← Chapters

ဇင်အကြောင်း ပြောဆိုခြင်း

Vol. 78 Ch. 1088

ဇင်အကြောင်း ပြောဆိုခြင်း

Vol. 78 Ch. 1088

ကျန်းရီသည် ယနေ့တွင် စကားတစ်ခွန်းမှ မပြောရန် ရည်ရွယ်ထားခဲ့ပြီး လုပ်စရာရှိသည်များကို လုပ်၍ ထွက်သွားရန်သာ တွေးထားခဲ့သည်။ သို့သော် သူ ရှီးဖေး၏ ဟာသကြောင့် စိတ်မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။ ယခုတွင် သူက လူအားလုံး၏ အာရုံစိုက်မှုကို ခံနေရပေပြီ။

ကျန်းရီသည် ခပ်မြန်မြန် ခေါင်းငုံ့လိုက်ပြီး လက်ကိုင်ပဝါတစ်ထည်ကို ထုတ်၍ သူ့မျက်နှာကို ကာထားလိုက်သည်။ သူက အာရုံစိုက်မခံချင်သော်လည်း ရှီးဖေးက သူ့ကို အလွတ်မပေးပေ။ ရှီးဖေး၏ အေးစက်တင်းမာသောအကြည့်က သူ့အပေါ် ကျရောက်လာသည်။ ထို့နောက် ရှီးဖေးက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

“ဘာလဲ... ညီလေးလီက အစ်ကိုပြောတာတွေကို လက်မခံဘူးလား။ အဲ့ဒါဆိုလည်း ညီလေးလီရဲ့ မြင့်မားတဲ့အတွေးအခေါ်တွေကို နားထောင်ကြည့်ရတာပေါ့”

ဝှစ်...ဝှစ်...ဝှစ်....

မရေမတွက်နိုင်သော မျက်ဝန်းများက ကျန်းရီကို ကြည့်လိုက်ကြသည်။ လူကြီးလူကောင်းများသည် အာရုံစိုက်ခံရရန် အငြင်းအခုန် ပြုတတ်ကြသည်။ ယင်းမှာ သာမန်ပင်။ မိန်းမပျိုများကလည်း ထိုကဲ့သို့သော အငြင်းအခုန်များကို သဘောကျကြသည်။ ဆွေးနွေးငြင်းခုန်မှုများက စိတ်လှုပ်ရှားစရာကောင်းသည် မဟုတ်ပါလား။ ယဉ်ရို့ပင်းနှင့် ရီချန်ပင် ကျန်းရီကို လှမ်းကြည့်လိုက်ကြသည်။ အခြားမိန်းမလှလေးများကလည်း သူ့ကို အာရုံစိုက်နေကြသည်။ သူမတို့အားလုံးက သူပြောမည့်စကားများကို စိတ်ဝင်စားနေကြလေသည်။

သို့သော် ကျန်းရီက မည်သည့် ဇင်တာအိုကို သိပါသနည်း။ သူသည် ရှီးဖေးနှင့် မငြင်းခုန်လိုပေ။ ထို့ကြောင့် သူ ထရပ်ကာ လက်ဆုပ်၍ ပြောလိုက်သည်။

“သခင်လေးရှီး... သခင်လေး အထင်မှားနေပါပြီ။ ကျွန်တော်က သီးသွားရုံပါ။ မလေးမစား ဖြစ်သွားရင် ကျွန်တော် တောင်းပန်ပါတယ်။ ပြီးတော့ ကျွန်တော့်မှာ မျှဝေစရာ အတွေးအခေါ်တွေ မရှိပါဘူး။ သခင်လေးရှီးပဲ ဆက်ပြောပါ”

ဟွန်း...

