← Chapters

ဘေးကင်းနွယ်တောင်ထဲ၌ ဆူပူမှု

Vol. 50 Ch. 691

ဘေးကင်းနွယ်တောင်ထဲ၌ ဆူပူမှု

Vol. 50 Ch. 691

မယုံကြည်နိုင်စွာ ဖြစ်နေသည့် ဝေကျီတောက်ကို တစ်ချက် ကြည့်ကာ မိုဝူကျိက ရိုးရိုးရှင်းရှင်း ပြောလိုက်၏

“ ကျုပ်တို့တွေ အဲအကြောင်းကို နောက်မှ ပြောကြတာပေါ့။ ကျုပ် ဒီရောက်လာတဲ့ အကြောင်းက အင်မော်တယ်ရောင်းရင်းဝေ ပူးပေါင်းဖို့ပါ။ ကျုပ် ဒီနေရာကနေ အချိန်တစ်ခုလောက်အထိ မထွက်သွားနိုင်သေးဘူးဆိုတော့  ဓားအကျဉ်းထောင်ထဲမှာ ကျုပ် အချိန်တွေက ….. ”

မိုဝူကျိက ပြောချင်တာ မဆုံးလိုက်ခင် ဝေကျီတောက်က တုန်တုန်ယင်ယင်ဖြင့် ဖြတ်ပြောလိုက်လေ၏  “ ဂိုဏ်းချုပ်မို ပြောတာက နောင်ကျ ဒီဓားအကျဉ်းထောင်ကနေ ထွက်သွားနိုင်တယ်လား … ”

မိုဝူကျိက ဤနေရာမှ ထွက်သွားနိုင်၊ မသွားနိုင်ကို သေချာ မသိသေးသော်လည်း ဝေကျီတောက်အား အံ့ဩသင့်စေမည့် နည်းလမ်းများစွာ ရှိပေသည်

“ ဒီနေရာက ထွက်သွားဖို့ အစီအစဉ်တော့ မရေးဆွဲရသေးဘူး။ ဒါပေမဲ့ လုံးလုံး စိတ်ပူစရာ မရှိပါဘူး ….  ကျုပ်သာ အလိုရှိရင် ဒီဓားကျဉ်းထောင်ကနေ ထွက်သွားနိုင်တယ်။ တခြားသူတွေ မသိတဲ့ နည်းလမ်းကို သုံးပြီး ကျုပ် ရအောင် ဝင်လာနိုင်တာပဲ မဟုတ်ဘူးလား …

ဒါပေမဲ့ အင်မော်တယ်ရောင်းရင်းဝေရဲ့ ဝိညာဉ်နဲ့ ကမ္ဘာဦးစိတ်ဝိညာဉ်က ဒဏ်ရာအပြင်းအထန် ရထားတယ်။ ကုသမှု မလုပ်ဘူးဆိုရင် ဘယ်တော့မှ ပြန်မကောင်းနိုင်တော့မှာကို စိုးရိမ်မိသား …. ”

“ ဂိုဏ်းချုပ်မိုက   ဒီနေရာမှာ ရှိနေတဲ့ ဓားစွမ်းအင်တွေကြောင့် ဒဏ်ရာရသွားတဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ကုသပေးနိုင်တယ်လို့ ပြောတာလား  ” ဝေကျီတောက်ကဲ့သို့ အင်မော်တယ် ဧကရာဇ်ပင် သူ့ကိုယ်ပိုင် စိတ်ခံစားချက်များကို မဖုံးကွယ်နိုင်တော့ပေ။

လက်ရှိ၌ သူက ဓားအဆောင်၏ ချုပ်ထိန်းမှုကို ခံနေရပြီး သူ့ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ဓားစွမ်းအင်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားလေ၏။ ပြောရမည်ဆိုလျှင် သူ့လက်ရှိ အင်အားမှာ သူ့နဂိုအခြေအနေ၏ ၀.၀၀၁ ရာခိုင်နှုန်းပင် မကျန်တော့ပေ။

