← Chapters

အနိုင်ရယူခြင်း

Vol. 78 Ch. 1089

အနိုင်ရယူခြင်း

Vol. 78 Ch. 1089

ကျန်းရီသည် ဇင်အကြောင်းကို လုံးဝမသိခဲ့ပေ။ ဤတစ်ကြိမ်တွင် သူသည် လူများ၏ ဖိအားပေးမှုကြောင့် ဇင်အကြောင်းကို ပြောခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် သူက စိတ်ထဲပေါ်လာသည့် အကြောင်းများကိုသာ ထုတ်ပြောခဲ့သည်။

ကျန်းရီသည် စိတ်ထဲပေါ်ရာကို ပြောနေခဲ့ခြင်းဖြစ်သော်လည်း သူက အတွေ့အကြုံများစွာ ရှိသူတစ်ယောက် မဟုတ်ပါလား။ သူက မျိုးနွယ်လေးတစ်ခု၏ အဆင့်နိမ့်မျိုးနွယ်ဝင်လေးတစ်ယောက်အဖြစ် ဘဝကို စတင်ခဲ့ရသည်။ ထို့နောက်တွင် သူသည် ကောင်းကင်ကြယ်တာရာနယ်မြေ၏ အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ထိုမှနေ၍ သူ အရှေ့ဘက် တော်ဝင်နယ်မြေကို ရောက်ခဲ့သည်။ ထိုအနိမ့်အမြင့်၊ အတက်အကျ တစ်လျှောက်လုံးတွင် သူသည် ကြီးကျယ်ခမ်းနားမှုများကိုလည်း မြင်ခဲ့ရသလို၊ ငရဲကိုလည်း မြင်ခဲ့ရသည်။

ကျန်းရီ ရယ်ခဲ့ရသည်၊ ငိုခဲ့ရသည်။ အခြားသူများက သူ့အား ခွေးတစ်ကောင်ကဲ့သို့ ဆက်ဆံသည်ကိုလည်း သူ ခံခဲ့ရသည်။ သူ အထီးကျန်၍ ရင်ကွဲမတတ် ငိုခဲ့ရသည်၊ အင်အားတစ်သန်းရှိသော စစ်တပ်ကို အနိုင်ယူခဲ့သည်၊ အပြင်းဆုံးသော သေရည်များကို သောက်ခဲ့သည်၊ ထိပ်တန်းသခင်မမျိုးနွယ်ဆယ်ခုထဲမှ လိပ်ပြာသခင်မမျိုးနွယ်ဝင်တစ်ယောက်နှင့် ပျော်ပါးခဲ့ရသည်၊ နှင်းဒေသသို့ တစ်ကိုယ်တော်သွား၍ ဒေသတစ်ခုလုံးကို ဗြောင်းဆန်အောင် လုပ်ခဲ့သည်။

ကျန်းရီသည် အခြားသူများ ဆယ်ဘဝ ရှင်သန်ပြီးနောက်တွင်ပင် မကြုံတွေ့ရနိုင်သော ကိစ္စများစွာကို တစ်ဘဝအတွင်းမှာပင် ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် သူ အိုမင်းလာပြီဟုပင် သူ ခံစားနေရသည်။ သို့သော် ယင်းမှာ သူ၏ နှလုံးသားက မောပန်းနွမ်းနယ်လာခြင်းပင်။ သူ၏အရှိန်အဝါက ထူးခြားသည်။ ထိုသို့ထူးခြားရခြင်းမှာလည်း သူက များစွာတွေ့ကြုံခဲ့ရ၍ဖြစ်သည်။ ထို့ကြောင့် သူ မည်သည့်အရာကြောင့်မှ မတုန်လှုပ်တော့ဘဲ အရာအားလုံးကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်လာသည်။ မည်သည့်အခြေအနေတွင်မဆို သူ ပြုံးနိုင်လာသည်။

အစောတွင် ကျန်းရီသည် ပန်းချီကမ်းပါးမှ ကောင်းကင်ပန်းချီကားများနှင့် ငါးမျှားနေသော ဆန်းကြယ်သည့် အဘိုးအိုအကြောင်းကို ပြန်တွေးမိခဲ့သည်။ ထိုမှတ်ဉာဏ်များက သူ့အား တစ်စုံတစ်ခုကို သိမြင်နားလည်သွားစေခဲ့သည်။ ထို့ကြောင့် သူသည် စိတ်ထဲပေါ်ရာများကို ပြောနေခဲ့ခြင်းဖြစ်သော်လည်း နောက်ဆုံးတွင် စစ်မှန်သောဇင်ကို နားလည်သွားခြင်းဖြစ်သည်။

သို့သော်...

