉ်ရို့ပင်း သတိဝင်သွားသည်။ အကယ်၍ သူမသာ ခြံဝန်းထဲဝင်ပြီး ထိုင်လိုက်လျှင် အခြေအနေက ပို၍ရှုပ်ထွေးသွားပေလိမ့်မည်။ ကျန့်ထျန်းလဲ့ကလည်း တစ်စုံတစ်ခု မှားနေကြောင်း သံသယဖြစ်သွားနိုင်သည်။ ကျန်းရီအတွက်လည်း ပြဿနာတက်လာနိုင်သည်။ သူမနှင့် ကျန်းရီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အပြန်အလှန် နားလည်သွားသည်။ ထို့နောက် သူမ နောက်လှည့်ကာ ထွက်သွားလေသည်။
“သခင်လေးရီ... သခင်လေး အချိန်ရရင် ဆန်းကြယ်ဧကရာဇ်မြို့ကို လာလည်ပါ”
ကျန့်ထျန်းလဲ့က တည်တည်ငြိမ်ငြိမ်ဖြင့် လက်ဆုပ်ကာ ပြောလိုက်ပြီး ယဉ်ရို့ပင်းနောက်သို့ လိုက်သွားသည်။ ကျန်းရီသည်လည်း ယဉ်ရို့ပင်းတို့နှင့် အာလာပသလ္လာပ ပြောနေရန် အချိန်မရှိပေ။ ယခုတွင် ထန်ရွှယ်နှင့် ထန်ယန်တို့၏ အခြေအနေက မကောင်းတော့ပေ။ သူ ချက်ချင်း တုံ့ပြန်ရပေမည်။ မဟုတ်လျှင် ထိုမိန်းမပျိုနှစ်ယောက်က လီဟုန်၏ ဖျက်ဆီးခြင်းကို ခံရပေတော့မည်။
ကျန်းရီ ခြံဝန်းထဲသို့ ပြန်ဝင်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို အနီးရှိ ထန်မင်၏ခြံဝန်းဆီသို့ ထုတ်လွှတ်လိုက်သည်။ ထန်မင်ကလည်း အခြေအနေကို အာရုံခံနေခဲ့သည်။ ကျန်းရီသည် အခြေအနေကို ပိုသိရှိအောင် စုံစမ်းကာ ပြန်တုံ့ပြန်နိုင်မည့် အကောင်းဆုံးနည်းလမ်းကို ရှာလိုနေခြင်းပင်။
ထန်မင်က အမှန်ပင် အခြေအနေကို တစ်ချိန်လုံး ထောက်လှမ်းနေခဲ့သည်။ သူ၏ အသံပို့လွှတ်မှုက ကျန်းရီကို စိတ်ဓာတ်ကျသွားစေသည်။ ထန်ရွှယ်နှင့် ထန်ယန်တို့က နတ်သူငယ်သခင်မမျိုးနွယ်မှ ဖြစ်သည်ဟူသော အချက်ကြောင့် သူ အံ့အားသင့်သွားသည်။ သူ ခေတ္တမျှ တွေးတောလိုက်ပြီး အသံပြန်ပို့လွှတ်လိုက်သည်။
“အစ်ကိုထန်... ကျွန်တော့်အတွက် လီဟုန်ကို မျက်ခြေမပြတ် ထောက်လှမ်းပေးထားနိုင်မလား။ သူက ကောင်မလေးနှစ်ယောက်ကို ဘုံကြိုးပြတ်ဒေသဆီ ချက်ချင်း ခေါ်သွားမယ်ထင်တယ်။ သူက တည်နေရာပြောင်းရွှေ့အစီအရင်ကို သုံးတာလား ဒါမှမဟုတ် ကောင်းကင်ကံကြမ္မာသင်္ဘောကို သုံးတာလားဆိုတာကို အစ်ကို ထောက်လှမ်းပေးလို့ရမလား”
“ညီလေး... ညီလေးက တိုက်ခိုက်တော့မလို့လား”
ထန်မင်က အသံပြန်ပို့လွှတ်လိုက်၏။ သူ့အသံထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။ ကျန်းရီ အံကြိတ်ကာ အသံပို့လွှတ်လိုက်သည်။
