ကောင်းကင်ဘုံသို့ သွားရာလမ်း
Vol. 78 Ch. 1082
နတ်ဘုရားအသံ ကောင်းကင်အတတ်က ဆန်းကြယ်သောစွမ်းရည်တစ်ခုပင်။ တိတိကျကျဆိုရလျှင် မည်သည့် ဂီတစွမ်းရည်ကိုမဆို နတ်ဘုရားအသံ ကောင်းကင်အတတ်အဖြစ် မှတ်ယူနိုင်သည်။ သို့သော် ၎င်းတို့၏ တိုက်ခိုက်စွမ်းအားကတော့ အလွန်ကွဲပြားမည်ဖြစ်သည်။ ဂီတအမျိုးအစားများစွာသည် နားဆင်သူ၏ မှတ်ဉာဏ်ထဲတွင် စွဲထင်နေနိုင်ပြီး နားဆင်သူများကို အချိန်တစ်ခုအထိ အရားအားလုံးကို မေ့လျော့သွားစေနိုင်သည်။ နားဆင်သူများသည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်များဝိုင်းနေမည်ဖြစ်သည်။ ယင်းက နတ်ဘုရားအသံ ကောင်းကင်အတတ်၏ အစွမ်းပင်။
အစတွင် ကျန်းရီသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ဆက်၍ လေ့လာသောအခါ ပြတင်းပေါက်တစ်ပေါက်ကို ဖွင့်လိုက်ပြီး ဆန်းကြယ်သောနယ်မြေတစ်ခုအတွင်းသို့ ဝင်မိသွားသလိုမျိုး ခံစားခဲ့ရသည်။ သူသည် စားရန်သောက်ရန်နှင့် သူ မည်သည့်နေရာတွင်ရှိနေသည်ကိုပါ မေ့လျော့လာသည်။ ထို့ပြင် ကျန့်မျိုးနွယ်၏ အန္တရာယ်ကိုလည်း သူ မေ့သွားသည်။ သူ၏ အာရုံနှင့် စွမ်းအင်က နတ်ဘုရားအသံ ကောင်းကင်အတတ်ကို လေ့လာခြင်းဆီသို့သာ အပြည့်အဝ ရောက်နေသည်။
ကျန်းရီသည် အထက်ပါအတိုင်း သုံးလကြာ လေ့လာခဲ့သည်။ သူ အသိပြန်ကပ်လာသောအခါ ရက်အနည်းငယ်သာ ကုန်ဆုံးသေးသည်ဟု ထင်လိုက်မိသည်။ ထို့နောက်တွင်မှ သူက ဓားပျော့ကို သုံးလကြာ လှုပ်ယမ်း၍ ဆန်းကြယ်သော တေးသွားတစ်ပုဒ်ကို ဖန်တီးရန် ကြိုးစားနေခဲ့ခြင်းဖြစ်ကြောင်း သူ သိသွားသည်။ သူသည် ဓားက လေကိုပိုင်းဖြတ်သံအား အသုံးပြု၍ ထူးခြားဆန်းကြယ်သော တေးသွားတစ်ပုဒ်ကို ဖန်တီးနေခဲ့ခြင်းပင်။
တေးသွားက အလွန်ရိုးရှင်း၏။ သို့သော် ထိုတေးသွားက ကျန်းရီကို နတ်ဘုရားအသံ ကောင်းကင်အတတ်အပေါ် ပို၍နက်ရှိုင်းစွာ နားလည်လာစေသည်။ ဂီတသံက နိမ့်ပြီး ဓားက လေကိုဖြတ်သော အသံမှာ သာယာသော ဂီတသံ မဟုတ်သော်လည်း တေးသွားက နားဆင်မိသူများကို မချင့်မရဲ ဖြစ်လာစေနိုင်သည်။ နားဆင်သူများသည် ထိုတေးသွားကို ကြားသည်နှင့် တစ်ဆထက်တစ်ဆ မချင့်မရဲ ဖြစ်လာကာ အကြမ်းဖက်လိုစိတ်များ ပေါ်လာပေလိမ့်မည်။
ကျန်းရီသည် သူ၏ မူလစွမ်းရည်နှင့် သစ်ရွက်တေးသွားတို့ကို ပေါင်းစပ်၍ နတ်ဘုရားအသံ ကောင်းကင်အတတ် အမျိုးအစားအသစ်တစ်ခုကို ဖန်တီးခဲ့ခြင်းပင်။ သူသည် တေးသွားတစ်ပုဒ်ကို သုံးလကြာ ဖန်တီးခဲ့ရသည်။ သူ သိပ်အားမရသေးသော်လည်း ထိုတေးသွားက ယခင် သူအသုံးပြုခဲ့သော ကြောက်မက်ဖွယ်အသံများထက်တော့ များစွာပို၍ တိုက်ခိုက်စွမ်းအားကြီးပေသည်။
‘တစ်ခုခု လိုနေသေးပုံပဲ...’
ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။ ထိုနတ်ဘုရားအသံ ကောင်းကင်အတတ်က ယခင်ကထက် ပို၍ စွမ်းအားကြီးသော်လည်း သူမျှော်လင့်ထားသလောက် စွမ်းအားမကြီးသေးပေ။ သူမျှော်လင့်သည်မှာ သူ တေးသွားကို စတီးမှုတ်သည်နှင့် လူအားလုံး အသိစိတ်လွတ်သွားစေလိုခြင်းဖြစ်သည်။ သို့ဆိုလျှင် သူ ရန်သူများကို ပို၍လွယ်ကူစွာ သတ်နိုင်မည်ဖြစ်သည်။
‘ဟုတ်တယ်... သတ်ဖြတ်အရှိန်အဝါ’
ကျန်းရီ၏ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ ယခင်က သူသည် နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် သတ်ဖြတ်အရှိန်အဝါကို ပေါင်းစည်းခဲ့သည်။ ယခုတွင်မူ သူ ထိုသို့လုပ်မထားပေ။ သတ်ဖြတ်အရှိန်အဝါက စွမ်းအားကြီးသောအရာတစ်ခုဖြစ်သည်။ ၎င်းနှင့် ပေါင်းစည်းလိုက်လျှင် နတ်ဘုရားအသံ ကောင်းကင်အတတ်က များစွာပို၍ စွမ်းအားကြီးသွားပေလိမ့်မည်။
ကျန်းရီ၏ မျက်လုံးများ နီရဲလာပြီး သူ့ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ ထို့နောက် သူသည် သူဖန်တီးထားသော ပုံစံအတိုင်း ဓားပျော့ကို လှုပ်ယမ်းလိုက်သည်။ ရုတ်တရက် အခန်းထဲတွင် အသံတစ်သံ ထွက်ပေါ်လာလေသည်။ ထိုအသံက အစောမှ အသံထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ သာမန်ကောင်းကင်ဧကရာဇ်များဆိုလျှင် ထိုအသံကို နားထောင်မိသည်နှင့် ရူးသွပ်သွားလောက်ပေသည်။
‘အပြည့်အဝ ပေါင်းစည်းလို့ မရဘူးလား...’
ကျန်းရီသည် ဓားကို အတော်ကြာ ဝှေ့ယမ်းပြီးနောက် ထူးဆန်းသော အရာတစ်ခုကို သတိပြုမိသွား၏။ ဤနတ်ဘုရားအသံ ကောင်းကင်အတတ်ကို သတ်ဖြတ်အရှိန်အဝါနှင့် ပေါင်းစည်း၍ မရပေ။ အရှိန်အဝါနှင့် တေးသွားက တစ်သားတည်း ဖြစ်မသွားပေ။ သို့ဖြစ်ရာ သူ ၎င်းတို့ကို မည်သို့မှ မပေါင်းစည်းနိုင် ဖြစ်နေလေသည်။
‘ထူးဆန်းလိုက်တာ...’
