← Chapters

ကျွန်မတို့ကို လာခေါ်နော်

Vol. 78 Ch. 1081

ကျွန်မတို့ကို လာခေါ်နော်

Vol. 78 Ch. 1081

ဆန်းကြယ်နတ်ဘုရားတောင်တွင် လှုပ်ရှားမှုများ ထွက်ပေါ်လာ၍လောမသိ ကျန်းရီ၏ ပုန်းအောင်းရာနေရာက အတော်လေး လုံခြုံနေသည်။ လဝက်ဆိုသော အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ကျန်းရီသည် သူ့နောက်သို့ ခြေရာခံလိုက်လာသော နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကိုမှ မတွေ့ခဲ့ပေ။

လဝက်ကြာပြီးနောက် ကျန်းရီသည် သူ့ခေါင်းနောက်မှ အရှိန်အဝါက ပျောက်ကွယ်လုနီးနီး ဖြစ်လာပြီဖြစ်ကြောင်း သိလိုက်ရ၏။ သို့သော် သူ သတိလက်လွတ် မဖြစ်ဝံ့ပေ။ ထို့ကြောင့် သူ ဧကရာဇ်နန်းတော်ထဲတွင်သာ ဆက်နေလိုက်သည်။ ထို့ပြင် သူသည် နှစ်နာရီတစ်ခါ အပြင်ဘက်သို့ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အာရုံခံနေဆဲပင်။

ထိုလဝက်အတွင်း၌ ကျန်းရီသည် ဘဝအရသာကို အမှန်ပင် ခံစားခဲ့ရသည်။ အမွှာညီအစ်မနှစ်ယောက်က သူ၏ အစေခံများကဲ့သို့ ပြုမူခဲ့သည်။ သူ မည်သို့ ပြောစေကာမူ သူမတို့နှစ်ယောက်က လက်မခံခဲ့ပေ။ သူမတို့သည် သူ့ကို မည်သို့ ပြုစုရမည်၊ သူကျေနပ်အောင် မည်သို့လုပ်ရမည်တို့ကိုသာ အမြဲတွေးနေကြသည်။ အကယ်၍ သူသာ စကားတစ်ခွန်းပြောလိုက်လျှင် သူမတို့က အဝတ်များချွတ်၍ ခန္ဓာကိုယ်နှင့်ပင် အလုပ်အကြွေးပြုကြပေလိမ့်မည်။

သို့သော် ကျန်းရီတွင် ထိုသို့သောကိစ္စများအတွက် အချိန်မရှိပေ။ သူသည် တစ်ရက်မှ သတိမလွတ်ဝံ့ပေ။ ညအချိန်တွင်ပင် သူ အနားမယူနိုင်‌ချေ။ သူက ပတ်ဝန်းကျင်ကို မပြတ်အာရုံခံနေခဲ့၍ သူ၏စိတ်ဝိညာဉ်မှာ အလွန်နွမ်းနယ်လာသည်။ ထို့ပြင် သူသည် မိန်းမပျိုနှစ်ယောက်ကို သူ၏ကိစ္စများအတွင်း ဆွဲမသွင်းဝံ့ပေ။ သူ ဆန်းကြယ်နတ်ဘုရားတောင်‌ပေါ်သို့ တက်မည့်ကိစ္စကပင် အလွန်အန္တရာယ်များနေပြီဖြစ်သည်။ ယခုတွင် သူသည် ကျန့်မျိုးနွယ်ကိုလည်း ဒေါသထွက်သွားအောင် လုပ်လိုက်မိပေပြီ။ ထို့ကြောင့် သူ ဆန်းကြယ်နတ်ဘုရားတောင်ပေါ်သို့ပင် တက်နိုင်ပါမည်လောဟု ကျန်းရီ စိုးရိမ်လာသည်။