“ကောင်မလေးနှစ်ယောက်က နတ်သူငယ်သခင်မမျိုးနွယ်ကပဲ။ အဲ့တော့ လီအဘိုးကြီးက သူတို့ကို သူ့အသက်ထက် ပိုအရေးထားမှာပဲ။ ချန်မျိုးနွယ်ခေါင်းဆောင်တောင် သူ့ကို ဖျောင်းဖျနိုင်မှာ မဟုတ်ဘူး။ အသံလှိုင်းဧကရာဇ်ကိုယ်တိုင် ထွက်လာရင်တော့ အဆင်ပြေနိုင်လောက်တယ်... ဒါပေမဲ့ ကျွန်တော်က အသံလှိုင်းဧကရာဇ် ထွက်လာအောင်တော့ မလုပ်နိုင်ဘူးလေ။ အဲ့တော့ ကျွန်တော် သတ်ရုံပဲ ရှိတော့တယ်”
အမှန်တွင် ကျန်းရီက အသံလှိုင်းဧကရာဇ်ကို အကူအညီတောင်းနိုင်သည်။ သို့သော် သူသည် ဤကဲ့သို့ကိစ္စလေးအတွက် အသံလှိုင်းဧကရာဇ်ကို အကူအညီမတောင်းလိုပေ။ အစောတွင် သူသည် ယဉ်ရို့ပင်း၏ အကြည့်မှနေ၍ သူမ၏ အတွေးများကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ သူ တိုက်ခိုက်နိုင်သော်လည်း လီဟုန်ကို မသတ်မိရန် ကြိုးစားရမည်ဖြစ်သည်။
“အဲ့ဒါဆိုလည်း ကောင်းပြီလေ”
ထန်မင်က ထန်မျိုးနွယ်ကို ကိုယ်စားပြုသဖြင့် မဆင်မခြင်လုပ်၍ မရပေ။ ကျန်းရီသည် ထိုအကြောင်းကို တွေးမိ၍ ထန်မင်အား လီဟုန်ကိုသာ ထောက်လှမ်းခိုင်းခဲ့ခြင်းဖြစ်သည်။
ကျန်းရီ မျှော်လင့်ထားသလိုပင်။ လီဟုန်သည် ယဉ်ရို့ပင်းက ပြဿနာထပ်ရှာမည်ကို စိုးရိမ်၍ လူတစ်ယောက်စေလွှတ်ကာ ချန်မျိုးနွယ်ကို နှုတ်ဆက်စေလိုက်သည်။ ထို့နောက် သူသည် မိန်းမပျိုနှစ်ယောက်ကိုခေါ်၍ မြို့ထဲမှ ချက်ချင်း ထွက်လေသည်။ ဤတစ်ကြိမ်တွင် သူက လူတော်တော်များများ ခေါ်လာခဲ့သော်လည်း ကောင်းကင်ကျောက်တုံးများစွာ သုံးနိုင်သည့်ပုံမပေါ်ပေ။ ထို့ကြောင့် သူတို့ မြို့တောင်ဘက်ဂိတ်တံခါးသို့ သွား၍ ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကိုထုတ်ကာ စီးလိုက်ကြသည်။
နတ်ဘုရားအသံလှိုင်းဒေသနှင့် ဘုံကြိုးပြတ်ဒေသက အလွန်နီးသည်။ လီဟုန်ကလည်း အရွယ်အကြီးစား ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူတို့က လဝက်အတွင်းမှာပင် ဘုံကြိုးပြတ်ဒေသို့ ရောက်နိုင်ပေသည်။ သူတို့ တည်နေရာပြောင်းရွှေ့အစီအရင်ကို မရွေးခဲ့ခြင်းမှာ အံ့အားသင့်စရာမရှိတော့ပေ။
ကျန်းရီသည် သတင်းရလိုက်သောအခါ တုံ့ဆိုင်းမနေတော့ဘဲ အစေခံမလေးတစ်ယောက်ကိုခေါ်၍ သူ ကိစ္စတစ်ခုရှိ၍ အပြင်သို့သွားမည်ဖြစ်ကြောင်းကို ချန်မျိုးနွယ်ခေါင်းဆောင်ထံ အကြောင်းကြားပေးရန် ခိုင်းလိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူ ထန်မင်ထံ အသံပို့လွှတ်ကာ အထက်ကအတိုင်း အကြောင်းကြားလိုက်သည်။ ထို့နောက် သူသည် မြို့အရှေ့ဘက်ဂိတ်တံခါးသို့ လျင်မြန်စွာ သွားလိုက်လေသည်။
