← Chapters

မင်း သေရမယ်

Vol. 77 Ch. 1075

မင်း သေရမယ်

Vol. 77 Ch. 1075

ဝှစ်...ဝှစ်...

ကျန်းရီ ထွက်သွားပြီးနောက် တစ်နာရီအကြာတွင် လူတစ်စုက မြောက်ဘက်မှနေ၍ ကောင်းကင်ကို ဖြတ်သန်းကာ ရောက်လာကြသည်။ သူတို့လူစုထဲတွင် အနည်းဆုံး ကြယ်ငါးပွင့် သိုင်းပညာရှင် ငါးယောက် ပါဝင်ပေသည်။ သူတို့က ကျန့်ထျန်းလဲ့၏ အမိန့်ဖြင့် ရောက်လာခြင်းဖြစ်သည်။ သူတို့သည် တစ်စစီ ကျိုးပဲ့နေသော ကောင်းကင်ကံကြမ္မာသင်္ဘောနှင့် မြေပြင်ပေါ်မှ အလောင်းများကို မြင်လိုက်သောအခါ ချက်ချင်း မျက်နှာပျက်သွားကြသည်။

“အကြီးအကဲ(၁၆)ကို တင်ပြပါတယ်... လူတိုင်းက ဝိညာဉ်တွေ ဖျက်ဆီးခံလိုက်ရတာပါ။ လီဟုန်နဲ့ တခြားနှစ်ယောက်ကလွဲရင် ကျန်တဲ့လူတွေရဲ့ အလောင်းတွေက အကောင်းအတိုင်း ရှိနေပါသေးတယ်။ သူတို့က ဝိညာဉ်ပျက်စီးသွားလို့ သေကုန်ကြတာပါ။ လီဟုန်ရဲ့ ဒန်တျန်က ဖျက်ဆီးခံလိုက်ရပါပြီ... ပြီးတော့ သူ သင်းကွပ်လည်း ခံလိုက်ရတယ်။ ဒါပေမဲ့ သေတော့ မသေသေးပါဘူး။ ကျန့်ဖူနဲ့ တခြားသူတွေကတော့ အသတ်ခံလိုက်ရပြီ”

လူစုသည် လူခွဲ၍ ပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးလိုက်ကြပြီး လျင်မြန်စွာ သတင်းလာပို့လေသည်။ တစ်ခေါင်းလုံးဖြူဖွေးနေသော အဘိုးအိုတစ်ယောက်က အမိန့်များပေးလိုက်သည်။

“ကျန့်ဟူ၊ ကျန့်ရှုံး... လီဟုန်ကို နတ်ဘုရားအသံလှိုင်းမြို့ကို ပြန်ပို့ပေးလိုက်။ ဘာမှ မပြောနဲ့။ မင်းတို့ သူ့ကို လမ်းမှာ တွေ့ခဲ့လို့ ကူညီပေးခဲ့တာလို့ပဲပြော။ ကျန့်ဖူနဲ့ တခြားအလောင်းတွေကိုလည်း ပြန်သယ်သွား။ ဒီနေရာမှာ ဖြစ်ခဲ့တဲ့ကိစ္စကို သခင်လေးကို တင်ပြပြီး သူ ဘယ်လိုဆက်လုပ်ချင်လဲဆိုတာကို မေးခဲ့...”

“ကျန်တဲ့သူတွေက လူခွဲပြီးတော့ ရီစန်နောက်ကိုလိုက်။ ရီစန်က ကျန့်ဖူနဲ့ တခြားလူတွေကို သတ်ပစ်ခဲ့တာ။ သူ့လက်မှာ သွေးတွေစွန်းနေလောက်တယ်။ အဲ့ဒါကို အာရုံခံနိုင်ဖို့ ကြိုးစားကြ။ သူ့ကို တွေ့ရင် ဘာမှ မလုပ်ကြသေးနဲ့ဦး။ အဲ့လူက စိတ်ဝိညာဉ်တိုက်ခိုက်မှုမှာ တော်တဲ့ သိုင်းသမားတစ်ယောက်ပဲ။ မင်းတို့ တစ်ယောက်၊ နှစ်ယောက်လောက်က သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

