← Chapters

ယဉ်ပိုင်ရီ

Vol. 78 Ch. 1083

ယဉ်ပိုင်ရီ

Vol. 78 Ch. 1083

လူများစွာရှိနေသဖြင့် ရောနှောနေရန် ပိုလွယ်ကူသွားသော်ငြား ယှဉ်ပြိုင်မှုပိုများလားခြင်းကိုလည်း ထည့်တွက်ရပေမည်။  ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းသို့ လူမည်မျှ ဝင်နိုင်မည်ကိုလည်း သေချာမသိနိုင်ပေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ကြီးလည်းမကြီးသလို၊ သေလည်းမသေးချေ။ သို့သော် ဆန်းကြယ်ဧကရာဇ်က သူ၏နန်းတော်အတွင်းသို့ လူပေါင်းများစွာဝင်ကာ ရှုပ်ပွသွားအောင် လုပ်မည်ကို ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် လူအနည်းငယ်သာ ဝင်ရနိုင်ခြေ များသည်။

ဆန်းကြယ်နတ်ဘုရားတောင်ခြေတွင် လူများစွာ စုဝေးနေသည်ကို ကြည့်လျှင် အကာအရံများက ယခုအထိ အပြည့်အဝ မပျက်ပြယ်သွားသေးကြောင်း ထင်ရှားသည်။ ကျန်းရီတွင် အခွင့်အရေး ရှိသေးသည်။ ယခုတွင် သူသည် တောင်ထိပ်သို့ ရောက်နိုင်သည့် လမ်းကြောင်းအနားသို့ မည်သို့ကပ်ရမည်ကို အသည်းအသန် တွေးတောနေသည်။ သူ ထိုလမ်းကြောင်းအနားသို့ ကပ်နိုင်မှသာ တောင်‌ပေါ်သို့ အမြန်ဆုံး တက်နိုင်ကာ ဆန်းကြယ်နတ်ဘုရားနန်း‌တော်ထဲသို့ ဝင်နိုင်မည့်အခွင့်အရေးကို ပိုရမည်ဖြစ်သည်။

“ဟူး...”

သို့သော် ကျန်းရီသည် သူတွေ့လိုက်ရသောအရာကြောင့် ခေါင်းကိုက်သွားသည်။ ဆန်းကြယ်နတ်ဘုရားတောင်ထိပ်အထိရောက်သော လမ်းကြောင်းကို ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ‌မောင်ပိုင်စီးထားသည်။ အပြစ်ဆေးကြောဒေသတွင်လည်း ထို့အတူ ဖြစ်ခဲ့သည်။ အခြားမျိုးနွယ်များမှ သာမန်လူများသည် အနားသို့ ကပ်နိုင်မည့် အခွင့်အရေး ရမည်မဟုတ်ပေ။ မျိုးနွယ်ငယ်လေးများမှ လူများဆိုလျှင် လမ်းကြောင်းနှင့် ငါးကီလိုမီတာကျော်အကွာ၌ စခန်းချထားရသည်။

အကယ်၍ မထင်မရှားသူတစ်ယောက်အဖြစ် ဟန်ဆောင်ထားသော ကျန်းရီသာ လမ်းကြောင်းအနီးသို့ ရုတ်တရက်ကြီး ကပ်သွားလျှင် လူများစွာ၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။ လမ်းကြောင်းအနီးရှိ နတ်ဘုရားတစ်ပိုင်းများ၏ ပစ်မှတ်ထားခြင်းကိုလည်း ခံရနိုင်သည်။ အကယ်၍ ထိုသူများအကြားတွင် တိုက်ပွဲဧကရာဇ် ရှိနေပါက ရလဒ်က အလွန်ဆိုးဝါးပေလိမ့်မည်။

ကျန်းရီ တွေးတောနေစဉ်မှာပင် သင်္ဘောက ဆန်းကြယ်ဧကရာဇ်မြို့နှင့် နီးကပ်လာပေပြီ။ ခရီးသည်များစွာသည် သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်ကာ ထိုရှေးဟောင်းမြို့၏ ခမ်းနားမှုကို ငေးမောရှုစားနေကြသည်။ ထန်မျိုးနွယ်မှ ကြီးကြပ်သူတစ်ယောက်က ကျန်းရီထံ အသံပို့လွှတ်၍ သင်္ဘောပေါ်မှဆင်းဖို့ ပြင်ဆင်ထားရန် ပြောလိုက်သည်။

‘အဝတ်အစားလဲရမယ်...’

