← Chapters

စွန့်လွှတ်ရန် ခက်ခဲ၏

Vol. 78 Ch. 1086

စွန့်လွှတ်ရန် ခက်ခဲ၏

Vol. 78 Ch. 1086

‘လီထျန်း’၏ပုံစံက ကျန့်ထျန်းလဲ့ကို များစွာ အာရုံမစိုက်စေပေ။ သူသည် ယဉ်ရို့ပင်း၏ နောက်ကြောင်းကို စုံစမ်းထားသဖြင့် သူမ၏ အစ်ကိုအရင်းများမှလွဲ၍ ဝမ်းကွဲထဲတွင် ထိုအစ်ကိုတစ်ယောက်ကသာ သူမနှင့် ရင်းနှီးကြောင်းကို သိထားသည်။ လီထျန်းသည် ငယ်စဉ်တုန်းက ယဉ်မျိုးနွယ်၌ နှစ်အနည်းငယ် နေခဲ့ဖူးသည်။ သူက ယဉ်ရို့ပင်းနှင့်အတူ ကြီးပြင်းလာသူဟု ဆိုနိုင်သည်။ ထို့ကြောင့် သူတို့နှစ်ယောက် ဆက်ဆံရေးကောင်းနေခြင်းမှာ သဘာဝကျပေသည်။

သို့သော် ယဉ်ရို့ပင်း၏ ‘ဝမ်းကွဲအစ်ကို’ ရောက်လာပြီဖြစ်၍ ကျန့်ထျန်းလဲ့ ဘာသိဘာသာနေ၍ မရတော့ပေ။ ထို့ကြောင့် သူသည် တစ်နေ့လယ်တွင် ယဉ်ရို့ပင်း၏ ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲသို့ ကိုယ်တိုင်ရောက်လာ၍ လီထျန်းအား သူ၏စားသောက်ပွဲကိုတက်ရောက်ရန် ဖိတ်ခေါ်လိုက်သည်။

ယဉ်ရို့ပင်းသည် လီထျန်းက ခရီးဝေးမှ လာခဲ့ရသဖြင့် အလွန်ပင်ပန်းနေ၍ ရက်အနည်းငယ်လောက် အနားယူလိုနေသည်ဟု ပြောကာ ငြင်းလိုက်သည်။ ထို့ပြင် လီထျန်းက အေးအေးဆေးဆေးနေတတ်သူတစ်ယောက်ဖြစ်၍ လူရှုပ်ရှုပ် စားသောက်ပွဲများကို မကြိုက်ကြောင်းလည်း ပြောလိုက်သည်။ ထို့နောက် သူမသည် ကျန့်ထျန်းလဲ့ကို မကြာမကြာလာ၍ မနှောင့်ယှက်ရန် ပြောလိုက်သေးသည်။

ကျန့်ထျန်းလဲ့ ရှက်ရွံ့စွာဖြင့် ပြန်သွားရသည်။ သူ ရင်ထဲတွင်လည်း အလွန်ပူလောင်နေသည်။ သို့သော် သူသည် ယဉ်ရို့ပင်း၏ အကျင့်စရိုက်ကို သိထားပြီးဖြစ်၍ သူမကို မဆန့်ကျင်ဝံ့ပေ။ သို့သော် ကျန့်ထျန်းလဲ့ ထွက်သွားပြီးနောက် နှစ်နာရီအကြာတွင် ရီချန် ရောက်လာသည်။ ယဉ်ရို့ပင်းသည် ရီချန်ရောက်လာကြောင်းကို ကြားလိုက်သောအခါ ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။

“ကျန်းရီ... ကျွန်မ ကျန့်ထျန်းလဲ့ကို မောင်းထုတ်နိုင်ပေမယ့် အစ်မချန်ကိုတော့ မောင်းထုတ်နိုင်မှာ မဟုတ်ဘူး”

ယဉ်ရို့ပင်းသည် ရီချန်ကို ကိုယ်တိုင်သွား၍ ကြိုဆိုလိုက်၏။ ကျန်းရီက လီထျန်းပုံစံ ပြန်ပြောင်းလိုက်ပြီး ဒုတိယထပ်မှ ခန်းမကျယ်ထဲတွင် စိတ်ပျက်စွာ ထိုင်ရင်း လက်ဖက်ရည်ကိုသာ တစ်ခွက်ပြီးတစ်ခွက် သောက်နေလိုက်သည်။ သူ ရီချန်နှင့် မည်သို့မျက်နှာချင်းဆိုင်ရမည်ကို မသိပေ။

