သွေးကြွေးချိပ်စည်း
Vol. 78 Ch. 1077
ကျန်ထောက်လှမ်းရေးကို လိုက်ဖမ်းရခြင်းက လွယ်ကူခဲ့သည်။ ထိုထောက်လှမ်းရေးက ကောင်းကင်ဧကရာဇ် အဋ္ဌမအဆင့်တွင်သာ ရှိရာ ကျန်းရီထက် အင်အားနည်းသည် မဟုတ်ပါလော။ ကျန်းရီသည် မိနစ်အနည်းငယ်အတွင်းမှာပင် ထောက်လှမ်းရေးကို လိုက်မီသွားသည်။ နောက်ဆုံးတွင်မူ ရလဒ်က အတူတူသာဖြစ်သည်။ ကျန်းရီ ဘာမှမစစ်မေးရသေးခင်မှာပင် ထောက်လှမ်းရေးက သူ့ကိုယ်သူ သတ်သေသွားသည်။
ကျန်းရီသည် ထိုထောက်လှမ်းရေး၏ ကိုယ်ပေါ်ရှိ ရှေးဟောင်းနတ်ဘုရားလက်စွပ်ကို ရှာလိုက်၏။ သို့သော် အမိန့်ပြားတစ်ခုနှင့် ကောင်းကင်ကျောက်တုံး အနည်းငယ်မှလွဲ၍ ထိုလူကမည်သူဖြစ်ကြောင်း ပြောနိုင်မည့်အရာ တစ်ခုမှ မရှိပေ။
ဝုန်း...
ကျန်းရီ၏ လက်ဝါးရိုက်ချက် တစ်ချက်ကြောင့် ထောက်လှမ်းရေး၏ အလောင်းက အမှုန့်ဖြစ်သွားသည်။ ကျန်းရီသည် ပတ်ဝန်းကျင်ကို ဆက်၍ ရှာဖွေပြီးနောက် မည်သည့်မူမမှန်သောအရာကိုမှ မတွေ့၍ သူ့လမ်းသူ ဆက်သွားလိုက်လေသည်။ သူ့လမ်းသူ ဆက်သွားရန်မှ လွဲ၍လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။
ဤတစ်ကြိမ်တွင် ကျန်းရီသည် မြေအောက်မှ မသွားခဲ့ပေ။ မြေအောက်မှသွားလျှင် သူ နှေးသွားပေလိမ့်မည်။ ထို့ပြင် သူက ဝိညာဉ်လေများကို ကြောက်ရန် မလိုပေ။ ထို့ကြောင့် သူ မြေပြင်ထက်တွင် ကြောက်စရာမလိုဘဲ သွားလာနိုင်သည်။ သူသည် သွားနေရင်းဖြင့် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ထားပြီး ပတ်ဝန်းကျင်ကို ထောက်လှမ်းနေသည်။ သူသည် အရှေ့ရှိ တစ်စုံတစ်ယောက်ကို တွေ့တိုင်း ထိုလူကို ရှောင်၍ ကွေ့ပတ်သွားသည်။
လွန်ခဲ့သောနှစ်နှစ်အတွင်း၌ ကျန်းရီ၏ စိတ်ဝိညာဉ်က သိသိသာသာ သန်မာလာခဲ့သည်။ ထို့ကြောင့် သူ၏ ကောင်းကင်စိတ်အာရုံက ကီလိုမီတာငါးဆယ်ကျော်အထိ အာရုံခံနိုင်နေပြီဖြစ်သည်။ ပုံမှန်ဆိုလျှင် အထွတ်အထပ် ကောင်းကင်ဧကရာဇ် ဖြစ်နေပါစေ သန်မာသော စိတ်ဝိညာဉ်မရှိလျှင် ထိုအကွာအဝေးအထိ အာရုံခံနိုင်မည် မဟုတ်ချေ။