“နားလည်ပါပြီ”

နတ်ဘုရားအသံလှိုင်းမြို့သို့ ပြန်သွားသော လူနှစ်ယောက်မှလွဲ၍ ကျန်လူနှစ်ရာက လူစုခွဲကာ ရီစန်ကို ရှာကြလေသည်။

နောက်တစ်နာရီကြာပြီးနောက် ကျန့်ဟူနှင့် ကျန့်ရှုံးတို့က နတ်ဘုရားအသံလှိုင်းမြို့သို့ ပြန်ရောက်သွား၏။ လီဟုန်၏သတင်းက ချက်ချင်း ပျံ့နှံ့သွားသည်။ မကြာခင်မှာပင် နတ်ဘုရားအသံလှိုင်းမြို့တစ်မြို့လုံး ထိုသတင်းကို ကြားပြီးသွားပေပြီ။

လူများစွာသည် ရွံစရာကောင်းသော ထိုတဏှာရူးအိုကြီးကို မုန်းခဲ့ကြ၏။ လူအချို့က လီဟုန်၏သတင်းကို ကြားသောအခါ လက်ခုပ်လက်ဝါးတီး၍ အောင်ပွဲခံကြသည်။ သို့သော် အချို့လူများများက စိုးရိမ်သွားကြသည်။ လီဟုန်က လီမျိုးနွယ်ခေါင်းဆောင်၏ ညီအရင်းဖြစ်ပြီး ယဉ်မျိုးနွယ်နှင့် ဆက်နွယ်မှုရှိသည်။ ထိုကဲ့သို့သော လူတစ်ယောက်က နတ်ဘုရားအသံလှိုင်းမြို့နှင့် မိုင်အနည်းငယ်အကွာတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ရာ ချန်မျိုးနွယ်သာ လုံလောက်သော ရှင်းပြချက်တစ်ခု မပေးပါက အခြားမျိုးနွယ်များသည် လီမျိုးနွယ်နှင့် ယဉ်မျိုးနွယ်၏ ‌ဒေါသကို ရင်ဆိုင်ရမည်ဖြစ်သည်။

ချန်မျိုးနွယ်သည် ဖြစ်ခဲ့သောသတင်းအကြောင်းကို သိလိုက်ရသောအခါ တုန်လှုပ်သွား၏။ ချန်မျိုးနွယ် မိသားစုခေါင်းဆောင်က မျိုးနွယ်မှ လူတိုင်းနှင့် မြို့တွင်းရှိ လူအားလုံးကို စုဝေးစေလိုက်သည်။ သို့ဖြင့် နောက်တစ်နာရီ ကြာပြီးနောက် တရားခံကို ရှာဖွေရန် စွမ်းအားကြီး သိုင်းသမားအားလုံးကို မြိုပြင်သို့ စေလွှတ်လိုက်လေသည်။ မြို့တွင်းရှိ ရပ်ကွက်များ၊ လမ်းများကိုလည်း ပိတ်ထားလိုက်သည်။ သိုင်းသမားများသာမက မြို့ထဲမှ အရပ်သူ၊ အရပ်သားအချို့ကလည်း တရားခံကို ရှာရန် မြို့ပြင်သို့ စေလွှတ်ခြင်း ခံလိုက်ရသည်။

ယဉ်ရို့ပင်းနှင့် လက်ထပ်ပွဲကို တက်ခဲ့သော ယဉ်မျိုးနွယ်မှ လူများက မြို့ထဲမှာပင် ရှိနေသေးဆဲဖြစ်သည်။ သူမတို့သည် သတင်းရလိုက်သောအခါ သူမတို့၏ လက်အောက်ငယ်သားများကို စုဝေးလိုက်ပြီး တရားခံကို ရှာရန် မြို့ပြင်သို့သွားစေလိုက်သည်။ နတ်ဘုရားအသံလှိုင်းဒေသမှ လူများအားလုံးသည်လည်း နောက်ဆက်တွဲသတင်းများကို မျှော်နေကြပေသည်။

***

“ဟင်းဟင်း...”

