မည်သူမှ အသက်မရှင်နိုင်
Vol. 78 Ch. 1078
မိုင်တစ်ထောင် ရေခဲလွှမ်းကို ထုတ်လွှတ်လိုက်သည့်အခိုက်တွင် ရေခဲနှင်းစွမ်းအားနှင့် မိုးမြေအတွင်းအားတို့က ကျန်းရီ၏ ခန္ဓာကိုယ်ထဲတွင် စုဝေးသွားသည်။ ထို့နောက် ကျန်းရီ၏ခန္ဓာကိုယ်ထဲမှနေ၍ လေအေးများ ထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားသွားသည်။
လေအေးများ ဖြတ်သန်းတိုက်ခတ်မှုကို ခံလိုက်ရသော သက်ရှိတိုင်းသည် ရုတ်ခြည်း အေးခဲသွားကြ၏။ သူတို့အနီးရှိ မြစ်တစ်စင်းလည်း အေးခဲသွားသည်။ လွင်ပြင်များထဲမှ သက်ရှိများလည်း ဖြူဖွေးသွားသည်။ ပတ်ဝန်းကျင်အပူချိန်က ကျဆင်းလာပြီး ကီလိုမီတာငါးရာ ပတ်လည်အတွင်းရှိ အရာအားလုံး အေးခဲသွားသည်။
“အာ...”
လူအားလုံး အလွန်အမင်း တုန်လှုပ်သွား၏။ သူတို့၏ မျက်လုံးများကလည်း ပြူးကျယ်လာကြသည်။ သူတို့မြင်ကွင်းအတွင်းရှိ မည်သည့်အရာကမှ လှုပ်မနေတော့ပေ။ သူတို့၏ အတွင်းအားနှင့် သွေးကြောများအတွင်းရှိ သွေးများကလည်း အေးခဲသွားသည်။
“ကြယ်ငါးပွင့် တာအိုပုံသဏ္ဌန်... မိုင်တစ်ထောင် ရေခဲလွှမ်း...”
ဗဟုသုတပြည့်စုံသော သိုင်းသမားတိုင်း ထိုတာအိုပုံသဏ္ဌာန်ကို သိကြသည်။ ကျန့်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားအချို့ဆိုလျှင် ရီဟန်၏ဇစ်မြစ်ကို စတင် သံသယဝင်လာကြသည်။ ထိုကဲ့သို့သော တာအိုပုံသဏ္ဌာန်တစ်ခုကို သုံးနိုင်သူက များများစားစား မရှိပေ။ ရီစန်က အမှန်ပင် ထန်မျိုးနွယ်မှ တပ်မှူးတစ်ယောက်ဆိုလျှင် ထိုတာအိုပုံသဏ္ဌာန်ကို သုံးနိုင်ခြင်းကြောင့် ယခင်ကတည်းက ကျော်ကြားနေမည်ဖြစ်သည်။ သူသည် ထန်မင်၏လက်အောက်တွင် ဆက်ရှိနေတော့မည် မဟုတ်ပေ။
အရှေ့ဘက် တော်ဝင်နယ်မြေတွင် နှင်းအနည်းငယ်သာ ကျသဖြင့် သာမန်သိုင်းသမားများအတွက် နှင်းနှင့် ရေခဲအမျိုးအစား တာအိုပုံသဏ္ဌာန်များကို သိမြင်နားလည်ရန် မလွယ်ကူပေ။ အကယ်၍ တစ်စုံတစ်ယောက်က ရေခဲနှင်း တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်နိုင်သွားလျှင် တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် ကျော်ကြားသွားမည်ဖြစ်သည်။ ထန်မျိုးနွယ်ကလည်း ထိုကဲ့သို့ ပါရမီရှင်တစ်ယောက်ကို ကောင်းကောင်းအသုံးချပေလိမ့်မည်။
အရှေ့ဘက် တော်ဝင်နယ်မြေတွင် နှင်းက ရှားပါးသည်ဖြစ်ရာ ကြယ်ငါးပွင့် သိုင်းပညာရှင် ဆယ်ယောက်ပင် ရေခဲနှင်းအမျိုးအစား တိုက်ခိုက်မှုများကို ကောင်းစွာမခုခံနိုင်ပေ။ သူတို့သည် မည်သို့ ပြန်တုံ့ပြန်ရမည်ကိုလည်း မသိချေ။ ထို့ကြောင့် ထိုအခိုက်တွင် လူတိုင်း ဘာလုပ်ရမည်မသိ ဖြစ်နေကြသည်။
တုန်...တုန်...ဝူ...ဝူ...
