← Chapters

မိန်းမစိုးအိုကြီး

Vol. 77 Ch. 1074

မိန်းမစိုးအိုကြီး

Vol. 77 Ch. 1074

ကျန်းရီက အမှန်ပင် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ သူ၏ ကောင်းကင်စိတ်အာရုံက အရှေ့ဘက် တော်ဝင်နယ်မြေတွင်ဆိုလျှင် ကန့်သတ်မခံရပေ။ သူသည် မိုင်ထောင်ချီအဝန်းအဝိုင်းအတွင်းရှိ အရာအားလုံးကို အာရုံခံနိုင်သည်။ ထို့ကြောင့် သူ လီဟုန်တို့ကို အလွယ်တကူ ခြေရာခံနိုင်ခဲ့သည်။ သူသည် ကောင်းကင်ကံကြမ္မာသင်္ဘောကို ခြေရာခံပြီးနောက် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ သင်္ဘောအရှေ့ရှိ တောင်တန်းတစ်ခုသို့ သွားကာ ကြို‌စောင့်နေခဲ့သည်။ သူက ရုပ်သွင်ကို ပြောင်းမနေတော့ဘဲ ရီစန်အဖြစ်နှင့်သာ တိုက်ခိုက်မည်ဖြစ်သည်။

ရီစန်က အသံလှိုင်းဧကရာဇ်၏ တပည့်ဖြစ်သည်။ သူက အသံလှိုင်းဧကရာဇ်နှင့် ပတ်သတ်နေပြီး ယဉ်ရို့ပင်း၏ ကာကွယ်ပေးမှုကို ရထားသည်။ လီမျိုးနွယ်နှင့် ယဉ်မျိုးနွယ်တို့က သူ့ကို မည်သို့မှ လုပ်ဝံ့မည် မဟုတ်ပေ။ အကယ်၍ သူသာ အခြားစွမ်းအားကြီးသိုင်းသမားတစ်ယောက်အဖြစ် ထွက်ပေါ်လာလျှင် ယဉ်မျိုးနွယ်က သူ့အကြောင်းကို သေချာပေါက် ထက်၍စုံစမ်းမည်သာ။ သို့ဆိုလျှင် သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်သည်။ ထိုသို့ဖြစ်လာပါက သူ ဆန်းကြယ်နတ်ဘုရားတောင်သို့ မရောက်သေးခင်မှာပင် မြောက်ဘက်ဧကရာဇ်၏ သတ်ဖြတ်မှုကို ခံရပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ယနေ့တွင် ကျန်းရီ လှုပ်ရှားရပေမည်။ သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်ခြေ ရှိသော်လည်း သူ များစွာ တွေးမနေနိုင်ပေ။ အစောတွင် သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ စွန့်စားခဲ့ပြီးပေပြီ။ သို့သော် သူ့ကံက အတော်လေး ကောင်းနေပုံပင်။ ပတ်ဝန်းကျင်၌ လူများများစားစား ရှိမနေပေ။ မဟုတ်လျှင် သူမည်သူဖြစ်ကြောင်း ပေါ်သွားလာက်ပြီဖြစ်သည်။

‘အနားမှာ ထောက်လှမ်းရေးနှစ်ယောက် ရှိနေတုန်းပဲ။ သူတို့က အတော်လေး အဆင့်မြင့်တဲ့ ထောက်လှမ်းရေးတွေပဲ’

ကျန်းရီသည် ကောင်းကင်ကံကြမ္မာသင်္ဘောက သူနှင့်ငါးကီလိုမီတာအကွာသို့ ရောက်လာသောအခါ ချက်ချင်း မတိုက်ခိုက်လိုက်သေးဘဲ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်လေသည်။ လီဟုန်၏ ကောင်းကင်ကံကြမ္မာသင်္ဘောအနောက်သို့ လိုက်လာသော အဆင့်မြင့် ထောက်လှမ်းရေးနှစ်ယောက် ရှိနေပေသည်။

ယနေ့တွင် လီဟုန်မှလွဲ၍ ကျန်သူများအားလုံး သေရမည်ဖြစ်သည်။ ထိုမှသာ ရီစန်က မည်သူဖြစ်ကြောင်း ပေါ်မသွားမည်ဖြစ်သည်။ ကျန်းရီသည် ထောက်လှမ်းရေးနှစ်ယောက်က မည်သည့်မျိုးနွယ်မှဖြစ်ကြောင်းကို မသိသော်လည်း သူတို့က ထန်မျိုးနွယ်နှင့် ချန်မျိုးနွယ်မှ မဟုတ်ကြောင်းကိုမူ သိပေသည်။ ထို့ကြောင့် သူ လက်တွန့်နေစရာ မလိုပေ။

ဝှီး...ဝှီး...