ဇင်ကို သိမြင်နားလည်သွားခြင်းက ရီချန်အား အလွန်စိတ်လှုပ်ရှားသွားစေလိမ့်မည်ကို ကျန်းရီ မသိခဲ့ပေ။

ရီချန်၏ အမည်တွင် ‘ဇင်’စာလုံးပါသည်(တရုတ်စာတွင် ချန်က ဇင်ဖြစ်သည်)။ သူမသည်  ငယ်စဉ်ကတည်းက ဗုဒ္ဓဧကရာဇ်ထံမှ ဇင်ကို သင်ယူခဲ့သည်။ သူမက ယခုလို အလွန်ဆွဲဆောင်မှု ရှိနေခြင်းမှာလည်း သူမထံတွင် ဇင်အရှိန်အဝါရှိ၍ပင်။ သူမသည် ဇင်ဓမ္မတာအိုကို သိမြင်နားလည်ခဲ့သဖြင့် လောကအတွင်းမှ သူတော်စင်တစ်ပါးကဲ့သို့ ဖြစ်နေသည်။

ရီချန်က ကောင်းကင်အောက်မှ အရာအားလုံးကို ငုံ့ကြည့်သူဖြစ်သည်။ ဇင်ကို အဆင့်တစ်ခုအထိ ရောက်အောင် ကျင့်ကြံနိုင်သည့် ယောက်ျားများအားလုံးမှာလည်း သူမနှင့် တစ်နည်းနည်း ဆွေးမျိုးတော်သူများသာ။ ထို့ကြောင့် သူမသည် ကောင်းကင်အောက်မှ ယောက်ျားများက သာမန်လူများသာဟု အမြဲ တွေးထင်ခဲ့သည်။ သူမအတွက်‌ သေမျိုးလောကအထက်သို့ ဖောက်ထွက်နိုင်သည့် ထူးခြားသောယောက်ျားဟူ၍ မရှိခဲ့ပေ။

ရီချန်သည် ဇင်ကို နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်ထား၏။ ထို့ကြောင့် ရှီးဖေးပြောခဲ့သော စကားများမှာ သူမအတွက် ပေါက်ကရများသာဖြစ်သည်။ တိတိကျကျဆိုရမည်ဆိုလျှင် သူမသည် ထိုစကားများက ဇင်ကို စော်ကားသော စကားများဟုပင် တွေးခဲ့သည်။ သို့သော် ကျန်းရီ ပြောခဲ့သော စကားများက သူမ၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ထို့ကြောင့် သူမ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ ကျန်းရီ ပြောခဲ့သော ဇင်အကြောင်းက သူမနားလည်ထားသော ဇင်အကြောင်းနှင့် တူညီနေသည်။ အမှန်ဆိုရလျှင် ကျန်းရီပြောသော ဇင်အကြောင်းက ပို၍ပင် လေးနက်သေးသည်။

ကောင်းကင်အောက်ရှိ အရာအားလုံးကို အထင်သေးပြီး ဇင်တာအိုအကြောင်းကို အလုံးစုံသိသည်ဟု ထင်ထားသော အမျိုးသမီးတစ်ယောက်သည် ယောက်ျားတစ်ယောက်၏ အနိုင်ယူခြင်းကို ခံလိုက်ရပေပြီ။ သို့ဖြစ်ရာ သူမ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

ဖုန်းလန်မှာလည်း ထိုသို့ပင် ဖြစ်ခဲ့ခြင်းပင်။ သူမသည် ငယ်စဉ်ကလည်း ပန်းချီပညာကို သင်ယူခဲ့သည်။ ပန်းချီပညာကို နေ့ညမပြတ် လေ့ကျင်ခဲ့သည်။ ဆယ်စုနှစ်တိုင်အောင် သူမ ကြိုးစားခဲ့သည်။ သို့သော် နောက်ဆုံးတွင်မူ ကျန်းရီက သူမကို အနိုင်ယူသွားခဲ့သည်။ သူက အနုပညာဧကရာဇ်ပင် ဖြစ်လာသေးသည်။ ဖုန်းလန်အတွက် ယင်းက ကြီးမားသော ထိုးနှက်ချက်တစ်ခုပင်။ သူမသည် အကြွင်းမဲ့ အနိုင်ယူခံလိုက်ရသလိုမျိုး ခံစားခဲ့ရသည်။