ကျန်းရီသည် တစ်ညလုံး သွားလိုက်ပြီး အရုဏ်တက်လာမှ ရပ်တန့်လိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို ထပ်မံ စစ်ဆေးလိုက်ပြီးမှ ခရီးဆက်လိုက်သည်။ လမ်းတွင် သူသည် များစွာသော ထောက်လှမ်းရေးများ၊ တပ်ဖွဲ့များနှင့် တွေ့ခဲ့သည်။ သို့သော် သူတို့သည် ကျန်းရီ ယမန်နေ့က တွေ့ခဲ့ရသာသူများကဲ့သို့ပင်။ ချန်မျိုးနွယ်မှ တပ်ဖွဲ့များနှင့် သိုင်းသမားများက ဟန်ပြရှာနေကြခြင်းသာ။ သူတို့က ကျန်းရီကို ပြဿနာမရှာခဲ့ချေ။
‘သူတို့ ရောက်လာပြန်ပြီ’
သုံးရက်ကြာပြီးနောက် ကျန်းရီသည် ဝတ်ရုံနက်နှင့် ထောက်လှမ်းရေးနှစ်ယောက်ကို အာရုံခံမိလိုက်သည်။ ထိုနှစ်ယောက်ကလည်း ယခင်က ထောက်လှမ်းရေးများကဲ့သို့ ဝတ်ဆင်ထားသည်။ ထို့ပြင် သူတို့၏ အစွမ်းအဆင့်နှင့် အမြန်နှုန်းကလည်း အတူတူပင်ဖြစ်သည်။ ကျန်းရီသည် နေ့ဘက်ဆိုလျှင် အလွန်လျင်မြန်စွာ မသွားဝံ့၍ ထောက်လှမ်းရေးနှစ်ယောက်က သူ့အနောက်သို့ အလွယ်တကူ လိုက်လာနိုင်သည်။
‘သတ်ရဦးမယ်...’
ထိုထောက်လှမ်းရေးများ၏ နောက်ယောင်ခံလိုက်ခြင်းကို ခံရသည်မှာ ခံစားချက်မကောင်းပေ။ ကျန်းရီသည် ထိုထောက်လှမ်းရေးနှစ်ယောက်က သူနှင့် ငါးဆယ်ကီလိုမီတာအကွာသို့ ရောက်လာသည်အထိ စောင့်ဆိုင်း၍ နောက်ပြန်လှည့်ကာ သူတို့ကို လိုက်ဖမ်းလိုက်သည်။
ပတ်ဝန်းကျင်တွင် နတ်ဘုရားအသံလှိုင်းဒေသမှ ထောက်လှမ်းရေးများလည်း ရှိနေသည်။ ကျန်းရီသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်မသုံးဝံ့ပေ။ သို့ဖြစ်ရာ သူ ထောက်လှမ်းရေးများကို လိုက်မီသွားသည့်အချိန်တွင် ထောက်လှမ်းရေးများက သူတို့ကိုယ်သူတို့ သတ်သေသွားကြပြီးဖြစ်သည်။ သို့သော် သူ နတ်ဘုရားအသံ ကောင်းကင်အတတ်ကိုသုံး၍ ထောက်လှမ်းရေးများကို အရှင်ဖမ်းနိုင်လိုက်လျှင်လည်း မည်သည့်သဲလွန်စမှ ရမည် မဟုတ်ပေ။ သေရမည်ကို မကြောက်သောသူများက နှိပ်စက်ခံရမည်ကိုလည်း ကြောက်မည် မဟုတ်ချေ။
ကျန်းရီသည် ထိုထောက်လှမ်းရေးနှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် သူ့လမ်းသူ ဆက်သွားလိုက်၏။ သူ သူ၏ရုပ်သွင်နှင့် စိတ်ဝိညာဉ်အရှိန်အဝါကို ထပ်ပြောင်းလိုက်သည်။ ယခုတွင် သူက အဘိုးအိုတစ်ယောက် ဖြစ်သွားပေပြီ။ သို့သော် သုံးရက်ကြာပြီးနောက်တွင် ထောက်လှမ်းရေးများက သူ့နောက်မှ ပါလာပြန်သည်။
‘ဆိုးလိုက်တာကွာ...’
