ဧည့်သည်
Vol. 45 Ch. 619
ဝမ်ဝေ့က မျက်နှာသာပေးရသည့် ဇနီးလေးနှင့်အတူ ကုတင်ပေါ်တွင် လဲလျောင်းနေ၏။ သူက ထိုအသုံးအနှုန်း တစ်ခါမှမသုံးစွဲဖူးပေ။ သူမက သူ့တွင် မျက်နှာသာ မပေးခံရသည့် တခြားသူများ ရှိနေလားဟု မေးလာမည်ကို စိုးထိတ်၍ ဖြစ်သည်။
သူက ထိုခေါင်းဆောင်းပုံရိပ်၏ ကပ်ဘေးကို ရှင်သန်လာပြီးသည့်နောက် ထပ်မံ အသတ်ခံရလုနီးပါးဖြစ်ခဲ့သည်ကို မသိခဲ့သလို သူ့ ကံကြွေးက တိုးမြင့်သွားသည်ကိုလည်း မသိခဲ့ပေ။ သူက သူ့ဇနီးနှင့် အတူ အချိန်ကုန်ဆုံးရသည်ကိုသာ သဘောကျနေ၏။
သူတို့နှစ်ဦးလုံးက ဝတ္ထုဖတ်နေစဉ် ဝမ်ဝေ့က ရုတ်တရက် ပြောလိုက်သည် “ ကိုယ့်မှာ အတွေးတစ်ခုရှိတယ်”
“ ဘာများလဲ”
“ မင်းရော ကိုယ်နဲ့အတူ ဆံပင်အရောင် ပြောင်းလိုက်ပါလား။ အဲဒါဆိုရင် ကိုယ်တို့တွေ ခဲဖြူရောင်ဆံပင်နဲ့ ပိုပြီး ကြည့်ကောင်းသွားလောက်တယ်”
“ မရဘူး” ဝူဟုန်က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“ ဘာလို့လဲ”
“ ကျွန်မရဲ့ ဆံပင်အရောင်ကို သဘောကျတယ်”
“ ဒါပေမဲ့ ကိုယ်တို့တွေ ဆင်တူဆိုရင် ပိုပြီးတော့ မိုက်သွားမှာလေ”
“ အဲလိုဆိုရင် ရှင့်ဆံပင်ကို အနက်ရောင် ပြန်ပြောင်းလိုက်လေ”
“ တော်ပါပြီ တော်ပါပြီ။ ကိုယ့်ရဲ့ လက်ရှိပုံရိပ်ကိုပဲ သဘောကျတယ်။ ပြန်မပြောင်းချင်ဘူး”
“ ကျွန်မလည်း အဲလိုပဲ တွေးမိတယ်”
ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်ပြီးသည့်နောက် ဆက်ဖတ်လိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို ရုတ်ချည်းအမှတ်ရသွားကာ ပြောလိုက်၏ “ မင်းအတွက် လက်ဆောင်တစ်ခု ရှိတယ်။ ဒါပေမဲ့ မင်းဆီ မပေးချင်တော့ဘူး”
“ ဘာလို့လဲ”
ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
“ အနီရောင် ဒေါက်ဖိနပ်လား” ဝူဟုန်က မေးလိုက်၏။
“ ကိုယ် မင်းအတွက် သေချာလုပ်ပေးထားတာ။ အဲဒီနောက်ပိုင်းကျတော့ ဒီလိုခြေချောင်းလှလှလေးတွေနဲ့ ခြေဖဝါးလှလှလေးကို ပိတ်လှောင်ထားတာက ပြစ်မှုတစ်ခုလို့ ခံစားမိလာတယ်”
“ ရှင့်လိုမျိုး ခြေထောက်ကို စွဲလမ်းသဘောကျတဲ့သူတွေဆီက ထင်ထားမိသား” သူမက ဖိနပ်တစ်ရံယူကာ စမ်းစီးကြည့်လိုက်သည်။