ကောင်းကင်ကံကြမ္မာသင်္ဘောက လေကိုခွင်း၍ လျင်မြန်စွာ ပျံသန်းလာ၏။ ကျန်းရီသည် သူ၏အရှိန်အဝါကို ဖုံးကွယ်၍ အောက်ဘက်ရှိ တောင်တန်းတွင် ပုန်းအောင်းနေသည်။ သူ ဝိညာဉ်လေဓားဆယ်ချောင်းကို တိတ်တဆိတ် ထုတ်လွှတ်ထားလိုက်သည်။ ကောင်းကင်ကံကြမ္မာသင်္ဘောက သုံးကီလိုမီတာအကွာသို့ ရောက်လာသောအခါ သူ ဓားများကို သင်္ဘောဆီသို့ အမြန်ဆုံးအရှိန်ဖြင့် ပစ်လွှတ်လိုက်လေသည်။

“ရန်သူ တိုက်ခိုက်နေပြီ”

ဝိညာဉ်လေဓားဆယ်ချောင်းက ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံအလွှာကို အလွန်ပြင်းထန်စွာ ထိမှန်သွားသောအခါ  သင်္ဘောပေါ်မှ အချက်ပေးသံများ ထွက်ပေါ်လာသည်။ သင်္ဘော၏အကာအရံအလွှာက မျက်စိကျိန်းလောက်အောင် လင်းလက်လာ၏။ နောက်ဆုံးတွင် အကာအရံအလွှာ ပျက်စီးသွားပြီး သင်္ဘောလည်း နှစ်ပိုင်းပြတ်သွားလေသည်။

ထိုကောင်းကင်ကံကြမ္မာသင်္ဘောက အရွယ်အစားကြီးသော်လည်း ထန်မျိုးနွယ်၏ ‌ကောင်းကင်ကံကြမ္မာသင်္ဘောကို မည်သို့မှ မယှဉ်နိုင်ပေ။ သို့ဖြစ်ရာ အမြန်ဆုံးအရှိန်နှင့် ပျံဝင်လာသည့် ဝိညာဉ်လေဓားဆယ်ချောင်းကြောင့် ၎င်း နှစ်ပိုင်းပြတ်သွားခြင်းမှာ အံ့အားသင့်စရာ မရှိပေ။ ကျန်းရီက ဝူနီ၏ ထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘောကိုပင် အပိုင်းပိုင်းပြတ်သွားအောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလား။

ဝှစ်...ဝှစ်...

သင်္ဘော နှစ်ခြမ်းပြတ်သွားသောအခါ သင်္ဘောအတွင်းမှနေ၍ စွမ်းအားကြီး သိုင်းသမားရာကျော် ပျံထွက်လာသည်။ ထိုသိုင်းသမားများကြားတွင် လီဟုန်လည်း ပါသည်။ သူ့ကိုယ်ပေါ်တွင် ဘောင်းဘီတစ်ထည်မှလွဲ၍ အခြားမည်သည့်အဝတ်အစားမှ မပါပေ။ သူ့လက်တစ်ဘက်စီတွင် မိန်းမပျိုတစ်ယောက်စီ ရှိနေသည်။ သူမတို့၏ အဝတ်အစားများကလည်း ဖရိုဖရဲ ဖြစ်နေပေသည်။ လီဟုန်သည် ဆက်မစောင့်နိုင်တော့၍ နတ်ဘုရားအသံလှိုင်းမြို့မှ ထွက်လာလျှင်ထွက်လာချင်း မိန်းမပျိုနှစ်ယောက်ကို အဓမ္မကျင့်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

ကျန်းရီ အချိန်မီ ရောက်လာခဲ့ပြီး လျင်မြန်စွာ လှုပ်ရှားခဲ့၍သာ တော်သေးသည်။ သူသာ မိနစ်အနည်းငယ်မျှ နောက်ကျသွားပါက ထန်ရွှယ်နှင့် ထန်ယန်တို့က အစော်ကားခံလိုက်ရမည်ဖြစ်သည်။

“သေပေတော့...”