ရီချန်က ကျန်းရီ၏ အသက်သခင်ကျေးဇူးရှင်ပင်။ ထို့ကြောင့် ကျန်းရီသည် ရီချန်နှင့် ရင်ဆိုင်မည့်အစား ယဉ်ရို့ပင်းနှင့်သာ ရင်ဆိုင်လိုသည်။ သို့သော် ရီချန်က ကိုယ်တိုင် ရောက်လာပြီဖြစ်၍ သူ သူမနှင့် တွေ့ရတော့မည်ဖြစ်သည်။

ရှပ်...ရှပ်...ရှပ်...

မကြာခင်မှာပင် ခြေသံများကို ကြားလိုက်ရသည်။ ကျန်းရီ ထရပ်ကာ ကြိုဆိုလိုက်၏။ ယဉ်ရို့ပင်းက ရီချန်ကို လှေကားမှ ခေါ်လာသည်။ ကျန်းရီသည် ရီချန်နှင့် အကြည့်ဖလှယ်လိုက်ပြီး ခါးသက်သက် ပြုံးလိုက်၏။ ရီချန်၏ မျက်နှာထားက လေးနက်လွန်းသည်။ သူမက သူရုပ်ဖျက်ထားသည်ကို ချက်ချင်း ဖောက်မြင်နိုင်သဖြင့် သူ သူမအပေါ် မည်သည့်အရာကိုမှ ဖုံးကွယ်ထား၍မရတော့ပေ။

“သခင်မလေးရီကို နှုတ်ခွန်းဆက်ပါတယ်”

ကျန်းရီက လက်ဆုပ်ကာ ဦးညွှတ်လိုက်သည်။ သို့သော် ရီချန်က လျစ်လျူရှုလိုက်ပြီး ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ သူမသည် ယဉ်ရို့ပင်းက လက်ဖက်ရည်ငှဲ့ပေးမည်ကိုပင် မ‌စောင့်တော့ဘဲ သူမဘာသာ ငှဲ့သောက်လိုက်သည်။ သို့သော် သူမ မည်သည့်စကားမှတော့ မပြောသေးပေ။

“အဟင်း... အစ်မတို့နှစ်ယောက် စကားပြောကြပါဦး။ ကျွန်မ တရေးလောက် သွားအိပ်လိုက်ဦးမယ်”

ယဉ်ရို့ပင်းက ခပ်သဲ့သဲ့ပြုံး၍ ပြောလိုက်ပြီး တတိယထပ်သို့ ကြော့ရှင်းစွာ တက်သွားလေသည်။ ထို့ပြင် သူမသည် ကျန်းရီတို့နှစ်ယောက် လွတ်လွတ်လပ်လပ် စကားပြောနိုင်ရန် ဒုတိယထပ်မှ အကာအရံများကိုလည်း နှိုးပေးခဲ့သည်။

ရီချန်က မည်သို့မှ မဆိုဘဲ လက်ဖက်ရည်ကိုသာ ဆက်သောက်နေသည်။ သူမ၏ မျက်နှာဖုံးအောက်မှ နီထွေးထွေး နှုတ်ခမ်းတစ်စုံက အလွန်လှပနေသည်။ သူမက စကားတစ်ခွန်းမှ မပြောသဖြင့် ကျန်းရီ ထိုင်ရမလို၊ ထရမလို ဖြစ်နေ၏။ ထို့နောက် သူ သူမကို တစ်ချက်ကြည့်လိုက်ပြီး အံကြိတ်ကာ ထိုင်လိုက်လေသည်။

“သခင်မလေးရီ... ကျွန်တော်...”

“ကျွန်တော်... ဘာကျွန်တော်လဲ”

ရီချန်က ခေါင်းမော့၍ ကျန်းရီကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။

“သခင်လေးကျန်း... ရှင်က တော်‌တော် တော်တာပဲ။ ကျွန်မကို စိတ်ကြိုက်လှည့်စားနိုင်တယ်။ ရှင်က အဲ့ဒါကို ပျော်စရာကောင်းတယ်လို့ ထင်နေတာလား။ အထီးကျန် အရှေ့ပိုင်းပင်လယ်မှာတုန်းကတော့ တစ်နေ့ကျရင် သေချာပေါက် ကျေးဇူးပြန်ဆပ်ပါမယ်လို့ ရွှန်းရွှန်းဝေအောင် ပြောခဲ့ပြီးတော့... ရှင်တို့ ကောင်းကင်ကြယ်တာရာနယ်မြေကလူတွေက ကျေးဇူးကို ဒီလိုပြန်ဆပ်ကြတာလား”

“ဟီးဟီး...”