ကျန်းရီ တွေးလိုက်၏။ သူ သာမန်သိုင်းသမားဝတ်စုံတစ်ထည်ကို ထုတ်ကာ ပြောင်းလဲဝတ်ဆင်လိုက်သည်။ ဤတစ်ခေါက်တွင် သခင်လေးများနှင့် သခင်မလေးများသည် နောက်လိုက်ခြွေရံများစွာနှင့် ရောက်လာခဲ့ကြသည်။ ကျန်းရီ သာမန်လူတစ်ယောက်အဖြစ် ဝတ်ဆင်ထားလျှင် လူအာရုံစိုက်ခံရမည် မဟုတ်ချေ။ သို့သော် သူ သခင်လေးတစ်ယောက်ကဲ့သို့ ဝင်ဆင်ထားပါက နောက်လိုက်ခြွေရံများ ပါမလာသည့်အတွက် အာရုံစိုက်ခံရပေလိမ့်မည်။

ကျန်းရီ သင်္ဘောကုန်းပတ်ပေါ်သို့ တက်လိုက်ပြီး လူအုပ်ကြားထဲ ဝင်ရောကာ မျက်စိဖြင့် ခပ်ရေးရေး လှမ်းမြင်နေရပြီဖြစ်သော ဆည်းဆာနေရောင်‌အောက်ရှိ ဆန်းကြယ်ဧကရာဇ်မြို့ကို ကြည့်ရှုခံစားလိုက်သည်။ ကောင်းကင်စိတ်အာရုံနှင့် မြင်ရသော မြင်ကွင်းနှင့် မျက်လုံးနှင့် မြင်ရသော မြင်ကွင်းတို့က အလွန်ကွဲပြားပေသည်။

‌အရှေ့ဘက် တော်ဝင်နယ်မြေ၏ အလယ်တွင် တည်ရှိသော ရှေးဟောင်းမြို့ကြီးက အလွန်ကြီးကျယ်ခမ်းနားသည်။ ထိုမြို့ကြီးကို ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးနှင့် ယှဉ်လျှင် နဂါးတစ်ကောင်နှင့် ပုရွက်ဆိတ်တစ်‌ကောင်ကို ယှဉ်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။ လူများနှင့် ယှဉ်လျှင်မူ ပြောနေရန်ပင် လိုမည် မထင်ပေ။ ကျန်းရီသည် ထိုဧရာမမြို့ကြီးကို လှမ်းမျှော်ကြည့်ရင်း ကောင်းကင်၏ အဆုံးမဲ့ကျယ်ပြောမှုနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလာရသည်။ ထိုကောင်းကင်အောက်တွင် သူက သေးငယ်ကာ စွမ်းအားမရှိသူတစ်ယောက်ပင်။

အချိန်၏ တိုက်စားမှုကို တောင့်ခံခဲ့‌သော ရှေးဟောင်းမြို့ရိုးကြီးပေါ်တွင် အဖြူရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် စစ်သည်များစွာ ရပ်နေသည်။ ထိုစစ်သည်အားလုံးက ကောင်းကင်ဧကရာဇ်အဆင့်ရှိသူများပင်။ သူတို့၏ အရှိန်အဝါက ရှိန်လောက်ပေသည်။ သူတို့သည် အရှေ့ဘက် တော်ဝင်နယ်မြေရှိ နံပါတ်(၁)မျိုးနွယ်၏ အင်အားကို ပြသနေသည်။

