မင်းက ဘာလို့ ရွေးချယ်ခံရတာလဲ
Vol. 45 Ch. 620
ဝမ်ဝေ့က ထွက်မလာခင် ဂိုဏ်း၏ အကြီးအကဲများကို စစ်ဆေးကြည့်ခဲ့သည်။ အစီအရင်နယ်နိမိတ်၏ အပြင်ဘက်တွင် သူက အာကာပြင်ကို ချိုးဖောက်ကာ ပင်လယ်အနားရှိ အလယ်ပိုင်းကုန်းမြေ၏ အရှေ့ကမ်းရိုးတန်းဆီ ထွက်လာလိုက်သည်။
သူက အဆုံးမဲ့ပင်လယ်ပြင်ကို ကြည့်ပြီးသည့်နောက်တွင် ထိုအရာ၏ အလှတရားကို ချီးကျူးမိသလို အန္တရာယ်ကိုလည်း သိရှိ၏။ သူက သိုလှောင်လက်စွပ်အတွင်းမှ အဆောင်တစ်ခုကို ထုတ်ယူပြီးသည့်နောက်တွင် ဝမ်ကျူ ပို့ထားသည့် သတင်းအချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
ထို့နောက် သူက ပင်လယ်အတွင်း မယုံကြည်နိုင်လောက်ဖွယ် အရှိန်ဖြင့် ငုပ်ဆင်းသွားသည်။ သူ့လမ်းတစ်လျှောက် ပင်လယ်နတ်ဆိုးများစွာကို မြင်တွေ့ခဲ့ရသော်လည်း အဓိကအားဖြင့် ငါးကဲ့သို့ အရာများသာ ဖြစ်၏။ အများစုက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ အံ့ဖွယ်ပလ္လင်အဆင့်အထိသာ ဖြစ်ကြပြီး အရွယ်အစားအမျိုးမျိုး ရှိကြသည်။
မီတာတစ်သိန်းကျော်အထိ ရောက်ရှိလာပြီးသည့်နောက်တွင် ဝမ်ဝေ့က လူသားသွင်ပြင် သို့မဟုတ် လူသားစရိုက်မျိုးရှိသည့် ပင်လယ်မျိုးနွယ်တချို့ကို စတင်မြင်တွေ့လိုက်ရသည်။ ထိုသက်ရှိများက သဘာဝလွန်အဆင့်နှင့် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ကြားတွင် ရှိ၏။ ထိုသက်ရှိများက သူ့အား ချက်ချင်းဆိုသလို ထိတ်လန့်သွားကြသော်လည်း သူက မည်မျှမြန်ဆန်ကြောင်း သတိထားမိသည့်အခါ လာရောက်မပတ်သက်ကြပေ။
ထိုထက် နက်အောင် ငုပ်ဆင်းသွားပြီးသည့်နောက်တွင် ဝမ်ဝေ့က ပတ်ဝန်းကျင်တစ်ခုလုံးကို အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ ဝိညာဉ်ချီ သိပ်သည်းမှုက အရှေ့ပိုင်းကုန်းမြေနှင့် ယှဉ်နိုင်ပြီး ရေနက်ပိုင်းသို့ ရောက်လေလေ ပိုမိုသိပ်သည်းလာလေလေ ဖြစ်၏။ သူက ဝိညာဉ်ဆေးပင်နှင့် သတ္တုကဲ့သို့ အရင်းအမြစ်များကိုပင် မြင်လိုက်ရသည်။
ပင်လယ်မျိုးနွယ်၏ သဘာဝက နတ်ဆိုးမျိုးနွယ်နှင့် ဆင်တူပြီး သူတို့တွင် အစီအရင်နှင့် လက်နက်သန့်စင်ခြင်းများ မရှိကြပေ။ ရလဒ်အားဖြင့် အရင်းအမြစ် အလျှံအပယ် ရှိ၏။ တစ်ခုတည်းသောဆိုးကျိုးက ထိုသတ္တုများနှင့် အရင်းအမြစ်များသည် ရေ သို့မဟုတ် ယင်ဓာတ် ဖြစ်နေကြသည်။
