ရီချန်က ပြဿနာရှာခြင်း
Vol. 78 Ch. 1084
ယဉ်ရို့ပင်းသည် ယဉ်မျိုးနွယ်၏ စည်းမျဉ်းများကို အသိဆုံးဖြစ်သည်။ မည်သည့်အစေခံကမှ ထိုကဲ့သို့ တိုက်ရိုက်အသံပို့လွှတ်ဝံ့မည် မဟုတ်ပေ။ ထို့ပြင် ယဉ်ပိုင်ရီဆိုသော အမည်မှ ‘ပိုင်ရီ’ဟူသော စကားနှစ်လုံးက အလွန်သိသာလွန်းပေသည်။ ထို့ကြောင့် သူက မည်သူဖြစ်ကြောင်း သူမ ချက်ချင်း ခန့်မှန်းမိသွားသည်။
ယဉ်ရို့ပင်းသည် ချက်ချင်း ဣန္ဒြေပြန်ဆည်လိုက်ပြီး ကျန်းရီထံ အသံပို့လွှတ်ရန် ကောင်းကင်စိတ်အာရုံ မထုတ်လွှတ်လိုက်ပေ။ သူမသည် သူမဘေးမှ အကြီးအကဲတစ်ယောက်ကို စကားအနည်းငယ် ပြောလိုက်ပြီး အရှေ့ရှိ ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲဆီသို့ ဆက်လျှောက်သွားလိုက်သည်။ ထို့နောက် သူမ ရွက်ဖျင်တဲအတွင်းသို့ဝင်ကာ ပျောက်ကွယ်သွားလေသည်။
ဝှစ်...ဝှစ်...
ထိုစဉ်တွင် ယဉ်ရို့ပင်းဘေး၌ ရှိခဲ့သော ကောင်းကင်ဧကရာဇ်အဆင့် အကြီးအကဲက ရွက်ဖျင်တဲအဝန်းအဝိုင်းအပြင်ဘက်သို့ သွားလိုက်သည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် ထိုအကြီးအကဲကို အာရုံခံလိုက်ပြီး ယဉ်ရို့ပင်း၏ ပါးလှပ်မှုကို ချီးကျူးလိုက်သည်။ သူမ၏ အဆင့်အတန်းက မြင့်သဖြင့် ထင်သလို ပြုမူ၍မရပေပ။ သူမသည် သူမ၏လက်အောက်မှ လူတစ်ယောက်ကိုသာ စေလွှတ်၍ ကျန်းရီကို ရှာခိုင်းရမည်ဖြစ်သည်။ ထိုမှသာ အာရုံစိုက်မှုများကို မခံရမည်ဖြစ်သည်။
ကျန်းရီက အကြီးအကဲပေါ်သို့ ကောင်းကင်စိတ်အာရုံပို့လွှတ်လိုက်၏။ အကြီးအကဲကလည်း သူ့ကို အာရုံခံမိလိုက်သည်။ အကြီးအကဲက ကောင်းကင်စိတ်အာရုံပို့လွှတ်ကာ ပြောလိုက်သည်။
“ယဉ်ပိုင်ရီလား... သခင်မလေးယဉ်က မင်းကို သွားရှာဖို့ ပြောလိုက်လို့”
“ဟုတ်ပါတယ် ကျွန်တော်ပါ”
ကျန်းရီက အသံပို့လွှတ်၍ ပြန်ပြောလိုက်သည်။ သို့သော် အကြီးအကဲက ကျန်းရီကို တစ်ချက်ပင် မကြည့်ဘဲ မြို့ဆီသို့ ဦးတည်သွားလိုက်သည်။ ထို့နောက် အကြီးအကဲက အသံထပ်မံပို့လွှတ်ကာ ပြောလိုက်သည်။
“မြို့အရှေ့ဘက်မှာရှိတဲ့ ရွယ်လိုင်စားသောက်ဆိုင်ကိုသွားပြီး တတိယကောင်းကင်အခန်းမှာ ငါ့ကိုလာရှာပါ”
‘ယဉ်မျိုးနွယ်က လူတွေက တော်တော် သတိကြီးတာပဲ’