ကျန်းရီသည် သုံးရက်ကြာပြီးနောက်တွင် မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့ရသေးလျှင် ခရီးဆက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ သူ အချိန်များစွာ ဖြုန်းခဲ့မိပြီဖြစ်သည်။ ဆက်၍နှောင့်နှေးနေလျှင် ဆန်းကြယ်နတ်ဘုရားတောင်မှ အကာအရံများက လုံးဝပျက်ပြယ်သွားပေတော့မည်။ ထိုသို့ဖြစ်သွားလျှင် သူ တောင်သို့ သွားလျှင်လည်း အကျိုးရှိတော့မည် မဟုတ်ပေ။

ကျန်းရီ ထန်ရွှယ်နှင့် ထန်ယန်တို့ကို ခေါ်၍ ပြောလိုက်၏။

“နောက်သုံးရက်နေရင် ငါတို့ ဒီနေရာက ထွက်သွားတော့မှာ။ မင်းတို့ကို ခေါ်ထားဖို့ ငါ ချန်မျိုးနွယ်က လူတွေကို ပြောလိုက်မယ်။ သူတို့က မင်းတို့ကို အပြစ်သားကျွန်းဆီ ပို့ပေးလိမ့်မယ်။ အဲ့နေရာက အလုံခြုံဆုံးပဲ။ အဲ့မှာ ငါ့ကို စောင့်နေကြပါ။ ငါ မင်းတို့ဆီ ပြန်လာခဲ့မှာပါ။ မင်းတို့ ငါ့နောက်ကို လိုက်လာမယ်ဆိုရင် အန္တရာယ်တွေနဲ့ ကြုံတွေ့ရလိမ့်မယ်”

“ဟင့်အင်း... ကျွန်မတို့ ထွက်သွားမှာ မဟုတ်ဘူး”

ထန်ရွှယ်နှင့် ထန်ယန်တို့သည် ကျန်းရီ၏ စကားများကို ကြားလိုက်သောအခါ တုန်လှုပ်သွားကြ၏။ ထန်ရွှယ်က အံကြိတ်ကာ ပြောလိုက်သည်။

“သခင်လေးကျန်း... ကျွန်မတို့ရဲ့အသက်က ဘာမှ အဖိုးမတန်ပါဘူး။ ကျွန်မတို့က ဘာဖြစ်လာမယ်မသိဘဲ အကြောက်တရားနဲ့နေရတဲ့ဘဝကို အသားကျနေပါပြီ။ ကျွန်မတို့က သခင်လေးနဲ့ အတူရှိနေရင် အလုံခြုံဆုံးလို့ ခံစားရပါတယ်။ ကျွန်မတို့ သေချင်သေပါစေ... သခင်လေးနဲ့အတူပဲ သေချင်တယ်။ ကျွန်မတို့ ဘယ်ကိုမှ မသွားချင်ပါဘူး။ သခင်လေးက ကျွန်မတို့ကို အဝေးကို အတင်းပို့မယ်ဆိုရင် ကျွန်မတို့ သေပဲသေလိုက်မယ်”

“မရဘူး...”

ကျန်းရီ၏ လေသံက အလွန်ပြတ်သားသည်။ ထို့နောက် သူ မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

“ဒီကိစ္စကို ဘာမှ ညှိနှိုင်းနေမှာ မဟုတ်ဘူး။ နောက်ကျ မင်းတို့ ငါ့နောက် လိုက်ချင်သေးတယ်ဆိုရင် ငါပြောတာကို နားထောင်ကြ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ... အပြစ်သားကျွန်းကို မသွားကြနဲ့။ နတ်ဘုရားအသံလှိုင်းတောင်ကြားကိုသွားပြီး နေနေကြ။ အသံလှိုင်းဧကရာဇ်က မင်းတို့ကို ကောင်းကောင်းဆက်ဆံမှာပါ။ အဲ့မှာ ငါ လုပ်စရာကိစ္စတွေကို လုပ်ပြီးသွားတဲ့အထိ စောင့်နေကြပေါ့... ပြီးရင် ငါ မင်းတို့ကို လာခေါ်မယ်”