ယခုတွင် ရီချန်သည်လည်း အထက်ပါအတိုင်း ခံစားနေရပေသည်။ ကျန်းရီက သူမကို အခြားနယ်ပယ်များတွင် အနိုင်ယူသွားခြင်း ဖြစ်ပါက သူမ များစွာအရေးထားမည် မဟုတ်ပေ။ သို့သော် ဇင်မှာ သူမ ယုံကြည်မှုအပြည့်အဝရှိသော နယ်ပယ်ဖြစ်သည်။ ထို့ပြင် ကျန်းရီက ဇင်အကြောင်းကို တစ်ခါမှ မသင်ယူဖူးပေ။ သို့သော် သူသည် တွေးတောပြောဆိုရင်းဖြင့် သူမ နှစ်နှစ်ဆယ်ကျော်ကြာ ‌လေ့လာသင်ယူမှ ရရှိခဲ့သည့် သိမြင်နားလည်မှုများထက် ပို၍ သိမြင်နားလည်သွားခဲ့သည်။

မိန်းကလေးတိုင်းက နှလုံးသားနုသူများဖြစ်သည်။ အပေါ်ယံတွင် မည်မျှ တင်းမာပါစေ ရင်ထဲတွင်တော့ သူမတို့ကို အပြည့်အဝ အနိုင်ယူနိုင်မည့် ထူးခြားသော ယောက်ျားတစ်ယောက်ကို လိုချင်တတ်ကြသည်။

ရီချန်သည် ထိုယောက်ျားကို ရှာတွေ့သောအခါ မျက်ရည်များပင် ကျလာသည်။ သူမသည် ကျန်းရီနှင့် သူမအတွက်၊ သူမတို့ဘဝအတွက် ငိုကြွေးနေသည်။ နောက်ဆုံးတွင် သူမ အထင်ကြီးလေးစားနိုင်သော ယောက်ျားတစ်ယောက် ထွက်ပေါ်လာပေပြီ။ သို့သော် သူမတို့နှစ်ယောက် ပေါင်းဖက်ရန် မဖြစ်နိုင်ပေ။ ယင်းမှာ လောကအတွင်းရှိ ဝမ်းနည်းဖွယ်အကောင်းဆုံးအရာပင်။ သူမသည် နှလုံသားကွဲကြေသွားကဲ့သို့ ခံစားနေရပေသည်။

ရီချန် စတင်ငိုကြွေးသည့်အခိုက်တွင် ရှီးဖေး ဒေါသထွက်လာသည်။ ခန်းမတစ်ခုလုံး ထပ်မံ၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

မည်သူမှ ကျန်းရီ ပြောသွားသော စကားများကို နားမလည်ပင်။ သို့သော် ရီချန်က ငိုကြွေးနေပေသည်။ သို့ဖြစ်ရာ ကျန်းရီ ပြောသွားသော စကားများထဲတွင် နက်ရှိုင်းသော ဇင်သဘောတရားများ ပါပေလိမ့်မည်။ မဟုတ်လျှင် အဘယ်ကြောင့် လောကအတွင်းရှိ အမောက်မာဆုံး အမျိုးသမီးက မျက်ရည်လည်ရွှဲ ငိုကြွေးနေပါမည်နည်း။

ထို့ပြင် ခန်းမထဲရှိ လူအားလုံးသည် ကျန်းရီပြောသောစကားများကို နားထောင်ရင်း စိတ်အေးချမ်းမှုကို ခံစားခဲ့ရသည်။ လောကထဲရှိ အရာအားလုံးက မှန်ကန်သွားသကဲ့သို့ပင်။ သူတို့သည် အလွန်ရှားပါးသော မသေမျိုးအရှိန်အဝါကိုလည်း ခံစားမိခဲ့သည်။ ဉာဏ်အလင်းပွင့်ထားသော ဘုန်းတော်ကြီးများထဲတွင်သာ ထိုသို့ထူးကဲသော အရှိန်အဝါမျိုး ရှိနိုင်ပေသည်။