ထိုမျှ ကြီးကျယ်ခမ်းနားခဲ့သော အင်မော်တယ် ဧကရာဇ် တစ်ယောက်က ယခုအခြေအနေကဲ့သို့ အဆုံးသတ်မှုမျိုးနှင့် ကြုံတွေ့နေရသည်။ သူက ထိုအကြောင်းကို မေ့ထားသော်လည်း ယခု သူ့အသက်မှာ အန္တရာယ်ရှိနေပြီး သူ့တိုက်ခိုက်မှုများမှာ ကန့်သတ်ခံထားရ၏။ တခြားလူသာ ဖြစ်နေလျှင် သူတို့ကံတရား နောက်ပြန်ရောက်ဖို့ ဆုတောင်းမိကြလိမ့်မည်။ ဝိညာဉ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်ကို ပြန်လည် ကုသပေးနိုင်သည် ဟူသော  မိုဝူကျိ၏ စကားများက  ဝေကျီတောက်၏ ဝိညာဉ်အတွင်းပိုင်းအထိ လှုပ်ရှားသွားစေသည်။

မိုဝူကျိက ဝေကျီတောက်၏ မေးခွန်းကို ဆက်မဖြေတော့ပေ။ အကြောင်းမှာ သူ ပြောဖို့ လိုသည့်အရာကို ပြောပြီးပြီး ဖြစ်ရာ ပြစရာ ရှိတာ ပြရမည်။ သူက မျက်တောင်တစ်ချက် မခတ်ဘဲ ထိုအကြောင်းများ ပြောထားခြင်း ဖြစ်၏။ သူ ပြောသမျှ အရာအားလုံးမှာ အမှန်အတိုင်း ဖြစ်သော်လည်း တချို့အရာများမှာ  ပိုပြီး အံ့ဩဖို့ကောင်းအောင် ပိုပိုသာသာ ပြောထားခြင်း ဖြစ်ပေသည်။

သူက မဟာဧကရာဇ်များ ပူးပေါင်း တိုက်ခိုက်တာကနေ ဘယ်လို လွတ်မြောက်လာတာလဲ …. 

အင်မော်တယ် ဧကရာဇ်အဆင့် ရှိသော  တာ့ဟွမ်ကြောင့်သာ ဖြစ်၏။ တာ့ဟွမ်က သူ လွတ်မြောက်ဖို့ရာ  အသက်ကို စတေးသွားခြင်း ဖြစ်၏။ သူကလည်း မဟာဧကရာဇ်များ၏ တိုက်ခိုက်မှုကို ပြန်လည် တန်ပြန်ရိုက်ချက်ဖြင့် အက်ကြောင်းဖွင့်ကာ လွတ်မြောက်သွားခြင်း ဖြစ်ပေသည်။ ထိုနည်းလမ်းနှင့် ကံကောင်းမှုကြောင့်သာ မဟုတ်လျှင် သူ့အရိုးများပင် အမှုန့် ဖြစ်လောက်လေပြီ။

ဝေကျီတောက်က မိုဝူကျိ၏ ရည်ရွယ်ချက်များကို မည်သို့ မသိဘဲ နေမည်နည်း။ မိုဝူကျိက သူ့အား  ထိုအခြေအနေများကို ပြောပြရင်း ဆုံးဖြတ်ချက် ချလိုခြင်း ဖြစ်၏။

သူက မိုဝူကျိနှင့် ပူးပေါင်းဖို့ရာ ရွေးချယ်လျှင် မိုဝူကျိ၏ ဖင်းဖန်ကို ဝင်ရမှာလား ဒါမှမဟုတ် မိုဝူကျိအတွက် နယ်မြေတစ်ခု ဌားပေးရမှာလား …

ဦးဆုံး ဆုံးဖြတ်ချက်မှာ သူနှင့် မိုဝူကျိကြားမှ ဆက်ဆံရေးကို တိုးတက်လာရန် လုပ်ရမည်။

ဝေကျီတောက်က လေးလေးစားစား ဦးညွှတ်လိုက်ပြီး

“ အင်မော်တယ်ရောင်းရင်းမို …. ကျုပ်က ထိန်းချုပ်ခံရတာ မကြိုက်တဲ့သူဆိုတော့  ဖင်းဖန်ကိုတော့ ယာယီဝင်နိုင်ဦးမှာ မဟုတ်ဘူး။  ဒါပေမဲ့လည်း အင်မော်တယ်ရောင်းရင်းမိုနဲ့ အတူတူ ပူးပေါင်းဖို့ ဆန္ဒရှိပါတယ် ”

