ဟာသတစ်ခု
Vol. 78 Ch. 1087
ရီချန်သည် ထွက်သွားပြီးနောက် ထပ်ပေါ်မလာတော့ပေ။ ယဉ်မျိုးနွယ် သခင်လေးနှစ်ယောက်မှာမူ တစ်ခေါက်မှ ရောက်မလာခဲ့ချေ။ ကျန့်ထျန်းလဲ့သာ နှစ်ကြိမ်လာ၍ လီထျန်းကို စားသောက်ပွဲတက်ရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော် ထိုနှစ်ကြိမ်စလုံး ယဉ်ရို့ပင်းက ကျန်းရီအစား ငြင်းပေးလိုက်လေသည်။
ကျန်းရီသည် ယဉ်ရို့ပင်း၏ ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲထဲတွင် အလွန်အေးချမ်းစွာ နေထိုင်နေခဲ့သည်။ အကယ်၍ သူသာ လဝက်လုံးလုံး အေးချမ်းစွာ နေနိုင်လျှင် ကောင်းပေလိမ့်မည်။ သို့သော် ရှစ်ရက်မြောက်နေ့တွင် သူ ရွေးချယ်စရာ မရှိတော့ဘဲ အပြင်သို့ ထွက်လိုက်ရသည်။
ယဉ်မျိုးနွယ်မှ သခင်လေးတစ်ယောက်က အသက်(၃၀)ပြည့် မွေးနေ့ပွဲ ကျင်းပမည်။ ထိုပွဲက ပွဲကြီးတစ်ခုဖြစ်သဖြင့် ယဉ်ရို့ပင်း တက်ရောက်ရမည်။ ကျန်းရီကလည်း လီထျန်းအဖြစ် ဟန်ဆောင်နေသည်ဖြစ်ရာ ပွဲတက်ရမည်ဖြစ်သည်။ ကျန်းရီသည် ထိုသတင်းကို ကြားသောအခါ အလွန်စိတ်ညစ်သွား၏။ မွေးနေ့ပွဲက အေးအေးချမ်းချမ်း ပြီးသွားပါစေဟုသာ သူ ဆုတောင်းရတော့မည်ဖြစ်သည်။
မွေးနေ့ပွဲနေ့တွင် ယဉ်ရို့ပင်းက အလွန်ကျော့ရှင်းလှပစွာ ဝတ်ဆင်ထားသည်။ သူမသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထုံးစံအတိုင်း ခြေဗလာနှင့်ဖြစ်သည်။ အနက်ရောင်ဝတ်စုံက သူမ၏ ဖြူဝင်းသော ခြေအစုံကို ပို၍ ပေါ်လွင်စေနေသည်။ အကယ်၍ ခြေထောက်များကို သဘောကျသော ယောက်ျားများဆိုလျှင် ထိုခြေအစုံ၏ပုံရိပ်ကို နှစ်အနည်းငယ်လောက်အထိ ခေါင်းထဲမှ ထုတ်နိုင်တော့မည် မဟုတ်ပေ။
“အဆင်ပြေမှာပါ။ ရှင်သာ မထင်မရှားနေရင် ဘာပြဿနာမှ ဖြစ်မှာမဟုတ်ပါဘူး”
ယဉ်ရို့ပင်းသည် ကျန်းရီက အတန်ငယ် စိုးရိမ်နေကြောင်း တွေ့လိုက်၍ ပြုံးကာ နှစ်သိမ့်လိုက်သည်။ ထို့နောက် သူမ ဆက်ပြောသည်။
“ဒီနေ့ မွေးနေ့ပွဲရှင်က ကျွန်မရဲ့ အစ်ကို(၂) ယဉ်ဖေးဟွမ်ပါ။ ရှင်လည်း သူ့ကို အစ်ကို(၂)လို့ ခေါ်လို့ရပါတယ်။ သူက အစ်ကိုလီထျန်းနဲ့ သိပ်မရင်းနှီးဘူး။ အဲ့တော့ ရှင် သူ့ကို မွေးနေ့ဂုဏ်ပြုစကားလောက် သွားပြောလိုက်ရင်ကို လုံလောက်ပါပြီ။ သွားကြစို့... အကုန် ကျွန်မ တာဝန်ယူပါတယ်”