ယခုတွင် ကျန်းရီ သံသယ ဖြစ်လာပေပြီ။ သူ ချက်ချင်း ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးမိမလိုပင် ဖြစ်သွားသည်။ သူ ထွက်လာခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း မြောက်ဘက်ဧကရာဇ် ရောက်မလာသေးသဖြင့် သူမည်သူဖြစ်ကြောင်း ပေါ်သွားခြင်း မဟုတ်နိုင်ဟု သူ ကောက်ချက်ချလိုက်သည်။ ထိုထောက်လှမ်းရေးများက သူ့ကို ခြေရာခံနိုင်သော ဆန်းကြယ်သည့် စွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထားခြင်း ဖြစ်မည်။
နောက်ဆုံးတွင် ကျန်းရီ ကောင်းကင်ရှောင်တိမ်းခြင်းကို မသုံးဖြစ်တော့ပေ။ သူ့နောက်သို့ လိုက်နေသူက မည်သူဖြစ်ကြောင်း သူ ဖော်ထုတ်လိုသည်။ မည်သည့်မျိုးနွယ်က သူ့နောက်သို့ လိုက်နေခြင်းနည်း။ ထိုကိစ္စ၏ နောက်ကွယ်တွင် ရှိနေသူက မည်သူဖြစ်စေ တစ်ချိန်ချိန်တွင်တော့ လူလုံးထွက်ပြရမည် မဟုတ်လော။
ကျန်းရီ နောက်ပြန်လှည့်လိုက်ပြီး ထောက်လှမ်းရေးများကို ရှင်းပစ်လိုက်ကာ သူ့လမ်းသူ ဆက်သွားလိုက်သည်။ ကိုးရက်မြောက်နေ့တွင် သူ နတ်ဘုရားအသံလှိုင်းဒေသနှင့် ယဉ်မျိုးနွယ်၏ ဒေသကြီးတစ်ခုကြားရှိ နယ်စပ်သို့ ရောက်လာသည်။ နောက်ဆုံးတွင် သူ့နောက်မှလိုက်လာသော ထောက်လှမ်းရေးများက အလျိုလျို ထွက်လာကြပေပြီ။
‘လူသုံးထောင်ကျော်တောင် ရှိတာလား၊ သူတို့ထဲမှာ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် ရှိတဲ့သူက အယောက်သုံးရာလောက်ရှိတယ်။ ကြယ်ငါးပွင့်အဆင့် ပညာရှင်လည်း ဆယ်ယောက်လောက်ပါမယ်ထင်တယ်။ တော်တော်အားကောင်းတဲ့ တပ်ဖွဲ့ပဲ’
ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ သူ့ထံသို့ လာနေသည့် လူများကို အာရုံခံလိုက်၏။ သူတို့အားလုံး၏ ကောင်းကင်စိတ်အာရုံများကလည်း သူ့အပေါ်သို့ ကျရောက်လာသည်။ ယခုတွင် လူသုံးထောင်ကျော်က သူ့အသက်ကို နှုတ်ရန် လာနေပေပြီ။ သူတို့ထဲမှ အချို့က လေဓာတ် တာအိုပုံသဏ္ဌာန်များကို ကျင့်ကြံသူများဖြစ်ကြောင်း ထင်ရှားသည်။ အချို့ဆိုလျှင် သူ့ကို ကွေ့ပတ်ကျော်တက်၍ သူ၏ ပြေးလမ်းကို ပိတ်ထားရန် လုပ်နေသည်။
ကျန်းရီထက် ပိုလျင်မြန်စွာ ပျံသန်းနိုင်သော စွမ်းအားကြီး သိုင်းသမားများစွာလည်း ရှိနေသည်။ ကျန်းရီတွင် ရွေးချယ်စရာ နှစ်ခုသာ ရှိတော့သည်။ ပထမတစ်ခုမှာ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ ထိုနေရာမှ ထွက်သွားရန်ပင်။ ဒုတိယတစ်ခုမှာ ထိုသူအားလုံးကို သတ်ပစ်ရန်ဖြစ်သည်။
ကျန်းရီ ဒုတိယတစ်ခုကို ရွေးလိုက်သည်။ ထိုထောက်လှမ်းရေးများက အဘယ်သို့ သူ့ကို နောက်ယောင်ခံလိုက်နိုင်ခြင်းဖြစ်ကြောင်းကို မသိရလျှင် သူ စားဝင်အိပ်ပျော်တော့မည် မဟုတ်ပေ။
ကျန်းရီသည် သူ့ထံ ပျံသန်းလာသော သိုင်းသမားများကို အရေးမစိုက်ဘဲ တောင်ကု်နးထိပ်တစ်ခုတွင် တိတ်တဆိတ် ထိုင်နေလိုက်သည်။ သူသည် မျက်လုံးမှိတ်ထားပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်ထားသည်။ အကယ်၍ သူ ကြယ်ငါးပွင့် သိုင်းပညာရှင် ဆယ်ယောက်ပါသော ထောင်ချီသည့်လူတစ်စုကို သတ်လိုလျှင် အစွမ်းကုန် ထုတ်သုံးရမည်ဖြစ်သည်။ သို့ဖြစ်ရာ အနီးပတ်ဝန်းကျင်တွင် အခြားသူများ ရှိနေပါက သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်သည်။
‘အရမ်းကောင်းတယ်...’