“ စွဲလမ်းစိတ်ကလည်း ဆိုးရွားတဲ့ အမည်းစက်တစ်ခုတော့ ရှိတာပဲ။ ကဲ ဒါကို ချီးကျူးတယ်ပဲ ထားလိုက်တာပေါ့” ထိုစကားများကို ပြောပြီးသည့်နောက်တွင် သူမ၏ ခြေတံရှည်မှ အကြည့်မလွှဲနိုင်တော့ပေ။ ဖိနပ်များက သူမ၏ ခြေထောက်အထက်တွင် ပြီးပြည့်စုံစွာ ကွက်တိကျနေပြီး ပိုမိုဆွဲဆောင်မှုရှိလာစေ၏။
“ ကိုယ့်အတွက် ဟန်ပြလုပ်ပေးချင်လား” သူက မေးလိုက်သည်။
“ ရတာပေါ့။”
ဝမ်ဝေ့က ကမ္ဘာငယ်တစ်ခုကို ချက်ချင်း ဖန်ဆင်းလိုက်၏။ ထိုကမ္ဘာအား လျှောက်လမ်းတစ်ခုရှိသည့် ပုံစံမျိုးကို ဖန်တီးလိုက်သည်။ သူ့တွင် ထိုင်ခုံများ၊ ကင်မရာများနှင့် အရာအားလုံး ရှိထား၏။ သူက မဟာတာအိုဆီ သတိပေးမိမည်ကို ကြောက်ရွံ့၍ သူတို့၏ ပုံရိပ်ယောင်များကိုသာ အသုံးပြုခဲ့သည်။ အကြောင်းမှာ သူတို့က သိပ္ပံနှင့် နည်းပညာ ထုတ်ကုန်များ မဟုတ်ပါလော။
ဝူဟုန်က သူ့အတွက် ဟန်ပြမော်ဒယ်လုပ်ပေးကာ ဝတ်စုံများကို တစ်စုံပြီးတစ်စုံ ဖိနပ်များကို တစ်ခုပြီးတစ်ခု စမ်းစီးကြည့်သည်။ ဝမ်ဝေ့က ဓာတ်ပုံများရိုက်ရင်း မှော်အသုံးအဆောင်ပစ္စည်းမှတဆင့် သိမ်းဆည်းထားလိုက်၏။ ထို့နောက် သူ့အလှည့် ကျရောက်လာသည်။
“ ဒါက ပျော်စရာကောင်းတယ်” သူတို့ ကုတင်ပေါ် ပြန်ရောက်သွားသည့်အခါ သူမက မှတ်ချက်ပေးလိုက်၏။
“ အဟုတ်ပဲ” ဝမ်ဝေ့က သူမ ဖယ်ရှားပစ်လိုက်သည်ကို ကြည့်နေရင်း ဝတ်ထားစေချင်သည်လား သို့မဟုတ် ဖယ်ရှားပစ်စေချင်သည်လား ကြားတွင် စိတ်ပဋိပက္ခ ဖြစ်နေသည်။ သူ့ဇနီးက ဤမျှလှနေသည်မှာ ကျိန်စာတစ်ခုလို ခံစားမိလာ၏။
“ ရှင်က ဒါတွေနဲ့ ဘာလုပ်မှာလဲ”
“ ကိုယ် ဒါတွေကို ရောင်းပြီးတော့ ယဉ်ကျေးမှုတော်လှန်ရေး စမလို့လေ”
“ အင်း အဲဒါ အစီအစဉ်ကောင်းပဲ။ ရှင်သာ ဒီဟာတွေကို မှော်အသုံးအဆောင်ပစ္စည်းအဖြစ် သန့်စင်လိုက်ရင် မိန်းကလေးတွေ အများစုက ဝယ်ယူဖို့ စိတ်ဝင်စားကြမှာပဲ” သူမက ရုတ်တရက် တွေးမိသွားကာ ပြုံးလိုက်၏။
“ ဘာတွေ ရယ်စရာကောင်းလို့လဲ”
“ ဟို့ဖုန်းဟွမ်၊ ကျန်းပိယုနဲ့ မိုရှင်းယွမ်တို့က ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ ဒေါက်ဖိနပ်နဲ့ တိုက်ခိုက်နေတာကို စိတ်ကူးကြည့်မိလိုက်လို့ပါ”