မီတာသန်းရာချီ ငုပ်ဆင်းသွားပြီးသည့်နောက်တွင် ဝမ်ဝေ့က နေထိုင်ရာ နေရာတစ်ခုကို မြင်လိုက်ရသည်။ သူ့ရှေ့တွင် ပင်လယ်သမုဒ္ဒရာကြမ်းပြင်ရှိနေပြီး ဆက်လက်သွား၍ မရတော့ပေ။ သို့သော်လည်း ပင်လယ်ကြမ်းပြင်အလယ်တွင် အစီအရင်များဖြင့် ဝန်းရံထားသည့် အဆောက်အဦးတစ်ခု ရှိနေ၏။
သူက ထိုအရာသည် ပင်လယ်မျိုးနွယ်နှင့် ရေပေါ်ကမ္ဘာနှင့် ဆက်နွယ်ပေးထားသည့် သံရုံးဖြစ်ကြောင်း သိလိုက်၏။ အကယ်၍ တခြားအင်အားစုက ပင်လယ်မျိုးနွယ်နှင့် ဆက်သွယ်လိုလျှင် သူက ဤနေရာသို့ ကျော်ဖြတ်ရမည်။
သို့သော်လည်း ဝမ်ဝေ့က ဤနေရာသို့ တရားဝင် လာရောက်ခြင်း မဟုတ်ပေ။ ထို့ကြောင့် သူက သံရုံးမှဝေးရာ လှိုဏ်ခေါင်း သို့မဟုတ် ဝဲကတော့တစ်ခုဆီ ပျံသန်းသွားလိုက်သည်။ ထိုအရာက တခြားကျင့်ကြံသူများ အသုံးပြုကြသည့် တရားမဝင် ဝင်ရောက်သည့် နေရာတစ်ခု ဖြစ်၏။ ပင်လယ်မျိုးနွယ်က ထိုအပေါက်ကို ပိတ်ဆို့ချင်ကြသော်လည်း တခြားသော ဧကရာဇ်မျိုးနွယ်များက သူတို့အား တစ်ကမ္ဘာလုံးနှင့် အဆက်အသွယ်ဖြတ်မည်ကို ခွင့်မပြုခဲ့ကြပေ။
သူက ထိုဝဲကတော့ဆီ ပျံသန်းလာရင်း သူခန္ဓာကိုယ် ဘယ်နှင့်ညာမှ စုတ်ပြဲလာသည့် အင်အားတစ်ခုကို ခံစားမိလိုက်သည်။ ထိုတွက်ချက်မှုအရ ဤဝဲကတော့အတွင်း အသက်ရှင်ရမည့် အနည်းဆုံးလိုအပ်ချက်က ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ဖြစ်၏။ ထို့အပြင် ပစ္စည်းကောင်းတစ်ခု၏ အကူအညီလည်း လိုအပ်လိမ့်မည်။
သူက ထိုလှိုဏ်ခေါင်းအတွင်းမှ မီတာ သန်းငါးရာအနက်ထိ ရောက်ရှိသွားသည်။
ဘန်း
ဝမ်ဝေ့က သူသည် အကာအရံ တစ်ခုဖြတ်ကျော်ကာ ကမ္ဘာသစ်တစ်ခုအတွင်း ဝင်ရောက်သွားသလို ခံစားမိလိုက်၏။ သူ့ပတ်ဝန်းကျင်က မှောင်မိုက်မနေတော့ပေ။ ထိုအစား သူသည် နေရောင်အောက်တွင်ရှိပြီး မြေပေါ် ရောက်ရှိနေသလို ခံစားလိုက်ရသည်။ အဝေးတစ်နေရာတွင် သူက ရေအောက်တွင် ဆောက်လုပ်ထားသည့် အဆောက်အဦးများကို မြင်လိုက်ရ၏။
