လိုက်ဖမ်းခံရခြင်း
Vol. 78 Ch. 1076
“အင်း... အဲ့မြို့ကလည်း ပိတ်ထားတာပဲ”
နတ်ဘုရားအသံလှိုင်းမြို့၏တောင်ဘက် ကီလိုမီတာငါးထောင်အကွာရှိ မြို့ငယ်လေးတစ်ခု၏ အပြင်ဘက်တွင် စစ်ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသော တုတ်ခိုင်သန်မာသည့် ယောက်ျားတစ်ယောက်က ပိတ်ထားသော မြို့ဂိတ်တံခါးကိုကြည့်ရင်း ခေါင်းခါကာ သက်ပြင်းလေးလေးတစ်ချက် ချလိုက်သည်။
ထိုမြို့မှာ ကျန်းရီ ဝင်ရန် ကြိုးစားခဲ့သော ဆယ်မြို့မြောက်မြို့ဖြစ်သည်။ ကျန်းရီသည် လီဟုန်ကို အပြင်းအထန် ဒဏ်ရာရစေပြီးနောက် ချက်ချင်း အဝေးသို့ ထွက်ပြေးသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ရုပ်သွင်ကို ထပ်မံ ပြောင်းလဲခဲ့သည်။ ယခုတွင် သူက တုတ်ခိုင်သော အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက် ဖြစ်နေပေပြီ။ သူ၏ကျင့်ကြံခြင်းအဆင့်က ကောင်းကင်ဧကရာဇ် သတ္တမအဆင့် ဖြစ်သည်။ မူလတွင် သူသည် မြို့ငယ်လေးတစ်မြို့ကို ရှာ၍ ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးကာ နတ်ဘုရားအသံလှိုင်းဒေသမှ အမြန်ဆုံး ထွက်သွားရန် ကြံရွယ်ထားခဲ့သည်။ ယခုတွင်မူ သူက မည်သည့်မြို့ကိုမှ မဝင်နိုင်ကြောင်း သူ သိလိုက်ရပေပြီ။
“ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုသိခဲ့ရင် ငါ ထန်မင်နဲ့ တစ်နေရာရာမှာ တွေ့ဆုံဖို့ စီစဉ်ခဲ့ပါတယ်။ အဲ့ဒါဆို သူ့ရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးနိုင်မှာပဲ”
ကျန်းရီ ခေါင်းကုတ်လိုက်သည်။ သူ မြို့တစ်မြို့သို့ မဝင်နိုင်လျှင် ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးလျှင်သုံး၊ မဟုတ်လျှင် ကိုယ်တိုင်ပျံသန်း၍ သွားရန်သာ ရှိတော့သည်။
“ထားလိုက်ပါတော့... ငါ ပျံပြီးတော့ပဲ နတ်ဘုရားအသံလှိုင်းဒေသက ထွက်သွားတော့မယ်။ နေ့ရောညပါ ပျံရင် အချိန်သိပ်ကြာမှာ မဟုတ်ပါဘူး”
ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို မသုံးဝံ့ပေ။ သူသာ မြို့တစ်မြို့ထဲတွင် ပြန်ပေါ်လာခဲ့လျှင် သူမည်သူဖြစ်ကြောင်း ပေါ်သွားမည်ဖြစ်သည်။ သို့ဆိုလျှင် သူသည် သူ့အကြောင်း မပေါက်ကြားသွားစေရန် ထိုမြို့ထဲရှိ လူအားလုံးကို သတ်ပစ်ရပေလိမ့်မည်။
ကောင်းသောအချက်တစ်ခုမှာ နတ်ဘုရားအသံလှိုင်းမြို့က နတ်ဘုရားအသံလှိုင်းဒေသ၏ တောင်ဘက်တွင် ရှိနေခြင်းပင်။ ကျန်းရီ တောင်ဘက်သို့ ဆက်၍ပျံသန်းသွားပါက နတ်ဘုရားအသံလှိုင်းဒေသအပြင်သို့ ရောက်ရန် ဆယ်ရက်လောက်သာ လိုမည်ဖြစ်သည်။ တောင်ဘက်တွင် ယဉ်မျိုးနွယ်၏ဒေသတစ်ခု ရှိသည်။ သူသည် ထိုဒေသသို့ရောက်မှ မြို့ငယ်တစ်မြို့ကို ရှာ၍ ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကို စီးကာ ကျန်ခရီးကို ဆက်သွားနိုင်သည်။
ဝှစ်...