ကောင်းကင်ကံကြမ္မာသင်္ဘောက ဆန်းကြယ်ဧကရာဇ်မြို့နှင့် နှစ်ကီလိုမီတာခွဲအကွာတွင် ရပ်တန့်လိုက်သည်။ ကုန်းပတ်ပေါ်မှ လူများစွာက အောက်သို့ ပျံဆင်းသွားကြ၏။ အချို့က ဆန်းကြယ်ဧကရာဇ်မြို့သို့ ဦးတည်သွားကြပြီး အချို့ကမူ ဆန်းကြယ်နတ်ဘုရားတောင်ဆီသို့ ပျံသန်းသွားကြသည်။ ထိုလူများက တောင်ပေါ်သို့ တက်နိုင်ရန် ကြိုးစားကာ ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းသို့ ဝင်နိုင်၊ မဝင်နိုင် ကံစမ်းကြမည့်သူများဖြစ်သည်။ ကံကောင်းလျှင် သူတို့ ရတနာအချို့ ရနိုင်မည်ဖြစ်သည်။

‘မြို့ထဲအရင်ဝင်တာပေါ့’

ကျန်းရီသည် အရှေ့ဘက်ရှိ ဧရာမတောင်ကြီးကိုကြည့်ကာ သတိကြီးကြီးထားရန် ဆုံးဖြတ်လိုက်သည်။ ဆန်းကြယ်နတ်ဘုရားတောင်မှ အကာအရံများက ယခုအထိ မပျက်ပြယ်သေးသဖြင့် အောင်းလု၏ အချိန်ခန့်မှန်းမှုက ပြီးပြည့်စုံသည်ဟု ဆိုရမည်။ သူ၏တွက်ချက်မှုအရ အကာအရံများ ပျက်ပြယ်သွားရန် လဝက်မျှ လိုပေလိမ့်ဦးမည်။ ထို့ကြောင့် သူ လောရန်မလိုပေ။

ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်မြို့ထဲ ဝင်ပြီးနောက် လမ်းပျောက်သွား၏။ မြို့က အလွန်ကြီးလွန်းပေသည်။ ကျန်းရီသည် တစ်နာရီကြာလျှောက်ပြီး‌သော်လည်း မြို့မြောက်ဘက်ခြမ်းမှ မထွက်နိုင်သေးချေ။ ထို့ကြောင့် သူသည် စားသောက်ဆိုင်တစ်ဆိုင်တွင် ဝင်ထိုင်၍ စားပွဲထိုးထံမှ သတင်းအချက်အလက်များ စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

စားပွဲထိုးက ချဲ့ကားပြောခဲ့သော်လည်း ကျန်းရီသည် အသုံးဝင်သော သတင်းအချက်အလက်အချို့ကို ဆွဲထုတ်နိုင်ခဲ့သည်။ တိုက်ပွဲဧကရာဇ်က မြို့ထဲတွင် ရှိနေပြီး အင်အားကြီးမျိုးနွယ်များမှ စွမ်းအားကြီးမျိုးနွယ်ဝင်များကလည်း မလှုပ်ရှားသေးပေ။ ကျန့်ထျန်းလဲ့၊ ယဉ်ရို့ပင်းနှင့် အပေါင်းအသင်းများက ဆန်းကြယ်နတ်ဘုရားတောင်ခြေရှိ လမ်းကြောင်းအဝတွင် စောင့်ဆိုင်းနေကြသည်။ သူတို့ ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့သည်မှာ နှစ်ဝက်ရှိခဲ့ပြီဖြစ်သည်။

ထိုနှစ်ဝက်အတွင်း၌ ဆန်းကြယ်နတ်ဘုရားတောင်တွင် ထူးဆန်းသော လှုပ်ရှားမှုလေးခု ဖြစ်ခဲ့သည်။ အကာအရံများက အချိန်နှင့်အမျှ လျော့ရဲလာသော်လည်း မည်သည့်အချိန်တွင် တောင်ပေါ်သို့ တက်နိုင်လောက်အောင် လျော့ရဲသွားမည်ကိုမူ မည်သူမှ မသိပေ။ ထို့ကြောင့် ထိုလူစုသည် အချိန်မရွေး လှုပ်ရှားနိုင်ရန် တောင်ခြေတွင် စောင့်ဆိုင်းနေကြခြင်းပင်။