ကျန်းရီ၏ လေသံတွင် ဒေါသသံနည်းနည်းပါသွား၍ မိန်းမပျိုနှစ်ယောက် မျက်ရည်များ ဝဲလာသည်။ သို့သော် သူမတို့ ဆက်၍ မဆန့်ကျင်ဝံ့တော့ပေ။

ကျန်းရီသည် ဧကရာဇ်နန်းတော်ထဲမှ ထွက်ပြီးနောက် အစိမ်းရောင်ပုလဲလုံးတစ်လုံးကို ထုတ်၍ ၎င်းထဲ အတွင်းအား ထည့်သွင်းလိုက်သည်။ ထို့နောက်တွင် ပုလဲလုံးက လင်းလက်လာလေသည်။

နှစ်နာရီကြာပြီးနောက် အရိပ်နက်တစ်ခု ရောက်ရှိလာ၏။ သူ၏လက်ထဲတွင် အစိမ်းရောင် ပုလဲတစ်ကုံးကို ကိုင်ထားသည်။ ကျန်းရီက ကောင်းကင်စိတ်အာရုံဖြင့် ထိုသူကို အာရုံခံလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“မြေအောက်ထဲကို ဆင်းလာခဲ့ပါ”

အရိပ်နက်က ချက်ချင်း ဆင်းလာသည်။ ကျန်းရီသည် ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီးနောက် ဧကရာဇ်နန်းတော်ကို သိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ထန်ရွှယ်နှင့် ထန်ယန်တို့ကိုလည်း အပြင်သို့ ထုတ်လိုက်သည်။ ထို့နောက် သူ ရီစန်အဖြစ် ပြန်ရုပ်ပြောင်းလိုက်သည်။

ဝုန်း...

အထက်ရှိ မြေမျက်နှာကြက်က ပွင့်ထွက်သွားပြီး အရိပ်နက်တစ်ခု ကျန်းရီတို့အရှေ့သို့ ဆင်းလာသည်။ သူက ဒူးတစ်ဘက်ထောက်ကာ ပြောလိုက်လေသည်။

“သခင်လေးရီ... နောက်ဆုံးတော့ ကျွန်တော်တို့ သခင်လေးကို ရှာတွေ့ပြီ”

“အပြင်မှာ ဘယ်လိုအခြေအနေရှိလဲ”

ကျန်းရီက အချိန်ဖြုန်းမနေတော့ဘဲ တည့်တိုးမေးလိုက်သည်။

“ကျန့်မျိုးနွယ်ကလူတွေ ကျွန်တော့်ကို လာရှာကြသေးလား”

“လာရှာပါတယ်”

ဝတ်ရုံနက်နှင့်လူက ခေါင်းညိတ်လိုက်သည်။

“ကျန့်မျိုးနွယ်က ဒီနေကို နတ်ဘုရားတစ်ပိုင်းတွေ စေလွှတ်လိုက်ပါတယ်။ သူတို့က ယဉ်လုံဒေသရဲ့ မြောက်ဘက်ခြမ်းမှာ ဆယ့်သုံးရက်လောက် ရှာသွားပါတယ်။ ဒါပေမဲ့ အဲ့မှာ သခင်လေးမရှိတာကို သိပြီး ပြန်သွားကြပါတယ်။ သခင်လေးက တကယ့်ကို အစွမ်းထက်တာပဲ။ ကိုယ်ပေါ်မှာ သွေးကြွေးချိပ်စည်းရှိနေတာတောင် ကျန့်မျိုးနွယ်ကလူတွေလက်က လွတ်အောင် ပုန်းနိုင်ခဲ့တယ်။ သခင်လေးက အနီးနားမှာပဲ ပုန်းနေလိမ့်မယ်လို့ ကျွန်တော်တို့ မထင်ထားဘူး”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။