ကျန်းရီသည် ထန်ရွှယ်နှင့် ထန်ယန်တို့၏ မျက်နှာက နီမြန်း ယောင်ရမ်းနေသည်ကို တွေ့လိုက်သောအခါ အသိစိတ်လွှတ်လုမတတ် ဒေါသူပုန်ထသွားလေသည်။ လီဟုန်က သူမတို့ကို ရိုက်နှက်ထားကြောင်း သိသာသည်။ ကျန်းရီ၏ ရင်ထဲတွင် ရုတ်ခြည်း ဒေါသများ ပြည့်နှက်သွားသည်။ သူ သက်တန့်ဝိညာဉ်လှံကို ထုတ်လိုက်၏။ ထို့ပြင် သူ၏လက်တစ်ဘက်က ဝိညာဉ်လေဓားများကို ထိန်းချုပ်လိုက်ပြီး ကျန်တစ်ဘက်က ဓားပျော့ကို ထိန်းချုပ်လိုက်သည်။ သူတို့ ကြောက်မက်ဖွယ် အသံများကို စတင် ကြားလာရလေသည်။

ဝူ...ဝူ...

ယခုတွင် ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က ပို၍ အစွမ်းထက်နေပေပြီ။ သူသည် နတ်ဘုရားအသံလှိုင်းတောင်ကြားတွင် သိမြင်နားလည်ခဲ့သော အရာများကို အသုံးချလိုက်သည်။ အသံများက စူးရှရုံသက်သက်သာ မဟုတ်တော့ဘဲ လွှမ်းမိုးအားကြီးသော သတ်ဖြတ်အရှိန်အဝါများကိုလည်း သယ်ဆောင်လာပြီဖြစ်သည်။ ထိုအသံများမှာ ကြောက်မက်ဖွယ်သားရဲတစ်ကောင်က ကောင်းကင်ထက်မှနေ၍ အော်လိုက်သော အသံများကဲ့သို့ပင်။ ထို့ကြောင့် ရန်သူများ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

“အာ...”

သင်္ဘောပေါ်တွင် လူရာကျော် ရှိပေသည်။ သူတို့အများစုက စွမ်းအားကြီး သိုင်းသမားများ ဖြစ်ကြသည်။ သူတို့ထဲတွင် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ရှိသူ ဆယ်ယောက်ကျော်လည်း ပါသည်။ သို့သော် ကြယ်ငါးပွင့်အဆင့် သိုင်းပညာရှင်ကတော့ နှစ်ယောက်သာ ပါပေသည်။ လီဟုန်က လီမျိုးနွယ်၏ တတိယအကြီးအကဲဖြစ်သည်။ ထို့ပြင် သူတို့သည် ဘုံကြိုးပြတ်ဒေသနှင့် နီးသော နတ်ဘုရားအသံလှိုင်းဒေသသို့ လာခဲ့ခြင်းဖြစ်ရာ စွမ်းအားကြီး တိုက်ခိုက်ရေးသမားများစွာ ခေါ်မလာခဲ့ပေ။

ကျန်းရီ ပထမဆုံး သတ်လိုသော လူများမှာ ကြယ်ငါးပွင့် သိုင်းပညာရှင်နှစ်ယောက်ဖြစ်သည်။

ဝှစ်...ဝှစ်...