ကျန်းရီ၏ ဇစ်မြစ်အမှန်ကို ဆက်၍ခန့်မှန်းနေရန် မလိုတော့ပေ။ ကျန်းရီသည် ဓားပျော့တစ်ချောင်းကိုကိုင်၍ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်လွှတ်လိုက်ပေပြီ။ တစ်ချိန်တည်းမှာပင် သက်တန့်ဝိညာဉ်လှံလည်း ထွက်ပေါ်လာသည်။ ထို့ပြင် သူသည် ကျန်လက်တစ်ဘက်ဖြင့် ဝိညာဉ်လေများ ထုတ်လွှတ်လိုက်သည်။ သူက သူသိသမျှ အတတ်အားလုံးကို ထုတ်သုံးနေခြင်းပင်။ သူ၏ ရည်ရွယ်ချက်က သိသာသည်။ သူသည် တိုက်ပွဲကို အမြန်နိုင်ဆုံး မြန်မြန်အဆုံးသတ်၍ ဤနေရာရှိ လူအားလုံးကို သတ်ပစ်လိုခြင်းပင်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စတင်ပေပြီ။ မိုင်တစ်ထောင် ရေခဲလွှမ်းနှင့် နတ်ဘုရားအသံ ကောင်းကင်အတတ်က ကြောက်မက်ဖွယ် တွဲဖက်မှုတစ်ခုပင်။ ထို့ပြင် ဝိညာဉ်လေဓားများနှင့် သက်တန့်ဝိညာဉ်လှံကိုပါ ပေါင်းထည့်လိုက်သောအခါ အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားပေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝိညာဉ်လေဓားဆယ်ချောင်းက ထိုနေရာတစ်ခွင်လုံးကို လှည့်ပတ်ပျံသန်း၍ ရာချီသောလူများကို ပိုင်းဖြတ်ပစ်လိုက်သည်။ သက်တန့်ဝိညာဉ်လှံကလည်း လူနှစ်ရာ၏ ဦးနှောက်များကို ဖောက်ထွင်းသွားသည်။ လူအုပ်က ပူးပူးကပ်ကပ် ရှိနေရာ ကျန်းရီ၏ တိုက်ခိုက်မှုတိုင်းက လူရာကျော်ကို သေစေနေလေသည်။
“ကျန်းရီ...”
နောက်ဆုံးတွင် လူတစ်ယောက်က သိသွားပြီး အော်ပြောလိုက်သည်။ ထိုအခိုက်တွင် ထိုလူသည် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ သူသည် လက်တွင် အတွင်းအားစုစည်းက စွမ်းအားကြီး တာအိုပုံသဏ္ဌာန်တစ်ခုကို ထုတ်လွှတ်ရန် ဟန်ပြင်လိုက်သောလည်း ကျန်းရီက သူ့ထက် ခြေတစ်လှမ်းစောသွားပေပြီ။
ထိုတိုက်ခိုက်မှုများအရ မှားစရာမရှိပေ။ ကျန်းရီသည် နှင်းဒေသတွင် ထိုတိုက်ခိုက်မှုများဖြင့်ပင် ကောင်းကင်ဧကရာဇ်များစွာကို အလွယ်တကူ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုတွင်လည်း သူက ကြယ်ငါးပွင့် သိုင်းပညာရှင်များကို အရင်ဆုံး သတ်ဖြတ်လိုက်သည်။ ထို့နောက်တွင် ကျန်လူများကို ဆက်၍ သတ်လိုက်သည်။ သူတို့သည် စဉ်းတီးတုံးပေါ်မှ ငါးများကဲ့သို့ ကျန်းရီ ခုတ်ပိုင်းမည်ကို စောင့်ဆိုင်း၍သာနေရလေသည်။
ထိုသို့ဖြင့် ကျန်းရီသည် လူသုံးထောင်ကျော်ကို သတ်ပစ်လိုက်လေသည်။ အကယ်၍ ပတ်ဝန်းကျင်တွင် အခြားလူများရှိနေပါက သူတို့သည် ကျန်းရီ၏ ရက်စက်မှုကြောင့် မှင်တက်သွားကြပေလိမ့်မည်။ ကျန်းရီသည် ထိုလူများကို သတ်ဖြတ်ရာတွင် တစ်ချက်ပင် တွန့်မသွားခဲ့ပေ။ သူက သတ်ဖြတ်မှုများနှင့် ယဉ်ပါးနေပေပြီ။
ဝှစ်...ဝှစ်...