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး အကြီးအကဲ ထွက်သွားပြီးသည်အထိစောင့်ပြီးမှ မြို့သို့ ဦးတည်သွားလိုက်သည်။ ကျန်းရီသည် တမင် မြို့တောင်ဘက်ဂိတ်မှနေ၍ ဝင်လိုက်၏။ ဆန်းကြယ်ဧကရာဇ်မြို့သည် ညအချိန်၌လည်း စည်ကားနေသည်။ ဆန်းကြယ်နတ်ဘုရားတောင်ကိစ္စကြောင့် မည်သည့်ညမထွက်ရအမိန့်မှ ရှိမနေပေ။ ထို့ကြောင့် မြို့ထဲတွင် လူများ ပျားပန်းခတ်နေသည်။ မြို့ထဲမှ လမ်းများသည် ညဈေးတန်းတစ်ခုကဲ့သို့ပင်။
ကျန်းရီသည် ရှုပ်ထွေးသော မြို့ထဲတွင် အကောင်းဆုံး ကြိုးစားလမ်းရှာ၍ သွားနေ၏။ တစ်နာရီနီးပါးကြာပြီးမှ သူ ရွယ်လိုင်စားသောက်ဆိုင်သို့ ရောက်သည်။ ကျန်းရီ အခန်းတစ်ခန်း ငှားလိုက်ပြီး အကြီးအကဲစောင့်နေမည့် တတိယကောင်းကင်အခန်းကို ရှာလိုက်သည်။
ကျန်းရီ အခန်းထဲသို့ ဝင်သွားသောအခါ အကြီးအကဲက ကျန်းရီကို သံသယဖြင့် ကြည့်လိုက်ပြီးနောက် ဒူးတစ်ဖက်ထောက်၍ ပြောလိုက်လေသည်။
“ယဉ်ကျစ်အန်း သခင်လေးကို အရိုအသေပေးပါတယ်။ သခင်လေး လိုအပ်တာရှိရင် ပြောပါလို့ သခင်မလေးယဉ်က ပြောလိုက်ပါတယ်”
“အန်...”
ကျန်းရီသည် ယဉ်ရို့ပင်းက သူ့အပေါ် ထိုမျှ အထင်ကြီးလိမ့်မည်ဟု မထင်ထားပေ။ ကျန်းရီ အကြီးအကဲကို ကြည့်လိုက်၏။ ကြည့်ရသည်မှာ ယဉ်ရို့ပင်းက ထိုအကြီးအကဲကို အပြည့်အဝယုံကြည်ပုံပင်။ ထို့ကြောင့် ကျန်းရီ ဝေ့ဝိုက်မနေတော့ဘဲ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ကျွန်တော်က ယဉ်ရို့ပင်းဆီ လူမသိသူမသိသွားပြီး သူနဲ့အတူ ဆန်းကြယ်နတ်ဘုရားတောင်ကို တက်ချင်တာပါ။ ကျွန်တော် ယဉ်မျိုးနွယ်က သူရဲကောင်းတစ်ယောက်လို ဟန်ဆောင်ထားလို့ရမလား”
“မရပါဘူး”
အကြီးအကဲက တွေးတောလိုက်ပြီး ခေါင်းခါလိုက်သည်။
“ကျုပ်တို့ ဒီမှာနေနေတာ နှစ်ဝက်လောက်ရှိနေပါပြီ။ တခြားမျိုးနွယ်တွေက ယဉ်မျိုးနွယ်ရဲ့ သူရဲကောင်းတွေကို သိနေကြပြီ။ တကယ်လို့ သူရဲကောင်းအသစ်တစ်ယောက် ရုတ်တရက် ပေါ်လာရင် သံသယဖြစ်စရာကောင်းနေပါလိမ့်မယ်. တကယ်လို့ သခင်လေးက မိန်းကလေးတစ်ယောက်ဆိုရင်တော့ သခင်မလေးယဉ်ရဲ့ ညီအစ်မတစ်ယောက် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်လိုတော့ ဟန်ဆောင်လို့ရပါတယ်”
“အဟွတ်...အဟွတ်...”