ကျန်းရီက ဆွေးနွေးငြင်းခုန်ရန် ငြင်းဆန်လိုက်သဖြင့် များစွာသော သခင်လေးများနှင့် သခင်မလေးများက နှာခေါင်းရှုံ့လိုက်ကြသည်။ မိမိက အရည်အချင်းမရှိလျှင် ပညာရှင်တစ်ယောက်ကဲ့သို့ ဟန်မဆောင်ခဲ့သင့်ပေ။ သူတို့၏အမြင်တွင် ရှီးဖေး၏ စိန်ခေါ်မှုက အလွန်သဘာဝကျပေသည်။ ကျန်းရီက ပြဿနာရှာရန် ကြိုးစားနေခြင်းဖြစ်ကြောင်းလည်း ထင်ရှားသည်။

ရီချန်နှင့် ယဉ်ရို့ပင်းတို့လည်း မျက်နှာမည်းမှောင်သွားသည်။ သူမတို့နှစ်ယောက်က ကျန်းရီကို သဘောကျသည်။ ထို့ကြောင့် သူမတို့သည် ကျန်းရီက ရှီးဖေး မည်သို့မှ ပြန်မပြောနိုင်တော့သည်အထိ ငြင်းခုန်ရန် မျှော်လင့်ကြသည်။ ရှီးဖေးတစ်ယောက် ခေါင်းငိုက်စိုက်ကျသွားမည်ကို သူမတို့ မြင်လိုကြသည်။ ထို့ကြောင့် ကျန်းရီက ငြင်းခုန်ရန် ငြင်းလိုက်သောအခါ သူမတို့ စိတ်ပျက်သွားခြင်းဖြစ်သည်။

ကျန်းရီသည် သူ့ကို မျက်လုံးပေါင်းများစွာက ကြည့်နေကြောင်းသိသော်လည်း နှိမ့်ချလိုက်ရန် မတွန့်ဆုတ်ပေ။ ရီချန်နှင့် ယဉ်ရို့ပင်းတို့သည် ကျန်းရီက သူမည်သူဖြစ်ကြောင်း မပေါ်သွားစေရန် ကာကွယ်လိုခြင်းဖြစ်ကြောင်း သိသော်လည်း အတန်ငယ်တော့ စိတ်ပျက်နေကြသေးသည်။

ရှီးဖေးသည် စစ်ပွဲတစ်ပွဲကို အောင်နိုင်ခဲ့သော စစ်သူကြီးတစ်ယောက်အလား ရုတ်ခြည်း မျက်နှာဝင်းပသွားသည်။ သူ ထပ်ပြုံးလိုက်သည်။

“တကယ်တော့ ကျွန်တော်တို့အားလုံးရဲ့ ဘဝတွေမှာ ဇင်တစ်မျိုးမျိုးတော့ ရှိကြတာပါပဲ။ ဇင်က ကောင်းကင်တာအိုအမျိုးအစားတစ်မျိုးလို့ ကျွန်တော်ထင်တယ်။ ဇင်တာအိုအကြောင်းကိုသာ အလုံးစုံ နားလည်သွားမယ်ဆိုရင် နတ်ဘုရားအဆင့် တက်လှမ်းဖို့ဆိုတာ အိပ်မက်သာသာပဲ ဟုတ်တော့မှာ မဟုတ်ပါဘူး။ ဗုဒ္ဓဧကရာဇ်ရဲ့ ဇင်တာအိုက အထွတ်အထိပ်ကို ရောက်နေပြီလို့ ကျွန်တော်ထင်တယ်။ ဒီရာစုနှစ်မှာ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မယ့်သူရှိရင် သေချာပေါက် အဲဒီလူက ဗုဒ္ဓဧကရာဇ်ပဲ ဖြစ်ရမယ်”

ကျန်းရီ လက်ဖက်ရည် ထပ်သီးမလို ဖြစ်သွား၏။ ရှီးဖေးသည် ဗုဒ္ဓဧကရာဇ်ကို ဖားရန်နှင့် ရီချန်ကို မျက်နှာလိုမျက်နှာရ လုပ်ရ ပေါက်ကရစကားများကို ပြောနေခြင်းပင်။ သူက အတော်လေးတော့ ဉာဏ်ကောင်းသည်။ ရီချန်က ဗုဒ္ဓဧကရာဇ်ကို လေးစားကြောင်း သူ သိထားသည်။ သူသာ ဗုဒ္ဓဧကရာဇ်ကို ချီးကျုးလျှင် ရီချန်က ကျေနပ်ပေလိမ့်မည်။

သို့သော် ရှီးဖေး၏ ပေါ်ပေါ်ထင်ထင် မျက်နှာလိုမျက်နှာရလုပ်မှုက ကျန့်ထျန်းလဲ့နှင့် အခြားသူများကိုပါ စိတ်ပျက်သွားစေသည်။ ဝူမျိုးနွယ်မှ သခင်လေးပင် မျက်ခုံးတစ်ဘက်မြှင့်လိုက်သည်။

