← Chapters

ညှိနှိုင်းခြင်း

Vol. 45 Ch. 627

ညှိနှိုင်းခြင်း

Vol. 45 Ch. 627

“ ဒါက အကြံကောင်းလို့တော့ မထင်ဘူး”

အားလုံးက ဤအစည်းအဝေး၏ အရှိန်အဟုန်ကို ဖျက်ဆီးလိုက်သည့်သူအား လှည့်ကြည့်လိုက်ကြသည်။ ထိုသူက မူလသင်္ကေတနန်းတော်မှ ဆန့်ကျင် ကျင့်ကြံသူဖြစ်သည့် အစီအရင်(၁) ဖြစ်နေသည်။

“ ငါတို့ရဲ့ အပြုအမူတွေက တခြားအလွှာက ငါတို့အလွှာကို ကျူးကျော်တိုက်ခိုက်လာတာမျိုးအတွက် အကြံပြုထားတာ။ ဒါပေမဲ့ အခုထိ ဘာမှဖြစ်မလာသေးဘူးလေ။ ဘာလို့လှုပ်ရှားဖို့ လိုမှာလဲ” အစီအရင်(၁)က ရှင်းပြလိုက်သည်။

အားလုံးက သူ့အား ကြည့်ကာ တစ်ကမ္ဘာလုံး အကျိုးရှိမည့်ကိစ္စကို ဘာကြောင့်သဘောမတူတာလဲဟု စဉ်းစားနေကြ၏။ လူတချို့က ဤအရာသည် ကောင်းကင်အလိုဆန္ဒတိုက်ပွဲမတိုင်ခင် အစီအရင်ကို အသက်သွင်းထားရမည့် အရင်းအမြစ်ပမာဏများပြားမှုကြောင့် ဖြစ်လိမ့်မည်မှန်း မှန်းဆကြည့်မိသည်။

ထိုလူများ၏ မှန်းဆချက်က မှန်ကန်နေ၏။ အစီအရင်(၁)က မူလသင်္ကေတနန်းတော်သည် တဲတဲမျှရှိသည့် အခြေအနေမျှရှိကြောင်း သိထားလေသည်။ အသင်္ချေအင်ပါယာကမ္ဘာ၏ အစီအရင်တာအို တည်ထောင်သူအနေဖြင့် သူတို့သည် အဆင့်အတန်းမြင့်မားပြီး လေးစားခံရသည်။ ကံဆိုးစွာဖြင့် သူတို့ဂိုဏ်းတွင် မဟာဧကရာဇ်နှစ်ပါးသာ ရှိသည့်အချက်က မပြောင်းလဲသွားပေ။

ထို့ကြောင့် အရင်းအမြစ် ခွဲဝေမှုနှင့် ပတ်သက်လာသည့်အခါ မဟာဧကရာဇ်ငါးယောက်နှင့် အထက်ရှိသည့် ထိပ်တန်းဧကရာဇ်မျိုးနွယ်များအဖြစ် သတ်မှတ်ခံရမည်ကို စိုးထိတ်မိ၏။

“ လူအများစုက သဘောတူတယ်ဆိုတော့ ခင်ဗျားရဲ့ ငြင်းဆန်မှုက အဓိပ္ပာယ်မရှိဘူး” ဝမ်ဝေ့က ကြေညာလိုက်သည်။

“ ဒီမျိုးဆက်ရဲ့ လူငယ်တွေက အတော်လေးကို အတ္တကြီးပုံပဲ” အစီအရင်(၁)က ပြန်ပြောလိုက်သည်။

ဝမ်ဝေ့က တည်ငြိမ်နေစဉ် တခြားလူများကမူ သူ့တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြ၏။

“ မင်းက အရိုက်ခံချင်တာလား” မူလအရှင်က ဒေါသဖြင့် မေးလိုက်သည် “ တကယ်လို့ မင်းအရိုက်ခံချင်တယ်ဆိုလည်း ငါက မင်းတို့ဂိုဏ်းဆီ လာပြီးတော့ ရိုက်ပေးမယ်”