ကျန်းရီသည် အမှန်ပင် မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ပေသည်။ သို့သော် သူ့ကဲ့သို့သော ယောက်ျားတစ်ယောက်က မိန်းကလေးအဖြစ် ပြောင်းလဲရမည်လော။ သူ ထိုသို့ မလုပ်နိုင်ပေ။ ထို့ကြောင့် သူ ခေတ္တမျှ တွေးတောကာ ပြန်ပြောလိုက်သည်။
“ကျွန်တော်က ယဉ်မျိုးနွယ်က သခင်လေးတစ်ယောက်လို ရုပ်ဖျက်ထားမယ်ဆိုရင်ရော။ ကျွန်တော့်ကို သခင်လေးတစ်ယောက်ရဲ့ ပုံတူပန်းချီကား ပြနိုင်ရင် ကျွန်တော် အဲ့သခင်လေးနဲ့ တစ်ပုံစံတည်းတူအောင် ရုပ်ဖျက်နိုင်ပါတယ်။ ဘယ်သူမှ ခွဲနိုင်မှာ မဟုတ်ပါဘူး”
“ကျုပ်တို့မျိုးနွယ်က သခင်လေးလား”
အကြီးအကဲက ခေါင်းထပ်ခါကာ ပြောလိုက်သည်။
“သခင်လေးထျန်းလဲ့က ယဉ်မျိုးနွယ်က သခင်လေးတွေနဲ့ တော်တော်ရင်းနှီးပါတယ်။ ပြီးတော့ ကျုပ်တို့မျိုးနွယ်က သခင်လေးနှစ်ယောက်လည်း အခု ဒီမှာရှိနေပါတယ်။ တကယ်လို့ ဒီကို နောက်တစ်ယောက် ထပ်ရောက်လာမယ်ဆိုရင် ရှင်းပြဖို့ ခက်ပါလိမ့်မယ်။ အဲ.. ကျုပ်သိပြီ... သခင်လေး သခင်မလေးယဉ်ရဲ့ ဝမ်းကွဲတစ်ယောက်လို ဟန်ဆောင်နိုင်တယ်။ ဥပမာအနေနဲ့ လီမျိုးနွယ်က ဆဋ္ဌမသခင်လေး လီထျန်းလို ဟန်ဆောင်လို့ရတယ်...”
“သခင်လေးလီထျန်းက ဆန်းကြယ်နတ်ဘုရားတောင်ကို ထွက်လာနေပါပြီ။ ဒါပေမဲ့ လမ်းမှာ ပြဿနာတချို့နဲ့ ကြုံနေလို့ နောက်နှစ်လလောက်နေမှ ဒီကို ရောက်ပါလိမ့်မယ်။ သခင်မလေးယဉ်က လီမျိုးနွယ်နဲ့ သိပ်အဆင်မပြေပေမယ့် အဲ့ဝမ်းကွဲနဲ့တော့ အဆင်ပြေပါတယ်။ လီထျန်းကလည်း ငယ်ငယ်တုန်းက ယဉ်မျိုးနွယ်ရဲတိုက်မှာ နှစ်နည်းနည်းလောက် နေခဲ့ဖူးပါတယ်”
“လီထျန်း...”