ထိုစဉ် ဝေကျီတောက်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ရင်း  မိုဝူကျိ၏ စကားအရ  သူ့အား  ကမ္ဘာဦး စိတ်ဝိညာဉ် ပြန်ကောင်းလာစေမည့် အင်မော်တယ်ဆေးလုံး ပေးမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း သိ၏။ သူက  ဆုံးဖြတ်ချက် မချခင်  ဝေကျီတောက်၏ ဆုံးဖြတ်ချက်ကို သိချင်၍ ဖြစ်ပေသည်။ မိုဝူကျိဆီမှ ဆေးလုံးကို အလိုရှိသော်လည်း  မိုဝူကျိ၏ ကျောင်းတော်ကို ချွင်းချက်မရှိ ဝင်လိုက်ဖို့ရာ မဖြစ်နိုင်သေးပေ။

မိုဝူကျိက အနည်းငယ် စိတ်ပျက်သွားမိသည်။ အကြောင်းမှာ သူက ဝေကျီတောက်အား ဖင်းဖန်သို့ ဖိတ်ခေါ်ရန် ကြိုးစားနေခြင််း ဖြစ်၏။ ဝေကျီတောက်က သူ့ဖင်းဖန်ကို ဝင်သရွေ့ ဓားအကျဉ်းထောင်မှ ထွက်သွားသည်နှင့်  မိုဝူကျိက သူ့အား မဟာဧကရာဇ်အဖြစ် အချိန်တိုအတွင်း ပြောင်းလဲပေးဖို့ရာ ယုံကြည်ချက် ရှိလေသည်။ ဤနေရာမှ ထွက်ခွာပြီးနောက် မိုဝူကျိက ဝေကျီတောက်ကို ခေါ်နိုင်လျှင်  သူ့ကျောင်းတော်၌ မဟာဧကရာဇ် နှစ်ယောက် ရှိသွားလိမ့်မည်။ ဖင်းဖန်က မဟာဧကရာဇ် နှစ်ယောက် ရှိသည်နှင့် မဟာဓားလမ်းစဉ်ဂိုဏ်းနှင့် သေချာပေါက် ယှဉ်နိုင်လိမ့်မည်။

သူက လျှပ်စီးဂိုဏ်းနှင့် ကျယ်ပြောပင်လယ်ဂိုဏ်းတို့ မတုံ့ပြန်နိုင်ခင် ယီမင်ရှုအား အရင်ရှင်းပစ်ရမည်။ မဟာဓားလမ်းစဉ်ဂိုဏ်းက မည်မျှ ရက်စက်စေကာမူ ယီမင်ရှု အသတ်ခံရသည်နှင့် သူတို့က ဓားတာအိုကို လေ့ကျင့်ကြသော အင်မော်တယ်ကျောင်းတော်တစ်ခုမျှသာ ဖြစ်သွားလိမ့်မည်။

ဝေကျီတောက်က သူ့ဆုံးဖြတ်ချက် ချပြီးသည်နှင့်  မိုဝူကျိက ထရပ်ကာ

“ အင်မော်တယ်ရောင်းရင်းဝေ …. ကျုပ် အင်မော်တယ် အမဲလိုက်သူအင်အားစု နေရာက တိတ်ဆိတ်တဲ့ နေရာတစ်ခုလောက် လိုချင်တယ်။ အဲဒါမှ ကျုပ် စီနီယာအစ်မကို ကုသပေးလို့ ရမှာမလို့ပါ။ ကျုပ် စီနီယာအစ်မ ပြန်ကောင်းသွားတာနဲ့  အင်မော်တယ်ရောင်းရင်း ရှန့်ဟဲကောင်းဆီ သွားတွေ့ကြတာပေါ့ …. ”