‘မင်း သူများကို ဖားချင်ယားချင်လည်း ကိုယ့်ဘာသာ ဖားယားပါလား။ ဗုဒ္ဓဧကရာဇ်ကို ဂုဏ်တင်ချင်တာနဲ့ပဲ ဘာလို့ တခြားသူတွေကို နှိမ့်ချနေတာလဲ’

သို့သော် လူအများစုက ဇင်တာအိုကို နားမလည်ပေ။ ထို့ပြင် ယ‌နေ့က မွေးနေ့ပွဲနေ့ဖြစ်သည်။ ထို့ကြောင့် ရှီးဖေးကို ဆန့်ကျင်လျှင် မကောင်းလောက်ပေ။

ကျန့်ထျန်းလဲ့က ကျန်းရီကို ကြည့်လိုက်၏။ ကျန်းရီက ရှီးဖေးကို အထင်သေးစွာဖြင့် ကြည့်နေကြောင်းကို သူ တွေ့လိုက်ရသည်။ ထို့ကြောင့် ကျန့်ထျန်းလဲ့သည် ကျန်းရီဘက်လှည့်၍ လက်ဆုပ်ကာ ပြောလိုက်သည်။

“ညီလေးလီ... ညီလေးက သခင်လေးရှီးဖေးရဲ့ စကားတွေကို သိပ်သဘောကျပုံ မပေါ်ဘူး။ အစ်ကို ရို့ပင်းဆီက ကြားတာကတော့ ညီလေးက ငယ်ငယ်ကတည်းက စာဖတ်ရတာကို ကြိုက်တယ်တဲ့... ပြီးတော့ ဇင်အကြောင်းတွေကိုလည်း ဖတ်ရှုလေ့လာတယ်တဲ့။ ဒီနေ့ အစ်ကိုတို့အတွက် ဇင်အကြောင်းတွေကို ရှင်းပြပါလား။ ညီလေးလီ ကြိုက်တာကို ပြောနိုင်ပါတယ်။ ဒီက လူတွေအကုန်လုံးကလည်း ဆွေးနွေးချင်ကြတာပါ။ သခင်လေးရှီးကလည်း ဗွေယူမှာ မဟုတ်ပါဘူး”

ကျန့်ထျန်းလဲ့၏စကားက ကျန်းရီကို ထပ်မံ အာရုံစိုက်ခံလိုက်ရစေသည်။ အကြည့်ပေါင်းများစွာက သူ့အပေါ် ထပ်ရောက်လာကြောင်း ကျန်းရီ ခံစားလိုက်ရသည်။ ရှီးဖေး၏ မျက်နှာထားကလည်း ထပ်မံ တင်းမာသွားသည်။ ထို့နောက် ရှီးဖေး လက်ဆုပ်ကာ ပြောလိုက်သည်။

“ရှီးဖေး ညီလေးလီရဲ့ အတွေးအမြင်ကို ကြားချင်ပါတယ်”

ကျန်းရီ ချောင်ပိတ်ခံနေရပေပြီ။ အကယ်၍ သူသာ ထပ်မံ ရှောင်ထွက်လိုက်လျှင် ရီချန်နှင့် ယဉ်ရို့ပင်းတို့၏ အထင်သေးမှုကို ခံရပေလိမ့်မည်။ ထို့ကြောင့် သူ ခေတ္တမျှ တွေးတောက ထရပ်လိုက်ပြီး ခန်းမအလယ်သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ သူ၏ခြေလှမ်းများက နှေးပြီး သူ၏ မျက်နှာထားက အလွန်တည်ငြိမ်နေသည်။ သူသည် ပင်လယ်ထဲတွင် သိမ်မွေ့စွာ ရွက်လွှင့်နေသော လှေတစ်စီးနှင့်ပင် တူနေသည်။

“သခင်လေးရှီး... သခင်လေးရှီးရဲ့ စကားတွေက မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမဲ့ သခင်လေးရဲ့ စိတ်ထားက မှားနေတယ်”

