← Chapters

ငါ့မှာ တခြားရွေးချယ်စရာမရှိဘူး

Vol. 78 Ch. 1085

ငါ့မှာ တခြားရွေးချယ်စရာမရှိဘူး

Vol. 78 Ch. 1085

‘လက်စားချေတာပဲ... ဒါက သေချာပေါက် လက်စားချေတာပဲ’

ကျန်းရီနှင့် ရီချန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူ ချက်ချင်းပင် သူမ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ သူမ သူ့ကို လူပုံအလယ်တွင် ချီးကျူး၊ နှုတ်ဆက်လိုက်ခြင်းမှာ သူ့ကို ဒုက္ခပေးရန်ဖြစ်သည်။

ရီချန်၏ အဆင့်အတန်းက အသို့နည်း။ လီထျန်းနှင့် ယှဉ်လျှင် သူမ၏ အဆင့်အတန်းက များစွာပို၍မြင့်သည်။ လီထျန်းက ယဉ်ရို့ပင်းနှင့် ရင်းနှီးလျှင်ပင် သူမက လီထျန်းကို လာရောက်နှုတ်ဆက်ရန် မလိုပေ။ သူမက ဝံ့ဝါကာ လောကထဲရှိ ယောက်ျားများကို အထင်သေးသူတစ်ယောက် မဟုတ်ပါလား။ သူမသည် ရှီးဖေးက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ကိုပင် စိတ်ထဲထည့်သူတစ်ယောက် မဟုတ်ပေ။ သို့သော် ယခုတွင် သူမက လီမျိုးနွယ် သခင်လေးတစ်ယောက်ကို ချီးကျူးနေသည်လော။

ရီချန်က သူမည်သူဖြစ်ကြောင်းကို ခန့်မှန်းပြီးဖြစ်ရမည်ဟု ကျန်းရီ တွေးလိုက်သည်။ အပြစ်ဆေးကြောဒေသမှာပင် သူတို့နှစ်ယောက် အကြည့်တစ်ချက် ဆုံမိသည်နှင့် ရီချန်က သူ့ကို သံသယဝင်ခဲ့သည် မဟုတ်ပါလား။ ထို့နောက် ပန်းချီကမ်းပါးတွင်မူ သူမက သူ့ကို တိုက်ရိုက်မေးခဲ့သည်။ သို့သော် ထိုစဉ်က သူမသည် ပိုင်ရီက ကျန်းရီဖြစ်ကြောင်းကိုတော့ မသိခဲ့ပေ။ ကျန်းရီက ဝူနီကို သတ်ဖြတ်ပြီးနောက်မှသာ ပိုင်ရီက ကျန်းရီဖြစ်ကြောင်း တစ်လောကလုံး သိသွားခြင်းပင်။ ရီချန်သည်လည်း ထိုအကြောင်းများကို သိခဲ့လောက်သည်။

ယဉ်ရို့ပင်းကလည်း ရီချန်တွင် ပုံရိပ်ယောင်များကို ဖောက်မြင်နိုင်သော ဆန်းကြယ်သောစွမ်းရည်တစ်ခုရှိကြောင်း ပြောခဲ့ဖူးသည်။ သူမက ကျန်းရီ၏ ပုံရိပ်ယောင် နတ်ဘုရားအတတ်ကို ဖောက်မမြင်နိုင်လျှင်ပင် အနည်းနှင့်အများဆိုသလို မူမမှန်မှုတစ်ခုကိုတော့ ခံစားရပေလိမ့်မည်။ ထို့ပြင် ရီချန်က ကျန်းရီကို ‌ကောင်းစွာသိထားသည်။ ထို့ကြောင့် သူမ သူ့ကို လျင်မြန်စွာ ခန့်မှန်းမိခြင်းမှာ အံ့အားသင့်စရာ မရှိပေ။