“အင်းလေ သွားကြတာပေါ့”
ကျန်းရီသည် ယဉ်ရို့ပင်၏ နောက်ဆုံးစကားနှစ်ခွန်းကို ကြားပြီးနောက် အတန်ငယ် စိတ်ပေါ့သွားသည်။ ထို့နောက် သူ နှာခေါင်းကုတ်ကာ ယဉ်ရို့ပင်းနောက်မှ လိုက်သွားလိုက်သည်။
တည်နေရာပြောင်းရွှေ့အစီအရင်ကို ဖြတ်လျှောက်ပြီးနောက် ကျန်းရီတို့ ရွက်ဖျင်တဲအပြင်ဘက်သို့ ရောက်သွားသည်။ ကျန့်ထျန်းလဲ့က သူတို့ကို စောင့်နေပြီဖြစ်သည်။ သူသည် အနက်ရောင်ဝတ်စုံနှင့် နတ်မိမယ်တစ်ပါးကဲ့သို့ လှပနေသော ယဉ်ရို့ပင်းကို မြင်လိုက်သောအခါ မျက်လုံးများ အရောင်တောက်သွားပြီး ချီးကျူးလိုက်သည်။
“ရို့ပင်း... ရို့ပင်းက ဘာဝတ်ဝတ် ကြည့်ကောင်းတာပဲ။ ဒီဝတ်စုံက ရို့ပင်းရဲ့ အလှကို ပိုပေါ်လွင်စေတယ်။ အရမ်းလှတယ်”
ကျန်းရီတစ်ယောက် ကျန့်ထျန်းလဲ့၏ စကားကို နားထောင်းရင်း ကြက်သီးထသွားသည်။ ယဉ်ရို့ပင်းကလည်း ရှက်ရွံ့သွားပြီး သိမ်မွေ့စွာပြုံး၍ ပြောလိုက်သည်။
“သွားကြစို့”
ကျန်းရီတို့သုံးယောက်သည် မည်သည့် ကိုယ်ရံတော်ကိုမှ မခေါ်ဘဲ ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲတစ်တဲဆီသို့ လျှောက်သွားလိုက်သည်။ သူတို့ လျှောက်နေစဉ်တွင် ရီချန်၏ ရွက်ဖျင်တဲက လင်းလက်လာ၏။ ထို့နောက် ရီချန် အပြင်သို့ ထွက်လာသည်။ ယဉ်ရို့ပင်းက သူမကို ချက်ချင်းသွားရောက် ကြိုဆိုလိုက်၏။ ကျန်းရီလည် တစ်ချက်လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ ချီးကျူးလိုက်သည်။ အလှပဂေးတစ်ယောက်က အမှန်ပင် အလှပဂေးတစ်ယောက်ပင်။ လှပသော မိန်းကလေးများက မည်သည့်ဝတ်စုံနှင့်မဆို လှသည်သာ။
ယနေ့တွင် ရီချန်ကလည်း အနက်ရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသည်။ ထုံးစံအတိုင်းတော့ မျက်နှာဖုံး ပါပေသည်။ သူမ၏ ခရမ်းရောင်ဆံနွယ်များက သူမကို ညအချိန်တွင် ထင်ရှားနေစေသည်။ သူမနှင့် ယဉ်ရို့ပင်းတို့သည် ပန်းလေးနှစ်ပွင့်အလား အစွမ်းကုန် ဖူးပွင့်နေပေရာ ထိုနေရာရှိ အစောင့်များအားလုံးက သူမတို့၏အလှတွင် ယစ်မူးနေကြပေသည်။