ကျန်းရီ အနည်းငယ် စိတ်မသက်မသာဖြစ်သွားသည်။ သူသည် လီဟုန်ကြောင့် လီမျိုးနွယ်တစ်ခုလုံးအပေါ် အမြင်မကြည်ပေ။ သူ အတန်ငယ် တွေးတောကာ မေးလိုက်သည်။
“ယဉ်မျိုးနွယ်က သခင်လေးနှစ်ယောက်နဲ့ လီထျန်းက ရင်းနှီးကြလား။ ကျွန်တော်ဟန်ဆောင်ထားတာ ပေါ်သွားလောက်လား”
“ဟင့်အင်း...”
အကြီးအကဲက ခေါင်းခါကာ ပြောလိုက်သည်။
“အဲ့သခင်လေးနှစ်ယောက်ကလည်း ယဉ်ရို့ပင်းရဲ့ ဝမ်းကွဲတွေပဲဆိုတော့ လီမျိုးနွယ်နဲ့ ဘာပတ်သတ်မှုမှ မရှိပါဘူး။ သူတို့က သခင်လေးကို ကြည့်တောင်ကြည့်မှာ မဟုတ်ပါဘူး”
“အဲ့ဒါဆိုလည်း ကောင်းပါပြီ”
ကျန်းရီ တွေးတောလိုက်ပြီး လီထျန်းအဖြစ် ဟန်ဆောင်ရန်သာ ဆုံးဖြတ်လိုက်သည်။ လီထျန်းအစစ် ရောက်လာမည့်အချိန်ဆိုလျှင် သူက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဝင်ပြီး၊ ထွက်ပြီးလောက်ပေပြီ။ ထို့ပြင် လီထျန်းက ယခု လမ်းတွင် ရှိနေရာ ဘုံကြိုးပြတ်ဒေသမှ တစ်ယောက်ယောက်က သူ့ကို စုံစမ်းလျှင်လည်း မည်သည့်သံသယဖြစ်စရာမှ တွေ့မည် မဟုတ်ချေ။ ဆန်းကြယ်နတ်ဘုရားတောင်မှ အကာအရံများက နောက်လဝက်နေလျှင် ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် တောင်ပေါ်တက်ကာ ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်း ဝင်နိုင်ရန်အတွက် အာရုံစိုက်ဖို့သာ လိုပေသည်။
ကျန်းရီ စိတ်ဆုံးဖြတ်လိုက်ပြီး အကြီးအကဲကို ပြောလိုက်သည်။
“ကျွန်တော့်ကို လီထျန်းရဲ့ ပုံတူပန်းချီကားနဲ့ သူ့ကိုယ်ရေးအချက်အလက်တွေပေးပါ။ ပြီးတော့ ကျွန်တော့်ရဲ့ နောက်လိုက်တွေလို ဟန်ဆောင်မယ့် လူနှစ်ယောက်လည်း ရှာပေးပါ။ ကျွန်တော် ဟာကွက်တွေ မရှိချင်ဘူး”
“ဟုတ်ကဲ့ပါ... စိတ်မပူပါနဲ့ သခင်လေး။ သခင်မလေးယဉ်က သခင်လေးရဲ့ အမိန့်က သူ့ရဲ့အမိန့်ပဲလို့ ပြောလိုက်ပါတယ်”
ထို့နောက် အကြီးအကဲက နှုတ်ဆက်ကာ ထွက်သွားလေသည်။ ကျန်းရီ ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်ကာ အကြီးအကဲကို အာရုံခံလိုက်သည်။ အကြီးအကဲက ကျန့်မျိုးနွယ်အိမ်တော်သို့ မသွားဘဲ အနီးရှိ လူသူမရှိသော ခြံဝန်းတစ်ခုကို သွားလိုက်သည်ကို မြင်လိုက်ရ၍ ကျန်းရီ စိတ်အေးသွားသည်။