ကျန်းရီ ဆက်လက်ပျံသန်းသွားလိုက်၏။ သို့သော် သူ၏အမြန်နှုန်းက ကောင်းကင်ဧကရာဇ် သတ္တမအဆင့်ရှိသူတစ်ယောက်၏ အမြန်နှုန်းအတိုင်းပင်ဖြစ်သည်။ သူက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်တွင် ရှိနေလျှင် လူများက သူ့ကို သတိပြုမိသွားပေလိမ့်မည်။
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီ တစ်နာရီခန့် ပျံသန်းပြီးနောက် သူ့အရှေ့တွင် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီး ထွက်ပေါ်လာသည်။ သူ ချက်ချင်း အရှိန်လျှော့လိုက်ပြီး သူ၏အရှိန်အဝါကို ကောင်းကင်ဧကရာဇ် ပဉ္စမအဆင့်သို့ ပြောင်းလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်ကံကြမ္မာသင်္ဘော၏ လမ်းကြောင်းမှ ဘေးဖယ်ပေးလိုက်သည်။ သူ့မျက်နှာထားက တည်ငြိမ်နေပြီး စိုးရိမ်သည့် အရိပ်အယောင်တစ်ခုကိုပင် ဖော်ပြမနေပေ။
ရွှီး...
ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံအလွှာက ပွင့်သွားပြီး စွမ်းအားကြီဂ သိုင်းသမားတစ်စု ပျံထွက်လာသည်။ သူတို့အားလုံးက စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သတ်ဖြတ်အရှိန်အဝါများ ထုတ်လွှတ်နေကြသည်။ အုပ်စုအရှေ့မှ အထွတ်အထိပ် ကောင်းကင်ဧကရာဇ်က လှမ်းအော်လိုက်သည်။
“မလှုပ်နဲ့”
ကျန်းရီ နေရာတွင်ပင် ရပ်နေလိုက်သည်။ လူဆယ်ယောက်ကျော်က သူ့ထံသို့ ပျံသန်းလာသည်။ ကျန်းရီ လက်ဆုပ်ကာ မေးလိုက်သည်။
“လူကြီးမင်းတို့... ဘာကိစ္စရှိလို့ပါလဲ”
အထွတ်အထိပ် ကောင်းကင်ဧကရာဇ်က ကျန်းရီကို ခေါင်းအစ၊ ခြေအဆုံး ကြည့်လိုက်ပြီး မေးလိုက်သည်။
“လီဟုန်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့သူကို မင်း မြင်လိုက်သေးလား”
ကျန်းရီ ဝမ်းသာသွား၏။ သို့သော် သူသည် မျက်နှာသေဖြင့်သာ ပြန်ပြောလိုက်သည်။
“လူကြီးမင်း... ကျွန်တော် မတွေ့ခဲ့ပါဘူး”
“အင်း...”
အထွတ်အထိပ် ကောင်းကင်ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။
“တကယ်လို့ မင်း မသင်္ကာစရာလူတစ်ယောက်ယောက်ကို တွေ့ရင် မြို့ကိုလာပြီး ချက်ချင်း သတင်းပို့ပါ။ ငါတို့မျိုးနွယ်ရဲ့ မိသားစုခေါင်းဆောင်က မင်းကို ကောင်းကောင်း ဆုချီးမြှင့်လိမ့်မယ်”
ကျန်းရီ ခပ်သွက်သွက် လက်ဆုပ်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ..ဟုတ်ကဲ့ပါ”
“ဒီလူက အားနည်းလွန်းတယ်။ သူက တရားခံ မဟုတ်နိုင်ဘူး။ ဆက်ရှာကြစို့”
အထွတ်အထိပ် ကောင်းကင်ဧကရာဇ်က လက်ဝှေ့ယမ်းလိုက်ရာ လူတစ်စုလုံး ကောင်းကင်ကံကြမ္မာသင်္ဘောဆီသို့ ပြန်သွားကြသည်။ ထို့နောက်တွင် ကောင်းကင်ကံကြမ္မာသင်္ဘောက ကျန်းရီကို ဖြတ်ကျော်ကာ ပျံသန်းသွားလေသည်။ ကျန်းရီသည် သင်္ဘောကို မျက်စိတစ်ဆုံး ကြည့်နေလိုက်သည်။ သင်္ဘောက သူ့မြင်ကွင်းထဲမှ ပျောက်သွားသောအခါမှ သူ ခေါင်းခါကာ ခါးသက်သက် ရယ်လိုက်လေသည်။