ကျန်းရီသည် ကီလိုမီတာတစ်ရာပတ်လည်အတွင်းကို စစ်ဆေးလိုက်၏။ သူ့ထံသို့ လာနေသည့် လူသုံးထောင်ကျော်မှလွဲ၍ အခြားမည်သူမှ ရှိမနေ၍ သူ အံ့အားသင့်သွားသည်။ ခေတ္တမျှ တွေးတောပြီးနောက် သူ ကောက်ချက်ချလိုက်သည်။ ထိုလူသုံးထောင်ကျော်က ဤနေရာတွင် ပုန်းအောင်းနေသည်မှာ ကြာခဲ့လောက်ပြီဖြစ်သည်။ သူတို့က ဤနေရာတွင် အခြေချနေကြသော ဓားပြအားလုံးကို ရှင်းပစ်ခဲ့ခြင်းဖြစ်မည်။ သူတို့က သူ ထောင်ချောက်ထဲသို့ ဝင်လာမည်ကို စောင့်နေကြခြင်းပင်။ သူတို့သည်လည်း သူတို့မည်သူများဖြစ်ကြောင်း ပေါ်သွားမည်ကို မလိုလားခြင်းဖြစ်မည်ဟု ကျန်းရီ ခန့်မှန်းလိုက်သည်။
ဝှစ်...ဝှစ်...
လူသုံးထောင်ကျော်က ကျန်းရီကို လျင်မြန်စွာ စက်ဝိုင်းပုံ ဝန်းရံလိုက်သည်။ သူတို့က ကျန်းရီအနားသို့ ချဉ်းကပ်လာသော်လည်း ကျန်းရီက တစ်ချက်မှ မလှုပ်ရှားသေးပေ။ သူက မျက်လုံးများပင် မဖွင့်ချေ။ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ထိုလူများကို အာရုံခံနေခြင်းဖြစ်သည်။
“အန်... ဘာလို့ ဒီလူက ပုံထဲကလူနဲ့ မတူရတာလဲ။ ငါတို့ မှားသွားတာလား”
“ဟုတ်သား... ပုံထဲကလူက ငယ်တယ်။ သူက ကောင်းကင်ဧကရာဇ် ပဉ္စမအဆင့်ပဲရှိတဲ့ အဘိုးကြီးတစ်ယောက်ပဲ။ ငါတို့ ရှာရမယ့်သူက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ရှိတဲ့သူလို့ အကြီးအကဲ(၁၆)က ပြောထားတယ်မလား”
“နည်းနည်းတော့ ထူးဆန်းနေတယ်။ အရှင့်ကျန့်ကို မေးကြည့်ကြစို့”
“...”
တပ်ဖွဲ့သည် ကျန်းရီနှင့် ကီလိုမီတာနှစ်ဆယ်အကွာသို့ ရောက်လာသောအခါ ကျန်းရီ၏ မျက်နှာကို မြင်လိုက်ရပြီး အံ့အားသင့်သွားကြသည်။ ကျန်းရီသည်လည်း ထိုလူများ၏ စကားသံများကို ကြားလိုက်ရ၍ မျက်ခုံးပင့်သွားပြီး ခန္ဓာကိုယ် တောင့်တင်းသွားသည်။
အရှင်ကျန့်ဟု ဆိုလိုက်သလော။
ထိုလူသုံးထောင်ကျော်က မတူညီသော မျိုးနွယ်များမှ ဖြစ်ကြောင်း ထင်ရှားသည်။ ကျန်းရီသည် သူတို့ထဲတွင် အစုလေးစုကို အလွယ်တကူ ခွဲထုတ်နိုင်သည်။ သူတို့က ပတ်ဝန်းကျင်ဒေသများရှိ မျိုးနွယ်ကြီးများမှ သိုင်းသမားများ ဖြစ်ပုံရသည်။ ထိုမျိုးနွယ်များကို စုစည်းနိုင်သော အရှင်ကျန့်ဆိုသူမှာ ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲတွင် ပါဝင်သော ကျန့်မျိုးနွယ်မှ တစ်စုံတစ်ယောက် ဖြစ်ရပေမည်။
‘ကျန့်ထျန်းလဲ့...’