သက်တန့်ဝိညာဉ်လှံက အမြန်ဆုံးအရှိန်ဖြင့် ပျံထွက်သွားသည်။ ၎င်းလှံက နှင်းဒေသတွင် စွမ်းအားကြီး ကြယ်ငါးပွင့် ပညာရှင်များစွာကို သတ်နိုင်ခဲ့သော လှံဖြစ်သည်။ ယခု ကြယ်ငါးပွင့် ပညာရှင်နှစ်ယောက်ကလည်း ခြွင်းချက်မဟုတ်ပေ။ ထို့ပြင် ကျန်းရီက နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် ဝိညာဉ်လေဓားများကိုလည်း ထုတ်လွှတ်ထားသည်။

ကြယ်ငါးပွင့် သိုင်းပညာရှင်နှစ်ယောက်သည် အလစ်တိုက်ခိုက်ခံရမည်ဟု မမျှော်လင့်ထားကြောင်း ထင်ရှားသည်။ သူတို့က သင်္ဘောပျက်စီးသွား၍ တုန်လှုပ်နေဆဲဖြစ်သည်။ ကျန်းရီ ထွက်ပေါ်လာသည့်အခိုက်တွင်မူ သူတို့ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ကြားလိုက်ကြရသည်။ သက်တန့်ဝိညာဉ်လှံကလည်း လေထဲတွင် ထွက်ပေါ်လာခဲ့သည်။ ပညာရှင်တစ်ယောက်၏ စိတ်ဝိညာဉ်က လှံ၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီး ကျန်တစ်ယောက်ကမူ နတ်ဘုရားအသံ ကောင်းကင်အတတ်၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။ အဆုံးသတ်က မျှော်လင့်ထားသကဲ့သို့ပင်။ သူတို့ ပြန်မတုံ့ပြန်နိုင်သေးခင်မှာပင် သူတို့၏ စိတ်ဝိညာဉ်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ ဝိညာဉ်လေဓားများကလည်း သူတို့၏ခန္ဓာကိုယ်ကို အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားအောင် လုပ်လိုက်သည်။

ကျန်းရီသည် ကြယ်ငါးပွင့် ပညာရှင်နှစ်ယောက်ကို ရှင်းပြီးသည်နှင့် ကျန်သိုင်းသမားများကို အေးအေးလူလူ ဆက်ရှင်းလိုက်သည်။ နတ်ဘုရားအသံ ကောင်းကင်အတတ်၏ အောက်တွင် မည်သူမှ မလှုပ်နိုင်ကြပေ။ သူတို့ထဲမှ အချို့က အလွန်ကြောက်ရွံ့တုန်လှုပ်နေပုံပေါ်သည်။ သက်တန့်ဝိညာဉ်လှံက သူတို့အားလုံး၏ စိတ်ဝိညာဉ်ကို ဖောက်ထွင်းသွားသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့သည် စိတ်ဝိညာဉ်ပျက်စီးကာ အသက်ဆုံးရှုံးသွားကြသည်။

ဝှစ်...

ကျန်းရီက ရူးသွပ်နေသော နဂါးတစ်ကောင်ကဲ့သို့ ပျံသန်းလား၏။ သူ့လက်ထဲမှ ဓားပျော့က အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ လီဟုန်၏ ဝမ်းဗိုက်ကို တွတ်လိုက်သည်။ လီဟုန်၏ ဒန်တျန် ပျက်စီးသွားပေပြီ။ ထို့နောက် ကျန်းရီက ဓားပျော့ကို အောက်သို့ ဆက်ရွှေ့လိုက်ရာ လီဟုန်၏ ခြေထောက်နှစ်ချောင်းကြားမှနေ၍ သွေးများ စီးကျလာလေသည်။ ယခုတွင် လီဟုန်တစ်ယောက် မိန်းမစိုးအိုကြီးဖြစ်သွားပေပြီ။

ရွှီး...

ကျန်းရီသည် ဧကရာဇ်နန်းတော်ကို ထုတ်လိုက်ပြီး ထန်ရွှယ်နှင့် ထန်ယန်တို့ကို အထဲသို့ ထည့်လိုက်သည်။ သင်းကွပ်ခံလိုက်ရပြီဖြစ်သော လီဟုန်ကို သူ အရေးမစိုက်တော့ပေ။ ထို့နောက် သူသည် ထောက်လှမ်းရေးနှစ်ယောက် ပုန်းအောင်းနေသော မြောက်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ သူ ထိုနှစ်ယောက်ကိုလည်း သတ်ရပေမည်။

“ပြေးတော့...”