ယခင်တွင် ကျန်းရီသည် ရီချန်ကို ဗုဒ္ဓဧကရာဇ်၏ မွေး‌နေ့ပွဲပြီးလျှင် အကြောင်းပြန်မည်ဟု ကတိပေးခဲ့သည်။ သို့သော် သူသည် စာတစ်စောင်ပင် မချန်ခဲ့ဘဲ တိတ်တဆိတ် ထွက်သွားခဲ့သည်။ သူက ကျန်းရီဖြစ်ကြောင်းကိုလည်း သူမအား ဖုံးကွယ်ထားခဲ့သည်။ ရီချန်က အထီးကျန် အ‌ရှေ့ပိုင်းပင်လယ်တွင် သူ့အသက်ကို တစ်ကြိမ်ကယ်ခဲ့ဖူးသည်။ သူသည် ရွေးချယ်စရာမရှိ၍သာ သူမည်သူဖြစ်ကြောင်းကို ရီချန်အား ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သော်လည်း သူက သူမအပေါ် မှားသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ရီချန်က သူ့အား ဒေါသထွက်ခြင်းမှာ သာမန်သာဖြစ်သည်။ သို့သော် ကျန်းရီသည် သူမက ဤကဲ့သို့ လူပုံအလယ်တွင် လက်စားချေလိမ့်မည်ဟု မျှော်လင့်မထားပေ။

ဝှစ်...ဝှစ်...

ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲများစွာ၏ အကာအရံများ ပွင့်လာ၏။ ရှီးဖေး၊ လင်းချီကျန့်၊ ထူလုံ၊ ယဲ့ရင်၊ ကျန့်ဝူယင်းနှင့် အခြားသခင်လေးများအားလုံး အပြင်ထွက်လာကြသည်။ သူတို့က ကျန်းရီကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ ရှီးဖေး၏ မျက်ဝန်းများထဲတွင်ဆိုလျှင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များပင် ရှိနေလေသည်။ ရှီးဖေးသည် ရီချန်း၏ ကျန်းရီအပေါ်ထားသော သဘောထားကြောင့် မကျေမနပ်ဖြစ်ကြောင်း ထင်ရှားပေသည်။

ကျန်းရီသည် သူ၏ ‘မိတ်ဆွေဟောင်းများ’ကို တွေ့လိုက်ရသော်လည်း မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မပြလိုက်ပေ။ သူသည် လက်ထဲမှ ယပ်တောင်ကို ဖြန့်လိုက်ပြီး ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။

“ဘာကြောင့်များ သခင်မလေးရီချန်က ကျွန်တော့်ကို ဒီလောက် ချီးမွမ်းနေရတာပါလဲ။ ကျွန်တော်က စာပေပညာမှာရော၊ သိုင်းပညာမှာပါ မထူးချွန်ပါဘူး။ ဒီအတိုင်း စာကြမ်းပိုးတစ်ယောက်ပါပဲ။ သခင်မလေးရီချန်ကလည်း စာဖတ်ရတာကို ကြိုက်တယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး။ သခင်လေးနဲ့ အခုလိုတွေ့ဆုံရတာ ကျွန်တော် တကယ်ကို ဂုဏ်ယူမိပါတယ်”

အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးမှ သခင်လေးများ၊ သခင်မလေးများနှင့် ရင်ဆိုင်ရသောအခါ လွန်စွာဝံ့ကြွား၍လည်းမရသလို လွန်စွာနှိမ့်ချ၍လည်း မဖြစ်ပေ။ ထို့ပြင် ကျန်းရီ၏ မျက်ဝန်းများက ကြည်လင်တောက်ပနေပြီး မည်သည့် ချစ်ခင်မှု၊ လိုချင်တပ်မက်မှု အရိပ်အယောင်မှ ရှိမနေပေ။ ကျန်းရီသည် စာအုပ်များကိုသာ အာရုံစိုက်သော စာသင်သားသခင်လေးတစ်ယောက်ကဲ့သို့ ဟန်ဆောင်လိုက်ခြင်းပင်။ သူသည် လူများအား ရီချန်က စာဖတ်ရသည်ကို ကြိုက်၍ သူ့ကို လေးစားခြင်းဖြစ်သည်ဟု တမင် အရိပ်အမြွက်ပြလိုက်ခြင်းဖြစ်သည်။