“ဒီကောင်မလေးနှစ်ယောက်ကို နတ်ဘုရားအသံလှိုင်းတောင်ကြီးဆီ လျှို့ဝှက်ပြီး ပြန်ခေါ်သွားပေးပါ။ ခင်ဗျားတို့ သူတို့ကို ကောင်းကောင်းစောင့်ရှောက်ရမယ်။ မကြာခင် ကျွန်တော် ပြန်လာပြီး သူတို့ကို လာခေါ်ပါမယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့ မိသားစုခေါင်းဆောင်ကိုလည်း ပြောလိုက်ပါ... ကျွန်တော်က အရေးကြီးကိစ္စတစ်ခုရှိလို့ အလျင်စလို ထွက်သွားရတာပါလို့။ တကယ်လို့ ကိစ္စတစ်ခုခု ရှိရင် ကျွန်တော် သူ့ကို ဆက်သွယ်ပါမယ်။ ဟုတ်သား... ကျွန်တော်က ဆန်းကြယ်ဧကရာဇ်မြို့ကိုသွားမှာ ဆိုတာကိုလည်း မိသားစုခေါင်းဆောင်ကို ပြောလိုက်ပါ”

“ဟုတ်ကဲ့ပါ”

ဝတ်ရုံနက်နှင့်လူက အတော်လေး အစွမ်းထက်သည်။ သူ့လက်မှ လက်စွပ်က လင်းလက်လာပြီး ဝတ်ရုံနက်နှစ်ထည် ထွက်လာသည်။ သူက ထန်ရွှယ်နှင့် ထန်ယန်တို့ကို ဝတ်ရုံနက်တစ်ထည်စီ ပေးကာ ပြောလိုက်သည်။

“မိန်းကလေးတို့... ဝတ်ရုံနက် ဝတ်လိုက်ကြပါ။ ကျွန်တော်တို့ အနီးဆုံးမြို့ကို ရောက်တာနဲ့ ကျွန်တော် မိန်းကလေးတို့ကို ရုပ်ဖျက်ဆေးလုံးတွေ ပေးပါမယ်”

ကျန်းရီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထန်ရွှယ်နှင့် ထန်ယန်တို့က ဝတ်ရုံနက်ကို ဝတ်လိုက်ကြပြီး ကျန်းရီဘက်သို့ လှည့်ကာ မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် ထပ်ပြောလိုက်ကြသည်။

“သခင်လေး... ကျွန်မတို့ကို လာခေါ်နော်”

“လာခေါ်မှာပါ”

ကျန်းရီ မိန်းမပျိုနှစ်ယောက်ကို လက်ပြနှုတ်ဆက်လိုက်၏။ ထို့နောက် ဝတ်ရုံနက်နှင့်လူက သူမတို့နှစ်ယောက်ကို လက်မှဆွဲကာ မြေကြီးထဲမှ ပျံထွက်သွားလိုက်သည်။ ကျန်းရီ သူတို့နှင့်အတူ အပြင်ကို လိုက်မသွားပေ။ သူသည် မြေကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ထန်ရွှယ်နှင့် ထန်ယန်တို့ အနီးဆုံးမြို့သို့ ရောက်သွားသောအခါမှ သူ စိတ်အေးသွားဟန် သက်ပြင်းချလိုက်လေသည်။

“သွားမယ်..”

ကျန်းရီ ဧကရာဇ်နန်းတော် အပြင်ဘက်တွင် ရှိနေသည်မှာ နှစ်နာရီကျော် ကြာနေပြီဖြစ်သည်။ အကယ်၍ အနီးပတ်ဝန်းကျင်တွင် ကျန့်မျိုးနွယ်မှ လူများ ရှိနေသေးပါက ယခုလောက်ဆိုလျှင် နတ်ဘုရားတစ်ပိုင်းများ သူ့ဆီသို့ ရောက်လာလောက်ပေပြီ။ ကျန်းရီ သူ၏ရုပ်သွင်နှင့် စိတ်ဝိညာဉ်အရှိန်အဝါကို ထပ်ပြောင်းလိုက်ပြီး မြေပြင်ထက်သို့ တက်ကာ ‌တောင်ဘက်သို့ ဦးတည်သွားလိုက်လေသည်။