ရီချန်က အမှန်ပင် ဒေါသထွက်နေသဖြင့် ကျန်းရီ မျက်နှာချိုသွေးလိုက်သည်။

“သခင်မလေးရီ... အဲ့ကိစ္စက တကယ်ပဲ ကျွန်တော်မှားတာပါ။ ကျွန်‌တော် တောင်းပန်ပါတယ်။ ဒါပေမဲ့ သခင်မလေးလည်း ကျွန်တော့် ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို သိမှာပါ။ ကျွန်တော်က အပြစ်သားကျွန်းကို သွားခဲ့တော့ ကျွန်တော် ဘယ်သူဆိုတာသာ ပေါ်သွားရင် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံးက ကျွန်တော့်ရဲ့ ခေါင်းကို လိုချင်ကြမှာလေ။ ကျွန်တော် သခင်မလေးကို ကျွန်တော့်ရဲ့ သရုပ်မှန်ကို ပြောပြလို့ရတယ်ဆိုပေမယ့်... ထားပါတော့လေ.. ဘာပဲဖြစ်ဖြစ် ကျွန်တော် မှားတာပါ။ သခင်မလေး ကျွန်တော့်ကို ရိုက်နှက်အပြစ်ပေးချင်လည်း စိတ်ကြိုက်သာ လုပ်ပါ။ ကျွန်တော် သခင်မလေးကို ရန်ငြိုးထားမှာ မဟုတ်ပါဘူး”

ရီချန်က ကျန်းရီကို ကြည့်လိုက်ပြီး မကျေနပ်သေးသော လေသံဖြင့် ပြောလိုက်သည်။

“ရှင့်ရင်ထဲမှာ ကျွန်မက သစ္စာမရှိတဲ့သူလား။ ကျွန်မက ရှင့်အကြောင်းကို သူများတွေကို ဖော်မှာမလို့လား။ ဒီတစ်ခေါက်လည်း ရှင်က ကျွန်မအစား ယဉ်ရို့ပင်းကို ယုံခဲ့တယ်။ သူ့ကိုပဲ အကူအညီတောင်းခဲ့တယ်။ ဟုတ်သား... ရှင်နဲ့ ယဉ်ရို့ပင်းရဲ့ ပတ်သတ်မှုက ဘာလဲ။ သူက အခု တခြားတစ်ယောက်နဲ့ စေ့စပ်ပြီးနေပြီနော်... ရှင် သူနဲ့ ဆက်ပတ်သတ်နေရင် ကျန့်ထျန်းလဲ့က ရှင့်ကို ရန်လုပ်မှာကို မကြောက်ဘူးလား”

‘ဆိုးပြီဟ...’

ကျန်းရီ တွေးလိုက်၏။ အခြေအနေက ပိုဆိုးလာပြီဟု သူ ခံစားနေရသည်။ ရီချန်၏ လေသံထဲတွင် မနာလိုသံလေးများ ပြည့်နှက်နေကြောင်း သူ ကြားနိုင်သည်။ ယခု ရီချန် ဒေါသထွက်နေခြင်းက သူက သူမအစား ယဉ်ရို့ပင်းကို အကူအညီတောင်း၍လည်း ဖြစ်နိုင်သည်။ ထိုပြိုင်ဘက်ကင်းမိန်းမလှလေးက အမှန်ပင် သူ့ကို ကြွေနေခြင်းလော။ သူက ယဉ်ရို့ပင်းနှင့် ပတ်သတ်နေမိပြီးဖြစ်သည်။ အကယ်၍ သူသာ ရီချန်နှင့် ထပ်ပတ်သတ်မိလျှင် ပြဿနာများက ဆတိုး တိုးသွားပေလိမ့်မည်။