ကျန်းရီသည် ရှီးဖေး၏ ရှေ့တွင်ရပ်ကာ ပြုံး၍ ပြောလိုက်သည်။

“သခင်လေးက ဇင်အကြောင်းကို တကယ်ယုံကြည်လို့ ပြောနေတာ မဟုတ်ဘူး။ သခင်လေးက သခင်မလေးရီချန်ကြောင့် ပြောနေတာပဲ။ ကျွန်တော်တို့က လောကရေးရာတွေထဲမှာ ပိတ်မိနေတယ်၊ ကျော်ကြားမှုအတွက် တိုက်ခိုက်နေကြတယ်၊ လိုအင်ဆန္ဒတွေ မကုန်နိုင်ဘူးလို့ အစောက သခင်လေး ပြောခဲ့တယ်။ အဲ့ဒါက အမှန်ပါပဲ။ ဒါပေမဲ့... အဲ့အရာတွေထဲမှာ ပိတ်မိနေတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် ဇင်ကို နားလည်နိုင်မှာလဲ။ ရေတွင်းထဲမှာ ပိတ်မိနေတဲ့ ဖားတစ်ကောင်က ဘယ်လိုလုပ် ပြင်ပလောကကြီးရဲ့ လှပမှုတွေကို ပြောနိုင်မှာလဲ။ အဲ့ဒါက ဝိရောဓိတစ်ခုပဲ။ သခင်လေး အဲ့ဒါကို မမြင်ဘူးလား”

ကျန်းရီသည် ရှီးဖေးကို သူ့လက်နက်နှင့်သူ ပြန်တိုက်ခိုက်နေသည်။

ကျန်းရီသည် ဇင်အကြောင်းကို နားမလည်သော်လည်း အကင်းပါးကာ ဉာဏ်ပြေးသူတစ်ယောက်ဖြစ်သည်။ သူသည် ရှီးဖေးပြောခဲ့သော စကားများထဲမှ ဟာကွက်များကို ရှာနိုင်သည်။ ရှီးဖေး ချောင်ပိတ်မိပေပြီ။

ထိုနေရာရှိ သခင်လေးများနှင့် သခင်မလေးများကလည်း ဇင်အကြောင်းကို နားလည်သူများ မဟုတ်ပေ။ သူတို့က အများလုပ်သည့်အတိုင်း လိုက်လုပ်နေကြခြင်းသာ။ ရှီးဖေးက ရီချန်ကို မျက်နှာလိုမျက်နှာရ လုပ်နေခြင်းဖြစ်ပြီး သူတို့ကမူ ရှီးဖေးကို မျက်နှာလိုမျက်နှာရ လုပ်နေခြင်းပင်။ ရှီးဖေးပြောခဲ့သော စကားများကို မည်သူမှ နားမလည်ပေ။ ယခုတွင် ကျန်းရီက ဟာကွက်ကို ထောက်ပြလိုက်သောအခါ လူများစွာက စတင်ရယ်မောလာကြသည်။ သူတို့အားလုံးသည် ရှီးဖေး၏ လိုအင်ဆန္ဒများနှင့် ပြည့်နှက်နေသေးသော နှလုံးသားကို ထင်ထင်ရှားရှား မြင်နိုင်ကြသည် မဟုတ်ပါလား။

ကျန့်ထျန်းလဲ့နှင့် အခြားသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။ ရှီးဖေးတစ်ယောက် ပြောစရာစကား မရှိတော့ဘဲ ဆွံ့အသွားသည်ကို မြင်ရသည်မှာ စိတ်ကျေနပ်စရာ ကောင်းပေသည်။ ရီချန်နှင့် ယဉ်ရို့ပင်းတို့ကလည်း တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ သူမတို့နှစ်ယောက်လုံးကလည်း ရှီးဖေးကို သရော်နေပုံပေါ်သည်။

ရှီးဖေး၏ မျက်နှာက နီရဲသွား၏။ သူသည် တစ်ခဏမျှ ကျန်းရီကို မည်သို့ ပြန်ပြောရမည်မသိ ဖြစ်သွားသည်။ သူ၏ ဂုဏ်အဆင့်အတန်းကြောင့် သူ့ကို ယခုကဲ့သို့ ဆန့်ကျင်ဝံ့သူ မရှိခဲ့ပေ။ သူ လူပုံအလယ်တွင် စကားပြောတိုင်း အားလုံးက သူပြောသည်ကို လက်ခံခဲ့ကြသည်ချည်းသာ။ သို့သော် ကျန်းရီက သူ့ကို အနည်းငယ်ပင် လေးစားသမှုမပြဘဲ ဆန့်ကျင်နေသည်လော။