ရီချန်က ကျန်းရီနှင့် ကျန့်ထျန်းလဲတို့ကို တစ်ချက်ကြည့်လိုက်ပြီး မွေးနေ့ပွဲ ကျင်းပမည့် ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲဆီသို့သာ လျှောက်သွားလိုက်လေသည်။ သူမက စိတ်မကြည်သည့်ပုံပင်။ သူမတို့အုပ်စု ရွက်ဖျင်တဲထဲသို့ ဝင်လိုက်သောအခါ အဖြူရောင်အလင်းလက်သွားပြီး ကြီးကျယ်ခမ်းနားသော ခန်းမကြီးတစ်ခုအရှေ့သို့ ရောက်သွားကြသည်။
ယဉ်ဖေးဟွမ်၏ ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲက အလွန်ကြီးကျယ်ခမ်းနားပေသည်။ ခန်းမအပြင်ဘက်တွင် ကောဇောနီတစ်ချပ်ကို ခင်းထားပြီး အစေခံမလေးတစ်ဒါဇင်ကျော်က ဒူးထောက်ကာ ဧည့်သည်များကို ကြိုဆိုနေကြသည်။ ဧည်သည့်များကို ပြုံး၍ နှုတ်ဆက်နေသော အိမ်တော်ထိန်းအိုကြီးတစ်ယောက်လည်း ရှိသည်။
ယဉ်ဖေးဟွမ်က ယဉ်ရို့ပင်း၏ ဝမ်းကွဲအစ်ကိုတစ်ယောက်ဖြစ်ပြီး ယဉ်မျိုးနွယ်၏ လူငယ်မျိုးထက်ထဲတွင် အထူးချွန်ဆုံးသခင်လေးတစ်ယောက်ဖြစ်သည်။ ယခုနှစ်တွင် သူက အသက်(၃၀)ပြည့်မည်ဖြစ်သည်။ ထို့ပြင် သူသည် ကြယ်ငါးပွင့်အဆင့်သို့ပင် ရောက်နေပြီဖြစ်သည်။ သူက ယဉ်ရို့ပင်း၏ မောင်လေးနှစ်ယောက်ထက် များစွာပို၍ အင်အားကြီးပေသည်။ အကယ်၍ သူသာ နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်လိုက်လျှင် မျိုးနွယ်ခေါင်းဆောင်ငယ် ဖြစ်လာနိုင်လေသည်။
“ဟားဟားဟား...”
ရီချန်တို့အုပ်စု ရောက်ရှိလာသောအခါ ခန်းမထဲမှနေ၍ ဝမ်းမြောက်စွာ ရယ်လိုက်သောအသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အရပ်မြင့်၍ ခန္ဓာကိုယ်တောင့်တင်းသော လူငယ်တစ်ယောက် ထွက်လာသည်။ သူက ခံ့ညားပြီး အများထက်ထူးခြားသော အငွေ့အသက်တစ်ခုကို ပေးနေသည်။ သူက ရီချန်တို့ကို ဝေ့ဝဲကြည့်လိုက်ပြီး ကျန့်ထျန်းလဲ့ကို အရင်ဆုံး နှုတ်ဆက်လိုက်သည်။
“သခင်လေးထျန်းလဲ့... ဒီညတော့ ကျွန်တော်နဲ့အတူ တစ်ညလုံး သောက်ရမယ်နော်”
“ဒါပေါ့...ဒါပေါ့”
ကျန့်ထျန်းလဲ့သည် အနားတွင် ယဉ်ရို့ပင်းရှိနေလျှင် ထိန်းထိန်းသိမ်းသိမ်းသာ နေပေသည်။ သူသည် လက်ဆုပ်၍ ပြန်နှုတ်ဆက်လိုက်ပြီးနောက် မည်သို့မှ ဆက်မပြောတော့ပေ။
ယဉ်ဖေးဟွမ်သည် ရီချန်နှင့် ယဉ်ရို့ပင်းတို့ကို နှုတ်ဆက်ပြီးနောက် နောက်ဆုံးတွင် ကျန်းရီကို ကြည့်၍ ပြောလိုက်သည်။