ချန်မျိုးနွယ်အိမ်တော်၏ ဝဲဆောင်တစ်ခုအတွင်း၌ အေးစက်စက် ရယ်သံတစ်ခုကို ကြားလိုက်ရ၏။ ကျန့်ထျန်းလဲ့သည် ချန်မျိုးနွယ်က မ‌ရေမတွက်နိုင်သော စွမ်းအားကြီး သိုင်းသမားများကို စေလွှတ်၍ ရီစန်ကို ရှာနေကြောင်း ကြားလိုက်ရသောအခါ မရယ်ဘဲမနေနိုင် ဖြစ်သွားခြင်းပင်။

နတ်ဘုရားအသံလှိုင်းဒေသက ချန်မျိုးနွယ်၏ပိုင်နက်ပင်။ သူတို့က တရားခံကို မသိဘဲ နေမည်လော။ လီဟုန် မြို့မှ ထွက်သွားပြီးနောက် မကြာမီတွင် ရီစန်ကလည်း မြို့မှ ထွက်သွားခဲ့သည်။ ချန်မျိုးနွယ်က ထိုအကြောင်းကို မသိဘဲ နေမည်လော။

ရီစန်က အသံလှိုင်းဧကရာဇ်၏တပည့်ဖြစ်ပြီး မကြာမီတွင် နတ်ဘုရားအသံလှိုင်းမြို့ပြင်၌ ထိုကဲ့သို့သော ကိစ္စတစ်ခုဖြစ်ခဲ့သည်။ ချန်မျိုးနွယ်က ထိုကိစ္စနှင့် အမှန်ပင် မဆိုင်သည်လော။ သတင်းရချိန်နှင့် လူများကို စေလွှတ်လိုက်သည့်အချိန် ကြားတွင် တစ်နာရီကြာခဲ့သည်။ ချန်မျိုးနွယ်က ထိုမျှ လုပ်ဆောင်ချက် နှေးသလော။

“ဦးလေးကွေ့... လီဟုန်ရဲ့ ဦးနှောက်ကို ကုလို့ရဦးမလား”

ကျန့်ထျန်းလဲက ခေတ္တမျှ တွေးတောပြီးနောက် မေးလိုက်၏။ အခန်းထောင့်ရှိ ဝတ်ရုံနက်ဝတ်ဆင်ထားသူက ခေါင်းခါကာ ပြောလိုက်သည်။

“ကုသနိုင်ဖို့ တော်တော်ခက်လိမ့်မယ်။ ကျွန်တော်ကိုယ်တိုင် သူ့ကို စစ်ကြည့်ခဲ့တယ်။ သူ့ဦးနှောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ၊ သူ့ရဲ့စိတ်ဝိညာဉ်ကလည်း ထိခိုက်သွားတယ်။ သူ့ကို ကုသဖို့အတွက် တန်ကြေးကြီးကြီးတစ်ခု ပေးရင်ပေး ဒါမှမဟုတ် ယဉ်ဧကရာဇ်ကိုယ်တိုင် တစ်ခုခု လုပ်ပေးမှ သူ ပြန်ကောင်းနိုင်လိမ့်မယ်...”