အစီအရင်(၁)က ထိုစကားကို ကြားပြီးသည့်နောက်တွင် ဒေါသဖြင့် သီးလုမတတ် ဖြစ်သွားသည်။ သူက အသက်ပြင်းပြင်းရှူကာ စိတ်တည်ငြိမ်အောင် ထိန်းလိုက်ရ၏။

“ ခင်ဗျားတို့ တာအိုအခွင့်အလမ်းဂိုဏ်းက အာဏာသုံးပြီးတော့ ဖိအားပေးချင်နေတာလား။ ကျုပ် ပြောတာ အချက်အလက်ကျတယ်။ လူတချို့ကလည်း အဲလိုခံစားရမှာ ကျိန်းသေတယ်”

“ ဒါက အာဏာသုံးနေတာနဲ့ မဆိုင်ဘူး” မူလအရှင်က ပြန်လည်ချေပသည် “ ငါတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို မလေးစားတာနဲ့ ပတ်သက်နေတာပဲ။ မင်းရဲ့စကားနဲ့ လေသံကို ကြည့်ပြော”

“ ကောင်းပြီ။ ငါ လွန်သွားတယ်ဆိုတာတော့ ဝန်ခံတယ်။” အစီအရင်(၁)က ဝန်ခံလိုက်သည်။

“ ဒါပေမဲ့ ငါပြောတာ အချက်အလက်ကျတယ်။ အခု ဘာမှမဖြစ်သေးဘဲနဲ့ ငါတို့တွေက တုံ့ပြန်လွန်းအားကြီးနေတာ မဟုတ်ဘူးလား။ အပိုတုံ့ပြန်မိနေတာ မဟုတ်ဘူးလား”

“ ခင်ဗျား မပါချင်ဘူးဆိုရင်လည်း ကောင်းပြီလေ” ဝမ်ဝေ့က ဖြတ်ပြောလိုက်သည် “ ခင်ဗျားတို့ဂိုဏ်းကို အစီအရင်ကနေ ဖယ်ချန်ထားခဲ့မယ်”

ထို့နောက် သူက တခြားသူအားလုံးကို ပြောလိုက်သည်။

“ ခင်ဗျားတို့အားလုံးလည်း အတူတူပဲ။ တကယ်လို့ မပါချင်ရင် အဆင်ပြေတယ်။ လူသားကံကြမ္မာဓားကို ကိုင်ဆောင်ထားသူတစ်ဦးအနေနဲ့ အန္တရာယ်ကျရောက်လာတဲ့အခါ တာအိုအခွင့်အလမ်းဂိုဏ်းကို ကာကွယ်ဖို့ အစီအရင်ကို အသက်သွင်းနိုင်တယ်”

“ အဲဒါက အစီအရင် အလုပ်လုပ်တဲ့ပုံ မဟုတ်ဘူး” အစီအရင်(၁)က ပြောသည်။

“ အဲဒါက လူသားမျိုးနွယ်ရဲ့ ကံကြမ္မာနဲ့ ဆက်နွယ်နေပြီးတော့ လူသားတွေကို ကာကွယ်ရမယ်။ တာအိုအခွင့်အလမ်းဂိုဏ်းကို မဟုတ်ဘူး”

သူက မဟာချင်တိုင်းပြည်၏ မြင့်တက်လာမှု တစ်လျှောက်လုံးကို ဖြတ်ကျော်ခဲ့ပြီး အစီအရင် ဖန်တီးမှုကိုလည်း ကြုံတွေ့ခဲ့ရသည်။

“ တာအိုအခွင့်အလမ်းဂိုဏ်းကို အစီအရင်ဗဟိုချက်အနေနဲ့ လုပ်နိုင်တုန်းပဲ။ ပြီးတော့ ခေတ်ကာလရဲ့ သားတော်အနေနဲ့ ဂုဏ်ပုဒ်ကို သုံးပြီးတော့ ကောင်းကင်တာအိုကို ဖျောင်းဖျပြီး ဒီကိစ္စကို သဘောမတူတဲ့သူတွေက လူသားမျိုးနွယ်ကို ဆန့်ကျင်ပြီးတော့ ကာကွယ်ဖို့ မထိုက်တန်ဘူးဆိုတာကိုလည်း ပြောလိုက်မယ်”