ကျန်းရီက နတ်ဘုရားအသံ ‌ကောင်းကင်အတတ်ကို ပြန်ရုတ်သိမ်းလိုက်သောအခါ ကျန့်မျိုးနွယ်မှ ထောက်လှမ်းရေးနှစ်ယောက် ပြန်အသိဝင်လာပြီး တစ်ဘက်စီသို့ ထွက်ပြေးကြသည်။ တစ်ယောက်က အရှေ့မြောက်ဘက်သို့ ပြေးပြီ ကျန်တစ်ယောက်က အနောက်တောင်ဘက်သို့ ပြေးသည်။ သူတို့သည် ဤအကြောင်းကို ကျန့်ထျန်းလဲ့ထံ သတင်းပြန်ပို့နိုင်ရန် အမြန်ဆုံးအရှိန်ဖြင့် ပျံပြေးနေကြသည်။

ဝူ...ဝူ...

သို့သော် ထောက်လှမ်းရေးနှစ်ယောက် သုံးကီလိုမီတာမျှ ပြေးပြီးနောက်တွင် ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က ထပ်မံထွက်ပေါ်လာလေသည်။ သူတို့သည် အဆင့်မြင့် ထောက်လှမ်းရေးများဖြစ်ပြီး အမြန်ဆုံးအရှိန်ဖြင့် ပြေးခဲ့သော်လည်း နတ်ဘုရားအသံ ကောင်းကင်အတတ် ထွက်ပေါ်လာသောအခါ နှစ်ယောက်စလုံး သူတို့၏ခေါင်းကို ဆုပ်ကိုင်၍ ကောင်းကင်ထက်တွင် လူးလှိမ့်သွားကြသည်။

ဝှစ်...ဝှစ်...

သက်တန့်ဝိညာဉ်လှံက ထိုနှစ်ယောက်၏ ဝိညာဉ်များကို ထိုးဖောက်ဖျက်ဆီးလိုက်သည်။

“အား...အား...”

ဝက်သတ်သံကဲ့သို့ အော်သံများ ထွက်လာသည်။ ကျန်းရီ ဓားပျော့ကို ပြန်သိမ်းလိုက်၏။ ထို့နောက် သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ လီဟုန်က မြေပြင်ပေါ်တွင် ရှိနေသည်။ သူသည် လက်တစ်ဘက်ဖြင့် ဝမ်းဗိုက်ကို ကိုင်ထားပြီး ကျန်တစ်ဘက်ဖြင့် သူ၏ ရွှေပန်း ရှိခဲ့ဖူးသော နေရာကို ကိုင်ထားလေသည်။

ဝှစ်...

ကျန်းရီက သေမင်းတစ်ပါးကဲ့သို့ လျင်မြန်စွာ ပျံသန်းသွား၏။ သူ့ပုံစံမှာ ယခင်ကတည်းက လွန်စွာ အေးစက်ခက်ထန်ခဲ့သည်။ ယခုတွင် သတ်ဖြတ်အရှိန်အဝါပါ ရှိနေရာ သူက မိစ္ဆာနတ်ဘုရားတစ်ကောင်နှင့် တူနေပေသည်။ လီဟုန်သည် သတ်ဖြတ်အရှိန်အဝါကို ခံစားမိလိုက်၍ ခေါင်းမော့ကြည့်လိုက်၏။ ထို့နောက် သူ ဒေါသတကြီး အော်ပြောလိုက်သည်။

“ရီစန်... အမှိုက်ကောင်... မင်းက လီမျိုးနွယ်က လူတွေကို သတ်ပြီး ငါလီဟုန်ကို ဒုက္ခိတဖြစ်သွားအောင် လုပ်ရဲတယ်ပေါ့လေ။ မင်းတော့သွားပြီ။ မင်းတို့တစ်မိသားစုလုံးသွားပြီ။ အခု အသံလှိုင်းဧကရာဇ်နဲ့ ထန်မျိုးနွယ်တောင် မင်းကို ကယ်နိုင်တော့မှာ မဟုတ်ဘူး”

ဝှစ်...