ကျန်းရီသည် သိမ်မွေ့ရင့်ကျက်စွာ ပြောလိုက်၍ တိုက်ခိုက်သတ်ဖြတ်ရန်သာ အားသန်ကြပြီး သိုင်းပညာကိုသာ အာရုံစိုက်ကြသော သခင်လေးများနှင့် သခင်မလေးများအကြားတွင် ထူးခြားသော အငွေ့အသက်တစ်ခု ရှိနေလေသည်။ ထို့ကြောင့် သခင်လေးများသည် ကျန်းရီအပေါ် အတော်လေး အမြင်ကြည်လာကြသည်။

ယဉ်ရို့ပင်းကလည်း ခပ်သွက်သွက် ပြုံးကာ အခြေအနေကို ဝင်ဖြန်ဖြေလိုက်သည်။

“ဟားဟား...ဝမ်းကွဲအစ်ကို.. အစ်ကိုက အဲ့လောက်နှိမ့်ချနေဖို့ မလိုပါဘူး။ အစ်မချန်က အစ်ကို့ရဲ့ စာတွေကို ဖတ်ဖူးပါတယ်။ သူက အစ်ကို့ရဲ့ ဇင်တာအိုအပေါ် အမြင်တွေကို လေးစားနေတာပါ”

ယဉ်ရို့ပင်း၏ စကားများက အချိန်ကိုက်ရွာလိုက်သော မိုးကဲ့သို့ ထိုနေရာရှိ လူအားလုံး၏ ရင်ထဲမှ သံသယများကို လုံးဝဖယ်ရှားပစ်လိုက်လေသည်။ သို့သော် ရှီးဖေး၏ မျက်ဝန်းများထဲတွင်မူ ရန်လိုသော အရိပ်အယောင် အနည်းငယ် ကျန်နေပေသေးသည်။ သူသည် အငြင်းခံရလေလေ၊ ရီချန်ကို ပို၍လက်ထပ်လိုလာလေလေဖြစ်နေသည်။ ထိုမှ သူ၏သိက္ခာကို ပြန်အဖက်ဆယ်နိုင်မည်ဖြစ်သည်။ ရီချန်နှင့် လက်ထပ်နိုင်မှလည်း မျိုးနွယ်ခေါင်းဆောင်ငယ်ရာထူးကို အောင်အောင်မြင်မြင် ရပေလိမ့်မည်။

သို့သော် ယခုတွင် စာရေးကောင်းသော လီမျိုးနွယ်မှ သခင်လေးက ရုတ်တရက်ကြီး ပေါ်လာသည်လော။ သူက ဇင်တာအိုကိုလည်း သိသည်လော။ ထိုအကြောင်းများက ရှီးဖေးအတွက် အရေးမပါသော်လည်း ရီချန်က လီထျန်းကို လေးစားနေရာ လီထျန်းက သူ၏ရန်သူဖြစ်သည်။

“ဟင်းဟင်း...”

ရီချန်က ခပ်သဲ့သဲ့ပြုံးကာ ဆက်၍ပြဿနာရှာလိုက်သည်။ သူမ ကျန်းရီကို စိုက်ကြည့်၍ ပြောလိုက်သည်။

“အခွင့်အရေးရရင် ကျွန်မ သခင်လေးလီနဲ့ ဇင်အကြောင်း ဆွေးနွေးချင်ပါသေးတယ်။ ကျွန်မ သွားလိုက်ပါဦးမယ်”

ထို့နောက် ရီချန်သည် သူမ၏ ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲထဲသို့ ပြန်ဝင်သွားလေသည်။ ထူလုံ၊ လင်းချီကျန့်နှင့် ကျန်သူများကလည်း ကျန်းရီကို ခေါင်းဆတ်ပြ၍ နှုတ်ဆက်လိုက်ပြီး သူတို့၏ ရွက်ဖျင်တဲများသို့ ပြန်သွားလိုက်ကြသည်။ ရှီးဖေးသည်လည်း ကျန်းရီကို သတိပေးသည့်ဟန်ဖြင့် ခပ်စိမ်းစိမ်းကြည့်ကာ ပြန်သွားလေသည်။