ခေတ်ကာလရဲ့ သားတော်က ထိုသို့လုပ်နိုင်သည်လား…

မည်သူကမှ အသေအချာမသိကြပေ။ ကမ္ဘာ၏ သမိုင်းကြောင်းတစ်လျှောက်တွင် လူတချို့ ပေါ်ထွက်ခဲ့ဖူးသော်လည်း ကောင်းကင်တာအိုက တစ်ယောက်တည်းထံ ကံကြမ္မာအားလုံးကို ပေးလိုက်ခြင်းမျိုးက တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။

“ ငါတို့အားလုံး မပါဝင်ဘူးဆိုရင် အဓိပ္ပာယ်မရှိဘူး။ ဒါက ငါတို့ရည်ရွယ်ချက်နဲ့ သွေဖယ်နေတယ်” ဓာတ်ငါးပါးနန်းတော် ဂိုဏ်းချုပ်က ပြောလိုက်သည်။ အကယ်၍ အစီအရင်က အင်အားစုတချို့ကို မကာကွယ်ထားလျှင် နယ်ခြားခြိမ်းခြောက်မှုက သူတို့အား အသုံးပြုကာ အသင်္ချေအင်ပါယာကမ္ဘာသို့ ဝင်ရောက်လာနိုင်သည်။

“ ဂိုဏ်းချုပ် ဝမ်ဝေ့၊ အရင်းအမြစ် ခွဲဝေမှုပြဿနာနဲ့ ပတ်သက်ပြီး စဉ်းစားပြီးသွားပြီလား” သူက ဆက်မေးလိုက်သည်။

“ စဉ်းစားပြီးသွားပါပြီ” ဝမ်ဝေ့က သူတို့အား အင်အားစုတစ်ခုချင်းစီကို သုံးသပ်ထားပြီး အစီအရင် ထိန်းသိမ်းနိုင်ဖို့ အင်အားစုတစ်ခုချင်းစီက ပေးဆပ်ရမည့် အရင်းအမြစ်အကြောင်း ရေးသားထားသည်။

“ အရေအတွက်က ခင်ဗျားတို့ အုပ်စိုးနေတဲ့ နယ်မြေပမာဏနဲ့ အင်အားစုတစ်ခုချင်းစီမှာရှိတဲ့ အရင်းအမြစ် စုစည်းရေးနေရာ ဒါမှမဟုတ် စီးပွားရေးနေရာတွေအပေါ်မှာ အခြေခံထားတယ်”

“ အရေအတွက်က နည်းနည်းများသလိုပဲ”

“ ကျုပ် ပြောတဲ့အတိုင်း ဒါက ခင်ဗျားတို့ အများအမြင်မှာ ပြသထားတဲ့ အရင်းအမြစ်အပေါ် အခြေခံထားတာ။ တကယ်လို့ ခင်ဗျားတို့တွေ လျှို့ဝှက်ထားတဲ့ဟာတွေကို စဉ်းစားကြည့်မယ်ဆိုရင် ဒါက ဘာမှမဟုတ်ဘူး”

မည်သည့်အင်အားစုကမှ သူတို့၏ ချမ်းသာကြွယ်ဝမှုနှင့် အရင်းအမြစ်များအားလုံးကို အများသိအောင် ထုတ်ပြနေသည် မဟုတ်ပေ။ လူများစွာနှင့် ဝန်ထုပ်ဝန်ပိုးကို မျှဝေရမည်ကို စဉ်းစားကြည့်လိုက်လျှင် ဤသို့သော ကိစ္စမျိုးက သိပ်များများစားစား မဟုတ်ပေ။