ထို့ပြင် ကောလာဟလအချို့လည်း ပျံ့နှံ့နေသည်။ ကျန့်ဝူယင်းက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားပြီဖြစ်ပြီး ကြယ်လေးပွင့်အဆင့် တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ ရှီး‌ဖေးကလည်း ရီချန်၏ အာရုံစိုက်မှုကို ခံရရန် နည်းလမ်းမျိုးစုံသုံးနေပြီး သူမထံ လက်ဆောင်များလည်း ပို့ပေးနေသည်။ ကျန့်ထျန်းလဲ့သည်လည်း နေ့စဉ်နေ့တိုင်း စားသောက်ပွဲများ ကျင်းပကာ မျိုးနွယ်ကြီးများမှ သခင်လေးများနှင့် သခင်မလေးများကို ဖိတ်ကြားနေ၏။သို့သော် အမှန်တွင် သူက ယဉ်ရို့ပင်းနှင့် ပိုနီးစပ်အောင် လုပ်လိုခြင်းဖြစ်သည်။ ထို့ပြင် ယဲ့ရင်က လင်းချီကျန့်၏ ညီမလေး လင်းရှီယာ့ကို ပိုးပန်းနေသည်မှာ အတော်လေး ခရီးပေါက်နေပေပြီ။

ကျန်းရီသည် တိုက်ပွဲဧကရာဇ်က ဆန်းကြယ်နတ်ဘုရားတောင်ခြေတွင် ရှိမနေကြောင်း သိလိုက်ရသောအခါ စိတ်အေးသွားဟန် သက်ပြင်းချလိုက်သည်။ သူ မတွေ့လိုဆုံးနှင့် အကြောက်ဆုံးသူမှာ တိုက်ပွဲဧကရာဇ်ဖြစ်သည်။ အောင်းလုသည် ကြယ်ကိုးပွင့် ပညာရှင်များက သူ၏ ပုံရိပ်ယောင်နတ်ဘုရားအတတ်ကို ဖောက်မြင်နိုင်ကြောင်း ပြောခဲ့သည်။ အကယ်၍ သူသာ တိုက်ပွဲဧကရာဇ်နှင့် တွေ့ဆုံခဲ့ပါက ထွက်ပြေးနိုင်လောက်မည် မဟုတ်ချေ။

သို့သော် ဆန်းကြယ်နတ်ဘုရားတောင်ခြေတွင် လူငယ်အုပ်စုသာ ရှိနေပြီး တိုက်ပွဲဧကရာဇ်ကလည်း ထွက်လာမည် မဟုတ်၍ အကယ်၍ ကျန်းရီသာ တောင်ပေါ်သို့ တက်နိုင်ခဲ့လျှင် သူ၏ရုပ်ဖျက်ထားမှုကို မည်သူမှ ဖောက်မြင်နိုင်မည် မဟုတ်ချေ။

သို့ရာတွင် လူနှစ်ယောက်တော့ ခြွင်းချက်ဖြစ်သည်။ တစ်ယောက်မှ ရီချန်ဖြစ်ပြီး ကျန်တစ်ယောက် ယဉ်ရို့ပင်းဖြစ်သည်။ ရီချန်က ဆန်းကြယ်သော စွမ်းရည်တစ်ခုကို တတ်မြောက်ထားပြီး ယဉ်ရို့ပင်းက လူ့ခန္ဓာကိုယ်၏ ကိုယ်သင်းရနံ့ကို ခွဲခြားနိုင်သော နံ့သာသခင်မမျိုးနွယ်မှ ဖြစ်သည်။

‘ယဉ်ရို့ပင်း...’