တချို့သော ရေအောက်တွင် ဖြစ်သော်လည်း ရေနှင့် ပိုင်းခြားထားသည့် အစီအရင်တချို့ရှိဟန်ပေါ်သည်။ သူက နေရာကျယ်ကြီးနှင့် ကုန်းမြေလောက်ကျယ်ပြန့်သည့် ကျွန်းငယ်အရွယ်အစားလောက် နေရာများကိုလည်း တွေ့လိုက်ရသည်။
သူက ပင်လယ်သတ္တဝါနှင့် လူသားများစွာကို မြင်လိုက်ရ၏။ လူသားအများစုတွင် သူတို့ကို ဖိအားမှ ကာကွယ်ပေးမည့် အကာအရံတစ်ခုရှိနေသည့်အတွက် သတိထားမိဖို့ လွယ်ကူလှသည်။ တချို့လူများက ဝမ်ဝေ့ကဲ့သို့ ခံနိုင်ရည်ရှိကြသောကြောင့် မူမမှန်ဖြစ်ကာ အလွယ်တကူ သတိထားမိဖွယ်ကောင်းလှသည်။
ဝမ်ဝေ့က အချိန်မဖြုန်းဘဲ ကိုယ်ဖျောက်ကာ လူသားမြွေကျွန်းဟုခေါ်သည့် နေရာတစ်ခုဆီ ကူးသန်းသွားလာလိုက်သည်။ ထိုနေရာက လူသားခန္ဓာကိုယ်နှင့် အောက်ပိုင်းတွင် မြွေခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် ထန်ရှယ်မျိုးနွယ်၏ ပိုင်နက် ဖြစ်သည်။
ဝမ်ဝေ့က တိတ်တဆိတ်ဝင်ရောက်ပြီး ပြန်လည်ထွက်ပေါ်ပြီးသည့်နောက်တွင် ထန်ရှယ်မျိုးနွယ်ဝင် တစ်ယောက်က သူ့ရှေ့တွင် ဒူးထောက်လာ၏။
“ သခင်လေး … သခင်လေးရောက်လာတာ မသိလိုက်ဘူး”
“ စိတ်အေးအေးထားပါ။ ငါက ပင်လယ်ကို လျှောက်ကြည့်ချင်ရုံပါပဲ။ မင်းတို့တွေကို ကြိုတင် အကြောင်းကြားမထားဘူး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“ သူရော ဘယ်မှာလဲ” သူက တဲ့တိုးသာ မေးလိုက်၏။
“ စွင်းကျောင်းလုံက ထန်ရှယ်မျိုးနွယ်ဝင်တစ်ယောက်အဖြစ် အယောင်ဆောင်ပြီးတော့ ပုန်းအောင်းနေပါတယ်”
“ သူ ဘာလို့ ဒီကိုရောက်လာတာလဲဆိုတာ သိလား”
“ ကျွန်တော်တို့ သုံးသပ်ထားသလောက် ပင်လယ်ကံကြမ္မာဓားက ထန်ရှယ်မျိုးနွယ်ရဲ့ လက်ထဲမှာရှိတယ်လို့ ထင်တယ်”
ဝမ်ဝေ့နှင့် အရိပ်တပ်ဖွဲ့ဝင်များက ထိုဓား ရှိနိုင်သည့် နေရာသုံးခုကို ကောက်ချက်ချခဲ့ကြသည်။ ပိုင်ရှယ်မျိုးနွယ်သည် ဓား၏ တည်နေရာကို ရှာဖွေနိုင်မည့် ကြယ်တာရာဝိဇ္ဇာမျိုးဆက်ကို အသုံးပြုနိုင်လေသည်။
ဒုတိယတစ်ခုက ဖန်းလုံမျိုးနွယ်ဖြစ်ပြီး ရေဓာတ်ပိုင်ဆိုင်ထားပြီး အဆိပ်ရှိကာ အနက်ရောင်ကြေးခွံများ ပိုင်ဆိုင်ထားသည့် ပင်လယ်နဂါးမျိုးနွယ် ဖြစ်သည်။ သူတို့က ဗလာခေတ်ကာလမတိုင်ခင် ဖန်တီးခဲ့သည့် သတ္တဝါများအနက် ပါဝင်ခဲ့ပြီး ပင်ကိုနတ်ဆိုးများမှ ပုံပြောင်းလာခြင်း ဖြစ်သည်။ ဖန်းလုံက ချိုမပါသည်မှလွဲ၍ နဂါးနှင့် ပုံစံတူလေ၏။