“ ကျုပ်က နတ်ဆိုးမျိုးနွယ်နဲ့ ပင်လယ်မျိုးနွယ်နဲ့ ပြဿနာတချို့တော့ ရှိတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ နတ်ဆိုးမျိုးနွယ်က နယ်မြေကျယ်ပေမဲ့ အရင်းအမြစ် မရှိဘူးဆိုတာကို သိတယ်။ အဲဒါကြောင့် တာအိုအခွင့်အလမ်းဂိုဏ်းအနေနဲ့ ကျုပ်တို့ရဲ့ ပူးပေါင်းမှုက အသီးအပွင့်တွေ ဖြစ်လာတဲ့အထိ ခင်ဗျားတို့ရဲ့ ဝန်ထုပ်ဝန်ပိုးကို မျှပြီးတော့ ထမ်းပေးမယ်။”

“ မင်းရဲ့ အကူအညီကို ဝမ်းသာစွာ လက်ခံပါတယ်” ရွှေခြင်္သေ့ခေါင်းဆောင်က ပြောလိုက်သည် “ ပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းကို တစ်ရက်ကျရင် ပြန်လည်ပေးဆပ်ပါမယ်လို့ ကတိပေးတယ်”

“ အဆင်ပြေပါတယ်” ဝမ်ဝေ့က နတ်ဆိုးမျိုးနွယ်သည် မာနရှိမှန်းသိ၍ သူ့ကို ပြန်လည်ပေးဆပ်မည့် ကတိစကားကို လက်ခံလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့ပိုက်ဆံများကို ပြန်ရမည့်အရေးကို ငြင်းဆန်နေမည် မဟုတ်ပေ။ ထို့အပြင် သူက အင်အားစုနှစ်ခုကြား သင့်တော်သည့် မဟာမိတ်ဖြစ်ဖို့ရာ လေးစားမှုနှင့်  ဂုဏ်သိက္ခာတချို့ ပေးဖို့လိုကြောင်း နားလည်သည်။

“ ပင်လယ်မျိုးနွယ်အတွက်ကတော့ ခင်ဗျားတို့ရဲ့ ငွေကြေးကို ကြည့်ဖို့က ခက်တယ်။ အဲဒါကြောင့် ခင်ဗျားတို့ကြားမှာပဲ ဝေခွဲလိုက်ပါ”

အိပ်စက်သူများက အားလုံးနည်းတူ ပင်လယ်မျိုးနွယ်အပေါ် အာရုံစိုက်ထားခြင်းမရှိပေ။ ထို့ကြောင့် သူတို့၏ ခွဲဝေမှုအပြီးတွင်ပင် ဝမ်ဝေ့က ရေမျက်နှာပြင်ထက်စာလျှင် လစ်ဟာနေသေး၏။

“ မျိုးနွယ်တစ်ခုချင်းစီက သူတို့ရဲ့ အစီအရင်အတွက် တာဝန်ယူတာ ပိုမကောင်းဘူးလား” ထန်ရှယ်ခေါင်းဆောင်က ဝင်ပြောလိုက်သည်။

“ အမှန်ပဲ” အသင်္ချေအင်ပါယာကမ္ဘာတွင် မဟာဧကရာဇ်ငါးယောက်ရှိထားပြီး အားအကောင်းဆုံး စိတ်ဝိညာဉ်မျိုးနွယ်ဖြစ်သည့် အသင်္ချေစိတ်ဝိညာဉ်တောင်မှ ကိုယ်စားလှယ်က ပြောလိုက်သည်။ သူတို့က စိတ်ဝိညာဉ်မျိုးနွယ်ကိုသာ ဂိုဏ်းအတွင်း လက်ခံလေ့ရှိ၏။

စိတ်ဝိညာဉ်မျိုးနွယ်က လူဦးရေအနည်းဆုံးဖြစ်ကာ သူတို့မျိုးနွယ်၏ အစီအရင်အတွက် ပေးဆပ်ရမည်ဆိုလျှင်ပင် သူတို့အတွက် ပို၍ဈေးချိုလိမ့်မည်။ ထို့ကြောင့် သူတို့က ထိုစကားကို သဘောတူ၏။