ရှီးဖေးသည် ပြီးခဲ့သော နှစ်များအတွင်း အနိမ့်အမြင့်၊ အတက်အကျ များစွာကို ဖြတ်ကျော်ခဲ့ရ၍ ရင့်ကျက်နေပြီဖြစ်သည်။ ထို့ကြောင့် သူ လက်ဆုပ်ကာ ပြန်ပြောလိုက်သည်။

“အဲ့လိုဆို အစ်ကိုတို့ကို စစ်မှန်တဲ့ဇင်တရားကို ပြောပြပါ ညီလေးလီ။ အစ်ကိုတို့လို ‌ရေတွင်းထဲက ဖားလေးတွေလည်း လောကကြီးအကြောင်းကို ပိုသိရတာပေါ့။ ညီလေးလီပြောတာတွေက အဓိပ္ပာယ်ရှိရင် အစ်ကို ညီလေးကို လေးစားကြောင်း ပြတဲ့အနေနဲ့ သေရည်သုံးအိုး သောက်မယ်”

“ကောင်းပြီ... ညီလေးလီ ပြောတာတွေက အဓိပ္ပာယ်ရှိမယ်၊ အစ်ကိုတို့ လက်ခံနိုင်မယ်ဆိုရင် အစ်ကိုလည်း သေရည်သုံးအိုး သောက်မယ်”

ကျန့်ထျန်းလဲ့ကလည်း ‌အော်ပြောလိုက်သည်။

ယဉ်ရို့ပင်းက ကျန်းရီကို စိုးရိမ်ဟန်ဖြင့် လှမ်းကြည့်လိုက်၏။ ရီချန်၏ မျက်ဝန်းများကလည်း မျှော်လင့်ချက်ဖြင့် အရောင်လက်သွားသည်။ ကျန်းရီက ဇင်အကြောင်းကို မည်မျှ နားလည်ထားကြောင်း သူမ သိလိုနေသည်။

ကျန်းရီ လူအုပ်ကို ဝေ့ဝဲကြည့်လိုက်ပြီး ရီချန်နှင့် တဒင်္ဂမျှ အကြည့်ချင်းဖလှယ်လိုက်သည်။ သူ သူမကို စိတ်မပျက်စေရက်ပေ။ ထို့ကြောင့် သူ အစွမ်းကုန် ကြိုးစားရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။

ကျန်းရီ မျက်လုံးများ မှိတ်လိုက်ပြီး ခန်းမထဲတွင် လှည့်ပတ် လမ်းလျှောက်လိုက်သည်။ သူ့အတွေးထဲတွင် ပန်းချီကမ်းပါး၌ သူမြင်ခဲ့ရသော ဗုဒ္ဓဧကရာဇ်၏ ပန်းချီကားများ ထွက်ပေါ်လာသည်။ ထိုကောင်းကင်ပန်းချီကားအားလုံးတွင် ဇင်အရှိန်အဝါ အနည်းငယ်စီ ပါပေသည်။ ထို့နောက် သူသည် ဗုဒ္ဓတောင်၏ မြောက်ဘက်မှ ရေကန်ဘေးတွင် တွေ့ခဲ့ရသော ငါးမျှားနေသည့် အဘိုးအိုအကြောင်းကို ဆက်တွေးလိုက်သည်။ မည်သည်ကြောင့်မသိ သူ၏ နှလုံးသားက တည်ငြိမ်သွားလေသည်။

လူအားလုံး၏ မျက်လုံးများက ကျန်းရီကို စိုက်ကြည့်နေကြသည်။ သူတို့သည် ကျန်းရီ၏ တည်ငြိမ်သော မျက်နှာထား၊ နှေးသောခြေလှမ်းများနှင့် သက်တောင့်သက်သာရှိသော ကိုယ်နေဟန်ထားတို့ကို ကြည့်ရင်း စိတ်အေးငြိမ်းမှုတစ်ခု စတင် ခံစားလာရလေသည်။ စကားပြောသံများလည်း တဖြည်းဖြည်း တိတ်လာသည်။ မကြာခင်မှာပင် ခန်းမတစ်ခုလုံးကို တိတ်ဆိတ်မှုကသာ ကြီးစိုးသွားလေသည်။