တစ်နာရီကြာပြီးနောက် အကြီးအကဲက လီထျန်းနှင့်ပတ်သတ်သော သတင်းအချက်အလက်များနှင့်အတူ ပြန်လာလေသည်။ အကြီးအကဲသည် ယဉ်မျိုးနွယ်၏ လျှို့ဝှက်ထောက်လှမ်းရေးစခန်းမှနေ၍ လိုအပ်သော အချက်အလက်များကို တောင်းခဲ့ခြင်းပင်။ ကျန်းရီသည် လီထျန်းနှင့် ပတ်သတ်သော အကြောင်းများကို အသေးစိတ် ဖတ်ရှုလိုက်ပြီး သူ့အခန်းသို့ ပြန်သွားလိုက်သည်။ ကျန်းရီ တတိယကောင်းကင်အခန်းသို့ ပြန်ရောက်လာသောအခါ အကြီးအကဲ မျက်လုံးများ ပြူးသွားလေသည်။
“တူလွန်းတယ်... အရမ်းကို တူလွန်းတယ်”
အကြီးအကဲသည် ကျန်းရီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် လိုအပ်ချက်အချို့ကိုလည်း ညွှန်ပြလိုက်သည်။
“သခင်လေး.. လီထျန်းမှာက စာသင်သားတစ်ယောက်ရဲ့ အငွေ့အသက်ရှိတယ်။ အရမ်းလည်း ဝံ့ကြွားမနေသလို၊ မရမ်းလည်း မနှိမ့်ချနေဘူး။ ပြီးတော့... သခင်လေးလီထျန်းက ဂီတကို နှစ်သက်တယ်။ သူက သွားလေရာ ကျောက်စိမ်းပုလွေတစ်ချောင်းနဲ့ ယပ်တောင်တစ်ချောင်းကို ယူသွားလေ့ရှိတယ်။ အဲ့လိုမှ ရုပ်ဖျက်တာက ပြီးပြည့်စုံမှာ”
“ကျောက်စိမ်းပုလွေလား”
ကျန်းရီ ချီတုံချတုံ ဖြစ်သွား၏ သူက ပုလွေမှုတ်မတော်ပေ။ သို့သော် သူက ယဉ်ရို့ပင်း၏ ရွက်ဖျင်တဲအတွင်း ဝင်ပြီးနောက်တွင် ပြန်ထွက်တော့မည် မဟုတ်၍ မည်သူမှ သူ့ကို အရေးစိုက်မည် မဟုတ်ဟု သူ တွေးလိုက်သည်။ ထို့ကြောင့် သူ ရုပ်ဖျက်မှု ပြီးပြည့်စုံစေရန် ကျောက်စိမ်းပုလွေတစ်ချောင်းကို ယူသွားလျှင်လည်း ပြဿနာရှိမည် မဟုတ်ပေ။
ကျန်းရီသည် အကြီးအကဲကို သူ့အတွက် ကျောက်စိမ်းပုလွေတစ်ချောင်းနှင့် ယပ်တောင်တစ်ချောင်း ယူလာပေးရန် ပြောလိုက်ပြီး သူ့ကိုယ်သူ လီထျန်းနှင့် ပိုတူစေရန် ဆက်လေ့ကျင့်နေလိုက်သည်။ လီထျန်းက လီမျိုးနွယ်ခေါင်းဆောင်၏ ဆဋ္ဌမမြောက်သားဖြစ်သည်။ လီဟုန်က လီထျန်း၏ တတိယဦးလေးပင်။ လီထျန်းက အသက်(၂၈)နှစ်ရှိပြီဖြစ်ပြီး အတော်လေး ပါရမီပါသည်။ သူက ကြယ်သုံးပွင့်အဆင့် သိုင်းစွမ်းအားကို ပိုင်ဆိုင်ထားပြီဖြစ်၍ လီမျိုးနွယ်၏ နံပါတ်(၁)သခင်လေး ဖြစ်နိုင်သည်။ သူသည် သမိုင်းကြောင်းများနှင့် ကဗျာများ ဖတ်ရသည်ကို ကြိုက်ပြီး ဂီတကိုလည်း နှစ်သက်သည်။ သူက ယဉ်ကျေးမှုရှိပြီး ခံ့ညားသော သခင်လေးတစ်ယောက်လည်းဖြစ်ပေသည်။
အကြီးအကဲက ကျန်းရီအတွက် ကျောက်စိမ်းပုလွေတစ်ချောင်း အလျင်အမြန် ယူလာပေး၏။ ကျန်းရီသည် ထိုပုလွေကို ခါးတွင်ချိပ်လိုက်ပြီး ယပ်တောင်ကိုမူ လက်မှ ကိုင်လိုက်သည်။ လီထျန်းက အတော်လေးခံ့ညားရာ ကျန်းရီသည်လည်း ခံ့ညားသောသခင်လေးတစ်ယောက် ဖြစ်နေသည်။