မိုဝူကျိက ဟန်ချင်းရုကို ကုသပေးဖို့ရာ စိတ်အားထက်သန်နေပြီး သူမကို ကုသပေးခြင်းအပြင် ဟန်ချင်းရု၏ အင်မော်တယ် ဝင်ရိုး ကျောက်မှ ဖွဲ့စည်းထားသော အင်မော်တယ်ဝင်ရိုးအကြောင်း  အရေးကြီးကိစ္စလည်း ရှိနေသေး၏။

သာမာန် အင်မော်တယ်တစ်ယောက်အတွက် အင်မော်တယ်ဝင်ရိုးမှာ အကောင်းဆုံးအမျိုးအစား ဖြစ်၏။ ထိပ်တန်းအဆင့် တာအို စွမ်းအားများ ပါဝင်နေသော အင်မော်တယ် ဝင်ရိုးကျောက်များမှာ ကျဆုံးပြီးသွားသော  ရှေးဟောင်းအဆင့်မြင့် ကျင့်ကြံသူများ၏ အသိစိတ်ပင်လယ်မှ ဖြစ်တည်လာခြင်း ဖြစ်ပေ၏။

သို့သော်လည်း  မိုဝူကျိက အဆင်ပြေမနေပေ။ ထိုအပြင် ထိုအင်မော်တယ်ဝင်ရိုးကျောက်များကို အသုံးပြုထားသော  ကျင့်ကြံသူများက တခြားသူများ၏ ပူးကပ်စေခိုင်းခြင်းကို အလွယ်တကူ ခံရနိုင်လေ၏။ မိုဝူကျိက  ဟန်ချင်းရု၏ အင်မော်တယ်ဝင်ရိုးမှ လျို့ဝှက်စွာ ပုန်းကွယ်နေသော အန္တရာယ်များကို မဖယ်ထုတ်ခင် သူမကို အရင်ဦးစွာ ကုသပေးဖို့ ကြံရွယ်ထားသည်။

အခြားသူများက  ဖြေရှင်းဖို့ရာ အလုပ်ပိုသည်ဟု ထင်ကောင်း ထင်နိုင်သော်လည်း  မိုဝူကျိက သူ့ထာဝရ ကမ္ဘာနှင့်အတူ ဟုန်မုန့်စွမ်းအင် ရှိနေသောကြောင့် ထိုသို့ မခံစားရပေ။ အကယ်၍ သူသာ  မဖြေရှင်းနိုင်လျှင် ဟန်ချင်းရုအား ချီသွေးကြော သုံး၍ ကျင့်ကြံဖို့ရာ ကြိုးစားခိုင်းမိပေလိမ့်မည်။

သူက ဟန်ချင်းရုကို ကုသပေးမည် ဖြစ်သောကြောင့် တိတ်ဆိတ် ငြိမ်သက်သော နေရာတစ်ခု လိုအပ်ပေသည်။ ဝေကျီတောက်က ဘေးကင်းနွယ်တောင်မှ အင်အားစု ခေါင်းဆောင်တစ်ယောက် ဖြစ်သောကြောင့် ဝေကျီတောက်နှင့် မဟာမိတ်ဖွဲ့ခြင်းမှာ  ဤနေရာ၌ ယာယီ ဘေးကင်းကင်း နေနိုင်မည့် နေရာကို ရှာဖွေနိုင်ရန် ဖြစ်ပေသည်။

“ ကျုပ် ပိုင်နက် မီတာ ၂၀၀ အတွင်းက ပြဿနာ မရှိပါဘူး။ ဒီနေရာက ဓားစွမ်းအင်ကလည်း တခြားနေရာထက် ပိုနည်းတယ်။ ကျုပ် ခင်ဗျားအတွက် နေစရာရှာဖို့ ခေါ်သွားပေးမယ် …” မိုဝူကျိက သူ့ကမ္ဘဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်အား ပြန်လည် ကုသပေးမည့်အကြောင်း မပြောသောကြောင့် ဝေကျီတောက်က အနည်းငယ် စိတ်ပျက်သွားလေ၏။

သူက စိတ်ပျက်သွားလျှင်ပင် ဝေကျီတောက်က မိုဝူကျိအား  တက်တက်ကြွကြွ ဆက်ဆံနေဆဲ ဖြစ်သည်။