ထို့ကြောင့် လူအားလုံးသည် ကျန်းရီအပေါ် အမြင်ပြောင်းလာကြသည်။ သူတို့က သူ့ကို လေးစားမှုဖြင့် ကြည့်လိုက်ကြသည်။ ကျန့်ထျန်းလဲ့၊ လင်းချီကျန့်နှင့် အခြားသူများသည်ပင် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ရှီး‌ဖေးတစ်ယောက်သာ အကြည့်များ ခက်ထန်နေပေသည်။ သူသည် ရီချန်ကို တစ်ချက်ကြည့်လိုက်ပြီး တင်ပျဉ်ခွေထိုင်နေသေးသော ကျန်းရီကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာထားက တင်းမာလာလေသည်။

“ပြောတာကောင်းတယ်... သေရည်ယူလာခဲ့။ ကျွန်တော် ပြောထားတဲ့အတိုင်း သေရည်သုံးအိုး သောက်ရမှာပေါ့”

ရှီးဖေးက ရုတ်တရက် အော်လိုက်သဖြင့် လူအားလုံး နားအူသွားကြသည်။ ဇင်ကို ခံစားနေသော ကျန်းရီ၊ ငိုကြွေးနေသော ရီချန်နှင့် တိတ်ဆိတ်နေသော ယဉ်ရို့ပင်တို့အားလုံး သတိပြန်ကပ်လာကြသည်။

ရှီးဖေးက ရွှေရောင်စားပွဲပေါ်မှ သေရည်အိုကို လက်တစ်ဘက်တည်းဖြင့် မယူလိုက်သည်။ ထို့နောက် သူ အိုးမှနေ၍ တစ်ခါတည်း မော့သောက်လိုက်သည်။ သူ၏ လှုပ်ရှားမှုများက ကြော့မော့၏။ သူ၏ သေရည်သောက်သည့်ပုံစံကပင် ကြည့်၍ကောင်းပေသည်။ သူ သေရည်တစ်အိုးပြီးတစ်အိုး မော့သောက်လိုက်သည်။ သူသည် သေရည်သုံးအိုးစလုံးကို သောက်ပြီးသွားသည်အထိ အသက်တစ်ချက်မှ မရှူခဲ့ပုံပင်။ နောက်ဆုံးသေရည်အိုးကို သောက်ပြီးမှ သူ လူအုပ်ကို ဝေ့ဝဲကြည့်လိုက်သည်။

သို့သော်...

ထိုလူများက သူ့ကို အားပေးမနေပေ။ တိတိကျကျဆိုရလျှင် သူတို့သည် ယခင်ကကဲ့သို့ လေးစားသည့်ပုံ၊ အံ့ဩသည့်ပုံ အနည်းငယ်ပင် ပေါ်မနေကြချေ။ ထိုအစား သူတို့က သူ့ကို လှောင်ပြောင်နေသကဲ့သို့ပင်။ ရီချန်နှင့် ယဉ်ရို့ပင်းတို့၏ မျက်ဝန်းများထဲတွင်မူ အမုန်းတရားများပင် ရှိနေပေသည်။

ဟူး...

ကျန့်ထျန်းလဲ့နှင့် လင်းချီကျန့်တို့က တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့နှစ်ယောက်စလုံး သက်ပြင်းသဲ့သဲ့ ချလိုက်ကြသည်။ ဤတစ်ကြိမ်တွင် ရှီးဖေးသည် သူ့ကိုယ်သူ အရှက်ရစေခဲ့ပေပြီ။ သူက အရှုံးကို လက်မခံနိုင်သော လူတစ်ယောက်ကဲ့သို့ ပြုမူခဲ့သည်။ ကျန်းရီက တင်ပျဉ်ခွေထိုင်၍ လေးနက်စွာ တရားထိုင်ခဲ့ရာ တစ်စုံတစ်ခုကို သိမြင်နားလည်သွားခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် ရှီးဖေးက အရှက်မရှိစွာ သူ့ကို နှောင့်ယှက်ခဲ့သည်။ ထို့ကြောင့် ရီချန်က ရှီးဖေးကို မုန်းတီးခြင်းမှာ သဘာဝကျပေသည်။