သို့သော် ကျန်းရီ ရင်ထဲတွင် အတန်ငယ် ပျော်နေမိသည်။ သူက ရီချန်ကိုပင် မနာလိုဖြစ်သွားအောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလား။ လောကထဲမှ မည်သည့်ယောက်ျားမဆို ဤအခြေအနေတွင် စိတ်ထဲမှ ကျိတ်ကျေနပ်ကြမည်သာ။ ကျန်းရီ ရီချန်ကို စိုက်ကြည့်လိုက်၏။ သူမက ပြန်သတိကပ်လာပြီဖြစ်ပြီး သူမ၏လေသံက အတော်လေးမနာလိုသည့်လေသံ ပေါက်သွားကြောင်းကို သတိပြုမိလိုက်သည်။ ထို့ကြောင့် သူမ ရှက်သွေးဖြာသွားပြီး ခေါင်းငုံ့လိုက်သည်။

ရီချန်သည် စိတ်ဓာတ်ခိုင်မာသူဖြစ်၍ တစ်ခဏအတွင်းမှာပင် စိတ်ပြန်တည်ငြိမ်သွားသည်။ သူမ ခေါင်းထပ်မော့ကာ ကျန်းရီကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများက မီးဟုန်းဟုန်းတောက်နေပေသည်။ ထို့ကြောင့် ကျန်းရီ အတန်ငယ် ရွံ့သွားပြီး ခပ်မြန်မြန် ခေါင်းငုံ့ကာ လက်ဖက်ရည်သောက်လိုက်ရသည်။ ထို့နောက် သူ ပြောလိုက်သည်။

“သခင်မလေးရီ... သခင်မလေးက ကျွန်တော့်ရဲ့ အသက်သခင်ကျေးဇူးရှင်ပါ။ ကျွန်တော်က သခင်မလေးအပေါ် အကြွေးနှစ်ခု တင်နေပါတယ်။ ကျွန်တော်က အရေးပါတဲ့သူတစ်ယောက်တော့ မဟုတ်ပေမယ့် ဖြောင့်မတ်ပြီး ကတိတည်တဲ့သူတစ်ယောက်ပါ။ ကျွန်တော် အဲ့အကြွေးနှစ်ခုကို မေ့မှာ မဟုတ်ပါဘူး။ ကျွန်တော် ယဉ်ရို့ပင်းကို အကူအညီတောင်းခဲ့တယ်ဆိုတာက... တကယ်တော့ ကျွန်တော် သူနဲ့ နတ်ဘုရားအသံလှိုင်းတောင်ကြားမှာ တွေ့ခဲ့လို့ပါ။ သူကလည်း ကျွန်တော့်ကို မှတ်မိသွားခဲ့လို့ပါ...”

“ပြီးတော့ ဘာပါလိမ့်.. အို့ ဟုတ်သား... သခင်မလေးယဉ်နဲ့ ကျွန်တော်နဲ့က မိတ်ဆွေတွေပါပဲ။ သခင်မလေးယဉ်က ဂုဏ်သရေရှိသခင်မလေး၊ ကျွန်တော်က အပြစ်သားကျွန်းက သူလျှိုတစ်ယောက်၊ လူတိုင်းက သတ်ချင်နေတဲ့ လမ်းဘေးကြွက်တစ်ကောင်ပါ။ ကျွန်တော်က ဘယ်လိုလုပ် သူ့အပေါ် ခံစားချက်တွေ ထားရဲမှာလဲ”

အပြစ်သားကျွန်းအကြောင်းကို ပြောသောအခါ ရီချန်၏ မျက်လုံးများ မှေးမှိန်သွားသည်။ သူမ ခေါင်းငုံ့လိုက်ပြီး လက်ဖက်ရည်သောက်ချင်ယောင်ဆောင်ကာ သူမ၏ စိတ်မသက်မသာ ဖြစ်သွားမှုကို ဖုံးကွယ်လိုက်သည်။ အတော်ကြာပြီးမှ သူမ သက်ပြင်းချကာ ပြောလိုက်သည်။

“ကျန်းရီ... အဲ့နေ့တုန်းက ကျွန်မ ရှင့်ကို ရီမျိုးနွယ်ဆီ ပြန်မခေါ်သွားခဲ့မိတာက ကျွန်မ လုပ်မိခဲ့တဲ့ အကြီးဆုံးအမှားပဲ။ အခုမှတော့ ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးသွားပြီဆိုတော့ ပြန်တွေးနေရင်လည်း အကျိုးမရှိတော့ပါဘူး...”