ကျန်းရီ ခန့်မှန်းမိလိုက်သည်။ သို့သော် သူ နားမလည်နိုင်သေးပေ။ အဘယ်ကြောင့် ကျန့်ထျန်းလဲ့က သူ့နောက်သို့ လိုက်နေရသနည်း။ အဘယ်ကြောင့် သူက သူ့ကို သတ်ရန် ကြံစည်နေရသနည်း။ ကျန့်ထျန်းလဲ့က သူနှင့်ယဉ်ရို့ပင်းကြားမှ ပတ်သတ်မှုကို သိရှိသွားခြင်းလော။
“ဘာမှ ဆက်တွေးနေစရာ မလိုဘူး။ သူက ရီစန်ပဲ။ ငါတို့ ကျန့်မျိုးနွယ်ဝင်တွေက သွေးကြွေးချိပ်စည်းအတတ်ကို လေ့ကျင့်ထားကြတယ်။ ကျန့်မျိုးနွယ်ဝင်တစ်ယောက်ကို သတ်လိုက်တဲ့သူတိုင်းရဲ့ လက်တွေနဲ့ ခန္ဓာကိုယ်ပေါ်မှာ သွေးကြွေးရှိသွားလိမ့်မယ်။ ငါတို့က အဲ့သွေးကြွေးကို ကီလိုမီတာရာချီအကွာကနေတောင် အာရုံခံနိုင်တယ်။ သူက ရုပ်ဖျက်အတတ်တစ်မျိုးကို သုံးထားတာ ဖြစ်ရမယ်”
လူအုပ်ကြားမှနေ၍ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ ကျန်းရီသည် ထိုသို့ပြောလိုက်သော ဝတ်ရုံနက်နှင့် အဘိုးအိုတစ်ယောက်ကို အာရုံခံလိုက်၏။ နောက်ဆုံးတွင် ပြီးခဲ့သော ရက်ပိုင်းအတွင်း သူ နားမလည်နိုင်ဖြစ်နေခဲ့သော ကိစ္စက ရှင်းလင်းသွားပေပြီ။ ကျန်းရီ စိတ်တင်းလိုက်ပြီး သူ၏စိတ်ဝိညာဉ်အရှိန်အဝါကို ရီစန်၏စိတ်ဝိညာဉ်အရှိန်အဝါအဖြစ် ပြန်ပြောင်းလဲလိုက်သည်။ ကျန့်မျိုးနွယ်က အလွန်အင်အားကြီးသဖြင့် သူ တုန်လှုပ်နေသည်။ သူတို့က ပြောင်မြောက်သော အတတ်တစ်ခုကို လေ့ကျင့်ထားကြသည်။ သူတို့မျိုးနွယ်ဝင်တစ်ယောက်ကို သတ်မိသူတိုင်းက သေရမည်သာ။
“သတ်ကြ...”