“လီဟုန်က သူ့ဘဝတစ်လျှောက်လုံးမှာ မကောင်းတဲ့ကိစ္စတွေ အများကြီး လုပ်ခဲ့တော့ ရန်သူတွေ အများကြီး ရှိတယ်။ လီမျိုးနွယ်ကလည်း တစ်ချိန်ချိန်တော့ ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မယ်ဆိုတာကို မှန်းထားပြီးလောက်ပါပြီ။ ယဉ်ဧကရာဇ်လည်း ဝင်ပါလောက်မှာ မဟုတ်ဘူး”

“အဲ့ကောင်စုတ်ရီစန်က တကယ် ရက်စက်တာပဲ”

ကျန့်ထျန်းလဲ့ မျက်နှာထား တင်းမာသွား၏။ ထို့နောက် သူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“အဲ့ကောင်စုတ်က ဘာလို့ အဲ့လောက် သန်မာနေရတာလဲ။ သူက လူတိုင်းရဲ့ စိတ်ဝိညာဉ်တွေကို စက္ကန့်ပိုင်းအတွင်း ဘယ်လို ဖျက်ဆီးပစ်လိုက်တာလဲ။ အဲ့စိတ်ဝိညာဉ်တိုက်ခိုက်မှုက တော်တော် အစွမ်းထက်လွန်းတယ်။ ကိုယ့်စိတ်ဝိညာဉ်ရဲ့ တစ်ဝက်လောက်ပဲ တိုက်ခိုက်ခံလိုက်ရရင်တောင် သေသွားဦးမှာပဲ”

သို့သော် ကျန့်ထျန်းလဲ့သည် ကျန်းရီနှင့် ရီစန်တို့ကို အတူမချိတ်ဆက်မိပေ။ ကျန်းရီ ပျောက်သွားခဲ့သည်မှာ နှစ်နှစ်ကျော်ခဲ့ပြီ မဟုတ်ပါလား။ ကျန်းရီက မြောက်ဘက်ဧကရာဇ်၏ သတ်ဖြတ်မှုကို ခံလိုက်ရပြီဟူသော ကောလာဟလများလည်း ရှိနေပေသည်။ ထို့ပြင် အသံလှိုင်းဧကရာဇ်က ရီစန်ကို တပည့်အဖြစ် လက်ခံခဲ့သည်။ သို့ဖြစ်ရာ ရီစန်၏ နောက်ကြောင်းတွင် မည်သည့်ပြဿနာမှ မရှိနိုင်ပေ။ ကျန့်ထျန်းလဲ့သည် အသံလှိုင်းဧကရာဇ်က အရိပ်ဧကရာဇ်နှင့် ပတ်သတ်မှုရှိနေသည်ကို မသိထားသည် မဟုတ်ပါလား။ လီဟုန်တို့အသတ်ခံလိုက်ရသည်ပုံစံကလည်း ကျန်းရီ သုံးတတ်သော ပုံစံမျိုး မဟုတ်ချေ။

“သခင်လေး...”

ဝတ်ရုံနက်နှင့်လူက ရုတ်တရက် ပြောလိုက်သည်။

“လီဟုန်ကို တိုက်ခိုက်ခဲ့တဲ့လူက ရီစန်ဆိုတဲ့အကြောင်းကို သတင်းဖြန့်လိုက်ရမလား။ အဲ့လိုဆိုရင် ချန်မျိုးနွယ်လည်း သူ့ကို တကယ် လိုက်ဖမ်းရတော့မှာပဲ။ ယဉ်မျိုးနွယ်ကလည်း အဲ့ကိစ္စကို လျစ်လျူရှုထားနိုင်တော့မှာ မဟုတ်ဘူး”

“အဲ့လိုလုပ်လို့ မရဘူး...”