ကျန်းရီ ပြန်၍ အသိကပ်လာသည်။ ခေတ္တကြာပြီးနောက် သူ၏မျက်လုံးများက ပြန်ဝေဝါးသွား၏။ သူသည် အရူးတစ်ယောက်ကဲ့သို့ ဓားပျော့ကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူ နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် သတ်ဖြတ်အရှိန်အဝါကို ပေါင်းစည်းနိုင်ရန် ကြိုးစားလိုက်သည်။ ထပ်ခါထပ်ခါ သူ ကြိုးစားသည်။ သူသည် အတွင်းအား ကျင့်ကြံရန်နှင့် အခြားတာအိုပုံသဏ္ဌာန်များကို လေ့လာရန်ပင် မေ့လျော့နေပေသည်။
ကျန်းရီသည် ကောင်းကင်ကျောက်တုံးများစွာသုံး၍ အဆတစ်ရာလျှို့ဝှက်ကျင့်ကြံခြင်းအခန်းကို ငှားထားသော်လည်း တစ်ရက်ပင် မကျင့်ကြံရသေးပေ။ ထိုအစား သူသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို လေ့လာရင်းနှင့်သာ အချိန်ကုန်နေလေသည်။ ယခုတွင်လည်း သူ ထပ်၍ မိန်းမောနေသည်။ ဆန်းကြယ်ဧကရာဇ်မြို့ကို ရောက်သည်အထိ သူ အသိပြန်ကပ်လာတော့မည့်ပုံ မပေါ်ပေ။ အကယ်၍ အခြားလူများသာ ထိုအကြောင်းကို သိသွားပါက သူ့ကို ဖြုန်းတီးသူဟု ဆိုပေလိမ့်မည်။
***
‘ငါ နားလည်သွားပြီ။ နောက်ဆုံးတော့ ငါ နားလည်သွားပြီ။ တေးသွားက လူတွေကို မချင့်မရဲဖြစ်သွားစေပေမယ့် သတ်ဖြတ်အရှိန်အဝါက သူတို့ကို ပြန်ပြီး အသိကပ်သွားစေနေတာပဲ။ အဲ့နှစ်ခုက ဆန့်ကျင်ဘက် ဖြစ်နေတော့ ဘယ်လိုမှ ပေါင်းစည်းလို့မရ ဖြစ်နေတာ။ ကြည့်ရတာ ငါ တေးသွားကို ပိုပြီး ခက်ထန်အောင် လုပ်ရမယ့်ပုံပဲ။ အဲ့ဒါဆို တေးသွားက သတ်ဖြတ်အရှိန်အဝါနဲ့ ပေါင်းစည်းသွားနိုင်ပြီး နားထောင်မိသူတိုင်း သွေးဆာနေတဲ့ မိစ္ဆာတွေလို ဖြစ်သွားလိမ့်မယ်။ အဲ့လိုဆို သူတို့ လုံးဝရူးသွပ်သွားမှာပဲ။ ဟားဟားဟား...’
နှစ်လကြာပြီးနောက် ကျန်းရီတစ်ယောက် ရုတ်တရက် အရူးတစ်ယောက်ကဲ့သို့ ရယ်လိုက်လေသည်။ နောက်ဆုံးတွင် သူ နှစ်လစလုံး အခက်တွေ့နေခဲ့သော ပြဿနာကို ဖြေရှင်းနိုင်လိုက်ပေပြီ။ ထို့ကြောင့် သူ စိတ်လှုပ်ရှားလာသည်။ သူ တေးသွားအသစ်တစ်ခု ဖန်တီးပြီး ၎င်းကို သတ်ဖြတ်အရှိန်အဝါနှင့် ပေါင်းစည်းနိုင်လိုက်ပါက သူ၏တိုက်ခိုက်စွမ်းအားက သေချာပေါက် များစွာတိုးတက်သွားပေလိမ့်မည်။ ကောင်းကင်ဧကရာဇ်များ မဆိုထားနှင့် သာမန်နတ်ဘုရားတစ်ပိုင်းများပင် ထိုတေးသွား၏ သက်ရောက်မှုကို ခံရမည်ဖြစ်သည်။
သို့သော် ကျန်းရီသည် ခန့်မှန်းနေခြင်းသာ။ စွမ်းအားက အမှန်ပင် ထိုမျှတိုးတက်လာမည်လော သို့မဟုတ် မျှော်လင့်သလောက် ဖြစ်မလာမည်လောကို သူ မသိပေ။ ထို့ပြင် သူ တေးသွားအသစ်တစ်ပုဒ်ကို ဖန်တီးနိုင်ရန် အချိန်တစ်ခု လိုဦးမည်ဖြစ်သည်။ သူ၏မျက်လုံးများ ပြန်၍ကြည်လင်လာသည်။ ထို့နောက် သူ အူလည်လည်ဖြင့် အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။ အချိန်မည်မျှ ကုန်သွားပြီဖြစ်ကြောင်းကို သူမသိပေ။ သို့သော် သူ ထိုကိစ္စကို များစွာအရေးမစိုက်ရန် ဆုံးဖြတ်လိုကပ်သည်။ ထို့နောက် သူ လက်ထဲမှ ဓားပျော့ကို ထပ်မံလှုပ်ယမ်းလိုက်ပြီး သတ်ဖြတ်အရှိန်အဝါနှင့် ကိုက်ညီမည့် တေးသွားအသစ်တစ်ပုဒ်ကို ဖန်တီးရန် ကြိုးစားလိုက်သည်။
ရွှီး...