မျှော်လင့်ထားသလိုပင်။

ရီချန်က ရုတ်တရက် ထရပ်လိုက်ပြီး ယဉ်ဖေးဟွမ်ကို လက်ဆုပ်ကာ နှုတ်ဆက်လိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားလေသည်။

“ဝမ်းကွဲအစ်ကို... ညီမတို့လည်း ပြန်ကြရအောင်”

ယဉ်ရို့ပင်းကလည်း ရှီးဖေးကို မကျေနပ်ကြောင်း ထင်ရှားသည်။ သူမက ခပ်ဖြေးဖြေး ထရပ်လိုက်ပြီး ယဉ်ဖေးဟွမ်ကို လက်ဆုပ် နှုတ်ဆက်ကာ ကျန်းရီဆီ လျှောက်သွားလိုက်သည်။ ကျန့်ထျန်းလဲ့က လျင်မြန်စွာ ထရပ်လိုက်သော်လည်း ယဉ်ရို့ပင်းက လှည့်မကြည့်တော့ပေ။ ထိုအစား သူမ ပြောလိုက်သည်။

“သခင်လေးထျန်းလဲ့... သေရည်ဆက်သောက်နေပါ။ ရို့ပင်းက ပင်ပန်းနေလို့ ပြန်ပြီး အနားယူပါတော့မယ်”

‘တောက်... ချီးပဲကွာ’

ကျန်းရီ၏ ရင်ထဲတွင် ဒေါသများ ပြို့တက်လာသည်။ သူသည် ဇင်တာအိုပုံသဏ္ဌာန်တစ်ခုကို ခပ်ရေးရေး ခံစားလိုက်ရ၍ ချက်ချင်း တင်ပျဉ်ခွေထိုင်ကာ ဖမ်းဆုပ်နိုင်ရန် ကြိုးစားခဲ့ခြင်းပင်။ သို့သော် ရှီးဖေးက သူ့ကို နှောင့်ယှက်ခဲ့သည်။

တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်နိုင်ရန် အလွန်ခက်ခဲသည်။ တာအိုပုံသဏ္ဌာန်က အစွမ်းထက်လေလေ၊ သိမြင်နားလည်နိုင်ရန် ပိုခက်ခဲလေလေပင်။ လက်ရှိတွင် သူ့အနေဖြင့် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်နိုင်ရန် ပိုခက်ခဲလာပြီဖြစ်ကြောင်း ကျန်းရီ သိသည်။ အလံနက်မြို့မှ နတ်ဘုရားအသံလှိုင်းမြို့သို့ လာရာလမ်းတစ်လျှောက်တွင် ခြောက်လလုံးလုံး ကြိုးစားလေ့လာခဲ့သော်လည်း သူ အဆင့်နိမ့် တာအိုပုံသဏ္ဌာတစ်ခုကိုပင် မသိမြင်မနားလည်နိုင်ခဲ့ပေ။

ယခုတွင် ကျန်းရီသည် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်နိုင်မည့် အခွင့်အရေးတစ်ခုကို ရခဲ့သည်။ အကယ်၍ သူသာ အချိန်ပိုရခဲ့လျှင် တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်သွားနိုင်လောက်သည်။ အနည်းဆုံးတော့ သူ အခြေခံများကို သဘောပေါက်သွားမည်ဖြစ်သည်။ သို့ဆိုလျှင် နောက်မှ သူ ဆက်၍ လေ့လာနိုင်သည်။ အရေးအကြီးဆုံးအချက်မှာ သူ ခပ်ရေးရေး ခံစားခဲ့ရသော တာအိုပုံသဏ္ဌာန်က အဆင့်မြင့် တာအိုပုံသဏ္ဌာန်တစ်ခု ဖြစ်နေခြင်းပင်။ အနိမ့်ဆုံး ကြယ်သုံးပွင့်အဆင့် ရှိပေလိမ့်မည်။ သို့သော် အခွင့်အရေးက သူ့လက်ထဲမှ လွတ်ထွက်သွားခဲ့သည်။