ကျန့်ထျန်းလဲ့က ပခုံးတွန့်ကာ ပြောလိုက်သည်။

“အခု လီဟုန်က ရူးနေပြီ။ သူ့မှာ ဘာတန်ဖိုးမှ မရှိတော့ဘူး။ ပြီးတော့ သူ့ရဲ့ဂုဏ်သတင်းက ဆိုးရွားလွန်းတယ်။ ယဉ်မျိုးနွယ်က သူ့အတွက်နဲ့ လက်ချောင်းတစ်ချောင်းတောင် မြှောက်မှာ မဟုတ်ဘူး။ သူတို့က သူသေသွားရင်တောင် ကျိတ်ပျော်နေကြမှာ။ ကျွန်‌တော်တို့သာ ဒီကိစ္စကို ကြီးသွားအောင် လေပင့်လိုက်ရင် အသံလှိုင်းဧကရာဇ်ကိုယ်တိုင် ထွက်လာပြီး ရီစန်ကို ကာကွယ်ပေးမှာပဲ။ ရီစန်က ဘာမှ ဖြစ်လိုက်မှာ မဟုတ်ဘူး။ အဲ့အခါကျရင် ကျွန်တော်တို့တောင် သူ့ကို ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ အခုအခြေအနေမှာကျ ရို့ပင်းအတွက် လက်စားချေပေးတာလို့ အကြောင်းပြပြီး ကျွန်တော်တို့ သူ့နောက်ကို လိုက်နိုင်သေးတယ်။ ကျွန်တော်တို့ ရီစန်ကို သတ်ပစ်လိုက်ရင်တောင် အသံလှိုင်းဧကရာဇ်က ဘာမှ ပြောနိုင်မှာ မဟုတ်ဘူး”

ဝတ်ရုံနက်နှင့်လူသည် ကျန့်ထျန်းလဲ့၏ စကားများက အကျိုးအကြောင်းဆီလျော်သည်ဟု တွေးမိသော်လည်း လက်ဆုပ်ကာ ထပ်ပြောလိုက်လေသည်။

“ပြဿနာက ရီစန်က သန်မာလွန်းတာပဲ။ အကြီးအကဲ(၁၆)နဲ့ တခြားသူတွေက သွေးကြွေးအတတ်ကို သုံးပြီး ခြေရာခံတာတောင် အခုထိ သူ့ကို ခြေရာမခံနိုင်‌သေးဘူး။ သူ့ကို သတ်ဖို့ဆိုရင် သခင်လေးကိုယ်တိုင် ဝင်ပါမှရမယ် ထင်တယ်။ အဲ့လိုမဟုတ်လည်း မျိုးနွယ်ကို စွမ်းအားကြီး သိုင်းသမားတွေ စေလွှတ်ပေးလိုက်ဖို့ တောင်းဆိုတာမျိုး လုပ်ရလိမ့်မယ်”

“မဖြစ်နိုင်ဘူး...”

ကျန့်ထျန်းလဲ့က ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။

“ဦးလေးကွေ့လည်း မျိုးနွယ်စည်းမျဉ်းတွေကို သိတာပဲ။ ရီစန်က ကျွန်တော်တို့ကို တိုက်ရိုက် အပြစ်ပြုတာ မဟုတ်ဘူး။ ကျွန်တော်တို့က အဲ့ကိစ္စအတွက်နဲ့ မျိုးနွယ်က စွမ်းအားကြီး သိုင်းသမားတွေကို သုံးတယ်ဆိုတာကို အဘိုးသာ သိသွားရင် ကျွန်တော် မျိုးနွယ်ခေါင်းဆောင်ငယ် ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။ ဘာလို့... ဦလေးကွေ့ကိုယ်တိုင် မသွားတာလဲ။ ကျွန်တော်တို့နဲ့ ဆက်ဆံရေးကောင်းတဲ့ ပတ်ဝန်းကျင်ဒေသတွေက မျိုးနွယ်တွေကို အကူအညီတောင်းကြည့်ပေါ့။ သူတို့ကို စွမ်းအားကြီး သိုင်းသမားတွေ စုစည်းခိုင်းပြီး ရီစန်ကို သတ်ခိုင်းလိုက်ပေါ့။ ကျွန်တော်က အကူအညီတောင်းတာပါလို့ သူတို့ကို ပြောလိုက်ရင် သူတို့ သဘောတူမှာပါ။ ပြီးတော့... ကျွန်တော်တို့ ရီစန်ကို သတ်နိုင်ခဲ့ရင် သူ့ဆီက နတ်သူငယ်သခင်မမျိုးနွယ်ဝင်နှစ်ယောက်ကို ပြန်‌ခေါ်ခဲ့ဖို့ မမေ့နဲ့ဦးနော်”

“ဟုတ်ကဲ့ပါ”