ငါးရက်ကြာပြီးနောက် အခန်းနံရံပတ်ပတ်လည်ရှိ အကာအရံများက လင်းလက်လာ၏။ ကျန်းရီ ဆတ်ခနဲ အသိကပ်သွားသည်။ ထို့နောက် သူ အံ့ဩတကြီးဖြင့် လှည့်ပတ်ကြည်လိုက်သည်။ သူက ကောင်းကင်ကျောက်တုံးများကို ခြောက်လစာပေးခဲ့ခြင်းပင်။ ထို့ပြင် အရေးကြီးကိစ္စမဟုတ်လျှင် မည်သူမှ သူ့အခန်းတံခါးကို လာခေါက်ကာ သူ့ကို နှောင့်ယှက်မည် မဟုတ်ချေ။
ကျန်းရီ အကာအရံများကို ဖယ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဘာကိစ္စလဲ”
“သခင်လေး... ကျွန်တော်တို့ ဆန်းကြယ်ဧကရာဇ်မြို့ကို ရောက်ပါတော့မယ်။ ဒီည သင်္ဘောပေါ်က ဆင်းရတော့မှာပါ”
ထန်မျိုးနွယ်မှ ကြီးကြပ်သူတစ်ယောက်က ပြန်ပြောလိုက်သည်။ ကျန်းရီ အကြိမ်ကြိမ် မျက်တောင်ပုတ်ခတ်လိုက်ပြီး သူ၏ မျက်လုံးများကိုပွတ်လိုက်၏။ သူသည် အလွန်ဆုံးမှ နှစ်လ၊ သုံးလလောက်သာ ရှိလိမ့်ဦးမည်ဟု တွေးထားခဲ့ခြင်းပင်။ ခြောက်လပင် ကုန်သွားပြီဟု သူ မထင်ထားပေ။
‘အချိန်က တကယ် မြန်တာပဲ။ ငါ ဘာမှတောင် မလုပ်ရသေးဘူး။ နတ်ဘုရားအသံ ကောင်းကင်အတတ်နဲ့ သတ်ဖြတ်အရှိန်အဝါကိုလည်း မပေါင်းစည်းရသေးဘူး။ ဒါပေမဲ့ ခြောက်လာတောင် ကုန်သွားပြီလား’
ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ စိတ်နှစ်ကာ လေ့လာသင်ယူနေသည့်အချိန်တွင် အချိန်ကို အမှန်ပင် မေ့လျော့နေမည်ဖြစ်သည်။ အပြည့်အဝအာရုံစိုက်နေသည့် အခိုက်တွင် ဆယ်နှစ်ဟူသော အချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားလိမ့်မည်ဟု ဆိုကြခြင်းကို အံ့အားသင့်စရာ မရှိတော့ပေ။ ကျန်းရီသည် လေ့လာနေစဉ်တွင် အချိန်ကို မေ့လျော့သွားခဲ့သည်။ သူသည် ဆာလောင်မှုကိုပင် မခံစားခဲ့ရချေ။ ထို့ကြောင့်လည်း အချိန်ကုန်တာ မြန်လွန်းသည်ဟု သူ ခံစားနေရခြင်းပင်။
ကျန်းရီ ထရပ်လိုက်ပြီး သူ့မေးစေ့ကို ပွတ်ကာ မုတ်ဆိတ်များ မည်မျှရှည်နေပြီနည်းဟု စူးစမ်းကြည့်လိုက်သည်။ ထို့နောက် သူ အသာအယာ ခေါင်းဆတ်လိုက်သည်။ အမှန်ပင် ခြောက်လ ကုန်ဆုံးသွားပုံပင်။ သူ၏မုတ်ဆိတ်များပင် အတော်ရှည်နေပေပြီ။ သူ ကျင့်ကြံခြင်းအခန်းထဲမှ ထွက်လိုက်ပြီး သူ့အခန်းသူ ပြန်ကာ ရေချိုးပြီး ဝတ်စုံနက်တစ်ထည်ကို လဲဝတ်လိုက်သည်။ သူ မုတ်ဆိတ်တော့ ရိတ်မနေတော့ပေ။ မုတ်ဆိတ်နှင့်ဆိုလျှင် သူက အသက်လတ်ပိုင်း သိုင်းသမားတစ်ယောက်နှင့် အနည်းငယ် ဆင်တူပေသည်။