“အင်း... အခုမှ လီထျန်းနဲ့ ပိုတူသွားတာ။ သခင်မလေးယဉ်တောင် လူခွဲနိုင်မယ် မထင်ဘူး”
အကြီးအကဲက ကျန်းရီကို စေ့စေ့စပ်စပ်ကြည့်၍ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် တံခါးအပြင်ဘက်ကို လက်ညှိုးညွှန်ကာ ပြောလိုက်သည်။
“သခင်လေး... အပြင်မှာ ကိုယ်ရံတော်နှစ်ယောက်ကို ပြင်ဆင်ထားပြီးပါပြီ။ မနက်ဖြန်မနက်ကျရင် သူတို့ကိုခေါ်ပြီး သခင်မလေးယဉ်ကို တိုက်ရိုက်သွားတွေ့လိုက်ပါ။ ကျုပ်ကတော့ သူ့ကို တင်ပြဖို့ အရင်ပြန်နှင့်ပါမယ်”
“ကောင်းပါပြီ”
ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ တစ်စုံတစ်ယောက်၏ ကူညီမှုကို ရသည်မှာ အလွန်ကောင်းပေသည်။ ယခုတွင် သူ တောင်ပေါ်ရောက်သည့် လမ်းကြောင်းဝနှင့် ပိုနီးလာတော့မည်ဖြစ်သည်။ သာမန်လူတစ်ယောက်အတွက် လမ်းကြောင်းဝအနားသို့ ရောက်နိုင်ရန်ပင် မလွယ်ပေ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အနားသို့ ကပ်လာသူတိုင်းကို မောင်းထုတ်မည်ဖြစ်သည်။ ကျန့်ထျန်းလဲ့ကလည်း လမ်းကြောင်းဝအနားသို့ မည်သူမှ ကပ်မလာနိုင်ရန် တပ်သားများစွာကို အစောင့်ချထားလောက်သည်။
နောက်တစ်နေ့ နံနက်ခင်းနှောင်းပိုင်းတွင် ကျန်းရီသည် ကိုယ်ရံတော်နှစ်ယောက်ကိုခေါ်၍ ဆန်းကြယ်နတ်ဘုရားတောင်ဆီသို့ ရဲရဲဝံ့ဝံ့ပျံသန်းသွားလိုက်သည်။ သူ တောင်အနားသို့ ရောက်သောအခါ ခေတ္တရပ်တန့်လိုက်၏။ ပြီးမှ သူ ယဉ်ရို့ပင်း၏ ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲဆီသို့ တိုက်ရိုက်ပျံသန်းသွားလိုက်လေသည်။
“အဲ့မှာရပ်လိုက်”
ကျန်းရီသည် ယဉ်ရို့ပင်းတို့၏ ရွက်ဖျင်တဲနှင့် ပေတစ်ထောင်အကွာသို့ ရောက်သောအခါ အဖြူရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ကျန့်မျိုးနွယ်မှ စစ်သည်တစ်ယောက်၏ တားဆီးမှုကို ခံလိုက်ရလေသည်။
“ကျွန်တော်က လီမျိုးနွယ်က လီထျန်းပါ။ ကျွန်တော်က ကျွန်တော့်ရဲ့ဝမ်းကွဲ ယဉ်ရို့ပင်းကို လာတွေ့တာပါ။ ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ”
ကျန်းရီသည် တည်တည်ငြိမ်ငြိမ်ဖြင့် လက်ထဲမှ ယပ်တောင်ကို ခတ်ကာ ပြောလိုက်သည်။ သူသည် မျိုးနွယ်ကြီးတစ်ခုမှ သခင်လေးတစ်ယောက်၏ ဟန်ပန်ဖြင့် ယဉ်ယဉ်ကျေးကျေး ပြောလိုက်ခြင်းပင်။
ဝှစ်...