ဝတ်ရုံနက်နှင့်လူက လက်ဆုပ်ကာ ပြောလိုက်ပြီး အသံတစ်ချက်မထွက်ဘဲ ပျောက်ကွယ်သွားလေသည်။ ထို့နောက်တွင် ကျန့်ထျန်းလဲ့က သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် သူ့ဘာသာ ရေရွတ်လိုက်သည်။

“ရီစန်... မင်းက ထန်မျိုးနွယ်က တပ်မှူးလား ဒါမှမဟုတ် အသံလှိုင်းဧကရာဇ်ရဲ့ တပည့်လားဆိုတာကို ငါ ဂရုမစိုက်ဘူး။ မင်း ရို့ပင်းကို လာထိရဲရင် ငါ မင်းကို သတ်ပစ်မယ်”

“ရို့ပင်း...”

ကျန့်ထျန်းလဲ့သည် ယဉ်ရို့ပင်းအကြောင်းကို တွေးရင်းဖြင့် အချစ်ရော အမုန်းကိုပါ ခံစားလာရသည်။ သူသည် ယဉ်ရို့ပင်းကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့သည့် လွန်ခဲ့သောငါးနှစ်ကတည်းမှစ၍ သူမကို နဖူးမှခြေဖျားအထိ ချစ်ခဲ့သည်။ သူက သူမကို နှစ်ပေါင်းများစွာ ပိုးပန်းခဲ့သော်လည်း သူမက အေးတစ်ခါ၊ ပူတစ်လှည့်သာ လုပ်နေခဲ့သည်။ တစ်ခါတရံတွင် သူမက သူနှင့် နီးစပ်သည်ဟု ခံစားရသည်။ တစ်ခါတရံတွင်မူ သူမက ဝေးကွာနေသည်ဟု ခံစားရသည်။

လွန်ခဲ့သော လအနည်းငယ်တုန်းက ကျန့်ထျန်းလဲ့တစ်ယောက် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ သူ၏ ဂုဏ်သတင်းကလည်း လျင်မြန်စွာ တိုးတက်လာသည်။ ထို့နောက်တွင် သူ ယဉ်ရို့ပင်းကို လက်ထပ်ခွင့် တောင်းခဲ့သည်။ ယဉ်ဧကရာဇ်က သူနှင့် ယဉ်ရို့ပင်းကို လက်ထပ်ပေးရန် သဘောတူလိုက်၍ သူ အလွန်ဝမ်းမြောက်ခဲ့ရသည်။ မကြာခင်မှာပဲ သူနှင့် ယဉ်ရို့ပင်းတို့ စေ့စပ်ခဲ့ကြသည်။

သို့သော်...

စေ့စပ်ပြီးနောက်တွင်လည်း ယဉ်ရို့ပင်းက သူ့ကို ယခင်ကအတိုင်းသာ ဆက်ဆံနေသေးကြောင်း ကျန့်ထျန်းလဲ့ သိခဲ့ရသည်။ သူမသည် အပေါ်ယံတွင် ယဉ်ကျေးပျူငှာပုံ ပေါ်သော်လည်း ရင်ထဲတွင်မူ အေးစက်နေဆဲပင်။ သူမက သူမ၏နှလုံးသားကို သူ့အတွက် တစ်ခါမှ ဖွင့်မပေးခဲ့ချေ။ သူသည် သူမအတွက်နှင့် မိုင်သန်းချီဝေးသော နတ်ဘုရားအသံလှိုင်းဒေသသို့ လိုက်လာခဲ့သော်လည်း သူမက သူ့အပေါ် ချစ်ခင်မှုအနည်းငယ်ပင် မပြသခဲ့သေးပေ။