ကျန်းရီ မျက်လုံးများ ဖွင့်ကာ ထရပ်လိုက်သည်။ ထို့နောက် သူ ရှီးဖေးကို စိုက်ကြည့်လိုက်သည်။ ရှီးဖေးကလည်း သူ့ကို ပြန်ကြည့်သည်။ ထိုအခိုက်တွင် ရီချန်က ထွက်သွားပြီဖြစ်သည်။ ထို့ကြောင့် ရှီးဖေးသည် သူတော်ကောင်းယောင်ဆောင်နေရန် မလိုတော့ပေ။

“ထားလိုက်ပါတော့... ဝမ်းကွဲအစ်ကို သွားကြစို့”

ယဉ်ရို့ပင်းက အနားသို့ ရောက်လာပြီး ကျန်းရီ၏လက်ကို ဆွဲလိုက်သည်။ ကျန်းရီ ရင်ခုန်မြန်သွား၏။ ယဉ်ရို့ပင်း၏လက်က နွေးထွေးသော ကျောက်စိမ်းလေးအလား အလွန်သက်တောင့်သက်သာ ဖြစ်စေလေသည်။ ထို့ကြောင့် သူ ရုတ်ခြည်း စိတ်ပြန်ငြိမ်သွားသည်။ ယခုမှ အခြေအတင် ပြောနေလျှင်လည်း ဘာအကျိုးမှ မရှိတော့ပေ။ သို့သော် ယနေ့ဖြစ်ခဲ့သည်ကိုတော့ သူ စိတ်ထဲတွင် မှတ်ထားမည်ဖြစ်သည်။ နောင်တွင် အခွင့်အရေးရခဲ့ပါက ယနေ့ အကြွေးကို သူ တောင်းရပေလိမ့်မည်။

‘နောက်ကျ အခွင့်အရေးရရင် ငါ မင်းကို သတ်မယ်။ မင်း ထွက်ပြေးခွင့်တောင် မရစေရဘူး’

ကျန်းရီ စိတ်ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် ယဉ်ရို့ပင်း၏လက်ကို ဆုပ်ကိုင်၍ အပြင်သို့ ထွက်သွားလိုက်သည်။ ကျန့်ထျန်းလဲ့သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ စိတ်မသက်မသာ ဖြစ်သွား၏။ သို့သော် ယခုတွင် ကျန်းရီက ယဉ်ရို့ပင်း၏ ဝမ်းကွဲအစ်ကို လီထျန်း ဖြစ်နေပေသည်။ သူ စိတ်မသက်မသာ ခံစားရခြင်းမှာ သူက ယဉ်ရို့ပင်း၏လက်ကို ကိုင်ခွင့်မရသေးခင် အခြားယောက်ျားတစ်ယောက်က ကိုင်ခွင့်ရသွား၍သာ။

“ကောင်စုတ်... မင်း ရီချန်နဲ့ ခပ်ဝေးဝေးနေတာ ကောင်းလိမ့်မယ်။ တချို့မိန်းကလေးတွေက မင်းလို အမှိုက်ကောင်တွေအတွက် မဟုတ်ဘူး”

ကျန်းရီသည် ခန်းမအပြင်ဘက်သို့ မရောက်ခင်တွင် အသံပို့လွှတ်မှုကိုတစ်ခု ကြားလိုက်ရလေသည်။  ရှီးဖေးက အသံပို့လွှတ်လိုက်ခြင်းပင်။ ကျန်းရီ ခြေလှမ်းရပ်လိုက်ပြီး ပြုံးလိုက်၏။ ထို့နောက် သူ နောက်လှည့်ကာ  ရှီးဖေးနှင့် မျက်လုံးချင်းဆုံကြည့်လိုက်ပြီး အော်ပြောလိုက်လေသည်။

“သခင်လေးရှီးဖေး...  သခင်လေး မပြောခင်တုန်းက ကျွန်တော် ရီချန်ကို ပိုးပန်းဖို့ စိတ်ကူးမရှိဘူး။ ဒါပေမဲ့ အခု သခင်လေးက အဲ့လိုပြောလိုက်ပြီဆိုတော့ ကျွန်တော် သူ့ရဲ့ ရွက်ဖျင်တဲဆီသွားပြီး သူနဲ့ ဇင်အကြောင်း ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပြီ”

***

All Chapters