လူသုံးထောင်ကျော်သည် ဆက်၍ တုံ့ဆိုင်းမနေတော့ပေ။ သူတို့ထဲမှ တစ်ယောက်ပြီးတစ်ယောက် ကျန်းရီထံသို့ ပျံသန်းသွားကြသည်။ ကောင်းကင်စိတ်အာရုံများက ကျန်းရီကိုယ်ပေါ်သို့ ထပ်မံကျရောက်လာသည်။ လူအုပ်က သူနှင့် နှစ်ကီလိုမီတာ အကွာသို့ ရောက်လာသောအခါ ကျန်းရီသည် လူတစ်ယောက်၏ ကောင်းကင်စိတ်အာရုံက သူ၏စိတ်ဝိညာဉ်အတွင်းသို့ ဖောက်ဝင်ရန် ကြိုးစားနေကြောင်းကို သတိပြုမိလိုက်၏။ ဝတ်ရုံနက်နှင့်လူက ချောက်ကပ်ကပ်ရယ်မော၍ ပြောလိုက်သံကိုလည်း သူ ကြားလိုက်သည်။
“ဟုတ်တယ်... သူက ရီစန်ပဲ။ သူ့ရဲ့ စိတ်ဝိညာဉ်အရှိန်အဝါက အတူတူပဲ။ နတ်ဘုရားအသံလှိုင်းတောင်ကြားမှာတုန်းက ငါ သူ့ရဲ့ စိတ်ဝိညာဉ်အရှိန်အဝါကို မှတ်ထားခဲ့တာ”
ထိုစကားက ထောင်ချီသော သိုင်းသမားများကို ပို၍သွက်လက်သွားစေသည်။ သူတို့၏ လက်များကလည်း စတင်လင်းလက်လာကြသည်။ သူတို့ ကျန်းရီကို တိုက်ခိုက်ရန် ဟန်ပြင်နေကြပေပြီ။ ထိုစဉ် ဝတ်ရုံနက်နှင့်လူက ထပ်မံပြောလိုက်သည်။
“သူ့ကို တိုက်ခိုက်တဲ့အခါ သတိထားကြ။ သူ့ရဲ့ လေဟာနယ်အသုံးအဆောင်ကို မထိခိုက်စေနဲ့။ သူ့ကို အရှင်ဖမ်းနိုင်မလားဆိုတာကို ကြည့်ကြ။ အဲ့ကောင်စုတ်က သူ့ရဲ့ လေဟာနယ်အသုံးအဆောင်ထဲမှာ ကောင်မလေးနှစ်ယောက်ကို ထည့်ထားတာ။ သခင်လေးက အဲ့ကောင်မလေးနှစ်ယောက်ကို အသက်ရှင်ရက် လိုချင်တာ။ ပြီးတော့ သူ့ရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေက အရမ်းစွမ်းအားကြီးတယ်... အားလုံးပဲ သတိထားကြပါ”
‘ဟင်းဟင်း...’
ကျန်းရီ စိတ်ထဲမှ ရယ်လိုက်သည်။ ထိုလူများက သူ့ကို အရှင်ဖမ်းလိုနေသည်လော။ ထောင်ချီသောလူများက ပျားအုပ်ကြီးတစ်အုပ်ကဲ့သို့ သူထံ ပျံသန်းလာနေပေပြီ။ ထို့ကြောင့် သူ သူတို့အားလုံးကို သတ်ရန် ပိုလွယ်သွားသည်။ သို့သော် ကျန့်ထျန်းလဲ့က ထန်ရွှယ်နှင့် ထန်ယန်တို့ကို လိုချင်နေသည်ဟု တွေးမိသောအခါ သူ ဒေါသထွက်သွားသည်။ အခွင့်အရေးရှိလျှင် သူ ကျန့်ထျန်းလဲ့ကို သတ်ပစ်မည်ဖြစ်သည်။ ကျန့်မျိုးနွယ်က မည်မျှ အင်အားကြီးပါစေ သူ အရေးမစိုက်ပေ။
‘ငါ့ကို လာမထိရင် ငါက ဘာမှ လုပ်မှာမဟုတ်ဘူး။ ငါ့ကို လာထိရင်တော့ ဘာတန်ကြေးပဲပေးရပေးရ အဲ့လူတွေကို ရှင်းပစ်မယ်’
ကျန်းရီသည် အထက်ပါ နိယာမအတိုင်း နေထိုင်သည်။ သူ့ကို ထိခိုက်အောင်လုပ်ရန် ကြိုးစားသူက မည်မျှ နောက်ခံအင်အားတောင့်တင်းပါစေ သူ ထိုသူကို ရှင်းပစ်မည်ဖြစ်သည်။
“မိုင်တစ်ထောင် ရေခဲလွှမ်း...”
ထောင်ချီသောလူများက သူနှင့် ပိုနီးကပ်လာသောအခါ ကျန်းရီ မျက်လုံးဖွင့်လိုက်သည်။ သူ့လက်များက သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှုပ်ယမ်းသွားသည်။ သူသည် သူသိသော လူအုပ်လိုက်ကို တိုက်ခိုက်ရာတွင် သက်ရောက်မှုအကောင်းဆုံး တာအိုပုံသဏ္ဌာန်ကို ထုတ်လွှတ်လိုက်ခြင်းပင်။ ထိုလူအားလုံး ဤနေရာတွင် ဇီဝိန်ချုပ်ရပေမည်။
***