ကျန်းရီသည် လမ်းတစ်လျှောက်တွင် ချန်မျိုးနွယ်မှ တပ်ဖွဲ့ဆယ်ဖွဲ့လောက်နှင့် ကြုံခဲ့ပြီးပေပြီ။ လက်ရှိတွင် နတ်ဘုရားအသံလှိုင်းဒေသအတွင်း၌ သူ့ကို လိုက်ရှာနေသော အဖွဲ့များ များစွာရှိနေမည်ဖြစ်ကြောင်း သူ ခန့်မှန်းမိသည်။
သို့သော် ချန်မျိုးနွယ်က ထိုသို့ လိုက်ရှာနေခြင်းမှာ လီမျိုးနွယ်နှင့် ယဉ်မျိုးနွယ်တို့ မြင်စေရန်သာဖြစ်ကြောင်း ထင်ရှားသည်။ မဟုတ်လျှင် ယခုလောက်ဆို ကျန်းရီတစ်ယောက် အကျဉ်းထောင်ထဲသို့ ရောက်နေလောက်ပြီဖြစ်သည်။
ချန်မျိုးနွယ်သည် လီဟုန်ကို သတ်ရန်ကြိုးစားခဲ့သူက မည်သူဖြစ်ကြောင်း ခန့်မှန်းမိလောက်သည်။ ရီစန်က လီဟုန် မြို့မှ ထွက်သွားပြီးနောက် မကြာခင်မှာပင် လိုက်ထွက်သွားခဲ့ခြင်း မဟုတ်လော။ နတ်ဘုရားအသံလှိုင်းဒေသထဲတွင်လည်း လီဟုန်ကို သတ်ဝံ့သူများ များစွာရှိမည် မဟုတ်ပေ။ ထန်ရွှယ်နှင့် ထန်ယန်တို့ကို ရီစန်၏ ခြံဝန်းထဲမှနေ၍ ထန်မင်က ခေါ်ထုတ်လာခဲ့ခြင်းဖြစ်သည်။ ယင်းကို ချန်မျိုးနွယ်မှ အစောင့်များစွာနှင့် လက်အောက်ငယ်သားများက မြင်ခဲ့ရသည်။ ထို့ကြောင့် လူသတ်မှုများနှင့် ရီစန်ကို ချိတ်ဆက်ရန်မှာ မခက်ခဲပေ။ သို့သော် ကျန်းရီသည် ချန်မျိုးနွယ်အား ထိုသဲလွန်စများကို တမင်ပေးခဲ့ခြင်းဖြစ်သည်။
အသံလှိုင်းဧကရာဇ်က သူ၏ဆရာဖြစ်သဖြင့် ကျန်းရီသည် ချန်မျိုးနွယ်ကို သိပ်မစိုးရိမ်ပေ။ ယခု ရှာဖွေခြင်းကလည်း ချန်မျိုးနွယ် လုပ်ရန်လိုသော ကိစ္စဖြစ်ကြောင်း သူ နားလည်သည်။ လီဟုန်က သခင်လေးချန်၏ လက်ထပ်ပွဲကို လာတက်ရင်းနှင့် တိုက်ခိုက်ခံခဲ့ရသည် မဟုတ်ပါလား။ ထို့ပြင် လီဟုန်က ယဉ်မျိုးနွယ်နှင့် ဆက်နွယ်မှု ရှိနေသည်။
ကျန်းရီ တောင်ဘက်သို့ ဆက်သွားလိုက်၏။ နေ့ဝက်ကုန်ဆုံးသွားပြီဖြစ်၍ ကောင်းကင်က မှောင်လာသည်။ သူ လူသူကင်းရှင်းသော နေရာတစ်ခုကို ရှာ၍ တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်လေသည်။
ချန်မျိုးနွယ်က ဟန်ပြသက်သက်သာ ရှာဖွေနေသော်လည်း ယဉ်မျိုးနွယ်နှင့် လီမျိုးနွယ်က အကောင်းဆုံးကြိုးစားကာ ရှာဖွေနေမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီ သတိမလွတ်ဝံ့ပေ။ သတိဆိုသည်မှာ ပိုသည်မရှိပေ။
ကျန်းရီသည် ပတ်ဝန်းကျင်ဧရိယာကျယ်ကြီးကို အာရုံခံလိုက်ပြီး လူပေါင်းများစွာကို တွေ့လိုက်သည်။ သူတို့အများစုက ချန်မျိုးနွယ်နှင့် နတ်ဘုရားအသံလှိုင်းဒေသထဲရှိ အခြားမျိုးနွယ်ကြီးများမှ ထောက်လှမ်းရေးများဖြစ်သည်။ သို့သော် သူတို့က အစွန်းကုန်ကြိုးစား၍ ရှာနေခြင်း မဟုတ်ကြောင်း သိသာသည်။ နေဝင်သွားသည်နှင့် သူတို့ စခန်းအသီးသီးချကာ ညစာ ချက်ပြုတ်နေကြသည်။ သူတို့အားလုံးက လောနေဟန်ဘဲ အေးအေးလူလူ ရှိနေကြလေသည်။
“အန်...”