ကျန့်ထျန်းလဲ့တစ်ယောက်သာ ကျန်းရီဆီသို့ လျှောက်လာပြီး လက်ဆုပ်ကာ ပြုံး၍ ပြောလိုက်သည်။

“အစ်ကိုလည်း ရို့ပင်းရဲ့ ဉာဏ်ကြီးရှင်ဝမ်းကွဲအစ်ကိုအကြောင်းကို ကြားဖူးထားတာ ကြာပါပြီ။ နောက်ဆုံးတော့ လူကိုယ်တိုင် တွေ့ရပြီပေါ့။ အစ်ကိုက ကျန့်ထျန်းလဲ့ပါ... ညီလေးလီကို နှုတ်ဆက်ပါတယ်”

‘မင်းအဖေကြီးကို သွားနှုတ်ဆက်လိုက်ပါလား’

ကျန်းရီ စိတ်ထဲမှ ဆဲလိုက်သည်။ နတ်ဘုရားအသံလှိုင်းဒေသ၏ တောင်ဘက်မှ တိုက်ပွဲကြောင့်သာ မဟုတ်လျှင်၊ ကျန့်မျိုးနွယ်က သူတို့၏မင်းသားခေါင်းကို သူတို့ဘာသာ ခွာချမပြခဲ့လျှင် ကျန်းရီသည် ကျန့်ထျန်းလဲ့က ရက်စက်၊ ကောက်ကျစ်သူတစ်ယောက်ဖြစ်ကြောင်း သိမည်မဟုတ်ပေ။ ကျန့်ထျန်းလဲ့အတွက် လူတစ်ယောက်ကို သတ်ရခြင်းနှင့် ပုရွက်ဆိတ်တစ်‌ကောင်ကို သတ်ရခြင်းတို့က ကွာခြားမှု မရှိပေ။

သို့သော် ကျန်းရီသည် တလေးတစား ဦးညွှတ်၍ ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ... သခင်လေးက သခင်လေးထျန်းလဲ့ပေါ့။ တွေ့ရတာ ဝမ်းသာပါတယ်”

“ဝမ်းကွဲအစ်ကို... အထဲဝင်ပြီး စကားပြောကြတာပေါ့”

ယဉ်ရို့ပင်းက ချိုသာစွာပြုံး၍ ကျန့်ထျန်းလဲ့ကို ကြည့်လိုက်သည်။ ကျန့်ထျန်းလဲ့ သဘောပေါက်သွားပြီး လက်ဆုပ်ကာ နှုတ်ဆက်၍ ပြန်သွားလေသည်။ ကျန်းရီက ယဉ်ရို့ပင်းနောက်သို့လိုက်၍ ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲအတွင်းသို့ ဝင်လိုက်လေသည်။

ထိုရွက်ဖျင်တဲက အဆင့်အမြင့်ဆုံး ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲဖြစ်၍ အထဲတွင် မှော်နယ်မြေတစ်ခု ရှိသည်။ ထိုမှော်နယ်မြေမှာ လှပသော ခြံဝန်းတစ်ခုပင်။

ခြံဝန်းထဲတွင် အခန်းများစွာပါသော သုံးထပ်အ‌ဆောက်အအုံတစ်ခု ရှိ၏။ ပထမထပ်တွင် အစေခံမလေးအနည်းငယ်နှင့် အကြီးအကဲနှစ်ယောက်ရှိနေသည်။ အကြီးအကဲတစ်ယောက်၏ အရှိန်အဝါက အလွန်းအားကောင်း၏။ သူက နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ဖြစ်ကြောင်း သိသာပေသည်။ နတ်ဘုရားတစ်ပိုင်းက ကျန်းရီကို သံသယဖြင့် ကြည့်လိုက်သော်လည်း ယဉ်ရို့ပင်း၏ အေးစက်စက်အကြည့်ကို မြင်လိုက်သောအခါ ချက်ချင်း အကြည့်လွှဲလိုက်ပြီး မျက်လုံးများမှိတ်ကာ ထိုင်နေလိုက်တော့သည်။