နေ့လယ်ပင် ရှိသေးသည်။ ညရောက်မှ သူတို့ ဆန်းကြယ်ဧကရာဇ်မြို့သို့ ရောက်မည်ဖြစ်သည်။ ကျန်းရီသည် အလျင်မလိုသဖြင့် အားပြန်ဖြည့်ရန် လေးနာရီမျှ တရေးအိပ်လိုက်သည်။ နေဝင်ချိန်ကျမှ သူ နိုးလာသည်။ ချက်ချင်းပင် သူ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ကာ အခန်းအပြင်ကို အာရုံခံလိုက်သည်။
ကျန်းရီ၏ ကောင်းကင်စိတ်အာရုံသည် သင်္ဘောကို ကျော်၍ တောင်ဘက်သို့ ဆက်သွားလိုက်သည်။ ခေတ္တကြာပြီးနောက် သူ စိတ်လှုပ်ရှားသွားသည်။ သူသည် ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သော ဧရာမမြို့ကြီးတစ်မြို့ကို တွေ့လိုက်ခြင်းပင်။ ထို့ပြင် နှင်းဒေသရှိ တော်ဝင်တောင်များထက် ပိုကြီးကာ ပိုခံ့ညားသော တောင်ကြီးတစ်လုံးလည်း ရှိနေသည်။
လက်ရှိ ကောင်းကင်ကံကြမ္မာသင်္ဘောနှင့် ကီလိုမီတာထောင်ဂဏန်းအနည်းငယ် အကွာတွင် အဆုံးမဲ့သော လွင်ပြင်ကျယ်ကြီးတစ်ခု ရှိနေသည်။ ထိုလွင်ပြင်ထဲတွင် ဗုဒ္ဓဧကရာဇ်မြို့ထက် များစွာပိုကြီးသော ဧရာမမြို့ကြီးတစ်မြို့ တည်ရှိနေသည်။ မြို့ရိုးများက အနည်းဆုံး မီတာကိုးရာ မြင့်ပေလိမ့်မည်။ မြို့ရိုးများကို အစိမ်းရောင်အုတ်များဖြင့် တည်ဆောက်ထားသည်။ ၎င်းမြို့ရိုးများက ရှေးဟောင်းအငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပေသည်။ ထိုမြို့သည် ရှေးခေတ်ကတည်းက တည်ရှိခဲ့သော မြို့တစ်မြို့ပင်။
မြို့၏ အရှေ့ဘက် ကီလိုမီတာဆယ်ချီအကွာတွင် တိမ်များအထိ ရောက်သော တောင်ကြီးတစ်လုံး တည်ရှိသည်။ ထိုတောင်က နှင်းဒေသမှ တော်ဝင်တောင်များထက်ပင် ပိုကြီးသည်။ အဝေးမှကြည့်လျှင် ထိုတောင်သည် ကောင်းကင်ကို ထောက်ထားသော ထောက်တိုင်တစ်ခုနှင့် ဆင်တူသည်။ ကျန်းရီသည် တောင်ထိပ်ကို မမြင်နိုင်ပေ။ ထောင်ထိပ်ကို တိမ်များက ကာရံထားပေသည်။
ထိုတောင်၏ ထူးခြားချက်မှာ တောင်ထိပ်အထိရောက်သော လမ်းကြောင်းတစ်ခု ရှိနေခြင်းပင်။ လမ်းကြောင်းက တစ်တောင်လုံးကို ရစ်ပတ်ကာ ကြားတွင် လမ်းပြတ်မရှိဘဲ ထောင်ထိပ်အထိ ရောက်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းလမ်းမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာသော လမ်းမဟုတ်ဘဲ လူဖောက်ထားသော လမ်းဖြစ်ကြောင်း ထင်ရှားပေသည်။ တိမ်များက တောင်ထိပ်ကို ကာထားရာ လမ်း၏အဆုံးပိုင်းကိုလည်း မမြင်ရပေ။ ကျန်းရီသည် ထိုလမ်းက ကောင်းကင်ဘုံသို့ သွားရာလမ်းနှင့် ဆင်တူသည်ဟု တွေးလိုက်၏။ ထိုလမ်းအဆုံးသို့ရောက်အောင် သွားနိုင်လျှင် မသေမျိုးများ၏ဘုံသို့ ရောက်သွားနိုင်လောက်သည်။