“ အဲဒါကြောင့် ကိုယ် လုပ်ချင်တာပဲ။ ဒီဖန်တီးမှုအတွက် ကုသိုလ် အများကြီးမရှိဘူးဆိုတာ သိပေမဲ့ သူတို့တွေသာ ကျော်ကြားလာရင် ကံကောင်းမှုတချို့တော့ စုစည်းနိုင်လောက်တယ်။ ပြီးတော့ ကမ္ဘာကြီးကို ကိုယ် မြင်တဲ့အတိုင်း ပြန်လည်ပုံသွင်းနိုင်တာက ပျော်စရာကောင်းတယ်လေ”
“ ရှင့်ရဲ့ နတ်ဘုရားအစွဲအလန်းက ပြန်ထလာပြီပဲ” ဝူဟုန်က ဆက်ဖတ်ရင်း ပြောလိုက်သည်။
“ နတ်ဘုရားတွေက ကိုယ့်လို ဖြစ်ချင်နေတာပဲ နေမှာပါ” ဝမ်ဝေ့က ပြောလိုက်ပြီးသည့်နောက်တွင် စာအုပ်ပြန်ဖတ်လိုက်သည် “ ခဏ မင်းကို မေးချင်နေတာ ဒါပေမဲ့ အမြဲတမ်း မေ့မေ့သွားတယ်”
“ ဒီတစ်ခါ ဘာများလဲ”
“ ကိုယ့်ရဲ့ မျှော်နန်းဆောင်ထဲက တဏှာစစ်ဆေးမှုမှာ ဘယ်လိုလုပ် ပေါ်ထွက်လာတာလဲ” သူက ထိုစစ်ဆေးမှုအတွင်း ဖြစ်ပျက်ခဲ့သည့်အရာသည် မူမမှန်ကြောင်း အမြဲတမ်းလိုလို အမှတ်ရနေမိ၏။ သူမက သူ့အား သစ္စာဖောက်သွားခဲ့သည်။ ထိုမူမမှန်မှုအတွက် သူမက တာဝန်ရှိမည်မှန်း သိထားသော်လည်း ဘယ်သောအခါမှ အကြောင်းအရင်းကို နားမလည်ခဲ့ပေ။
“ ရှင့်အပေါ် လွှမ်းမိုးမှုရှိပြီးတော့ တခြားသူတွေနောက်လိုက်တာ ကာကွယ်ချင်လို့လေ။ ဒါပေမဲ့ ကျွန်မရဲ့ အစီအစဉ်က ရာနှုန်းပြည့်တော့ မအောင်မြင်ခဲ့ပါဘူး။ ရှင်က တခြားအမျိုးသမီးတွေနဲ့ အိပ်တဲ့ ယောက်ျားပျက် ဖြစ်နေပြီ”
“ အရင်ဆုံး အဲဒီနည်းလမ်းတွေက အရမ်းကို လှုံ့ဆော်လွန်းတော့ အသုံးမပြုသင့်ဘူး။ ဒုတိယအနေနဲ့ ကိုယ်က ဘယ်လိုလုပ် အဲ့လိုဖြစ်သွားရတာလဲ။ ကိုယ်က မင်းနဲ့ မတွဲခင် နှစ်ယောက်ထဲပဲ အိပ်ခဲ့တာပါ” သူက ပြန်လည်ချေပလိုက်၏။
“ ဘာပဲဖြစ်ဖြစ် ရှင်က အဲဒါကို မထိန်းထားနိုင်မှတော့ ”
“ ပထမဆုံးအကြိမ်က ကိုယ့်အမှား မဟုတ်ဘူးလေ။ ကိုယ့်အမေရဲ့ လှုံ့ဆော်မှုကြောင့် … ဒုတိယအကြိမ်ကျတော့လည်း…” ဝမ်ဝေ့က တုံ့လီဖန်းနှင့် ညတစ်ညကို ပြန်လည်အမှတ်ရသွားကာ “ အနှောင်အဖွဲ့ မရှိဘဲ ကိုယ့်ကို လိုချင်နေတဲ့ မိန်းမလှတစ်ဦးကို ဘယ်လိုညှင်းဆဲရမှာလဲ”
“ အဲဒါက ရှင့်ရဲ့ ကိုယ်ပိုင်ထိန်းချုပ်မှုနဲ့ အတွေးအခေါ်တွေကို ထိန်းထားဖို့ပဲ။ ရှင်က အဲဒီနှစ်ခုလုံး မရှိဘူးဆိုတော့ ယောကျ်ားပျက်ပဲ” သူမက ပုံမှန်အတိုင်း ပြန်ဖြေလိုက်၏။