“နားထောင်ကြပါ”

ကျန်းရီက ရုတ်တရက် သူ၏နားရွက်ကို ကိုင်လိုက်ပြီး အားလုံးကို နားထောင်ရန် ပြောလိုက်သည်။ သူက မျက်လုံးများ မှိတ်၍ အသံများကို အာရုံစိုက်နေသည်။

“ဒါကဇင်ပါပဲ။ ဇင်က တိတ်ဆိတ်မှု၊ အေးချမ်းမှု၊ သဘာဝတရားပါ...”

“ဒါပေမဲ့ ဇင်ရဲ့ တိတ်ဆိတ်မှုဆိုတာ အသံမရှိတာကို ပြောတာမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ အရှိန်အဝါ၊ စိတ်နဲ့ နှလုံးသားတို့ရဲ့ တည်ငြိမ်မှုကို ပြောတာပဲ။ အရာအားလုံးက တည်ငြိမ်နေရင် လူသားကလည်း အေးချမ်းလာလိမ့်မယ်။ လူတစ်ယောက်ရဲ့ စိတ်က အေးချမ်းနေရင် အဲ့လူက သန့်စင်လာမယ်။ လူတစ်ယောက်ရဲ့ နှလုံးသားက အေးချမ်းနေရင် ဉာဏ်အလင်းပွင့်လာလိမ့်မယ်။ အေးချမ်းမှုနဲ့ တိတ်ဆိတ်မှုရှိတဲ့နေရာမှာ နက်ရှိုင်းတဲ့ သိမြင်နားလည်မှုရှိတယ်။ နက်ရှိုင်းတဲ့ သိမြင်နားလည်မှုရှိလာရင် ပြုမူလုပ်ဆောင်မှု ရှိလာလိမ့်မယ်”

လူများသည် ကျန်းရီ၏ ရှင်းပြမှုကို ကြားလိုက်သောအခါ လေးနက်သော အတွေးတစ်ခုကို တွေးမိလိုက်ကြသည်။ ထိုနေရာရှိ လူအားလုံး တိတ်ဆိတ်အေးချမ်းလာသည်။ ကျန်းရီက ဆက်ပြောသည်။

“ဇင်တာအိုက နှလုံးသားတာအိုပဲ။ တိမ်တွေက ကောင်းကင်မှာ တည်သလို ရေကလည်း ဘောင်အကန့်ရှိတဲ့နေရာမှာတည်တယ်။ တကယ်လို့ အရာအားလုံးက ရှိရမယ့်နေရာမှာ ရှိနေမယ်ဆိုရင် သဘာဝတရားရဲ့ အင်္ဂါရပ်တစ်ခု ဖြစ်လာမှာပဲ။ ဥပမာအနေနဲ့ပြရရင် ကျွန်တော်တို့ရဲ့ မျက်နှာပေါ်က အင်္ဂါရပ်တွေလိုပေါ့။ မျက်လုံးတွေ၊ နှာခေါင်းတွေ၊ ပါးစပ်တွေက သူတို့ရှိသင့်တဲ့နေရာမှ ရှိနေကြတာပဲ။ အဲ့ဒါက သဘာဝပါ.... ဘာမှ ထူးခြားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နားလည်ရမှာက သဘာဝထဲက အရာတွေက ဘယ်လိုပုံစံရှိလဲနဲ့ ကျွန်တော်တို့ရဲ့ သဘာဝက ဘယ်လိုလဲဆိုတာကိုပဲ။ အဲ့ဒါဆို ကျွန်တော်တို့ ဇင်တာအိုကို နားလည်လာလိမ့်မယ်...”