‘တော်တော် ဆန်းကြယ်တာပဲ’
ကျန်းရီသည် အာရုံခံနေရင်း ပို၍ရင်ခုန်မြန်လာလေသည်။ သူ့အတွေးထဲတွင် ဆန်းကြယ်ဧကရာဇ်က တောင်ထိပ်သို့ရောက်အောင် တက်သွားနေသော ပုံရိပ်များ ထွက်ပေါ်လာသည်။ အတိတ်တွင် ဆန်းကြယ်ဧကရာဇ်မြို့ထဲရှိ လူအားလုံးသည် ဆန်းကြယ်နတ်ဘုရားတောင်ပေါ်သို့ တက်နေသော ဆန်းကြယ်ဧကရာဇ်ကို အောက်မှနေ၍ ဦးညွှတ်ခဲ့ကြပေလိမ့်မည်။ သမိုင်းတစ်လျှောက်တွင် ထိုခေတ်က အင်အားကြီးသောခေတ်တစ်ခု ဖြစ်ခဲ့သည်။ ဆန်းကြယ်ဧကရာဇ်ကဲ့သို့သော လူတစ်ယောက်ကသာ ကြီးကျယ်ခမ်းနားသော မြို့ကြီးတစ်မြို့နှင့် တောင်ကြီးတစ်လုံးကို သိမ်းပိုက်နိုင်ခဲ့မည်ဖြစ်သည်။
‘လူတွေအများကြီး ရှိနေပါလား။ အနည်းဆုံး လူတစ်သန်းလောက် ရှိလောက်တယ်’
ကျန်းရီ စိတ်ပျက်သွား၏။ ဆန်းကြယ်နတ်ဘုရားတောင်ခြေတစ်ဝိုက်တွင် ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲများ ပြည့်နှက်နေသည်။ ထိုနေရာတွင် သန်းတစ်ထောင်အင်အားရှိသော စစ်တပ်တစ်ခုက တပ်စခန်းချထားသကဲ့သို့ပင်။ ရွက်ဖျင်တဲများက ပြွတ်သိပ်နေသည်။ ကျန်းရီသည် ရွက်ဖျင်တဲတန်းကြီး၏ အဆုံးကိုပင် မမြင်နိုင်ချေ။ ထို့ပြင် ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲများ မရှိသော အဆင့်နိမ့်သိုင်းသမားများနှင့် ဆင်းရဲသောသိုင်းသမားများလည်း ရှိနေကြသေးသည်။ သူတို့က လွင်ပြင်တစ်လျှောက်တွင် ထိုင်ကာ မလှုပ်မယှက် တရားထိုင်နေကြသည်။
‘အင်း... နတ်ဘုရားတစ်ပိုင်း ပညာရှင်နည်းနည်းရဲ့ အရှိန်အဝါတွေလည်း ရှိနေတယ်။ အဲ.. နည်းနည်းမဟုတ်ဘူး... များများဟ...’
ကျန်းရီ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ လူအုပ်ကို အာရုံခံလိုက်သည်။ ထိုအခြေအနေတွင် သူသည် ကွဲပြားသော စွမ်းအားများကို ပို၍ရှင်းလင်းစွာ အာရုံခံနိုင်ပေသည်။ ထိုနေရာရှိ အချို့နတ်ဘုရားတစ်ပိုင်းများက သူတို့၏ အရှိန်အဝါကို သိမ်းထားခြင်းပင်။ ကျန်းရီ ပို၍ပင် စိတ်ဓာတ်ကျသွားသည်။ ထိုနေရာတွင် လူများစွာနှင့် နတ်ဘုရားတစ်ပိုင်းများစွာ ရှိနေသည်။ သူ ဆန်းကြယ်နတ်ဘုရားတောင်ထိပ်အထိ ရောက်အောင်တက်၍ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်နိုင်ပါမည်လော။
***