“ ဒါပေမဲ့ ကိုယ်က ခေတ်သစ်အမျိုးသားလေ။ ရှေးဟောင်းလူတွေနဲ့ အတူတူ မြင်သလိုမျိုး ထင်ထားလို့မရဘူး”
“ တကယ်လို့ သူတို့နဲ့ ရှင်က ကွဲပြားတယ်လို့ ထင်နေရင် ရှင် မှားနေပြီ။ လိင်ကိစ္စနဲ့ ပတ်သက်လာရင် ဟွင်သွမ်းစကြဝဠာတစ်ခုလုံးမှာရှိတဲ့ အမျိုးသားတွေ အားလုံးက အတူတူပဲ”
“ ဘာပဲဖြစ်ဖြစ် မင်းနဲ့ ဆက်မငြင်းတော့ပါဘူး”
“ ကျွန်မ မှန်တယ်ဆိုတာကိုလည်း ရှင် သိနေတာပဲလေ”
ဝမ်ဝေ့က ပြန်မဖြေဘဲ စာအုပ်သာဖတ်လိုက်ပြီး သူမ၏ ဆံပင်များကို သပ်ပေးလိုက်သည်။ သူက ဤသို့အေးချမ်းသည့် အခိုက်အတန့်ကို ခံစားနေ၏။
“ ဒီစစ်ဆေးမှု အဆုံးသတ်သွားပြီဆိုတော့ အခု ရှင် ဘာလုပ်မှာလဲ။ ဘာအစီအစဉ်များ ရှိထားလဲ”
“ နည်းနည်းပေါ့။ အတိအကျပြောရရင် နှစ်ခု”
“ ဘာများလဲ”
“ ပထမတစ်ခုက အမဲလိုက်ဖို့။ အခြေအနေတစ်ခုလုံးကို ပြန်လည်အခြေချဖို့ တစ်စုံတစ်ခုကို ဖယ်ရှားပစ်ဖို့ လိုနေတယ်။ ဒုတိယတစ်ခုအနေနဲ့…”
ဝမ်ဝေ့က ရပ်လိုက်ပြီးသည့်နောက်တွင် စာအုပ်မှ ခေါင်းမော့ကြည့်လိုက်ကာ “ တစ်ယောက်ယောက် ကိုယ့်ကို လာတွေ့မယ်လို့ ခံစားမိနေတယ်။ ပြီးတော့ အဲဒါ သတင်းကောင်းပဲ”
“ အင်း အဲလိုဆို ကောင်းတာပေါ့”
နာရီအနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က လာရောက်လည်ပတ်ခွင့် တောင်းဆိုချက်တစ်ခုကို လက်ခံရရှိ၍ သဘောတူလိုက်သည်။ နောက်တစ်ရက်တွင် သူက ထျန်းဝေတောင်ထိပ်ဆီ သွားကာ ဧည့်သည်နှင့် သွားရောက်တွေ့ဆုံလိုက်၏။ သူက အမျိုးသမီးနှစ်ယောက်ကို မြင်လိုက်ရပြီး တစ်ယောက်က အငယ်လေး ဖြစ်ကာ တစ်ယောက်ကမူ လူလတ်အရွယ် ဖြစ်၏။
“ မိန်းကလေး ရှစ်ချီအန်း တွေ့ရတာဝမ်းသာပါတယ်” ဝမ်ဝေ့က အဖန်ရည်နှင့် အစားအသောက်များ ဧည့်ခံကာ ဧည့်ဝတ်ကျေလိုက်သည်။
“ ဂိုဏ်းချုပ် ဝမ်ဝေ့ ကျွန်မ တဲ့တိုးပဲ ပြောမယ်။ ရှင်နဲ့ အပေးအယူ လုပ်ဖို့ရောက်လာတာ”
“ မင်းက ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းကို လိုချင်တာလား”
“ ဟုတ်တယ်”
“ ကောင်းပြီလေ။ မင်းတို့ တန်ကြေးကသာ ကျေနပ်စေမယ်ဆိုရင် အပေးအယူလုပ်ဖို့ အဆင်သင့်ပဲ”
ရှစ်ချီအန်းက ထိုအရာများသည် ချောမောနေလိမ့်မည်ဟု ထင်မထားသည့်အတွက် အနည်းငယ် အံ့အားသင့်သွားသည်။ မည်သို့ပင်ဆိုစေကာမူ သူမအတွက် ကိစ္စကောင်းဖြစ်၏။