ကျန်းရီသည် မသင်္ကာဖွယ် လူနှစ်ယောက်ကို သေချာအာရုံစိုက်လိုက်၏။ သူတို့နှစ်ယောက်က ကျန်းရီ လီဟုန်ကို တိုက်ခိုက်ခဲ့စဉ်တွင် ထွက်ပေါ်လာခဲ့သော ထောက်လှမ်းရေးနှစ်ယောက်ကဲ့သို့ တစ်ပုံစံတည်း ဝတ်ဆင်ထားသည်။ နှစ်ယောက်စလုံးက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ နေဝင်သွားသည်ပင် ဆက်၍ ရှာဖွေနေကြသေးသည်။ သူတို့သည် လျင်မြန်စွာဖြင့် ကျန်းရီ နားနေသော နေရာသို့ ဦးတည်လာနေသည်။
‘အဲ့ထောက်လှမ်းရေးတွေက ဘယ်မျိုးနွယ်ကလဲ။ သူတို့ကို ငါ့ကို သိသွားတာလား။ အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’
ကျန်းရီ မျက်လုံးဖွင့်လိုက်၏ သူ့မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင်များ ရှိနေသည်။ သူက ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို သုံး၍ သူ၏ရုပ်သွင်ရော စိတ်ဝိညာဉ်အရှိန်အဝါကိုပါ ပြောင်းလဲထားသည်။ ယခုတွင် ထန်မင်သည်ပင် သူ့ကို လူခွဲနိုင်မည် မဟုတ်ပေ။ အဘယ်သို့ ထိုထောက်လှမ်းရေးနှစ်ယောက်က သူ့နောက်သို့ လိုက်လာရသနည်း။
ကျန်းရီသည် အမြင်မှားခဲ့ခြင်းဖြစ်မည်ဟု တွေးလိုက်၏။ ထို့ကြောင့် သူ မျက်လုံးများ ထပ်မှိတ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ကာ အာရုံပြန်ခံကြည့်လိုက်သည်။ ထောက်လှမ်းရေးနှစ်ယောက်က အမှန်ပင် သူထိုင်နေသော နေရာသို့ လျင်မြန်စွာ လာနေပေသည်။ သူတို့က ကောင်းကင်ဧကရာဇ် အဋ္ဌမအဆင့်တွင် ရှိပုံပေါ်သည်။ ထိုထောက်လှမ်းရေးနှစ်ယောက်သည် ခြေရာလည်း ဖျောက်နိုင်ကြသည်။ သူတို့၏အစွမ်းက မဆိုးပေ။ သူတို့က ထိပ်တန်း ထောက်လှမ်းရေးများပင်။ ယခုတွင် သူတို့သည် ကျန်းရီရှိနေသောနေရာနှင့် ကီလိုမီတာနှစ်ရာလောက်သာ ဝေးတော့သည်။ တစ်နာရီအတွင်း သူတို့ ရောက်လာနိုင်ကြောင်း ကျန်းရီ ခန့်မှန်းလိုက်သည်။
‘အဲ့နှစ်ယောက်ကို ရှင်းပစ်ရမယ်’
ကျန်းရီ ဆုံးဖြတ်ချက်ချလိုက်၏။ ထိုထောက်လှမ်းရေးနှစ်ယောက်က မည်သည့်မျိုးနွယ်မှဖြစ်ကြောင်းနှင့် သူ့နောက်သို့ မည်သို့ လိုက်လာနိုင်ခြင်းဖြစ်ကြောင်းကို မသိရလျှင် သူ ညအိပ်ပျော်မည် မဟုတ်ပေ။ ထိုအဆင့်မြင့်ထောက်လှမ်းရေးများက တော်ဝင်မိသားစုကြီးများမှသာ ဖြစ်ရမည်။ သူ လီဟုန်ကို တိုက်ခိုက်ခဲ့စဉ်က ထိုသို့သောထောက်လှမ်းရေးနှစ်ယောက်ကို သတ်ပစ်ခဲ့သည်။ ထို့ကြောင့် နှစ်ယောက်ပိုသတ်လိုက်လျှင်လည်း သူ့အတွက် မထူးတော့ပေ။