ကောင်းကင်ထက်သို့ လက်စွပ်များစွာ ပျံတက်သွား၏။ ကျန်းရီသည် လှည့်ပတ်ပျံသန်းလိုက်ပြီး လက်စွပ်အားလုံးကို သိမ်းလိုက်သည်။ ထို့နောက် သူ အလောင်းပုံကြီးကို အေးစက်စက် လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။
“ကောင်းကင်ကိုးဘုံ နဂါးမီးတောက်”
ကျန်းရီသည် လက်နှစ်ဘက်မြှောက်၍ မီးတောက်များ ထုတ်လွှတ်လိုက်ပြီး အလောင်းပုံတစ်ခုလုံးကို မီးရှို့လိုက်သည်။ မီးတောက်များ၏ အပူကြောင့် ပတ်ဝန်းကျင်ရှိ ရေခဲများ အရည်ပျော်လာသည်။ ထို့နောက် သူ တောင်ဘက်သို့ ဆက်သွားလိုက်လေသည်။
ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို မသုံးသေးပေ။ သူမည်သူဖြစ်ကြောင်း ပေါ်မသွားသည်ကို မသေချာနိုင်သေးသ၍ မလိုအပ်သော စွန့်စားမှုများကို မလုပ်ခြင်းက အကောင်းဆုံးဖြစ်သည်။ ကျန့်မျိုးနွယ်၏ သွေးကြွေးချိပ်စည်းအား မည်သို့ရှင်းရမည်ကိုမူ နောက်မှ သူ စဉ်းစားရမည်။
ချွက်...
ကောင်းကင်ကိုးဘုံး နဂါးမီးတောက်များက ပတ်ဝန်းကျင်ကို ကူးစက်သွားပြီး ရေခဲများကို အရည်ဖျော်နေ၏။ တဖြည်းဖြည်းဖြင့် မြစ်ရေများလည်း ပြန်လည်စီးဆင်းလာသည်။ ကျန်းရီသည် မြစ်ရေစီးသံကို ကြားလိုက်၏။ သို့သော် ရေများက ကြည်လင်မနေတော့ဘဲ ချင်းချင်းနီနေပြီဖြစ်သည်။ ထိုနေရာတစ်ခွင်လုံးတွင်လည်း သွေးညှီနံ့များ လှိုင်ထွက်နေသည်။
ကျန်းရီ၏ တိုက်ပွဲက အလွန်လျင်မြန်စွာ ပြီးဆုံးသွားသည်။ သို့သော် သူ မိုင်တစ်ထောင် ရေခဲလွှမ်းကို ထုတ်လွှတ်လိုက်သောအခါ အဝေးမှလူများက အံ့အားသင့်သွားခဲ့သည်။ သို့ရာတွင် မည်သူမှတော့ အနားသို့လာ၍ မစူးစမ်းဝံ့ကြပေ။ မျိုးနွယ်ကြီးများမှ ထောက်လှမ်းရေးများပင် အနားသို့ ကပ်မလာဝံ့ခဲ့ပေ။ ထိုအစား သူတို့သည် သူတို့၏မျိုးနွယ်များထံသို့သာ ရုတ်ခြည်း သတင်းပြန်ပို့လိုက်ကြသည်။ စွမ်းအားကြီး စွမ်းရည်တစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ထိုသို့ တုံ့ပြန်ခြင်းက သဘာဝကျပေသည်။