မိုဝူကျိက ဆေးလုံးကို ထုတ်ကာ ဝေကျီတောက်ဆီ ပေးလိုက်ပြီး “ အင်မော်တယ်ရောင်းရင်းဝေ … ဒီဆေးလုံးကို အာနိသင် ရှိ မရှိ သောက်ကြည့်လိုက်ပါ …”

သဘာဝကျီဆေးလုံးက ဝေကျီတောက်၏ ဝိညာဉ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်အတွက် မီးတောက်ထဲ ရောက်ရှိလာသည့် ရေတစ်ခွက်နှင့် တူကာ  လုံးဝကို မလုံလောက်သော ရတနာတစ်ခု ဖြစ်၏။ သို့သော်လည်း မိုဝူကျိက ဤဆေးလုံး ပေးခြင်းဖြင့် သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။ ဝေကျီတောက်က သဘာဝကျီဆေးလုံးအပေါ် စိတ်ဝင်စားလာသည်နှင့်  သေဖို့ရာ အဓိပ္ပါယ်မရှိ စောင့်ဆိုင်းနေရသော  ဤအင်မော်တယ် ဧကရာဇ်အား သူ့ဘက် ပါလာစေရန် အခွင့်အရေး ရလာလိမ့်မည်။

“ ဂိုဏ်းချုပ်မိုကို ကျေးဇူး တင်ပါတယ် …” ဝေကျီတောက် မျက်ဝန်း၌ စိတ်လှုပ်ရှားသည့် အရိပ်အယောင် ရှိနေရင်း မိုဝူကျိ ပေးသော ဆေးလုံးကို စစ်ဆေးမကြည့်ဘဲ တန်းမျိုချပစ်လိုက်သည်။ သူက ထိုဆေးလုံးကြောင့် စိတ်လှုပ်ရှားနေခြင်း မဟုတ်ဘဲ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်နဲ့ ဝိညာဉ် အမှန်တကယ် ပြန်ကောင်းလာလား သိချင်မိ၍ ဖြစ်သည်။ သူ့စိတ်အတွင်းပိုင်း၌ မိုဝူကျိ၏ စကားများကို သံသယ ရှိနေဆဲ ဖြစ်၏။

သို့သော်လည်း မိုဝူကျိအနေနှင့် ဝေကျီတောက်က  ဆေးလုံးကို အမြန်အဆန် မသောက်လိုက်ခင် စိတ်စွမ်းအားဖြင့် စစ်ဆေးထားပြီးသား ဖြစ်ကြောင်း သိ၏။

မိုဝူကျိက ထိုအပြုအမူကို စိတ်ထဲ မထားပေ။ အကြောင်းမှာ သူသာ ဝေကျီတောက် ဖြစ်နေလျှင် ထိုဆေးလုံးကို မျိုမချခင် အရင်ဆုံး စစ်ဆေးကြည့်မိမည်သာ  ဖြစ်သည်။

ဆေးလုံး ပါးစပ်ထဲ ရောက်သွားသည်နှင့် ဝေကျီတောက်က သူ့အသိစိတ်ပင်လယ်မှ တဝီဝီ အသံ ထွက်လာသည်ကို ကြားလိုက်ရ၏။ ထို့နောက် သူ့ပေါက်ကွဲထွက်သွားသော ဝိညာဉ်က တည်ငြိမ်လာကာ  သူ ခံစားနေရသော နာကျင်မှုမှာလည်း ချက်ချင်း ပျောက်ကွယ်သွားလေသည်။ ပျက်စီးနေသော သူ့ကမ္ဘာဦး စိတ်ဝိညာဉ်လည်း  ပြန်လည် တည်ငြိမ်လာလေ၏။

ဝေကျီတောက် မျက်ဝန်းမှ စိတ်လှုပ်ရှားသည့် အရိပ်အယောင်မှာ ဖုံးကွယ်ထား၍ မရတော့ပေ။ ယခင်ကဲ့သို့ မိုဝူကျိအား သံသယ ရှိနေလျှင် ယခုကား သဘာဝကျီဆေးလုံးကို သောက်သုံးပြီးနောက် မိုဝူကျိ ပြောသမျှ အရာအားလုံးကို ယုံကြည်သွား၏။