“ အဲဒါကို ထည့်စဉ်းစားထားတယ်။ ဒါပေမဲ့ ကိစ္စတွေ ပြီးသွားတဲ့အခါမှာ ကျုပ်တို့လူသားတွေက အများကြီးပေးပြီးတော့ နတ်ဆိုးတွေက ဘာမှမပေးသလို ဖြစ်နေမှာပေါ့”

“ အဲဒါက ဘာမှားလို့လဲ” ဖန်းလုံမျိုးနွယ်ခေါင်းဆောင်က မေးလိုက်သည်။

“ ဒီညီလာခံအောင်မြင်ဖို့အတွက် အမုန်းတရားနဲ့ အငြိုးတရားတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းက အစီအရင်အားလုံးရဲ့ တန်ကြေးကို ထည့်စဉ်းစားဖို့ပဲ။ အဲဒီနည်းနဲ့ဆိုရင် ကျုပ်တို့က တခြားမျိုးနွယ်ရဲ့ အစီအရင်အတွက် ပေးပြီးတော့ ခင်ဗျားတို့အတွက်လည်း ပေးထားပြီးသားဖြစ်သွားမယ်။ အဲဒါက ပြောရမယ်ဆိုရင်တော့ အပေးအယူပေါ့”

ဝမ်ဝေ့က ထိုသို့စကားများ ပြောပြီးသည့်နောက်တွင်ပင် အစီအရင်က ချက်ချင်း အဆုံးသတ်မသွားပေ။ အင်အားစုတချို့က သူတို့ပေးဖို့ လိုအပ်သည့်တန်ကြေးကို စတင်ညှိနှိုင်းလာကြပြီး လူတချို့က စတင်ငြင်းခုန်လာကြသည်။ ထိုအစည်းအဝေးက ကျေနပ်လောက်သည့် အဖြေမရခင်အထိ တစ်လတာ ကြာမြင့်ခဲ့သည်။

ထိုသို့ဆိုလျှင်ပင် ပင်လယ်မျိုးနွယ်က သူတို့၏ အစီအရင် ပြဿနာနှင့် ကိစ္စတချို့ကို အဖြေထုတ်ဖို့ အချိန်ထပ်မံတောင်းဆိုခဲ့သည်။ သို့သော်လည်း သူတို့က ဝမ်ဝေ့၏ လှုံ့ဆော်မှုနှင့် လူသားမျိုးနွယ်၏ ဖိအားအောက်တွင် နှစ်ပတ်မျှသာ အချိန်ရခဲ့၏။

မူလသင်္ကေတနန်းတော်က သူတို့ပေးလိုသည့် တန်ကြေးထက် ပိုမိုပေးဆောင်ရမည်။ အဓိကအကြောင်းအရင်းက သူတို့ဂိုဏ်းသည် သူတို့အဆင့်အတန်းကို အသုံးပြုကာ အရင်းအမြစ်များကို ယူဆောင်ထားလေ့ရှိ၍ ဖြစ်သည်။

အနောက်ပိုင်းကုန်းမြေမှ မိစ္ဆာကျင့်ကြံသူများက ပြဿနာရှာလိုကြသည်။ သို့သော် တိမျိုးနွယ်က သူတို့အား ဖိနှိပ်ကာ ဧကရာဇ်တာအိုစစ်ပွဲနှင့် ခြိမ်းခြောက်ပြီး အကြပ်ကိုင်ခဲ့သည်။

တာအိုအခွင့်အလမ်းဂိုဏ်းအပြင် သူတို့အင်အားစုက အများဆုံး ရင်းနှီးမြှုပ်နှံရသည်။ တိထျန်း ရှိသည့်အတွက် သူတို့က ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် အနိုင်ရနိုင်ချေ အမြင့်ဆုံးဖြစ်ကာ မည်သူကိုမှ ဝင်ရောက်စွက်ဖက်ခွင့်မပေးနိုင်ပေ။