လီဟုန်က မိန်းမပျိုနှစ်ယောက်ကို လိုချင်တပ်မက်နေခဲ့သော တဏှာရူးအိုကြီးဖြစ်သည်။ သို့ဖြစ်ရာ သူမတို့ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်သို့ ရောက်သွားသည်နှင့် လီဟုန်က သူမတို့အား ဖျက်ဆီးပစ်မည်ကို ကျန်းရီ စိုးရိမ်နေသည်။ သူ သူမတို့နှစ်ယောက်ကို တတ်နိုင်သမျှ အမြန်ဆုံး ကယ်တင်ရပေမည်။
ကျန်းရီသည် အသံလှိုင်းဧကရာဇ်ကို များစွာရှင်းပြနေရန်မလိုသဖြင့် မြို့မှ အလွယ်တကူထွက်သွားနိုင်သည်။ သူသည် မြို့အရှေ့ဘက်ဂိတ်တံခါးမှထွက်၍ ကောင်းကင်နားလည်သိမြင်ခြင်းကိုသုံးကာ လီဟုန်တို့၏ ကောင်းကင်ကံကြမ္မာသင်္ဘောကို ခြေရာခံရန် ကြံရွယ်ထား၏။ ထို့နောက်တွင် သူ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ သင်္ဘောထံ ရုတ်ခြည်းသွားကာ စတင်သတ်ဖြတ်နိုင်ပေသည်။
***
“ရီစန်က မြို့ကနေ ထွက်သွားပြီလား”
ကျန့်ထျန်းလဲ့သည် ကျန်းရီ မြို့ထဲမှ ထွက်သွားသည်ဆိုသော သတင်းကို ရရှိလိုက်၏။ သူက လူတစ်ယောက်အား ကျန်းရီကို မျက်ခြေမပြတ်စောင့်ကြည့်ရန် ခိုင်းထားခဲ့ခြင်းပင်။ သူ သူ၏သံသယကို အတည်ပြုလိုပေသည်။ ယခု သူ အဖြေကို သိလိုက်ရသောအခါ မပျော်နိုင်တော့ပေ။
“ရီစန်က အရှေ့ဘက်ဂိတ်က ထွက်သွားတာလား။ ဟင်းဟင်း... သူက ခြေရာဖျောက်ချင်တယ်ပေါ့လေ”
လီဟုန်ထွက်သွားပြီးနောက် ကျန်းရီကလည်း ချက်ချင်း မြို့မှ ထွက်သွားခဲ့သည်။ ယင်းက မည်သည်ကို ပြောသနည်း။ ကျန်းရီက လီဟုန်ကို သတ်၍ နတ်သူငယ်သခင်မမျိုးနွယ်မှ မိန်းမပျိုနှစ်ယောက်ကို လုယူလိုခြင်း ဖြစ်ပေမည်။ သို့ဆိုလျှင် ယဉ်ရို့ပင်းက မိန်းမပျိုနှစ်ယောက်ကို အတင်းယူရန် ကြိုးစားခဲ့ခြင်းမှာလည်း ကျန်းရီက အကူအညီတောင်းခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။
ယဉ်ရို့ပင်းက ကျန့်ထျန်းလဲ့ အချစ်ရဆုံး အမျိုးသမီးဖြစ်သည်။ သူက သူမနှင့်ပင် စေ့စပ်ထားသည်။ မည်သည့်ယောက်ျားမဆို မိမိချစ်ရသော အမျိုးသမီးက အခြားယောက်ျားတစ်ယောက်နှင့် လျှို့ဝှက်ချက်တစ်ခု ရှိနေလျှင် စိတ်ချမ်းသာမည် မဟုတ်ပေ။ ထိုအခိုက်တွင် ကျန့်ထျန်းလဲ့ကိုင်ထားသော လက်ဖက်ရည်ခွက်က ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲသွား၏။ သူ မည်မျှဒေါသထွက်နေကြောင်း သိနိုင်ပေသည်။
“တစ်ယောက်လောက် လာဦး။ ချက်ချင်း လီဟုန်ရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောနောက်ကို လိုက်သွား။ တကယ်လို့ ရီစန်က လီဟုန်ကို သတ်ဖို့ ရောက်လာရင် ချက်ချင်း သတင်းလှမ်းပို့”