တစ်နာရီကြာပြီးနောက် ချန်မျိုးနွယ်မှ တပ်ဖွဲ့တစ်ခုက အခင်းဖြစ်ရာနေရာအနီးရှိ မြို့တစ်မြို့သို့ ရောက်လာ၏။ သူတို့သည် သူတို့အရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားကြသည်။ ကောင်းကင်ကိုးဘုံ နဂါးမီးတောက်များက အလောင်းများကို လောင်မြိုက်နေသည်။ သို့သော် ထိုမီးတောက်များက အလောင်းများ၏ အရိုးများကိုတော့ ပြာချမပစ်နိုင်ပေ။ ကောင်းကင်ဧကရာဇ်များ၏ ခန္ဓာကိုယ်က အလွန်သန်မာပြီး အရိုးများက အလွန်မာကြောသည် မဟုတ်ပါလား။ ထိုတပ်ဖွဲ့သည် မီးကျွမ်းနေသော မြေပြင်နှင့်အရိုးများ၊ ကျိုးပဲ့နေသော ချပ်ဝတ်များကို စစ်ဆေးလိုက်၏။ သူတို့သည် သွေးညှီနံများကိုလည်း ရနေသည်။
“အကုန်သေသွားပြီလား။ သခင်လေးကို ချက်ချင်း အကြောင်းကြားလိုက်”
ဝတ်ရုံနက်နှင့် လူနှစ်ယောက် တောင်ဘက်မှ ပျံသန်းလာပြီး အခင်းဖြစ်ရာနေရာကို စူးစမ်းလိုက်သည်။ ရုတ်ခြည်းပင် သူတို့၏ မျက်နှာများ ဖြူဖျော့သွားသည်။ သူတို့ထဲမှ တစ်ယောက်က အခင်းနေရာကို ဆက်၍စစ်ဆေးနေလိုက်ပြီး ကျန်တစ်ယောက် အမိန့်ပြားတစ်ခုကို ထုတ်၍ သတင်းပို့လိုက်လေသည်။
***
“ဘာ...”
ကျန့်ထျန်းလဲ့က ယဉ်ရို့ပင်းနှင့်အတူ လက်ဖက်ရည် အရသာခံနေ၏။ ထိုစဉ်၌ သူ့ခါးတွင် ချိန်ထားသော အမိန့်ပြားက တုန်ခါလာသည်။ သူ အမိန့်ပြားကို ယူကြည့်လိုက်ပြီးနောက် ချက်ချင်း မျက်နှာပျက်သွားသည်။ လက်ဖက်ရည်ခွက်ကို ကိုင်ထားသော သူ့လက်ကလည်း တုန်ယင်လာသည်။ ထို့ကြောင့် လက်ဖက်ရည်ခွက်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
“သခင်လေးထျန်းလဲ့ ဘာဖြစ်လို့လဲ”
ယဉ်ရို့ပင်းသည် ကျန့်ထျန်းလဲ့က မျက်နှာပျက်သွားသည်ကို မြင်လိုက်သောအခါ စိတ်ဝင်တစား မေးလိုက်၏။
“ဘာမှမဖြစ်ပါဘူး”
ကျန့်ထျန်းလဲ့က ဟန်ဆောင်ပြုံး၍ ပြန်ဖြေလိုက်သည်။ ထို့နောက် သူ ယဉ်ရို့ပင်းကို နှုတ်ဆက်လိုက်ပြီး သူ့ခြံဝန်းဆီသို့ ပြန်သွားလိုက်လေသည်။
“သူတို့အကုန်လုံး သေကုန်ပြီလား။ အကြီးအကဲ(၁၆)ရော သေသွားပြီလား”
အခန်းထောင့်တွင် ရပ်နေသော ဝတ်ရုံနက်နှင့်လူက ကျန့်ထျန်းလဲ့၏ စကားကို ကြားလိုက်သောအခါ မျက်နှာပျက်သွား၏။ သူသည် ရီစန်ကို သတ်ရန် အလွန်လွယ်ကူလိမ့်မည်ဟု ထင်ခဲ့၏။ ယခုတွင်မူ ပြဿနာက ကြီးထွားလာပေပြီ။