ဖန်းလုံမျိုးနွယ်က မဟာဧကရာဇ် ၆ ယောက်ရှိထားပြီး ပင်လယ်မျိုးနွယ်ထဲ အားအကောင်းဆုံး ဧကရာဇ်မျိုးနွယ်တစ်ခု ဖြစ်သည်။ သူတို့က ဓားကို ကာကွယ်ဖို့ ယုံကြည်ချက်နှင့် စွမ်းအား ရှိကြသည့် တစ်ခုတည်းသော အဖွဲ့ ဖြစ်၏။
နောက်ဆုံးတွင် ထန်ရှယ်မျိုးနွယ် ဖြစ်၏။ သူတို့က မဟာဧကရာဇ်သုံးပါးသာ ရှိကြသော်လည်း ယုံကြည်မှုခေတ်ကာလအတွင်း မဟာဧကရာဇ်တစ်ပါးကို ပြုစုပျိုးထောင်နိုင်ခဲ့သည့် ပထမဆုံးပင်လယ်မျိုးနွယ် ဖြစ်သည်။
ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်၏ သုံးသပ်ချက်အရ ထန်ရှယ်မဟာဧကရာဇ်သည် သူတို့မျိုးနွယ်တစ်ခုလုံး၏ ကံကြမ္မာကို စုစည်းပေးမည့်သူ ဖြစ်နိုင်ချေ အများဆုံးဖြစ်ကာ ဓားကို ဖန်တီးခဲ့သည်ဟု ယုံကြည်ထားကြသည်။
“ သူ့နေရာကို ပြော” ဝမ်ဝေ့က ပြောလိုက်သည်။ သူလိုချင်သည့် သတင်းအချက်အလက်ကို ရရှိပြီးသည့်နောက်တွင် စွင်းကျောင်းလုံ ရုပ်ဖျက်ကာ အယောင်ဆောင်ထားသည့်နေရာဆီ ဦးတည်လာခဲ့၏။ ဝမ်ဝေ့က သူ့လူသားအပေါ်ပိုင်း သွင်ပြင်သည် တကယ့်မျက်နှာနှင့် ကွဲပြားကြောင်း သတိထားမိလိုက်၏။ အဝေးတစ်နေရာမှ သူသည် စွင်းကျောင်းလုံက တခြားသော ထန်ရှယ်မျိုးနွယ်များနှင့် စကားပြောဆိုပြီး မိတ်ဖွဲ့နေသည်ကို ကြည့်နေလိုက်၏။
ထို့နောက် ဝမ်ဝေ့က မျက်လုံးမှိတ်ကာ လူသားကံကြမ္မာ ဓားနှင့် ဆက်နွယ်ပြီး ထိုအရာ၏ စွမ်းအားနှင့်အရှိန်အဝါကို အသုံးပြုကာ တခြားသော ကံကောင်းမှုများကို အာရုံခံစားဖို့ ကြိုးစားကြည့်လိုက်သည်။ သူက စွင်းကျောင်းလုံတွင် တစ်ခုရှိထားသည်ကို ချက်ချင်းခံစားမိလိုက်သော်လည်း ပင်လယ်မျိုးနွယ်၏ အပိုင်ကိုမူ ရှာမတွေ့ပေ။
သူက ဆက်လက် မကြိုးစားတော့ဘဲ လက်လျှော့လိုက်၏။ သူက ဘယ်သူတွင် ဓားရှိသည်ကို သိနိုင်မည့် နည်းလမ်းရှိလေသည်။ အကယ်၍ ထိုအရာ အလုပ်မဖြစ်ပါက သူသည် တာအိုကို သက်သေပြပြီးသည်အထိ စောင့်ဆိုင်းပြီးမှ အရယူနိုင်သည်။