ကျန်းရီသည် ယဉ်ရို့ပင်းအကြောင်းကို စဉ်းစားရင်း ရုတ်တရက် အလွန်ရဲတင်းသော အကြံတစ်ခုကို ရလိုက်သည်။ ထိုအကြံမှာ ယဉ်ရို့ပင်း၏ ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲအတွင်းသို့ ဝင်နေရန်ဖြစ်သည်။ ထိုနည်းဖြင့်ဆိုလျှင် သူသည် အခြားသူများထံမှ ပုန်းအောင်းနေနိုင်ပြီး အချိန်ကျလာလျှင် တောင်ပေါ်ကိုလည်း ထိပ်ဆုံးက တက်နိုင်မည်ဖြစ်သည်။

ဆန်းကြယ်နတ်ဘုရားတောင်ပေါ်တွင် ဖြစ်လာသည့် ထူးဆန်းသော လှုပ်ရှားမှုများကြောင့် လူများစွာက တောင်ခြေတွင် စောင့်ဆိုင်းနေရာ ကျန်းရီ၏ အားသာချက်က ပျက်ပြယ်သွားရသည်။ သူသည် ဆန်းကြယ်နတ်ဘုရားတောင်မှ အကာအရံများက ရုတ်တရက် ပျောက်ကွယ်သွားလိမ့်မည်ဟု ထင်ခဲ့၏။ သို့ဆိုလျှင် သူက တောင်ပေါ်သို့ လျှို့ဝှက်စွာ တက်နိုင်မည်ဖြစ်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်မည့် အခွင့်အရေးကလည် ပိုများပေလိမ့်မည်။

သို့သော် ယခုတွင်မူ ဆန်းကြယ်နတ်ဘုရားတောင်က မျှော်လင့်ထားသည့်အချိန်ထက်စော၍ ထူးဆန်းစွာ လှုပ်ရှားလာသဖြင့် တောင်ဝင်နယ်မြေအတွင်းရှိ သန်းချီသော လူများက တောင်ခြေတွင် လာစုနေကြပေသည်။ နောက်လဝက်အကြာတွင် အကာအရံများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သန်းချီသော လူများက တောင်ပေါ်သို့ အပြေးအလွှား တက်ကြမည်ဖြစ်သည်။ ကျန်းရီသာ တောင်ပေါ်သို့ ထိပ်ဆုံးက မတက်နိုင်လျှင် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲပင် ဝင်နိုင်လိုက်မည် မဟုတ်ပေ။

ထို့ပြင်...

ကျန်းရီ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်နိုင်လိုက်လျှင်လည်း အရှေ့ဘက် တော်ဝင်နယ်မြေမှ ထိပ်တန်း သိုင်းပညာရှင်များနှင့် ယှဉ်နိုင်ပါမည်လော။ ကျန်းရီ သူ့ကိုယ်သူ ယုံကြည်မှုမရှိပေ။ ကျန့်ထျန်းလဲ့နှင့် ရှီးဖေးတို့က သူ့ထက် ပါရမီပိုထူးပြီး နတ်ဘုရားတစ်ပိုင်းအဆင့်သို့ပင် တက်လှမ်းပြီးသွားကြပြီဖြစ်သည်။ ကျန့်ဝူယင်းကလည်း ကျန်းရီထက် များစွာပို၍ ပါရမီပါသည်။ ကျန်းရီသည် လောကအတွင်းမှ လူစွမ်းကောင်းများကို လျှော့တွက်ရလောက်အောင် မရူးသေးပေ။

ထို့ကြောင့် ကျန်းရီ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်၍ ဖန်စေတီနှင့် နန်းတော်ကို ရယူလိုလျှင် တောင်ပေါ်သို့ ထိပ်ဆုံးကတက်သူများထဲတွင် ပါမှဖြစ်ပေမည်။

ထိပ်ဆုံးမှတက်နိုင်မည့်သူများမှာ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ သခင်လေးများနှင့် သခင်မလေးများသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီသည် ယဉ်ရို့ပင်းထံမှ အကူအညီတောင်းရန် တွေးမိခြင်းပင်။

‘ကောင်းပြီ... အဲ့လိုပဲ လုပ်တာပေါ့’

ကျန်းရီ ဆုံးဖြတ်ချက်ချလိုက်ပြီး မြို့ထဲမှ ပြန်ထွက်ကာ ဆန်းကြယ်နတ်ဘုရားတောင်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။ ကောင်းကင်က မည်းမှောင်နေပေပြီ။ သို့သော် ပတ်ဝန်းကျင်ကမူ စည်းကားသက်ဝင်နေဆဲပင်။ ထို့ကြောင့် ကျန်းရီ ပျံသန်းလာမှုက မည်သည့်အာရုံစိုက်မှုကိုမှ မခံလိုက်ရပေ။