“လီထျန်း... မင်းလည်း ရောက်နေတယ်ဆိုတာကို ငါကြားတယ်။ ငါလည်း ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ မင်းကိုတောင် ကောင်းကောင်းလာမနှုတ်ဆက်ဖြစ်ဘူး။ ဒီည ပိုသောက်သွားပေါ့ကွာ”
ကျန်းရီက လက်ထဲမှ ယပ်တောင်ကိုခတ်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အစ်ကို(၂)က အားနာလွန်းနေပါပြီ”
ယဉ်ဖေးဟွမ်ကိုယ်တိုင် ကျန်းရီတို့ကို ခန်းမထဲသို့ ခေါ်သွားသည်။ ထိုခန်းမက ယဉ်ရို့ပင်း၏ အဆောက်အုံထက်ပင် ပိုကြီးသည်။ သို့သော် ယဉ်ရို့ပင်းက လူရှုပ်ရှုပ်နှင့် နေရသည်ကို မကြိုက်ဘဲ အေးအေးလူလူသာ နေတတ်သူတစ်ယောက် မဟုတ်ပါလား။ လူမရှိဘဲနှင့် နေရာက ကြီးနေလျှင် ဗလာဖြစ်နေသကဲ့သို့ ခံစားရပေလိမ့်မည်။
ခန်းမထဲတွင် ရွှေရောင်စားပွဲများ အပြည့်ခင်းကျင်းထားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အနည်းဆုံး စားပွဲတစ်ရာလောက်ရှိကြောင်း သိနိုင်သည်။ ထို့ပြင် ခန်းမထဲ၌ လူများလည်း ပြည့်နှက်နေသည်။ လင်းချီကျန့်၊ ထူလုံ၊ ကျန့်ဝူယင်းနှင့် အခြားသူများလည်း ရောက်နေပြီဖြစ်သည်။ အခြားမျိုးနွယ်များမှ သခင်လေးများ၊ သခင်မလေးများလည်း ရှိနေသည်။ ကျန်းရီသည် ထိုလူများကို ကြည့်ရင်းဖြင့်ပင် ခေါင်းကိုက်လာလေသည်။
ရီချန်၊ ယဉ်ရို့ပင်းနှင့် ကျန့်ထျန်းလဲ့တို့ ရောက်လာမှုက လူအုပ်ကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ သို့သော် လီထျန်းကိုသိသူ သိပ်မရှိသဖြင့် လူအများစုက သူ့ကို အရေးမစိုက်ကြပေ။ မျိုးနွယ်အသီးသီးမှ သခင်လေးများနှင့် သခင်မလေးများက ရီချန်တို့ကို လာနှုတ်ဆက်ကြရာ ကျန်းရီ ဘေးသို့ ရောက်သွားလေသည်။
ကျန်းရီ ခါးသက်သက်ပြုံးလိုက်ပြီး အိမ်တော်ထိန်းအိုကြီး၏ ညွှန်ပြမှုဖြင့် ရွှေရောင်စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ သူသည် ဤကဲ့သို့သော ပွဲမျိုးကို ယခင်ကလည်း မကြိုက်ခဲ့သလို ယခုလည်း မကြိုက်သေးပေ။ သူသည် ဆူးပုံပေါ်တွင် ထိုင်နေရသည့်အလား ဖင်တကြွကြွ ဖြစ်နေပြီး ပြန်ရန် မစောင့်နိုင် ဖြစ်နေလေသည်။