ထို့နောက် ဝမ်ဝေ့က လှုပ်ရှားလိုက်သည်။ သူက ထိုသူတစ်ယောက်တည်းဖြစ်သည်အထိ စောင့်ဆိုင်းပြီးနောက် သူ့နောက်တွင် ပေါ်ထွက်လာကာ သူ ဖန်တီးထားသည့် ကမ္ဘာငယ်အတွင်း ဆွဲခေါ်ခဲ့သည်။ သူ့ကို အပေါ်ယံ ရေမျက်နှာပြင်ဆီ ဆွဲခေါ်သွားချင်သော်လည်း သူက အားအမြောက်အများ သို့မဟုတ် အစီအရင်ကို အသုံးမပြုသရွေ့ ကူးသန်းသွားလာနိုင်မည် မဟုတ်ပေ။
“ ဝမ်ဝေ့” စွင်းကျောင်းလုံက သူ့အသွင်ပြောင်းမှုကို ဖယ်ဖျက်လိုက်ပြီးနောက် ပြောလိုက်သည် “ မင်းက ဘာလို့ ဒီရောက်နေတာလဲ။ မင်းက ဘာလိုချင်လို့လဲ”
သူ့အနေနှင့် မိုရှင်းယွင်က နဝမအဆုံးစွန်အုတ်မြစ်အကြောင်း သူနှင့် တခြားသူများဆီ ရှင်းပြခဲ့၍ သူ့ရှေ့မှလူသည် မည်မျှ မကောင်းဆိုးဝါးဆန်ကြောင်း သိထားသောကြောင့် အလန့်တကြား ဖြစ်နေမိသည်။
“ ငါ့ကို စိတ်အနှောင့်အယှက်ပေးနေတာ တစ်ခုရှိတယ်” ဝမ်ဝေ့က ပြောလိုက်သည် “ လူသားကံကြမ္မာဓားက မင်းကို ဘာလို့ ရွေးချယ်ခဲ့တာလဲ”
“ မင်းက ဘာတွေ လာပြောနေတာလဲ”
“ အဲဒါက မျှတတဲ့မေးခွန်းပါ။ ဘာလို့ မင်းကို ရွေးချယ်ခဲ့တာလဲ”
“ ငါက အကောင်းဆုံးရွေးချယ်မှု ဖြစ်နေလို့နေမှာပေါ့”
“ မင်းကလား။ တကယ်လို့ ဓားရဲ့ အဓိကလိုအပ်ချက်က ပါရမီဆိုရင် မင်းအလှည့် ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး။ တကယ်လို့ အုပ်ချုပ်သူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ဆိုရင် ကျီစုန့်က အဲဒီတုန်းက အိမ်ရှေ့စံဆိုတော့ သူက ပိုပြီးတော့တောင် သင့်တော်သေးတယ်။ မင်းက ဘာလို့ရွေးချယ်ခဲ့တာလဲ။ မင်းက ဘာများ ထူးခြားနေလို့လဲ”
စွင်းကျောင်းလုံက ပြန်မဖြေပေ။ သူ ကိုယ်တိုင်လည်း ထိုမေးခွန်းကို ထပ်ခါထပ်ခါ မေးကြည့်ခဲ့သော်လည်း ကျေနပ်လောက်သည့်အဖြေ မရရှိခဲ့ပေ။
“ ငါ ပြောပြမယ်။ လူသားဧကရာဇ်က ဒီဓားရဲ့ သခင် မဟုတ်ဘူး။ ဘယ်သူကမှ ဒီဓားရဲ့ သခင်မဟုတ်ဘူး။ ဒါပေမဲ့ ဖန်တီးသူအနေနဲ့ သူက အမိန့်ပေးနိုင်အောင် လွှမ်းမိုးမှုရှိတယ်။ အဲဒါကြောင့် တစ်ခုခုလုပ်ဆောင်ဖို့ နောက်ခံအနေနဲ ချန်ထားခဲ့တာပဲ။ အဲဒါက ဘာမှန်းမသိပေမဲ့ မှန်းဆချက်မှု တချို့တော့ ရှိတယ်။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာတော့ အရေးမကြီးဘူး။ သူ့အစီအစဉ်ကို အောင်မြင်ဖို့ သူက အခွံလွတ်တစ်ခုကို လိုအပ်တယ်။ ဒါပေမဲ့ အဲဒီလူက တိကျတဲ့ လိုအပ်ချက်တွေနဲ့ ပြည့်မှီရမယ်။ ပါရမီရှိပေမဲ့ အရမ်းကြီး မထူးချွန်နေရဘူး။ ဉာဏ်ကောင်းပြီးတော့ ဉာဏ်များပေမဲ့ တာအိုနယ်ရှင်လောက် မဟုတ်ရဘူး။ နောက်ခံအင်အား တောင့်တင်းပေမဲ့ ဒိုင်မေးရှင်းအမြင့်မှာ အားကောင်းတဲ့သူ ရှိတာ မဟုတ်ရဘူး။ ငါ ဒါတွေ ဘာလို့ပြောနေတာလဲဆိုတာ သိပြီလား”