ကျန်းရီက နတ်ဘုရားအသံလှိုင်းဒေသနှင့် ယဉ်လုံဒေသ၏ နယ်စပ်တွင် ရှိနေခြင်းပင်။ ထို့ကြောင့် သူသည် နေ့ဝက်အတွင်းမှာပင် ယဉ်လုံဒေသ၏ မြောက်ဘက်ရှိ မြို့ငယ်တစ်မြို့သို့ ရောက်သွားသည်။ သူ ထိုမြို့အတွင်းသို့ ဝင်သွားလိုက်ပြီး ကောင်းကင်ကံကြမ္မာသင်္ဘောလက်မှတ် ဖြတ်လိုက်သည်။ နေ့လယ်ရောက်သောအခါ သူက အနီးရှိ မြို့ကြီးတစ်မြို့သို့သွားမည့် ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်သို့ ရောက်နေပြီဖြစ်သည်။

ကျန်းရီသည် ကောင်းကင်ကံကြမ္မာသင်္ဘောကို တစ်ရက်ကြာ စီးပြီးနောက် မြို့ကြီးတစ်မြို့သို့ အခက်အခဲမရှိ ရောက်သွားသည်။ သူသည် မြို့ထဲတွင် ထန်မျိုးနွယ်၏ ကုန်သည်အဖွဲ့အစည်းခွဲတစ်ခုကို ရှာလိုက်ပြီး ဒေသမှ ထွက်မည့် ကောင်းကင်ကံကြမ္မာသင်္ဘောလက်မှတ် ဖြတ်လိုက်သည်။ နောက်တစ်ရက်တွင် သူ ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘာပေါ် တက်လိုက်လေသည်။ ထိုတွင်မှ သူ စိတ်အေးသွားတော့သည်။

ကျန့်မျိုးနွယ်က အရှေ့ဘက် တော်ဝင်နယ်မြေတွင် နံပါတ်(၁)မျိုးနွယ်ဖြစ်သော်လည်း ကျန့်မျိုးနွယ်ဝင်များက တန်ခိုးရှင်များ မဟုတ်ကြပေ။ ယခုတွင် သွေးကြွေးချိပ်စည်းက ပျက်ပြယ်သွားပြီဖြစ်၍ ကျန့်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများက ကျန်းရီကို သိနိုင်တော့မည် မဟုတ်ချေ။ တိုက်ပွဲဧကရာဇ်ကိုယ်တိုင် ကျန်းရီကို လိုက်ရှာမှသာ ကျန်းရီအဖမ်းခံရမည်ဖြစ်သည်။

ကောင်းကင်ကံကြမ္မာသင်္ဘောနှင့် သုံးရက်ကြာသွားပြီးနောက် ကျန်းရီ ပတ်ဝန်းကျင်ကို ဆက်အာရုံခံမနေတော့ပေ။ ထိုအစား သူသည် ကျင့်ကြံခြင်းအခန်းတစ်ခုအတွင်းသို့ ဝင်၍ စတင်ကျင့်ကြံလိုက်သည်။ သူ ထန်မျိုးနွယ်၏ ပလက်တီနမ် အမိန့်ပြားကိုတော့ ထုတ်မပြလိုက်ပေ။ ထန်ရှန့်နှင့် ထန်မင်တို့ကြောင့် ယေဘုယျအားဖြင့် ထန်မျိုးနွယ်က အားကိုးရသည်ဟု ဆိုနိုင်သည်။ သို့သော် ထန်မျိုးနွယ်မှ လူတိုင်းကို ယုံကြည်၍ မဖြစ်ပေ။