ယဉ်ရို့ပင်း၊ ရီချန်နှင့် ကျန့်ထျန်းလဲ့တို့က အထူးဧည်သည့်တော် ထိုင်ခုံများတွင် ထိုင်ရသည်။ ယဉ်ရို့ပင်းသည် ကျန်းရီကို လှမ်းကြည့်လိုက်ပြီး ကျန်းရီက ခေါင်းဆတ်ပြလိုက်မှ သူမ၏စားပွဲဆီသို့ လျှောက်သွားကာ မွေးနေ့ပွဲစမည်ကို စောင့်ရင်း တိတ်တဆိတ် ထိုင်နေလိုက်လေသည်။
ရှီးဖေး၊ ယဲ့ရင်နှင့် အခြားသူများလည်း မကြာခင်မှာပင် ရောက်လာကြသည်။ ယဲ့ရင်က အမှန်ပင် လင်းရှီယာ့ကို ပိုးပန်းနေခြင်းပင်။ သူသည် ရောက်လာသည်နှင့် လင်းရှီယာ့ကိုသာ ကြည့်နေပြီး သူမထံသို့ ပြေးသွားတော့မလိုပင် ဖြစ်နေလေသည်။ ရှီးဖေးကလည်း ရီချန်ကို အကြည့်ရဲရဲများဖြင့် ကြည့်လိုက်သည်။
ကျန်းရီသည် ရှီးဖေးကို ကြည့်၍ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ ရှီးမျိုးနွယ်၏ ပထမသခင်လေးက အမှန်ပင် ထူးကဲပေသည်။ သူက ယခင်ကထက်ပင် ပိုသန်မာလာပုံပေါ်ပြီး အလွန်ထူးခြားသော အငွေ့အသက်တစ်ခုကို ပေးနေလေသည်။
ဖိတ်ကြားထားသူအားလုံးနီးပါး ရောက်လာပြီဖြစ်၍ မွေးနေ့ပွဲကို စသည်။ အစေခံမလေးများစွာက စားကောင်းသောက်ဖွယ်မျိုးစုံကို သယ်ဆောင်၍ မြစ်ရေစီးသကဲ့သို့ အလျင်မပြတ် ထွက်လာလေသည်။ ကျန်းရီ၏ စားပွဲနေရာက အတော်လေး အဆင့်နိမ့်သည်။ သူကလည်း ဝံ့ဝံ့ကြွားကြွားနေတတ်သူတစ်ယောက် မဟုတ်သဖြင့် ပြဿနာတော့မရှိပေ။ သူသည် သူ့အနီးမှ သခင်လေးတစ်ယောက်နှင့် သခင်မလေးတစ်ယောက်ကို ခေါင်းဆတ်၍ နှုတ်ဆက်လိုက်ပြီး တိတ်တဆိတ်သာ စားသောက်နေလိုက်သည်။
ခန်းမအလယ်တွင် ကချေသည်များက ကပြဖျော်ဖြေနေပြီး အခန်းထောင့်တွင် ဂီတပညာရှင်များက တီးမှုတ်နေသည်။ ထို့ပြင် ခွက်မြှောက်သံများ၊ ခွက်တိုက်သံများနှင့် စကားပြောသံများကလည်း ခန်းမထဲတွင် ညံနေသည်။ ကျန်းရီတစ်ယောက်တည်းသာ ငေါင်စင်းစင်းဖြစ်နေလေသည်။
သေရည် သုံးချီသောက်ပြီးနောက် ပွဲက ပို၍ ဆူလာသည်။ ကျန့်ထျန်းလဲ့၊ ယဲ့ရင်း၊ ရှီးဖေးနှင့် အခြားသူများက တာအိုပုံသဏ္ဌာန်များအကြောင်း၊ ဆန်းကြယ်သောစွမ်းရည်အမျိုးအစားများအကြောင်း၊ ဆန်းကြယ်နတ်ဘုရားတောင်နှင့် ဆန်းကြယ်နတ်ဘုရားနန်းတော်အကြောင်းနှင့် အရှေ့ဘက် တော်ဝင်နယ်မြေအစ အပြစ်သားကျွန်းအဆုံး တစ်လောကအတွင်းရှိ ပဋိပက္ခများအကြောင်းတို့ကို အာပေါင်အာရင်းသန်သန် ပြောဆိုနေကြလေသည်။ သူတို့အားလုံးသည် အပြစ်သားကျွန်းမှ မျိုးနွယ်(၁၃)ခုကို တစ်ကိုယ်တော် ရှင်းပစ်နိုင်စွမ်းရှိသည့်အလား လက်သီးလက်မောင်းတန်းကာ ပြောနေကြသည်။