“ရှင် အပြစ်သားကျွန်းကို ပြန်သွားသင့်တယ်။ အရှေ့ဘက် တော်ဝင်နယ်မြေမှာက ရှင့်အတွက် အန္တရာယ်များတယ်။ ရှင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ယူနိုင်ခဲ့ရင်တောင် တိုက်ပွဲဧကရာဇ်နဲ့ မြောက်ဘက်ဧကရာဇ်ရဲ့ သတ်တာကို ခံရဦးမှာပဲ။ ပြီးတော့ ရှင် အပြစ်သားကျွန်းကို ပြန်ပြီးသွားရင် ဒီကို ဘယ်တော့မှ ပြန်မလာပါနဲ့တော့”

ကျန်းရီ ရင်ထဲထိသွား၏။ ထိုစကားများမှနေ၍ ရီချန်၏ ရင်ထဲရှိ နက်ရှိုင်းသော ခံစားချက်များကို သူ မြင်နိုင်ပေသည်။

ရီချန်က အမှန်ပင် ကျန်းရီအပေါ်တွင် ခံစားချက်အနည်းငယ် ရှိနေသည်။ မဟုတ်လျှင် သူမသည် ကျန်းရီကို ရီမျိုးနွယ်သို့ ခေါ်မသွားခဲ့ခြင်းက သူမ၏ အကြီးဆုံးအမှားဟု ပြောမည်မဟုတ်ပေ။ သို့သော် သူမက အလွန်စည်းကမ်းကြီးသူတစ်ယောက်ဖြစ်သည်။ ကျန်းရီက အပြစ်သားကျွန်းသို့ သွားခဲ့ပြီး အောင်းလုနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိနေသည်။ ထိုအချက်များကို သူမ လက်မခံနိုင်ပေ။ သူမသည် ရင်ထဲတွင် အလွန်ဒွိဟဖြစ်နေသဖြင့် ကျန်းရီကို ထွက်သွားရန် ပြောနေခြင်းပင်။ သူထွက်သွားပြီး သူမ သူ့ကို ထပ်မတွေ့ရတော့မှသာ အချိန်ကြာလာသည်နှင့်အမျှ သူမ သူ့ကို မေ့သွားမည်ဖြစ်သည်။ ထိုမှ သူမ၏ ရင်ထဲမှ ဒွိဟများနှင့် နာကျင်မှုများက ပျောက်ကွယ်သွားမည်ဖြစ်သည်။

ကျန်းရီသည် ရီချန်၏ စိတ်ရင်းအမှန်ဖြင့် ပြောလိုက်သော စကားများကို နားထောင်ပြီးနောက် အလွန်ကျေနပ်သွားကာ ကျေးဇူးလည်းတင်မိသွား၏။ ထို့ကြောင့် သူ လက်ဆုပ်၍ အလေးအနက် ဦးညွှတ်ကာ ပြောလိုက်သည်။

“ကျန်းရီက ဘယ်ကပဲ လာလာ တစ်ခုကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျွန်တော် ဘယ်တော့မှ ရီမျိုးနွယ်နဲ့ ရန်သူဖြစ်မှာ မဟုတ်ပါဘူး။ ပြီးတော့ သခင်မလေးရီမှာ ကျွန်တော့်ကို ပေးစရာ တာဝန်ရှိရင် ကျွန်တော် မခိုမကပ် လုပ်ဆောင်ပေးမှာပါ...”

“ဒါပေမဲ့ ကျွန်တော် ထွက်မသွားနိုင်သေးဘူး။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲကို ဝင်ပြီး ရတနာတစ်ခုကို ယူရပါမယ်။ ကျွန်‌တော် အဲ့ရတနာကို ရတာနဲ့ အပြစ်သားကျွန်းကို ပြန်မှာပါ။ ပြီးရင်တော့... ကျွန်တော် ဒီတစ်သက် အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်လာဖြစ်လောက်တော့မှ မဟုတ်ပါဘူး။ အဲ... ကျွန်တော်က မြောက်ဘက်ဧကရာဇ်ရဲ့ ဝူမျိုးနွယ်နဲ့တော့ သွေးကြွေးရှိထားပါတယ်။ တကယ်လို့ ကျွန်တော်သာ ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရင် သေချာပေါက် လက်စားလာချေမှာပါ”