ကျန်းရီ ဆန်းကြယ်ဧကရာဇ်မြို့သို့ရောက်ရန် အနည်းဆုံး နှစ်ဝက်ကြာ သွားရဦးမည်ဖြစ်သည်။ သူသည် ထိုအချိန်အတွင်း သူ၏အတွင်းအားကို ကျင့်ကြံရန်နှင့် တာအိုပုံသဏ္ဌာန်များကို ကြိုးစားလေ့လာရန် ဆုံးဖြတ်ထားသည်။ သူသာ ကြယ်သုံးပွင့်နှင့်အထက် တာအိုပုံသဏ္ဌာန်နှစ်ခုကို ထပ်မံ သိမြင်နားလည်သွားပါက သူ နတ်ဘုရားတစ်ပိုင်း ဖြစ်သွားမည်ဖြစ်သည်။ သို့သော် သူ နတ်ဘုရားဝိညာဉ်ကို ဖန်တီးရန်တော့ လိုပေ‌သေးသည်။

‘နတ်ဘုရားဝိညာဉ်ကို ဘယ်လိုဖန်တီးရမယ်ဆိုတာ အသံလှိုင်းဧကရာဇ်ကို မေးခဲ့ဖို့ ငါမေ့သွားတယ်...’

ကျန်းရီသည် နတ်ဘုရားဝိညာဉ်အကြောင်း တွေးမိသောအခါ နောင်တရသွား၏။ သို့သော် သူက ချန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်သို့ ရောက်နေပြီဖြစ်သည်။ နတ်ဘုရားအသံလှိုင်းဒေသကို ပြန်သွား၍ မရတော့ပေ။ ထို့ကြောင့် နောင်တွင် နတ်ဘုရားဝိညာဉ်အကြောင်းကို မေးနိုင်ရန် ခွင့်အရေးတစ်ခု ပေါ်လာပါစေဟုသာ သူ ဆုတောင်းနိုင်တော့သည်။

‘အင်း... ဒီခြောက်လအတွင်းမှာ ငါ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို လေ့လာသုံးသပ်နေလို့ရတာပဲ။ ဝိညာဉ်ဖမ်းစားလို့ခေါ်တဲ့ ဒုတိယအဆင့် ကို အခြေခိုင်အောင် လုပ်ရမယ်။ ငါ တတိယအဆင့်.. ဝိညာဉ်ဖျက်ဆီးအဆင့်ကို ရောက်အောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ ဝိညာဉ်ဖျက်ဆီးအဆင့်က သာမန်နတ်ဘုရားတစ်ပိုင်းတွေကိုတောင် သတ်နိုင်လိမ့်မယ်ထင်တယ်”

ကျန်းရီ စိတ်နှစ်ကာ လေ့လာကျင့်ကြံလိုက်သည်။ သူ၏ ဦးစားပေးပန်းတိုင်းမှာ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ရန်ဖြစ်သည်။ သူ နတ်ဘုရားတစ်ပိုင်း ဖြစ်လာလျှင် သူ၏အတွင်းအားက နတ်စွမ်းအား ဖြစ်လာပေလိမ့်မည်။ သူ့တွင်သာ နတ်စွမ်းအားရှိလျှင် သူ နိဗ္ဗာန်မီးတောက်များကို အလွယ်တကူ နှိုးနိုင်မည်ဖြစ်သည်။ ထိုနိဗ္ဗာန်မီးတောက်များနှင့်ဆိုလျှင် နတ်ဘုရားတစ်ပိုင်းများကို အလွယ်တကူ သတ်ပစ်နိုင်သည်။

ကျန်းရီသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို လေ့လာရင်း ရင်ခုန်မြန်လာ၏။ လျှို့ဝှက်ကျင့်ကြံခြင်းအခန်း၏ အကာအရံများက ခိုင်မာ၍ အသံများ အခန်းအပြင်သို့ ထွက်သွားမည်ကို သူ စိတ်ပူစရာမလိုပေ။ ထို့ကြောင့် သူ လက်စွပ်ထဲမှနေ၍ သစ်ရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး စတင်မှုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ဂီတမှနေ၍ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ပို၍သိမြင်နားလည်လာအောင် ကြိုးစားလိုက်သည်။