ကျန်းရီသည် ထိုစကားများကို နားထောင်ရင်း ပျင်းလာသည့်အပြင် အတန်ငယ်လည်း နားကြားပြင်းကတ်လာသည်။ သို့သော် မွေးနေ့ပွဲက ယခုမှ စရုံ ရှိသေးသည်။ သူသာ ဤအတိုင်း ထွက်သွားပါက လူများစွာ၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။ ထို့ပြင် ယဉ်ရို့ပင်းက မပြန်သေးသည်ကို သူတစ်ယောက်တည်း ပြန်သွားလျှင် မသင့်တော်ပေ။ ထို့ကြောင့် ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ တိတ်တဆိတ် ဆက်ထိုင်၍ သခင်လေးများပြောနေသည့် ပေါက်ကရစကားများကို ဆက်နားထောင်နေရလေသည်။
စကားပြောကြဆိုကြရင်းဖြင့် ရုတ်တရက် တစ်စုံတစ်ယောက်က ဇင်အကြောင်းကို စပြောလိုက်သည်။ ထိုအခါ ရှီးဖေး၏ မျက်လုံးများ အရောင်လက်သွား၏။ သူက ရီချန် အထင်ကြီးသွားအောင် လုပ်လိုနေခြင်းပင်။ ထို့ကြောင့် သူ ထရပ်ကာ ပြောလိုက်သည်။
“ကျွန်တော်လည်း ဇင်ကို ကြိုးကြိုးစားစား လေ့လာနေခဲ့တာ။ အခု နည်းနည်းလောက်တော့ နားလည်လာပြီ။ အဲ့အတွေးအမြင်တွေကို ကျွန်တော် အားလုံးနဲ့ မျှဝေချင်ပါတယ်။ အားလုံးပဲ ကျွန်တော့်ရဲ့ လိုအပ်ချက်တွေကို ထောက်ပြကြဖို့ မျှော်လင့်ပါတယ်”
တစ်ချိန်လုံး စကားမပြောဘဲ ခေါင်းငုံ့နေခဲ့သော ရီချန်က အတန်ငယ် ခေါင်းမော့လိုက်သည်။ သူမ အတန်ငယ် စိတ်ဝင်စားသွားကြောင်း သိသာပေသည်။
ထို့ကြောင့် ရှီးဖေး ပို၍တက်ကြွလာသည်။ သူသည် လက်ဝှေ့ယမ်းလိုက်ပြီး ခန်းမအလယ်တွင် ကပြဖျော်ဖြေနေသော ကချေသည်များကို ဖယ်ခိုင်းလိုက်၏။ ထို့နောက် သူ ခန်းမအလယ်သို့ လျှောက်သွားကာ ပြောလိုက်သည်။
“ဒီလောကရဲ့ ဇင်တာအိုက နှလုံးသားမှာတည်တယ်လို့ ကျွန်တော်ထင်တယ်။ အရာအားလုံးက သဘာဝအတိုင်းပဲ ရှိသင့်တယ်၊ သဘာဝနောက်ကိုပဲ လိုက်သင့်တယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ နှလုံးသားအနောက်ကိုပဲ လိုက်ရမယ်။ အဲ့ဒါက ဇင်ရဲ့ အမြင့်ဆုံးအဆင့်ပဲ...”