“အင်း... အဲ့လိုဆိုမှတော့ ရှင် ကံကောင်းပါစေလို့ ကျွန်မ ဆုတောင်းပါတယ်”

ရီချန် ဆက်မပြောလိုတော့ပေ။ သူမ ခပ်ဖြည်းဖြည်း ထရပ်လိုက်ပြီး လှေကားဆီသို့ လျှောက်သွားလိုက်သည်။ သူမက စိတ်ပျက်နေပုံ ပေါ်လေသည်။ လှေကားထိပ်သို့ ရောက်သောအခါ သူမ ရုတ်တရက် ရပ်တန့်လိုက်ပြီး အတော်ကြာ ငြိမ်နေပြီးမှ ကျန်းရီကို လှည့်ကြည့်ကာ အလေးအနက် မေးလိုက်သည်။

“ကျန်းရီ... ကျွန်မသာ ရှင့်ကို အပြစ်သားကျွန်းနဲ့ အဆက်အသွယ်ဖြတ်ခိုင်းရင်၊ အောင်းလုနဲ့ အဆက်အသွယ်ဖြတ်ခိုင်းရင်...၊ အတိတ်ကအကြောင်းတွေ အကုန်လုံးကို မေ့ပြီး အတိတ်ကို အတိတ်မှာပဲ ထားခဲ့ဖို့ ပြောရင်၊ ရီမျိုးနွယ်ထဲကို ဝင်ခိုင်းရင်..၊ အဲ့ဒါတွေကို ရှင်လုပ်နိုင်မလား”

“အဲ့ဒါတွေ အကုန်လုံးကိုလား....’

ကျန်းရီ နှုတ်ဆိတ်သွားသည်။ ရီချန် ဆိုလိုခြင်သည်ကို သူ ရှင်းရှင်းလင်းလင်းသိသည်။ သူမက သူ့ကို အတိတ်ကို စွန့်ပစ်၍ ရီမျိုးနွယ်တွင် ဘဝသစ်ပြန်စရန် ပြောနေခြင်းပင်။ ထို့နောက်တွင် သူမက ဗုဒ္ဓဧကရာဇ်ကို သူနှင့် မြောက်ဘက်ဧကရာဇ်ကြားတွင် ဖြန်ဖြေပေးရန် အကူအညီတောင်းမည်ဖြစ်သည်။ အရာအားလုံးကို ပြင်ဆင်ပြီးနောက်တွင်မူ သူက ရီမျိုးနွယ်ဝင်တစ်ယောက်ဖြစ်လာပြီး သူမ၏ ခင်ပွန်းလည်း ဖြစ်လာပေလိမ့်မည်။

ဤနေရာတွင် ကျန်းရီ မဟုတ်ဘဲ အခြားလူတစ်ယောက်ဆိုပါက ချက်ချင်း သဘောတူလိုက်မည်ဖြစ်သည်။ ရီချန်ကဲ့သို့သော ပါရမီရှင် အလှပဂေးလေးကို လက်ထပ်၍ ရီမျိုးနွယ်၏ သားမက်ဖြစ်လာရန်မှာ မရေမတွက်နိုင်သော ယောက်ျားများ၏ စိတ်ကူးယဉ်အိပ်မက် မဟုတ်ပါလား။

သို့သော် ကျန်းရီက သဘောတူပါမည်လော။ သူ ကျန်းရှောင်နူ၊ ချမ်ဝမ်ကွမ်း၊ ကျန့်ဝူရွှမ်း၊ စစ်ထူရီ‌ရှောင်၊ ဟွမ်ဖူထောင်ထျန်း၊ ဖုန်းလန်၊ ချင်းယွီနှင့် နန်ကုန်းချီလင်းတို့ကို စွန့်ပစ်နိုင်မည်လော။ သူ ထိုသို့လုပ်လိုက်လျှင် သူက ကျန်းရီ ဟုတ်ပါဦးမည်လော။

“ကျွန်မ နားလည်ပါတယ်”

ရီချန်သည် ကျန်းရီက နှုတ်ဆက်နေသည်ကို ကြည့်၍ အသာအယာ ခေါင်းခါလိုက်ပြီး လှေကားမှ ဆင်းသွားလေတော့သည်။ သူမ ချန်ခဲ့သည်မှာကား သက်ပြင်းသဲ့သဲ့တစ်ချက်သာ။

***

All Chapters