ကျန်းရီသည် မြေအောက် မီတာသုံးရာအထိ တူးဝင်သွားလိုက်ပြီး ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ကာ ထောက်လှမ်းရေးနှစ်ယောက်ကို ထပ်မံ အာရုံခံလိုက်သည်။ ထို့နောက် သူ တိတ်တဆိတ် စောင့်နေလိုက်သည်။ သူ ခန့်မှန်းထားသလိုပင် တစ်နာရီကြာပြီးနောက် ထောက်လှမ်းရေးနှစ်ယောက် ရောက်ရှိလာသည်။ သို့သော် သူတို့က ကျန်းရီရှိနေသောနေရာအနားသို့ မကပ်ဝံ့ကြပေ။ သူတို့သည် ကျန်းရီနှင့် ငါးကီလိုမီတာအကွာသို့ ရောက်သောအခါ ရပ်တန့်လိုက်ကြပြီး တောင်ကြားတစ်ခုထဲတွင် ပုန်းအောင်းနေလေသည်။
‘သတ်မယ်...’
ကျန်းရီသည် ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် တွန့်ဆုတ်မှုမရှိဘဲ ဓားပျော့ကို ထုတ်ကာ မြေကြီးကို တူး၍ မြေအောက်ထဲမှတဆင့် ထောက်လှမ်းရေးနှစ်ယောက်ဆီ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်လေသည်။ သူ၏ကောင်းကင်စိတ်အာရုံက ထိုနှစ်ယောက်ကို အာရုံခံမိထားပေပြီ။
ဝှစ်...
ကျန်းရီ စတင်လှုပ်ရှားလိုက်သည့် အခိုက်တွင် ထောက်လှမ်းရေးနှစ်ယောက်လည်း လှုပ်ရှားလိုက်သည်။ သူတို့က နောက်ပြန်ဆုတ်သွားပြီး လူခွဲကာ ထွက်ပြေးကြသည်။ ကျန်းရီ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ရာ ထိုနှစ်ယောက်၏ ကောင်းကင်စိတ်အာရုံများက သူ့အပေါ်သို့ ကျရောက်နေကြောင်း သိလိုက်ရသည်။ ထိုနှစ်ယောက်က လွန်စွာ အရည်အချင်းရှိပေသည်။ ကျန်းရီသာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ မဝင်လိုက်လျှင် သူတို့၏ ကောင်းကင်စိတ်အာရုံများက သူ့အပေါ်သို့ ကျရောက်နေသည်ကို သိလိုက်မည် မဟုတ်ပေ။
ကျန်းရီသည် လှုပ်ရှားလိုက်ပြီဖြစ်၍ အဘယ်သို့ ထိုနှစ်ယောက်ကို ဤအတိုင်း အလွတ်ခံနိုင်ပါမည်နည်း။ ကျန်းရီ မြေပြင်ထက်သို့ ထွက်လိုက်၏။ ထို့နောက် သူ့နောက်ကျောတွင် လေအရိပ်ဝတ်ရုံ ထွက်ပေါ်လာသည်။ သူ တတ်နိုင်သမျှ အမြန်ဆုံး စတင်ပျံသန်းလိုက်သည်။
ညအချိန်တွင် ပျံသန်းခြင်းက အလွန်အန္တရာယ်များသည်။ အကယ်၍ သတိတစ်ချက်လွတ်သွားပါက ဝိညာဉ်လေးများ နိုးထလာပေလိမ့်မည်။ သို့သော် ယင်းက ကျန်းရီအတွက် ပြဿနာမဟုတ်ပေ။ သူ၏အတွင်းအားအဆင့်က နှင်းဒေသတွင် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်ခဲ့သည်။ ၎င်းကို လေအရိပ်ဝတ်ရုံ၏ အကူအညီနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ အမြန်နှုန်းက ပုံမှန်အထက် ပိုမြန်လာလေသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သူ ထောက်လှမ်းရေးတစ်ယောက်ကို မီသွားသည်။
ကျန်းရီသည် ဝိညာဉ်လေများကို တိတ်တဆိတ် ထုတ်လွှတ်လိုက်ပြီး သူ့အရှေ့ရှိ ထောက်လှမ်းရေး၏ ခြေထောက်များကို ပြတ်သွားစေလေသည်။ ကျယ်လောင်သော နာကျင်တကြီးအော်သံကြီး ထွက်ပေါ်လာပြီး ထောက်လှမ်းရေး၏ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် လိမ့်သွားသည်။ ကျန်းရီသည် ထိုလူကို ထာဝရနှုတ်ပိတ်ရန် သူ့အနားသို့ လျင်မြန်စွာ သွားလိုက်သည်။
သို့သော်...