“ ထိန်းချုပ်ဖို့ လွယ်ကူတဲ့သူ” စွင်းကျောင်းလုံက အံကြိတ်ကာ ထပ်ပြောလိုက်၏။
“ မှန်တယ်”
“ ဒါက ဘာမှမဟုတ်ဘူး။ သက်သေလည်း မရှိဘူး” စွင်းကျောင်းလုံက အသက်ပြင်းပြင်းရှူကာ ပြန်လည်ချေပလိုက်သည်။ သူက ထိုစကားများကို သူ့စိတ် သို့မဟုတ် တာအိုနှလုံးသားများအပေါ် သက်ရောက်ခွင့်ပေးမည် မဟုတ်ပေ။
“ အမှန်ပဲ။ ကံဆိုးတာက မင်း ယုံယုံ မယုံယုံ ဂရုမစိုက်ဘူး။ ငါ လာတာက ငါ့အနာဂတ်အတွက် ဖြစ်နိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားဖို့ပဲ”
သူ့ဘိုးဘေးက တခြားသောကောင်းကင်ရွေးချယ်ခံများကို သုတ်သင်ခြင်းနှင့် ပတ်သက်ပြီး သတိပေးခဲ့သည်။ ထိုအရာက ခေတ်ကာလသားတော်အနေဖြင့် အဆင့်အတန်းအပေါ် သက်ရောက်မှု ရှိလာနိုင်၏။ ဝမ်ဝေ့ကလည်း သဘောတူလေသည်။ အထူးသဖြင့် ခေတ်ကာလသားတော်၏ ကံကောင်းမှုက သူ့ကို မဟာဧကရာဇ်များ၏ လက်ထဲမှ ကယ်ပြီးသည့်နောက်တွင် ဖြစ်၏။
သို့သော်လည်း လူတချို့ကမူ အသက်ရှင်လျက်ထားဖို့ အန္တရာယ်များလွန်းသည်ဟု ခံစားမိသည်။ သူတို့က မတည်ငြိမ်သည့် အချက်တစ်ခု ဖြစ်နေ၏။ ထို့ကြောင့် သူတို့ ကြီးထွားမလာခင် ဖယ်ရှားပစ်လိုသည်။ ပြောရလျှင် တစ်ယောက်၊ နှစ်ယောက်ကို သတ်ပစ်သည်က သူ့အဆင့်အတန်းအပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။
သူက စွင်းကျောင်းလုံဆီ ပြေးကာ ထိုးချလိုက်သည်။ သူ့လှုပ်ရှားမှုက မြန်ဆန်လွန်းလှသည့်အတွက် ထိုသူက တုံ့ပြန်ဖို့ အခွင့်အရေး မရလိုက်ပေ။
ဝုန်း
မဟာဝူတိုင်းပြည်၏ အနာဂတ်အုပ်ချုပ်သူက သွေးအိုင်အဖြစ် ပေါက်ကွဲထွက်သွားပြီး ဘာမှမကျန်ရှိတော့ပေ။ သူ့ဝိညာဉ်နှင့် တာအိုပင် အပါအဝင် ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က နောက်ဆုံးရလဒ်ကို မြင်တွေ့ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်မိသည်။
***