မိုဝူကျိက ပြိုင်ဖက်ကင်းအဆင့်  သဘာဝကျီဆေးလုံးကို ပေးလိုက်သည် ဖြစ်ရာ အင်မော်တယ်လောကရှိ လူမည်မျှက ထိုသို့ အင်မော်တယ်ဆေးလုံးမျိုး မည်သို့ ရရှိနိုင်မည်နည်း။ ယခု ဓားအကျဉ်းထောင်ထဲ ရှိနေသည့် အကြောင်းကို ထည့်မပြောဘဲ သူက အင်မော်တယ်လောက၌ ရှိနေလျှင်ပင် သူ့အနေနှင့် ဤသို့မျိုး ဆေးလုံးကို မရနိုင်ပေ။

ထိုဆေးလုံးက ဝေကျီတောက်အား ဖင်းဖန်ဆီ ဝင်သင့်၊ မဝင်သင့်ကို ပြန်လည် စဉ်းစားမိသွားစေသည်။ သူက မိုဝူကျိသည် သူ ဖင်းဖန်ကို ဝင်မည် ပြောရုံဖြင့် ထိုဆေးလုံး ထုတ်ပေးခြင် မဟုတ်ကြောင်း  သိထား၏။ အခြေအနေတချို့ ရှိပေလိမ့်မည်။

“ ဝေကျီတောက် …. ငါ့ရဲ့ နတ်ဆိုးလက်က မင်းကို ရန်မစဖူးသလို  အင်မော်တယ် အမဲလိုက်သူ အင်အားစုကိုလည်း အနှောင့်အယှက် မလုပ်ဖူးဘူး။ ဒါပေမဲ့ ငါ ဖန်းဟုန်က  မင်းကို ကြောက်နေတယ်လို့ ဆိုလိုတာ မဟုတ်ဘူး  ….” ထိုစဉ် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာပြီး အားပြင်းပြင်း စိတ်စွမ်းအား တစ်ခုက ခန်းမဆီ ရောက်ရှိလာသည်။

ဝေကျီတောက်၏ မျက်နှာ အမူအယာပျက်သွားကာ ဖန်းဟုန်က ဤသို့ ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲသည့် အကြောင်းအရင်းကို နားလည်လိုက်သည်။ ဖန်းဟုန်က ဖေးလင်ကို အလိုရှိနေပြီး ယခု ဖေးလင်က ဤနေရာသို့ ရောက်ရှိနေလေရာ သူ့အနေနှင့် ဘေးကင်းနွယ်တောင်၏ သဘောတူညီချက်ကို ချိုးဖောက်ပြီး နတ်ဆိုးလက်၏ သစ္စာဖောက်အား လက်ခံထားသည့်အကြောင်း တွေးမိလိမ့်မယ်။ ထိုအပြင် မိုဝူကျိ သယ်ဆောင်ထားသည့် အမျိုးသမီးမှာ ဖန်းဟုန် အလိုရှိနေသည့်သူ မဟုတ်ပါလော။  ဖန်းဟုန်အနေနှင့်  သူမအား အတင်းမနေခိုင်းသည်မှာ ဂရုမစိုက်၍ မဟုတ်ဘဲ  အချိန်ကြာပြီးနောက် ထိုအမျိုးသမီးက သူ့ဆီ ရောက်လာမည်ကို သိထား၍ ဖြစ်၏။

ယခု ထိုအမျိုးသမီးကို မိုဝူကျိက ကယ်တင်သွားပြီး ဖေးလင်က မိုဝူကျိနောက် လိုက်လာလေ၏။ ဓားစွမ်းအင်မြစ်မှ ပြန်ရောက်လာသော ဖန်းဟုန်အနေနှင့် အကြမ်းအတမ်း မပြုမူမှသာ ထူးဆန်းနေပေလိမ့်မည်။

“ ဂိုဏ်းချုပ်မို …  ခဏလေး နေပါဦး။  ကျုပ် သွားစစ်ဆေးကြည့်လိုက်ဦးမယ် …. ” ဝေကျီတောက်က တံခါးမှ ထွက်မသွားခင် ပြောသွားလိုက်သည်။