ကျန်းရီသည် ကီလိုမီတာငါးဆယ် အကွာအဝေးကို ဆယ်မိနစ်အတွင်း ပျံသန်းသွားလိုက်သည်။ သူသည် ယဉ်ရို့ပင်း၏ တဲဆီသို့ ရဲတင်းစွာ ချဉ်းကပ်မသွားပေ။ သူသည် အဆင့်နိမ့်သိုင်းသမားများအတိုင်း မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ တောင်ပေါ်တက်သည့် လမ်းကြောင်းဝပတ်လည်ကို အာရုံခံလိုက်သည်။

တောင်ခြေတွင် လူသန်းချီ စခန်းချနေခြင်းဖြစ်ရာ ကောင်းကင်စိတ်အာရုံများနှင့် အာရုံခံခြင်းက အချိန်ပြည့် ဖြစ်ပျက်နေသော ကိစ္စပင်။ လမ်းကြောင်းဝကို အာရုံခံနေသော ကောင်းကင်စိတ်အာရုံများလည်း များစွာရှိနေသည်။ ထို့ကြောင့် ကျန်းရီ၏ အပြုအမူက ထူးခြားမနေပေ။

သို့သော် နှမြောစရာပင်။

ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲအားလုံးတွင် အကာအရံများ ရှိနေသည်။ ကျန်းရီသည် ယဉ်ရို့ပင်းက မည်သည့်ရွက်ဖျက်တဲတွင် နေနေခြင်းဖြစ်ကြောင်း ရှာမတွေ့ပေ။ ထို့ကြောင့် သူ ဆက်အာရုံခံ၍ ခါးသီးစွာ စောင့်နေရုံသာ ရှိတော့သည်။

တစ်နာရီကြာပြီးနောက် ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲများစွာက လင်းလက်လာ၏။ ရွက်ဖျင်တဲများထဲမှနေ၍ လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ ကျန်းရီသည် လင်းချီကျန့်၊ ယဲ့ရင်၊ ရှီးဖေးနှင့် အခြားသူများကို အာရုံခံမိလိုက်၏။ သူတို့အားလုံးက စားသောက်ပွဲတစ်ပွဲကို တက်မည့်ပုံစံနှင့် ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲတစ်ခုဆီသို့ သွားနေကြသည်။

‘ယဉ်ရို့ပင်း...’

ကျန်းရီ စိတ်လှုပ်ရှားသွားသည်။ သူသည် ယဉ်ရို့ပင်းအနီးတွင် မည်သည့်နတ်ဘုရားတစ်ပိုင်းမှ ရှိမနေကြောင်း အတည်ပြုပြီးနောက် သူမထံသို့ ခပ်သွက်သွက် အသံပို့လွှတ်လိုက်သည်။

“သခင်မလေး... ကျွန်တော်မျိုးက ပိုင်ရီပါ။ ကျွန်တော်က ယဉ်ဧကရာဇ်မြို့က လာခဲ့တာပါ။ ကျွန်တော် ကိစ္စတစ်ခု တင်ပြစရာရှိလို့ သခင်မလေးနဲ့ တွေ့ခွင့်တောင်းပါတယ်”

“အာ...”

ယဉ်ရို့ပင်း တုန်ယင်သွား၏။ ထို့နောက်တွင် သူမ၏ မျက်နှာကလေး နီမြန်းသွားသည်ကို မြင်လိုက်ရသည်။ သူမ၏ မျက်လုံးများကလည်း ပုလဲလုံးလေးများအလား တောက်ပလာသည်။ သူမ၏ နှုတ်ခမ်းပါးလေးများပေါ်တွင်လည်း အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ ထိုအပြုံးက လှပလွန်း၍ အနီးမှ သခင်လေးများ ယစ်မူးသွားကြလေသည်။

***

All Chapters