ကျန်းရီက ရုတ်ခြည်းအတွင်း လီဟုန်အနားသို့ ရောက်သွား၏။ သူ လီဟုန်၏ရင်ဘတ်ကို ခြေဖြင့်နင်းလိုက်၏။ ထို့ကြောင့် လီဟုန်၏ခန္ဓာကိုယ်က မြေကြီးထဲ ကျွံဝင်သွားသည်။ ကျန်းရီ၏ အေးစက်စက်အကြည့်က လီဟုန်ကို အရိုးထဲအထိ အေးစိမ့်သွားစေ၏။ ကျန်းရီက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ခင်ဗျားလို ယုတ်မာပြီး ကောက်ကျစ်တဲ့ တဏှာရူးအိုကြီးက ဒီလောကထဲမှာ ဆက်အသက်ရှင်နေနိုင်သေးတာက ဆန်းကြယ်မှုတစ်ခုပဲ။ မပူပါနဲ့... ကျွန်တော် ခင်ဗျားကို မသတ်ပါဘူး။ ဒါပေမဲ့ အခုကစပြီး ခင်ဗျား အရူးတစ်ယောက်ဖြစ်သွားပြီ”

ဝှစ်...

ကျန်းရီသည် သက်တန့်ဝိညာဉ်လှံကို ထပ်မံ ထုတ်လွှတ်၍ လီဟုန်၏ စိတ်ဝိညာဉ်အတွင်းသို့ ဝင်သွားစေလိုက်၏။ သူသည် လီဟုန်၏ စိတ်ဝိညာဉ်ကို ချက်ချင်း ဖျက်ဆီးမပစ်လိုက်ဘဲ ဝိညာဉ်တွင် အက်ကြောင်းများ ထင်လာအောင်သာ လုပ်လိုက်သည်။

“အား...”

လီဟုန်တစ်ယောက် နာကျင်တကြီး အော်လိုက်၏။ သူ့မျက်လုံးများက တဖြည်းဖြည်း ဝေဝါးလာသည်။ ဝိညာဉ်က လူတစ်ယောက်၏ အုတ်မြစ်ဖြစ်သည်။ ယခုတွင် ကျန်းရီက လီဟုန်၏ ဝိညာဉ်ကို ထိခိုက်သွားအောင် လုပ်လိုက်ပြီဖြစ်၍ လီဟုန် ရူးသွပ်သွားပေပြီ။

ယဉ်ရို့ပင်းက ကျန်းရီအား လီဟုန်ကို မသတ်ရန် မျက်နှာရိပ်ပြခဲ့သည်။ သို့သော် ကျန်းရီသည် လီဟုန်ကို တိုက်ခိုက်လိုက်ရပြီဖြစ်ရာ လီဟုန် မသေလျှင် သူ့တစ်သက်လုံး ပြဿနာများနှင့် ရင်ဆိုင်နေရပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီက လီဟုန်ကို ရူးသွားအောင် လုပ်လိုက်ခြင်းဖြစ်သည်။

“ဟွန်း...”

ကျန်းရီသည် လီဟုန်၏ စိတ်ဝိညာဉ်ကို စေ့စေ့စပ်စပ် စစ်ဆေးပြီးနောက် သူ့ပါးစပ်ထဲသို့ ကုသ‌ဆေးလုံးတစ်လုံး ပစ်ထည့်ပေးလိုက်သည်။ လီဟုန်သေ၍ မဖြစ်ပေ။ ထို့နောက် ကျန်းရီ မြေပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။

“‌ကောင်းတယ်... တစ်ယောက်မှ ရှိမနေဘူး။ သွားတာပေါ့...”

ခေတ္တမျှကြာပြီးနောက် ကျန်းရီ မျက်လုံးပြန်ဖွင့်လိုက်ပြီး တောင်ဘက်သို့ ပျံသန်းသွားလိုက်သည်။ သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်သည်ကို သူ အရေးမစိုက်တော့ပေ။ ယခုတွင် သူ နတ်ဘုရားအသံလှိုင်းမြို့၌ ဆက်မနေနိုင်တော့ကြောင်း သူ သိသည်။ ထို့ပြင် သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ မကြာခင်တွင် သွားရတော့မည် ဖြစ်သည်။ အချိန်များစွာ မကျန်တော့ပေ။

***

All Chapters