“ဥပမာအနေနဲ့ ဗုဒ္ဓဧကရာဇ်ကို ကြည့်ပါ... သူက ဘယ်အရာကိုမှ၊ ဘယ်သူ့ကိုမှ သူ့ကို နှောင်ဖွဲ့ခွင့် မပေးဘူး... သူ့အကျင့်စရိုက်အတိုင်းပဲ လုပ်ဆောင်တယ်။ အဲ့ဒါက အဆင့်အမြင့်ဆုံး ဉာဏ်အလင်းပွင့်မှုပဲ။ လွတ်လပ်မှုက ကျန်တဲ့အရာအားလုံးထက် သာတယ်။ ကျွန်တော်တို့ မျိုးဆက်တွေကတော့ ဒီလောကရဲ့ အရေးအရာတွေထဲမှာ ပိတ်မိနေကြတယ်... ကျော်ကြားမှုအတွက် တိုက်ခိုက်ကြတယ်၊ အရက်သေစာနဲ့ မိန်းမတွေကို တောင့်တကြတယ်... ကျွန်တော်တို့က ဗုဒ္ဓဧကရာဇ်ရဲ့ လက်ရှိအဆင့်ကို မီဖို့ အများကြီးလိုသေးတယ်။ ကျွန်တော်တို့မျိုးဆက်က ရုပ်ဝတ္ထုတွေနောက်ကို ဆက်မလိုက်တော့ဘဲ ဘာကိုမှ လိုချင်တောင့်တစိတ်တွေမရှိတော့တဲ့ အဆင့်ကို ဘယ်တော့မှများ ရောက်နိုင်မှာလဲ...”
“သခင်လေးရှီးပြောတာ မှန်တယ်...”
“သခင်လေးဖေးက တကယ် ဇင်တာအိုကို နားလည်တာပဲ။ ကျွန်တော်လည်း သခင်လေးပြောတာကို လက်ခံတယ်”
“...”
ရှီးဖေး၏စကား ဆုံးသွားသောအခါ ခန်းမထဲရှိ သခင်လေးများ၊ သခင်မလေးများက အော်ဟစ် ချီးကျူးလိုက်ကြပြီး ရှီးဖေးပြောသည်ကို လက်ခံလိုက်ကြသည်။ ရှီးဖေးက လက်ဆုပ်၍ ပြန်ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူ ရီချန်ကို မသိမသာ ခိုးကြည့်လိုက်သည်။ သူမက သူ၏ ဇင်အတွေးအမြင်များကို အထင်ကြီးသွားသလောဟု သူ သိချင်ပုံရသည်။
“ဖူး...”
ထိုအခိုက်တွင် ကျန်းရီက လက်ဖက်ရည်သောက်နေပေရာ ရှီးဖေး၏ ပေါက်ကရစကားများကို ကြားလိုက်ပြီးနောက် သူ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ လက်ဖက်ရည်သီးသွားလေသည်။
ရှီးဖေးက ဟာသလုပ်နေခြင်းလော။ သူသည် ရီချန်၏ အထင်ကြီးမှုကို ခံလိုဇောဖြင့် တစ်ဘဝလုံး ဇင်အကြောင်းကို လေ့လာသင်ယူခဲ့သည့် ရီချန်၏အရှေ့တွင် သူ့ကိုယ်သူ အရှက်ရစေလိုက်ပေပြီ။ ယခုဆိုလျှင် ရီချန်က သူ့ကို ပိုမုန်းတော့မည် မဟုတ်လော။ အချစ်က အမှန်ပင် လူတစ်ယောက်ကို စဉ်းစားဆင်ခြင်ဉာဏ် ကင်းမဲ့သွားစေပေသည်။
သို့သော် ကျန်းရီ၏ လက်ဖက်ရည်သီးသွားမှုက ပြဿနာဖြစ်စေလာသည်။ မျက်လုံးများစွာက ရုတ်ခြည်း သူ့ကို ကြည့်လိုက်ကြသည်။ ရီချန်၊ ယဉ်ရို့ပင်း၊ လင်းရှီယာ့၊ ကျန့်ထျန်းလဲ့နှင့် အခြားသူများအားလုံးက သူ့ကို ကြည့်နေကြကြောင်း ကျန်းရီ သတိပြုမိလိုက်သည်။ ရှီးဖေးကလည်း သတ်ဖြတ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ အခြေအနေဆိုးပြီဟု ကျန်းရီ တွေးလိုက်မိလေတော့သည်။
***