ထို့ကြောင့် ကျန့်ထျန်းလဲ့တစ်ယောက် အလွန်နာကျင်ခံစားနေရသည်။ သူသည် လူကို ရခဲ့သော်လည်း နှလုံးသားကို မရခဲ့ပေ။ သို့ဆိုလျှင် ဘာအဓိပ္ပာယ်ရှိပါဦးမည်နည်း။ သူသည် ယဉ်ရို့ပင်းက သွေးအေးသူတစ်ယောက်ဖြစ်၍ မည်သည့်ယောက်ျားကိုမှ ချစ်ခင်မည်မဟုတ်ဟုတွေးကာ သူ့စိတ်သူ ဖြေခဲ့ရသည်။ သို့သော် ယနေ့တွင် သူမ၏ လျှို့ဝှက်ချက်ကြီးတစ်ခု သူ ရှာတွေ့ခဲ့ပေပြီ။ သူမက သူ့အပေါ် အေးစက်စက် ဆက်ဆံနေခြင်းမှာ ယခင်ကတည်း အခြားယောက်ျားတစ်ယောက်နှင့် တိတ်တိတ်ပု်နး ပတ်သတ်နေခဲ့၍ဖြစ်သည်။ သို့ဖြစ်ရာ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။ သူ မည်သို့ ကျေနပ်နိုင်ပါမည်နည်း။

လီဟုန်၏သတင်း ပျံ့နှံ့သွားပြီးနောက်တွင် ယဉ်ရို့ပင်းက တရားခံကို ရှာရန် သူမ၏မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများကို စေလွှတ်ခဲ့သည်။ သို့သော် ယဉ်ရို့ပင်းက အနည်းငယ်ပင် ဒေါသထွက်မနေကြောင်း ကျန့်ထျန်းလဲ့ ကောင်းကောင်းသိသည်။ အမှန်တွင် သူမ၏ပခုံးထက်မှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုပင် ကျသွားဦးမည်ဖြစ်သည်။ ထို့ပြင် သူမသည် ချန်မျိုးနွယ်အား တရားခံကိုရှာရန် လုံးဝဖိအားမပေးခဲ့ချေ။ တိတိကျကျဆိုရလျှင် သူမသည် လူများစေလွှတ်ပြီးနောက် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ သူမ၏အခန်းထဲသို့သာ ပြန်သွားခဲ့သည်။

ထိုလုပ်ရပ်များက မည်သည့်အဓိပ္ပာယ်နည်း။ ရီစန်က လီဟုန်အား တိုက်ခိုက်မည်ကို သူမ ကြိုသိထားသည်ဆိုသော အဓိပ္ပာယ်ပင်။ ယနေ့တွင် လီဟုန်မသေခဲ့ခြင်းမှာ ရီစန်က ယဉ်ရို့ပင်း၏မျက်နှာကို ထောက်ထားခဲ့၍သာ ဖြစ်သည်။

ဖြစ်ကြောင်းကုန်စင်မှာ အထက်ပါအတိုင်းပင်။

အရာအားလုံးက ယဉ်ရို့ပင်းနှင့် ရီစန်တို့ကြားတွင် ထူးခြားသောဆက်ဆံရေးတစ်ခု ရှိနေကြောင်း ပြသနေသည်။ ကျန့်ထျန်းလဲ့ ချစ်ရသော အမျိုးသမီး၊ ကျန့်ထျန်းလဲ့နှင့် စေ့စပ်ထားသော အမျိုးသမီးက အခြားယောက်ျားတစ်ယောက်နှင့် ချစ်ကြိုးသွယ်နေသည်။ ထိုအခြေအနေတွင် မည်သူမဆို ဒေါသထွက်မည်သာ။

ဝုန်း...

ကျန့်ထျန်းလဲ့သည် ထိုအကြောင်းကို တွေးလေလေ၊ ပိုဒေါသထွက်လာလေလေပင်။ သူ စားပွဲခုံတစ်လုံးကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ထိုစားပွဲခုံ အမှုန့်ဖြစ်သွားသည်။ ထို့နောက် သူ အံကြိတ်ကာ ကြုံးဝါးလိုက်သည်။

“ရီစန် မင်း‌ သေရမယ်။ မင်း သေရမယ်”

***

All Chapters