“ဝမ်းကွဲအစ်ကို... ဒုတိယထပ်မှာ စကားသွားပြောကြတာပေါ့”

ယဉ်ရို့ပင်းက ကျန်းရီကို ဒုတိယအထပ်သို့ ခေါ်သွား၏။ ကျန်းရီသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲက လေဟာနယ်နတ်ဘုရားအသုံးအဆောင်နှင့် မကွာဟု မှတ်ချက်ပြုလိုက်လေသည်။ ထို့ပြင် ဤအထဲမှနေ၍ အပြင်သို့ ကောင်းကင်စိတ်အာရုံများ ပိုလွှတ်ပြီး အပြင်တွင် ဖြစ်ပျက်နေသော ကိစ္စများကို အာရုံခံနိုင်ပေသည်။

ဒုတိယအထပ်တွင် ဧည့်သည်အခန်းအနည်းငယ် ပါသော ခန်းမကျယ်ကြီးတစ်ခုရှိသည်။ ထိုခန်းမ၏ ဘေးဘက် စင်္ကြံလမ်းမှ သွားလျှင် တတိယအထပ်သို့ ရောက်သည်။ ယဉ်ရို့ပင်းသည် ဒုတိယအထပ်သို့ ရောက်သောအခါ ချက်ချင်း အကာအရံများကို နှိုးလိုက်ပြီး ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ပြီးမှ သူမ အတန်ငယ် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

“ကျန်းရီ... ရှင်က ရဲတင်းလွန်းတယ်။ ရှင်က ကျွန်မရဲ့ ဝမ်းကွဲအစ်ကိုလိုတောင် ဟန်ဆောင်ရဲတယ်ပေါ့လေ။ တိုက်ပွဲဧကရာဇ်က အနားမှာ ရှိမနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ရှင်ဘယ်သူဆိုတာ ပေါ်သွားပြီး အခုဆို ရှင် သေနေလောက်ပြီ”

“ငါက အမြဲတမ်း ဒီလိုရဲရင့်တာပဲ။ ပြီးတော့ ငါ့မှာ  ရွေးစရာလည်း မရှိဘူး။ ငါ ရတနာတစ်ခုကို ယူဖို့ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲကို ဝင်ရမယ်”

ကျန်းရီက ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။ ထို့နောက် သူသည် ယဉ်ရို့ပင်းငှဲ့ပေးထားသော လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး တစ်ကြိုက်တည်း သောက်ချလိုက်သည်။

“ဆန်းကြယ်နတ်ဘုရားနန်း‌တော်ထဲကို ဝင်မှာလား”

ယဉ်ရို့ပင်းက ခေါင်းခါကာ ခပ်သဲ့သဲ့ရယ်လိုက်သည်။

“ကျွန်မတို့ ဒီမှာစောင့်နေတာ နှစ်ဝက်ရှိပြီ။ ဆန်းကြယ်နတ်ဘုရားတောင်က အကာအရံတွေက လျော့ရဲလာတဲ့ပုံ မပေါ်သေးဘူး။ ဘယ်လောက်ကြာကြာ ဆက်စောင့်ရဦးမလဲ မသိဘူး။ နောက်နှစ်နည်းနည်းလောက် ဒါမှမဟုတ် နှစ်ဆယ်နဲ့ချီပြီးတော့လည်း စောင့်ရနိုင်တယ်...”

“ဟင်းဟင်း...”

ကျန်းရီက ယုံကြည်မှုရှိရှိပြုံးကာ ပြောလိုက်သည်။

“အဲ့လောက်ကြာမှ မဟုတ်ပါဘူး။ လဝက်ဆို လုံလောက်ပါပြီ။ မင်း ပြင်ဆင်ထားရင် ကောင်းလိမ့်မယ်။ အဲ့အချိန်ကျရင် ငါတို့ အတူတူ တောင်ပေါ်တက်ရမှာ”

“အာ...”