“ ကျွန်မက …”
“ ငါတို့တွေ ဘာမှမပြောခင် ဒီကျမ်းရဲ့ ကန့်သတ်ချက်ကို သိထားချင်တယ်” လူလတ်အရွယ်အမျိုးသမီးက ပြောလိုက်၏။
ဝမ်ဝေ့က ထိုသူသည် ရှစ်ချီအန်း၏ မိခင်ဖြစ်မည်မှန်း မှန်းဆမိလိုက်သည်။
သူက သူမအား ကြည့်ပြီးသည့်နောက်တွင် ရှစ်ချီအန်းအား ပြန်ကြည့်လိုက်သည်။
“ သိပြီ။ ခင်ဗျားတို့က ပြန်လည်ဝင်စားလာတဲ့ တာအိုဘိုးဘေးနဲ့ ရင်ဆိုင်နေရတာပဲ။ ခင်ဗျားတို့အတွက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို နိုင်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းက ကောင်းကင်တာအိုကို လိမ်လည်ပြီးတော့ မင်းက ဧကရာဇ်ကလေးငယ်ဆိုပြီးတော့ တိုက်ကွက်တစ်ခု အသုံးပြုပြီး နှိမ်နင်းဖို့ပဲ”
ရှစ်ချီအန်းနှင့် သူမ၏ မိခင်က ထိုစကားကို ကြားသည့်အခါ သူတို့၏ အတွေးများနှင့် လျှို့ဝှက်ချက်များ ပေါက်ကြားသွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူတို့က သတိကြီးကြီး ထားလိုက်ကြ၏။
ဝမ်ဝေ့က သူတို့၏ တုံ့ပြန်မှုများကို ဂရုမစိုက်ပေ။ သူ့ပိုင်နက်အတွင်းရှိ လူများ၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုခြင်းက အဆထောင်ချီ ပိုမိုလွယ်ကူပေ၏။
“ မင်းက ထာဝရကလေးငယ်ဆိုတော့ ကျမ်းက အဲဒီအတွက် အလုပ်ဖြစ်လောက်တယ်။ ဒါပေမဲ့ တာအိုကလေးငယ်နဲ့ ဧကရာဇ်ကလေးငယ်ဖြစ်လာဖို့ကတော့ သိပ်လွယ်ကူမှာ မဟုတ်ဘူး”
ရှစ်ချီအန်းက ထိုအရာသည် မည်သို့လုပ်ဆောင်မှန်း မသိသော်လည်း စိတ်အေးမိသွားသည်။ ထို့ကြောင့် သူမက သူမအမေကို ကြည့်လိုက်သည့်အချိန် သူမအမေက ခေါင်းညိတ်ပြလိုက်သည်။
သူမက အသက်ပြင်းပြင်းရှူကာ
“ ဒီလိုဆိုရင် ရှင်တို့ဂိုဏ်းကလူတွေအတွက် ကံကြွေးကို ဆေးဖို့ အခွင့်အရေး ပိုပေးလို့ ရတယ်။ အလင်းမျိုးနွယ်စုဝင်အနေနဲ့ ကံကြမ္မာဆေးကြောခြင်းက တာအိုကို သက်သေပြပြီးတဲ့နောက်မှာ ပိုလွယ်ကူတယ်”
“ ကျုပ်က အဲဒါကို ဂရုမစိုက်ဘူး။ အဲဒါက ရှားပါးပေမဲ့ ကျုပ်တို့ဂိုဏ်းမှာ ကံကြမ္မာဆေးကြောရေး နည်းနည်းတော့ ရှိထားတုန်းပဲ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