နောက်ဆုံးတွင် အားလုံးက ချောချောမွေ့မွေ့ဖြစ်သွားပြီး အစည်းအဝေးလည်း အဆုံးသတ်သွား၏။

“ ဟူး” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။

“ မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ မင်းက ဘယ်အချိန်မှာ အလျှော့အတင်း လုပ်ရမယ်ဆိုတာကို ကောင်းကောင်းသိတာပဲ”

“ ဒါက အခြေခံသဘောတရားလောက်ပါပဲ”

“ မင်းက ချီယွမ် ငယ်ငယ်တုန်းကနဲ့ တူတယ်။ သူကလည်း အားမသုံးခင် အရင်ဆုံး ဖြေရှင်းကြည့်ဖို့ အမြဲတမ်း ယုံကြည်ထားခဲ့တာ။ အဲဒါက အစောပိုင်းနှစ်တွေမှာ သူ့ရဲ့ ပြစ်ချက် တစ်ခုဖြစ်ခဲ့တာပေါ့။ ကံကောင်းတာက ဓားဧကရီနဲ့ တိုက်ပွဲရူးတို့က သူနဲ့အတူ ရှိနေတော့ သူတို့က သူတုံ့ဆိုင်းနေတဲ့ အခါမျိုးမှာ သူတို့က သူ့ရဲ့ သံမဏိလက်သီးအဖြစ် ဆောင်ရွက်ပေးကြတယ်လေ”

“ သူတို့က တကယ်ကို ပြီးပြည့်စုံတဲ့ သုံးယောက်အတွဲပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“ အမှန်ပဲ။ ချီယွမ်က ငြိမ်လွန်းတယ်။ ဓားဧကရီကကျတော့ မာန်ပါတယ်။ တိုက်ပွဲရူးကကျတော့ အကျိုးသင့်အကြောင်းသင့် ဖြေရှင်းတတ်တယ်”  မူလအရှင်က အတိတ်ကို ပြန်လည်တွေးတောရင်း ပြောလိုက်သည်။

“ မင်းကို သတိပေးရဦးမယ်” မူလအရှင်က ဖြတ်ပြောလိုက်သည်။

“ မင်းရဲ့အစီအစဉ်က မျိုးနွယ်အားလုံးနဲ့ အင်အားစုအားလုံးရဲ့ တရားမျှတမှုကို လိုအပ်တယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ မင်းက တာအိုအခွင့်အလမ်းဂိုဏ်းကဆိုတာကို မှတ်ထားရမယ်”

“ ကျွန်တော် သိပါတယ်။ ပြီးတော့ ကျွန်တော်က မျှတရုံပေါ်ဖို့ပဲ လိုတာပါ။ ဒါပေမဲ့ ဂိုဏ်းက ကျွန်တော်ရဲ့ အဓိကဦးစားပေးပါ”

“ မင်း နားလည်ရင် ပြီးတာပါပဲ။ ဒီလူအိုကြီးတွေက ဆက်တိုက်ပြောနေတာ စိတ်ရှုပ်ဖို့ ကောင်းမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ငါတို့ရဲ့ အသိဉာဏ်နဲ့ သတိကြီးမှုက ငါတို့ပေးနိုင်တဲ့ အဖိုးတန်ဆုံးအရာတွေပဲ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက သူ့ထက် အချိန်ကြာမြင့်စွာနေထိုင်ပြီး တွေ့ကြုံခံစားရသည့်သူများဆီမှ အကြံဉာဏ်ကို ဘယ်သောအခါမှ လျစ်လျူရှုမည် မဟုတ်ပေ။ မူလအရှင်နှင့် စကားစမြည်ပြောဆိုပြီးသည့်နောက်တွင် သူက နောက်ဆုံးသော ပူးပေါင်းမှုကို အတည်ပြုဖို့အတွက်  နတ်ဆိုးမျိုးနွယ်အား ဆက်သွယ်လိုက်သည်။

***

All Chapters