“လူတစ်ယောက်ရဲ့ နှလုံးသားက ရေလိုပဲ။ ရေထဲကို အညစ်အကြေးတွေ မထည့်သ၍ ရေကသန့်စင်နေသလို နှလုံးသားထဲကို အညစ်အကြေးတွေ မထည့်သ၍ နှလုံးသားက သန့်စင်နေမှာပဲ။ ပြီးတော့ ရေဆိုတာ သူဝင်နေရတဲ့ ဘောင်အကန့်ရဲ့ ပုံသဏ္ဌာန်အတိုင်း လိုက်ပြီးပုံစံပြောင်းနိုင်ကြတယ်။ ဘောင်အကန့်က ကျယ်ရင် သူ့ရဲ့ မျက်နှာပြင်ကလည်း ကျယ်လိမ့်မယ်။ ရေက မာကြောနိုင်သလို၊ ပျော့လည်းပျော့ပြောင်းနိုင်တယ်။ ကြီးနိုင်သလို၊ သေးနိုင်တယ်။ ရေက ကောင်းကင်ထက်က တိမ်တွေလိုပဲ လွတ်လပ်တယ်။ သူ့အပေါ်မှာ အရာဝတ္ထုတွေ စီးဆင်းနိုင်တယ်၊ သူ့ထုထည်ထဲကို အရာဝတ္ထုတွေ နစ်မြုပ်လာနိုင်တယ်၊ ဖြတ်သန်းကူးခတ်နိုင်တယ်... ဒါပေမဲ့ ရေကတော့ အဲ့အရာတွေကို အလေးအနက်မထားဘူး။ သူ စီးဆင်းရာအတိုင်း၊ သူ့ရဲ့ဘောင်အကန့်အတိုင်း ဆက်ပြီး တည်ရှိတယ်။ ကောင်းကင်ထက်မှာ တိမ်တွေ ဖြစ်ပေါ်လာကြတယ်၊ ကောင်းကင်ထက်မှာ တိမ်တွေ လွင့်ပြယ်သွားကြတယ်...”

ကျန်းရီသည် နောက်ဆုံးစကားကို ပြောပြီးနောက် သူ၏စိတ်ဝိညာဉ် လှုပ်ရှားသွားသည်ကို ခံစားလိုက်ရသည်။ သူက တစ်စုံတစ်ခုကို ဖမ်းဆုပ်မိလိုက်သလိုပင်။ ထို့ကြောင့် သူ ချက်ချင်း ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူသည် ထိုဖမ်းဆုပ်မိသည့်အရာ ပျောက်ကွယ်သွားမည်ကို မလိုလားပေ။ ထိုအခိုက်တွင် သူသည် သူ မည်သည့်နေရာတွင် ရှိနေသည်၊ သူ့ ပတ်ပတ်လည်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို မေ့လျော့သွားပေပြီ။ သူ့အတွေးထဲတွင် ဖမ်းဆုပ်မိသော အရာကို လွတ်မထွက်သွားစေဖို့သာ အာရုံရှိပေသည်။

ထိုနေရာရှိ လူအားလုံးက ကျန်းရီကို စိုက်ကြည့်နေကြ၏။ သူတို့သည် ကျန်းရီက ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ တည်ငြိမ်သော မျက်နှာထားဖြင့် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်ကို ကြည့်ရင်း ရင်ခုန်စိတ်လှုပ်သွားကြသည်။ ကျန်းရီက သူတို့၏ မျက်လုံးများရှေ့မှာပင် သာမန်လူတစ်ယောက်အဖြစ်မှနေ၍ ဉာဏ်အမြင်ကြီးသော ဘုန်းတော်ကြီးတစ်ပါးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ကျန်းရီ၏ ခန္ဓာကိုယ်က လင်းလက်လာသည်။ သူ ဇင်အရှိန်အဝါကို စတင် ထုတ်လွှတ်နေပေပြီ။

ရီချန်၏ မျက်လုံးများ တောက်ပလာ၏။ သူမသည် ကျန်းရီကို စိုက်ကြည့်ရင်း မျက်ရည်များ ကျနေလေသည်။ မျက်ရည်စများက ရွှေရောင်စားပွဲပေါ်ရှိ သေရည်အိုးထဲသို့ ကျသွားရာ ကြည်လင်သော အသံလေးများ ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် ရှီးဖေးတစ်ယောက် အလွန်ဒေါသ ထွက်လာပေသည်။ ထို့ကြောင့် သူ၏ သတ်ဖြတ်အရှိန်အဝါက ဇောင်းမှလွှတ်လိုက်သော မြင်းတစ်ကောင်ကဲ့သို့ ကဆုန်ပေါက်၍ ထွက်လာလေတော့သည်။

***

All Chapters