မိုဝူကျိက ဖန်းဟုန် ရောက်ရှိလာသည့် အကြောင်းအရင်းမှာ ဖေးလင်နှင့် ဟန်ချင်းရုကြောင့် ဖြစ်ကြောင်း သိ၏။ ထို့ကြောင့် ဤနေရာ၌  ငြိမ်ငြိမ်လေး စောင့်နေမည် မဟုတ်ပေ

“ အင်မော်တယ်ရောင်းရင်းဝေ …. ကျုပ်တို့က အတူတူ အလုပ်တွဲလုပ်နေမှတော့ ပြဿနာကို အတူတူ ရင်ဆိုင်ကြတာပေါ့။ အင်မော်တယ်ရောင်းရင်းဝေ တစ်ယောက်တည်း  ဖြေရှင်းခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ ….. ”

“ ကောင်းပြီလေ … ဂိုဏ်းချုပ်မိုက ကျုပ်ကို တကယ် စိတ်မပျက်စေဘူးပဲ … အတူတူ သွားကြတာပေါ့ ” ဝေကျီတောက်က ရယ်မောရင်း ပြောလိုက်သည်။

……………………

မိုဝူကျိက အင်မော်တယ် အမဲလိုက်သူအင်အားစု ခန်းမမှ ထွက်လာသည့်အခါ အဝင်ဝ၌ လူခြောက်ယောက်ကို မြင်လိုက်ရသည်။ ဓားစွမ်းအင်ကို  အချိန်အတော်ကြာ ခံစားခဲ့ရ၍ ထိုလူခြောက်ယောက်၏ အရှိန်အဝါမှာ အားကောင်းဟန် မပေါ်တော့ပေ။ ထိုသို့ဆိုလျှင်ပင် မိုဝူကျိက  ငါးယောက်မှာ အင်မော်တယ် ဧကရာဇ် ဖြစ်ပြီး တစ်ယောက်မှာ ဧကရာဇ် တပိုင်းဖြစ်ကြောင်း ပြောနိုင်၏။

အစပိုင်းတွင်  သူ့စိတ်ထဲ၌  အံ့ဩတုန်လှုပ်မိသွားသော်လည်း အင်အားစု သုံးခု၏ ခေါင်းဆောင်များမှာ အင်မော်တယ် ဧကရာဇ် ဖြစ်ကြောင်း သိပြီးသား  ဖြစ်သော်လည်း  ယခုတွင် သူ့ရှေ့၌  ဝေကျီတောက် အပါအဝင်  အင်မော်တယ် ဧကရာဇ် ခြောက်ယောက် ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

မကြာခင် မိုဝူကျိက ထိုလူခြောက်ယောက်မှာ အင်အားစု နှစ်ခု ကွဲနေကြောင်း သတိပြုမိလိုက်သည်။ လက်ဝဲဘက်ရှိ အင်အားစု ခေါင်းဆောင်က အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ဖြစ်ကာ ဆံပင်ရှည်ရှည်၊ ကြော့ရှင်းသော သွင်ပြင် ရှိပြီး  သူ့မျက်ဝန်း၌ နတ်ဆိုးအရိပ်အယောင် ကိန်းအောင်းနေလေ၏။ ထိုလူမှာ နတ်ဆိုးလက်၏ ဖန်းဟုန် ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။ ထိုလူခြောက်ယောက်၌ အင်မော်တယ် ဧကရာဇ်အဆင့် ကျင့်ကြံသူ နှစ်ယောက်နှင့် ဧကရာဇ် တပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က သူ့နောက် ရပ်နေလေသည်။

တစ်ဖက်၌ လူနှစ်ယောက်သာ ရှိပြီး ရှေ့မှ လူမှာ ဖြူဖျော့ဖျော့ အသားရည်နှင့် လူလတ်အရွယ် အမျိုးသား တစ်ဦး ဖြစ်၏။ သူလည်း အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ဖြစ်ကာ  သူနှင့် ပါလာသော သူမှာ အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ဖြစ်သည်။