ကျန့်မျိုးနွယ်က အမြဲ သိုသိုသိပ်သိပ် နေခဲ့သည်။ သူတို့က ဆန်းကြယ်ဧကရာဇ်မြို့ကိုသာ စောင့်ကြပ်ခဲ့သည်။ သို့သော် သူတို့က အခြားမျိုးနွယ်များနှင့် မပူးပေါင်းဟူသော ကောလာဟလက မမှန်ပေ။ သူတို့၏ ပူးပေါင်းမှုများက လျှို့ဝှက်ချက်များ ဖြစ်နေခြင်းသာ။ အနီးပတ်ဝန်းကျင်ရှိ ဒေသအနည်းငယ်မှ မျိုးနွယ်လေးခုက ကျန့်မျိုးနွယ်နှင့် ပူးပေါင်းခဲ့သည်။ သူတို့သည် ထိုမျိုးနွယ်များမှ စွမ်းအားကြီး သိုင်းသမားများကို စုစည်း၍ ရီစန်နောက်သို့ လိုက်စေခဲ့၏။ ယခုတွင်မူ ထိုတစ်ဖွဲ့လုံး အသတ်ခံလိုက်ရပေပြီ။ ကျန့်မျိုးနွယ်မှ အကြီးအကဲတစ်ယောက်နှင့် ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမား အယောက်နှစ်ရာပင် သေခဲ့ရသည်။ သို့ဖြစ်ရာ သူတို့ ထိုကိစ္စကို လျစ်လျူရှုနိုင်ပါဦးမည်လော။
ကျန့်ထျန်းလဲ့သည် ပြဿနာများ ဖြစ်လာတော့မည်ကို သိ၏။ သူတို့သည် ထိုကိစ္စကို မည်သို့မှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ လူများစွာ အသက်ဆုံးရှုံးခဲ့သည် မဟုတ်ပါလား။ ကျန့်မျိုးနွယ်တွင် တင်းကြပ်သော စည်းမျဉ်းများရှိသည်။ ကျန့်ထျန်းလဲ့သည် မျိုးနွယ်သို့ ပြန်ရောက်လျှင် သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်သည်။
အပြစ်ပေးခံရခြင်းကို ကျန့်ထျန်းလဲ့ မမှုပေ။ သို့သော် ထိုကိစ္စက သူ၏ အနာဂတ်ကို ထိခိုက်စေပေလိမ့်မည်။ သူသည် မျိုးနွယ်ခေါင်းဆောင်ငယ်ပင် မဖြစ်သေးပေ။ ထို့ပင် သူ့တွင် အရည်အချင်းရှိသော ညီအစ်ကိုများနှင့် ဝမ်းကွဲများ များစွာရှိသည်။ ယခုတွင် သူ မျိုးနွယ်ခေါင်းဆောင်ငယ် ဖြစ်လာနိုင်ရန်ပင် မသေချာတော့ချေ။
ကျန့်ထျန်းလဲ့သည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ တစ်ခဏကြာပြီးနောက် သူ အံကြိတ်ကာ ပြောလိုက်သည်။
“မဖြစ်ဘူး... ကျွန်တော် ရီစန်ကို သတ်ရမယ်။ ဦးလေးကွေ့ ရီစန်နောက်ကို လိုက်ဖို့ လူတွေ စေလွှတ်လိုက်ပါ။ သူတို့ ရီစန်ကို ရှာတွေ့တာနဲ့ ကျွန်တော် ကိုယ်တိုင်သွားမယ်။ ကျွန်တော် ရီစန်ကို မသတ်နိုင်ရင် အဘိုးက ကျွန်တော့်ကို အထင်သေးသွားလိမ့်မယ်။ အဲ့လိုဆို ကျွန်တော် မျိုးနွယ်ခေါင်းဆောင်ငယ်ရာထူးကို ရနိုင်တော့မှာ မဟုတ်ဘူး။ ဦးလေးလည်း ကျွန်တော့်ရဲ့ ညီအစ်ကိုတွေနဲ့ ဝမ်းကွဲတွေကို သိတာပဲ... သူတို့က သောက်မျိုးမစစ်တွေ...”