ယဉ်ရို့ပင်း အံ့ဩဝမ်းသာသွား၏။ ထို့နောက် သူမ ချက်ချင်း နားလည်သွားသည်။

“အောင်းလုက ရှင့်ကို အဲ့လိုပြောလိုက်တာလား”

ကျန်းရီသည် လက်ထဲမှ ယပ်တောင်ကို ပညာရှင်စာသင်သားတစ်ယောက်ကဲ့သို့ ဖြန့်လိုက်ပြီး နူးညံ့စွာ ခတ်လိုက်သည်။ ထို့နောက် သူ မျက်လုံးများ မှိတ်ကာ ပြောလိုက်သည်။

“ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောလို့မရဘူး”

“အဟိ...”

ယဉ်ရို့ပင်းက ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။

“အခု ရှင်က ပညာရှင်သခင်လေး ဖြစ်နေပြီပေါ့လေ။ အင်း... ရှင် ကိုယ့်ပုံစံကို ပြန်ပြောင်းသင့်တာ။ အခုပုံစံကို ကြည့်ရတာ တော်‌တော်စိတ်မသက်မသာ ဖြစ်ရတယ်”

ကျန်းရီ၏ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်ာ၏။ သူ မူလပုံစံ ပြန်ပြောင်းသွားပေပြီ။ ယဉ်ရို့ပင်းက ကျန်းရီ၏ ပုံစံကိုကြည့်၍ ချိုသာစွာပြုံကာ ပြောလိုက်၏။

“အခုလိုက အများကြီးပိုကောင်းတယ်။ အနားမှာ ဘယ်သူမှ မရှိရင် ရှင် ဒီပုံစံနဲ့ပဲ နေသင့်တယ်။ အခုလောလောဆယ်တော့ ရှင် ဒုတိယအထပ်မှာပဲနေပေါ့။ နောက်လဝက်နေရင် ကျွန်မတို့ ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီ သွားရတော့မှာပဲ။ ဒါပေမဲ့... ရှင် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ ဝင်လိုက်ရင်တော့ ရှင်ဘယ်သူဆိုတာ ပေါ်သွားနိုင်ခြေတော့များတယ်။ အဲ့ကျရင် တိုက်ပွဲဧကရာဇ် ဒါမှမဟုတ် မြောက်ဘက်ဧကရာဇ်က ရှင့်ကို အပြင်ဘက်ကနေ စောင့်နေမှာပဲ။ ရှင် အဲ့ဒါကို တွေးမိရဲ့လား”

“ငါ့မှာ တခြားရွေးချယ်စရာမရှိဘူး”

ကျန်းရီက အရှေ့ဘက်သို့ ကြည့်လိုက်ပြီး ကောင်းကင်စိတ်အာရုံထုတ်လွှတ်၍ တိမ်များအထိရောက်အောင် မြင့်မားသော ဆန်းကြယ်နတ်ဘုရားတောင်ကို အာရုံခံလိုက်သည်။ ထို့နောက် သူ ပြတ်သားစွာ ပြောလိုက်သည်။

“လူတွေမှာ လုပ်ရမယ့်၊ မလုပ်ရမယ့် ကိစ္စတွေ ရှိတယ်။ တချို့ကိစ္စတွေကိုကျ အသက်သေရမယ်ဆိုရင်တောင် လုပ်ကိုလုပ်ရလိမ့်မယ်”

ယဉ်ရို့ပင်းက ကျန်းရီ၏ တင်းမာပြတ်သားနေသော မျက်နှာထားကို ကြည့်လိုက်၏။ သူမ၏မျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် သူမသည် ကျန်းရီ၏ အခြေအနေနှင့် သူမ၏ စေ့စပ်ထားမှုကို တွေးကာ ခါးသက်သက် ပြုံးလိုက်လေတော့သည်။

***

All Chapters