ဝေကျီတောက်က ထိုခြောက်ယောက်ကို မြင်သောအခါ အနည်းငယ် ထိတ်လန့်မိသွားသည်။

တစ်ယောက်စီ ကိုယ်ပိုင်အားအရ သူက ဖန်းဟုန်ထက် အားအနည်းငယ် ပိုကောင်းသော်လည်း စုပေါင်းအရဆိုလျှင် နတ်ဆိုးလက်ကို ယှဉ်နိုင်ဖို့ရာ သမာဓိတောင်နှင့်အတူတူ ပူးပေါင်းတိုက်ခိုက်ရမည် ဖြစ်၏။ ဖန်းဟုန်၏ နတ်ဆိုးလက်တွင် စုစုပေါင်း အင်မော်တယ် ဧကရာဇ် သုံးယောက် ရှိပြီး ဧကရာဇ် တပိုင်းအဆင့် နှစ်ယောက်နှင့်  အင်မော်တယ် အုပ်စိုးသူအဆင့်များစွာ ရှိနေလေသည်။

သမာဓိတောင်တွင် အင်မော်တယ် ဧကရာဇ် နှစ်ယောက် ရှိပြီး တစ်ယောက်မှာ သမာဓိတောင်၏ တည်ထောင်သူ ရှန့်ဟဲကောင်း ဖြစ်ကာ နောက်တစ်ယောက်မှာ အင်မော်တယ် ဧကရာဇ် အစောပိုင်း ဖြစ်သည့် နျဲ့ချုံးအန်း ဖြစ်ပေသည်။  ဝေကျီတောက်က အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ဖြစ်သော်လည်း  သူ့တွင် အင်မော်တယ် ဧကရာဇ် မရှိသလို အင်မော်တယ် အုပ်စိုးသူအဆင့်လည်း မရှိချေ။

ဤနှစ်များ၌ သူက သမာဓိတောင်၏ ရှန့်ဟဲကောင်းနှင့် မဟာမိတ်ဖွဲ့ပြီး ပူးပေါင်းလိုက်မှ ဖန်းဟုန်၏ နတ်ဆိုးလက်ကို မှီလုဆဲဆဲ ဖြစ်ရုံ ဖြစ်၏။ ယနေ့တွင် ရှန့်ဟဲကောင်းက    ဖန်းဟုန် ဘေးနား ရပ်နေပြီး သူ့ကို ဆန့်ကျင်နေလေရာ ဘာတွေ ဖြစ်သွားပြီလဲ။ အကယ်၍ သမာဓိတောင်က နတ်ဆိုးလက်နှင့် အင်အားချင်း ပူးပေါင်းလိုက်လျှင်  သူ့အင်မော်တယ် အမဲလိုက်သူအင်အားစုမှာ ဆက်လက်၍ တည်ရှိနိုင်တော့မည် မဟုတ်ပေ။

“ ဒါက ဘာအဓိပ္ပါယ်လဲ  ….” ဝေကျီတောက်၏ လေသံမှာ အနည်းငယ် အေးစက်လာကာ ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းကို စိုက်ကြည့်လိုက်သည်။

ဖန်းဟုန်က နှာခေါင်းရှုံ့ကာ

“ ဝေကျီတောက် …. ငါ မင်းကို အာရုံမရှိတာက ငါတို့တွေ အကုန်လုံးကို ပြောပြီးလို့ပဲ။ ဒီနေ့တော့ မင်းက ငါ့နတ်ဆိုးလက်ကို အရင်ဦးဆုံး ရန်လာစပြီးတော့ သစ္စာဖောက်ကို လက်ခံထားရုံတင် မကဘူး။ ငါ လိုချင်တဲ့ အမျိုးသမီးကိုလည်း လက်ခံထားသေးတယ် …. ကျစ် …”

ဖန်းဟုန်၏ အေးစက်စက် ပြောဆိုမှု အပြီးတွင် သတ်ဖြတ်ငွေ့များက ဘေးကင်းနွယ်တောင် အပြင်ဘက်မှ စိမ့်ဝင်ထိုးဖောက်လာဟန် ပေါ်သည်။

All Chapters