ကျန့်ထျန်းလဲ့က အော်၍ အမိန့်ပေးလိုက်သည်။ သူ့အနောက်မှ အရိပ်တစ်ခုက ခြံဝန်းထဲမှနေ၍ လှစ်ခနဲ ထွက်သွားလေသည်။
ထို့နောက် ကျန့်ထျန်းလဲ့ ဒေါသတကြီးဖြင့် ထရပ်ကာ အံကြိတ်၍ ပြောလိုက်သည်။
“ရီစန်... မင်း လီဟုန်ကို မသတ်တာ ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ ငါ မင်းကို သေချင်စိတ်ပေါက်လာအောင် လုပ်ပစ်မယ်”
ဖောက်ပြန်ခံရသည့် ခံစားချက်က မကောင်းပေ။ အထူးသဖြင့် ကျန့်ထျန်းလဲ့ကဲ့သို့ လူတစ်ယောက်အတွက် ပို၍ ဒေါသဖြစ်စေသည်။ ယဉ်ရို့ပင်းက ဖောက်ပြန်သည့်အဆင့်အထိ မရောက်သေးသော်လည်း သူမကို ယီးတီးတားလာလုပ်သည့် မည်သူကိုမဆို ကျန့်ထျန်းလဲ့က အသက်ရှင်ခွင့် ပေးမည် မဟုတ်ပေ။ ကျန်းရီက အသံလှိုင်းဧကရာဇ်၏ တပည့်ဖြစ်နေလျှင်ပင် သူ ကျန်းရီကို မသက်ညှာဘဲ သတ်ပစ်ဦးမည်သာ။
“ရီစန်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ရပြီလား”
ကျန့်ထျန်းလဲက အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း အခန်းထောင့်တစ်နေရာသို့ လှမ်းကြည့်လိုက်၏။ အရိပ်ထဲမှနေ၍ ဝတ်ရုံနက်ဝတ်ဆင်ထားသော သိုင်းသမားတစ်ယောက် ထွက်လာပြီး လက်ဆုပ်ကာ ပြောလိုက်သည်။
“ကျွန်တော် စစ်ဆေးပြီးသွားပါပြီ။ ဘာမူမမှန်တာမှ မရှိပါဘူး။ သူက တကယ်ပဲ ထန်မျိုးနွယ်က တပ်မှူးတစ်ယောက်ပါ။ သူတို့မိသားစုက ထန်မျိုးနွယ်မှာ မျိုးရိုးစဉ်ဆက် အမှုထမ်းခဲ့တာပါ”
“ထူးဆန်းလိုက်တာ... ဘာလို့ ယဉ်ရို့ပင်းက သူ့လိုလူတစ်ယောက်နဲ့ ပတ်သတ်နေရတာလဲ”
ကျန့်ထျန်းလဲ့ နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူ အတွေးလွန်သွားခြင်းပေလော။ ယဉ်ရို့ပင်းက မိန်းမပျိုနှစ်ယောက်ကို လိုချင်ခဲ့ခြင်းမှာ ရီစန်နှင့် မဆိုင်သည်လော။ ယင်းက တိုက်ဆိုင်မှုတစ်ခုသာလော။
ရွှီး...
တစ်နာရီကြာပြီးနောက် ကျန့်ထျန်းလဲ့၏ခါးရှိ အမိန့်ပြားက တောက်ပလာ၏။ သူ ထိုအမိန့်ပြားကို ကြည့်လိုက်ပြီး ရုတ်တရက် မျက်နှာထားပြောင်းသွားလေသည်။ သူ့ထံမှ ထွက်လာသော သတ်ဖြတ်အရှိန်အဝါက သိပ်သည်းလွန်းသဖြင့် အနားရှိ စားပွဲခုံတစ်လုံး ရုတ်ခြည်း အမှုန့်ဖြစ်သွားသည်။ ထို့နောက် သူ အခန်းထောင့်ကို ထပ်ကြည့်ကာ အော်ပြောလိုက်သည်။
“ရီစန်ကို သတ်ဖို့ လူတွေစေလွှတ်လိုက်။ သူ မသေရင် မင်းတို့လည်း ပြန်မလာခဲ့နဲ့”
လီဟုန်နောက်သို့ လိုက်သွားသော ထောက်လှမ်းရေးက သတင်းပြန်ပို့ခဲ့သည်။ ရီစန်က လီဟုန်တို့ကို စတင် သတ်ဖြတ်နေပေပြီ။
***