ယမန်နေ့မှ အကြီးအကဲက ကျန်းရီကို စောင့်ဆိုင်းနေသည်။ သူသည် ခပ်သွက်သွက်ရောက်လာပြီး ကျန်းရီကို ကိုယ်တိုင် ခေါ်သွားသည်။ သူတို့ လမ်းကြောင်းဝနှင့် ပေထောင်ဂဏန်းအနည်းငယ် အကွာသို့ ရောက်သောအခါ များစွာသော ကောင်းကင်စိတ်အာရုံများက သူ့အပေါ် ကျရောက်လာသည်ကို ကျန်းရီ ခံစားလိုက်ရသည်။ ထိုကောင်းကင်စိတ်အာရုံများထဲတွင် နတ်ဘုရားတစ်ပိုင်းအချို့၏ ကောင်းကင်စိတ်အာရုံများလည်း ရောနှေနေပေသည်။
“ဝမ်းကွဲအစ်ကို”
အံ့ဩဝမ်းသာသွားသံလေးတစ်သံ ထွက်ပေါ်လာသည်။ ယဉ်ရို့ပင်းသည် ရွက်ဖျင်တဲထဲမှ ပျံထွက်လာ၏။ သူမ၏မျက်နှာလေးပေါ်တွင် ရင်းနှီးကျွမ်းဝင်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။ ထို့ကြောင့် အဝေးမှ ရောက်လာသော ကျန့်ထျန်းလဲ့၏ ကောင်းကင်စိတ်အာရုံက ပြန်ဆုတ်သွားလေသည်။ ကျန့်ထျန်းလဲ့၏ မျက်နှာပေါ်တွင်လည်း နွေးထွေးသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
“ညီမရို့ပင်း”
ထိုအခိုက်တွင် ယဉ်ရို့ပင်း၏ ရွက်ဖျင်တဲအနီးရှိ အခြားရွက်ဖျင်တဲထဲမှနေ၍ တစ္ဆေဘုရင် မျက်နှာဖုံး ဝတ်ဆင်ထားပြီး ခရမ်းရောင်ဆံပင်ရှိသော မိန်းမပျိုတစ်ယောက် ထွက်လာသည်။ သူမက ယဉ်ရို့ပင်းနှင့် ကျန်းရီတို့ကို တစ်လှည့်စီကြည့်ကာ ပြောလိုက်လေသည်။
“ညီမလေး... သူက ညီမလေး အမြဲပြောပြောနေတဲ့ ပြိုင်ဘက်ကင်း ဝမ်းကွဲအစ်ကို လီထျန်းဆိုတာလား”
‘မကောင်းတော့ဘူး’
ကျန်းရီနှင့် ယဉ်ရို့ပင်းတို့နှစ်ယောက် တစ်ပြိုင်တည်း စိုးရိမ်သွား၏။ အဘယ်ကြောင့် ရီချန်က ပြဿနာရှာနေရသနည်း။ ယခုတွင် သူမက ထိုသို့ပြောလိုက်ပြီဖြစ်၍ ကျန်းရီက လူများ၏ အာရုံစိုက်မှုကို ခံရတော့မည်ဖြစ်သည်။
***