“အဲ့လိုလုပ်လို့ မရဘူး”
ဝတ်ရုံနက်နှင့်လူက ပြတ်ပြတ်သားသား ပြောလိုက်သည်။
“သခင်လေး... သခင်လေးက အခုမှ နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်ရုံပဲ ရှိပါသေးတယ်။ သခင်လေးရဲ့စွမ်းရည်တွေက မတည်ငြိမ်သေးပါဘူး။ သခင်လေး စွန့်စားလို့ မဖြစ်ဘူး။ တကယ်လို့ ဧကရာဇ်နဲ့ မျိုးနွယ်ခေါင်းဆောင်သာ သခင်လေးက ရီစန်လို ပမွှားလေးတစ်ယောက်အတွက် ကိုယ့်အသက်ကိုရင်းပြီး စွန့်စားခဲ့တယ်ဆိုတာကို သိသွားရင် သေချာပေါက် ဒေါသထွက်သွားလိမ့်မယ်။ မျိုးနွယ်ခေါင်းဆောင်က သခင်လေးကို သတိပေးဖူးတယ်မလား”
“အဲ့ဒါက...”
ကျန့်ထျန်းလဲ့ တစ်စက္ကန့်မျှ ဆွံ့အသွား၏။ ထို့နောက် သူ ဝတ်ရုံနက်နှင့်လူကို စိတ်လှုပ်တရှားဖြင့် ပြန်ပြောလိုက်သည်။
“ဦးလေးကွေ့... အဲ့ဒါဆို ကျွန်တော် ဘာလုပ်သင့်လဲ”
ဝတ်ရုံနက်နှင့်လူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဆန်းကြယ်ဧကရာဇ်မြို့ကို ပြန်သွားလိုက်ပါ။ မျိုးနွယ်ခေါင်းဆောင်ကို ဖြစ်ခဲ့တဲ့ကိစ္စတွေအကုန် ပြောပြပြီး သခင်လေးရဲ့ အပြစ်ကို ဝန်ခံလိုက်ပါ။ နောက်လနည်းနည်းနေရင် သခင်လေးနဲ့ သခင်မလေးယဉ်တို့က လက်ထပ်တော့မှာဆိုတော့ မျိုးနွယ်ခေါင်းဆောင်က သခင်လေးကို ပြင်းပြင်းထန်ထန် အပြစ်မပေးလောက်ပါဘူး။ လက်ထပ်ပွဲသာ ချောချောမွေ့မွေ့ ပြီးသွားရင် သခင်လေးက ယဉ်မျိုးနွယ်နဲ့ အမျိုးတော်သွားမှာပါ။ အဲ့ကျရင် သခင်လေး သေချာပေါက် မျိုးနွယ်ခေါင်းဆောင်ငယ်ရာထူးကို ရပါလိမ့်မယ်”
“ရီစန်ကရော”
ကျန့်ထျန်းလဲ့က မျက်ထောင့်နီဖြင့် မေးလိုက်သည်။
“ကျွန်တော်တို့က သူ့ကို လွှတ်ပေးလိုက်ရတော့မှာလား”
“သူ မပြေးနိုင်ပါဘူး”
ဦးလေးကွေ့က ကျန်းရီကို အေးစက်စက် ပြုံးပြလိုက်၏။
“ကျွန်တော်တို့ တည်နေရာပြောင်းရွှေ့အစီအရင်ကိုသုံးပြီး ချက်ချင်း ပြန်မယ်။ သခင်လေးသာ မျိုးနွယ်ခေါင်းဆောင်ကို ဖြစ်ကြောင်းကုန်ဆင် ပြောပြလိုက်ရင် သူက ကျွန်တော်တို့ မျိုးနွယ်က နတ်ဘုရားတစ်ပိုင်း ပညာရှင် တစ်ဝက်ကျော်လောက်ကို စေလွှတ်ပြီး ရီစန်ကို လိုက်ဖမ်းခိုင်းမှာပဲ။ သွေးကြွေးချိပ်စည်းက လဝက်လောက်ခံတယ်။ ကျွန်တော်တို့ ကျန့်မျိုးနွယ်ဝင်တွေကို သတ်တဲ့သူတိုင်း သေရမယ်”
***