ကျန်းရီသည် သူ့ငယ်ဘဝမှ တေးသွားတစ်ပုဒ်ကို မှုတ်လိုက်၏။ သူမှုတ်နေရင်း သူ့မျက်လုံးများ ဝေဝါးလာသည်။ သူ့အတွေးထဲတွင် သူ့ငယ်ဘဝမှ ပုံရိပ်များနှင့် ပြည့်နှက်နေသည်။ တေးသွားဆုံးသွားသောအခါ သူ အလွန်အမင်း ဝမ်းနည်းသွားလေသည်။

“မဖြစ်သေးဘူး...”

ကျန်းရီ အော်လိုက်သည်။ သူ ထိုသစ်ရွက်မှုတ်သည့် နည်းလမ်းကို ပယ်ချလိုက်သည်။ သူသည် သစ်ရွက်မှုတ်ရင်း ရန်သူများကို မတိုက်ခိုက်နိုင်ပေ။ သူ သစ်ရွက်မှုတ် ရပ်လိုက်သည်နှင့် ရန်သူများက ချက်ချင်း အသိပြန်ဝင်လာမည်ဖြစ်သည်။ အကယ်၍ သူ သစ်ရွက်မှုတ်နေစဉ် ရန်သူတစ်ယောက်က မိန်းမောမသွားဘဲ အသိကပ်နေသေးပါက သူ ထိုရန်သူ၏ တိုက်ခိုက်မှုများကို ခုခံနိုင်မည် မဟုတ်ပေ။

‘နှလုံးသားထဲမှာ ဓားရှိနေရင် မြက်ပင်တစ်ပင် ဒါမှမဟုတ် သစ်ကိုင်းခြောက်တစ်ခုကတောင် ဓားဖြစ်နိုင်တယ်။ နတ်ဘုရားအသံ ကောင်းကင်အတတ်က စစ်မှန်တဲ့ ခံစားချက်တွေအပေါ် အခြေခံတာပဲ။ ငါသာ စစ်မှန်တဲ့ ခံစားချက်နဲ့ တီးမှုတ်ရင် ဘယ်တူရိယာကို သုံးတယ်ဆိုတာက အရေးမကြီးဘူး။ ငါ ဓားပျော့ကိုသုံးပြီး အသံဖန်တီးကြည့်ရမယ်... ဓားပျော့နဲ့ တေးသွားတစ်ပုဒ် ဖန်တီးနိုင်မလားဆိုတာ ကြည့်ကြတာပေါ့’

ကျန်းရီ ဓားပျော့ကို ထုတ်လိုက်ပြီး ၎င်းကို အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ လှုပ်ယမ်းလိုက်သည်။ အခန်းထဲတွင် ဓားက လေကို ပိုင်းဖြတ်သွားသည့်အသံများ ပြည့်နှက်သွားသည်။

‘မဟုတ်သေးဘူး... ဒီလို မဟုတ်လောက်ဘူး။ စည်းချက်နဲ့ တေးသွားက မှားနေတယ်’

ကျန်းရီသည် အခြားအရာများကို လျစ်လျူရှုလိုက်ပြီး ဓားပျော့က ပြုလုပ်နေသော အသံများအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်လိုက်လေသည်။ သူက ဓားပျော့ကို သုံး၍ ထူးခြားသော တေးသွားတစ်ပုဒ်ကို ဖန်တီးရန် ကြိုးစားနေခြင်းပင်။ ထိုမှ သူ့ရန်သူအားလုံးက ယင်းတေးသွားကို နားထောင်မိပြီး မိန်းမောသွားကြမည်ဖြစ်သည်။

***

All Chapters