“ ခင်ဗျားတို့က ဒီကျမ်းရဲ့ တန်ဖိုးကို သိတယ်။ ဒါက ဆန့်ကျင်ကျမ်းရော၊ အသက်ရှည်ကျမ်းရောဆိုတော့ အမြင့်ဆုံးပေးနိုင်တဲ့ တန်ကြေးကိုပဲ ထုတ်ပြောလိုက်ပါ”
ရှစ်ချီအန်းက သက်ပြင်းချကာ “ ကောင်းပြီ။ တာအိုကို သက်သေပြပြီးတဲ့အချိန် တာအိုဘိုးဘေးနဲ့ ထာဝရအရှင်နေရာ လွတ်အများစုကို ပေးနိုင်တယ်”
“ ကောင်းပြီ။ စာချုပ်ချုပ်ရအောင်” ဝမ်ဝေ့က ပြောလိုက်သည်။ သူက သူ့ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို တိုးမြှင့်နိုင်မည့် အခွင့်အရေးအား ငြင်းဆန်မည် မဟုတ်ပေ။ ထို့နောက် သူတို့က မဟာဧကရာဇ်ပင် မဖယ်ရှားနိုင်သည့် အမြင့်ဆုံးသော စာချုပ်ကို ချုပ်ဆိုလိုက်ကြ၏။
ဝမ်ဝေ့က သူမသည် ကျမ်းကို သူမအမေမှ လွဲ၍ တခြားသူများဆီ လက်ဆင့်မကမ်းနိုင်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။ သူက သူမကိုမူ ခြွင်းချက်အဖြစ် ပေးထား၏။ သို့သော်လည်း မွေးရပ်မြေအတွက် သူတို့၏ အခြေအနေကို ထည့်စဉ်းစားလိုက်လျှင် ထိုအမျိုးသမီးက သူ့ရင်းနှီးမြှုပ်နှံမှုကို မကာကွယ်နိုင်မည်ကို စိုးရိမ်မိ၏။
ထို့ကြောင့် သူမအား ဆန့်ကျင်ကျင့်ကြံသူ တစ်ယောက်ဖြစ်လာပြီး သူမ သမီးကို ကာကွယ်နိုင်စွမ်းရှိအောင် လုပ်ပေးလိုသည်။ သို့သော်လည်း သူမ၏ ထာဝရအရှင် ကျင့်ကြံဆင့်ဖြင့် ဆန့်ကျင် ကျင့်ကြံသူဖြစ်လာပါ့မလား မသေချာပေ။ နည်းဗျူဟာကျကျပြောရလျှင် အခွင့်အရေးက နည်းပါးလွန်းလှ၏။ မည်သို့ပင်ဆိုစေကာမူ သူမက ကောင်းကင်တာအိုအား တာအိုဘိုးဘေးဖြစ်လာသည်ဟု လှည့်ဖျားကာ အခြေအနေကို တိုးမြှင့်အောင်လုပ်ဆောင်နိုင်သည်။
အားလုံးက စာချုပ်ကို ကျေနပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့နှင့် ရှစ်ချီအန်းတို့က လက်မှတ်ရေးထိုးလိုက်ကြသည်။ ထို့နောက် သူမက သူမအမေနှင့်အတူ ချက်ချင်းထွက်ခွာသွား၏။
ငါ ဒီလိုအပေးအယူမျိုး လုပ်ရအောင် နောက်ထပ် ထာဝရကလေးငယ်တချို့ကို လိုက်ရှာရမလား…
ထိုအကြောင်းကို ခေတ္တမျှ တွေးပြီးသည့်နောက်တွင် ခေါင်းအသာခါလိုက်၏။ ထာဝရကလေးငယ်များက ရှားပါးသော်လည်း ရှစ်ချီအန်းလိုမျိုး တာအိုသက်သေပြနိုင်သည့် အခွင့်အရေး နည်းပါးနေသည့်သူကို ရှာဖွေဖို့ ခက်ခဲလှသည်။
“ ကောင်းပြီ အမဲလိုက်ကြစို့” သူက ရေရွတ်လိုက်သည်။
***