ကျန်းရီ ထောက်လှမ်းရေးဆီ ရောက်သွားသောအခါ ထောက်လှမ်းရေး၏ခန္ဓာကိုယ်က မလှုပ်တော့ပေ။ သူ့ပါးစပ်မှနေ၍ သွေးနက်များ စီးကျနေသည်။ သူက သူ့ကိုယ်သူ သတ်သေသွားခြင်းပင်။
“ပြဿနာပဲ...”
ကျန်းရီ၏ မျက်နှာထား မည်းနက်သွားသည်။ ထောက်လှမ်းရေးက အသေခံတပ်သားလော။ သာမန်မျိုးနွယ်များက ထောက်လှမ်းရေးများကို ထိုသို့သတ်သေရန် လေ့ကျင့်ပေးမည် မဟုတ်ပေ။ အဓိကဒေသကြီးများရှိ မျိုးနွယ်ကြီးများတွင်သာ ထိုသို့သော ထောက်လှမ်းရေးများ ရှိနိုင်သည်ဟု ကျန်းရီ ခန့်မှန်းလိုက်သည်။
‘ချန်မျိုးနွယ်က တရားခံက ငါဆိုတာကို သိတယ်။ အဲ့တော့ နတ်ဘုရားအသံလှိုင်းဒေသရဲ့ မျိုးနွယ်ကြီးတွေက ဒီလိုထောက်လှမ်းရေးမျိုးကို မစေလွှတ်လောက်ဘူးမလား။ သူတို့က ယဉ်မျိုးနွယ်ကများလား’
ကျန်းရီနှင့် ကျန့်ထျန်းလဲ့တို့ကြားတွင် မည်သည့်ရန်ငြိုးမှာ မရှိပေ။ ထို့ကြောင့် ကျန်းရီသည် ကျန့်မျိုးနွယ်ကို မတွေးမိခြင်းပင်။ ထိုအစား သူက ယင်းထောက်လှမ်းရေးများက ယဉ်မျိုးနွယ်မှ ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ သို့သော် သူသည် ယဉ်ရို့ပင်းအကြောင်းကို တွေးမိသောအခါ သူ၏ခန့်မှန်းချက်က မဖြစ်နိုင်ဟု တွေးမိလာသည်။ ယဉ်ရို့ပင်းက ယဉ်မျိုးနွယ်တွင် အဆင့်အတန်းတစ်ခုရှိသည် မဟုတ်ပါလား။ လက်အောက်ငယ်သားများက သူမ၏အမိန့်များကို သေချာပေါက် နာခံပေလိမ့်မည်။ သူမက သူ့ကို ဖမ်းရန်အတွက် ဤမျှ အားစိုက်ထုတ်မည် မဟုတ်ပေ။
‘ထားလိုက်တော့ကွာ... ငါ ကျန်တဲ့ထောက်လှမ်းရေးကို လိုက်ဖမ်းရဦးမယ်’
ကျန်းရီ အံကြိတ်ကာ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ကျန်ထောက်လှမ်းရေးတစ်ယောက်ကို အာရုံခံလိုက်သည်။ ထို့နောက် သူသည် သေမင်းတစ်ပါးကဲ့သို့ မြောက်ဘက်သို့ ပျံသန်းကာ ကျန်ရစ်နေသေးသော ထောက်လှမ်းရေးကို လိုက်ဖမ်းလိုက်လေသည်။
***