မသေမျိုးနန်းဆောင်
Vol. 45 Ch. 628
ဝမ်ဝေ့က မြောက်ပိုင်းလိပ်နက်ကုန်းမြေမှ နတ်ဆိုးမျိုးနွယ်နှင့် ဆက်သွယ်ဖို့ အစီအစဉ်ကို အသက်သွင်းလိုက်သည်။
“ ဂိုဏ်းချုပ်ဝမ်ဝေ့ … ဓားကို ဘယ်အချိန်ပို့ပေးမှာလဲ” ကျားနက်မျိုးနွယ်ခေါင်းဆောင်က မေးလိုက်သည်။ သူ့အသံထဲတွင် စိုးရိမ်ပူပန်မှုများကို သိုဝှက်ထား၏။
“ အခုပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူက ဂိုဏ်းချုပ် အမှတ်အသားပြားကို အသုံးပြု၍ ဂိုဏ်း၏ ပတ်ဝန်းကျင် အာကာပြင်အား ထိန်းချုပ်ကာ အက်ကြောင်းတစ်ခုဖွင့်လှစ်ပြီး နတ်ဆိုး မျိုးနွယ်စုကြီး နေထိုင်ရာအနီးသို့ ဓားကို ပို့ဆောင်လိုက်သည်။
နတ်ဆိုးမျိုးနွယ်က ထိုအပြုအမူကို အာရုံခံမိ၍ တစ်ယောက်ယောက်ကို ခိုင်းကာ ဓားကို သွားယူခိုင်းခဲ့သည်။ သူတို့က ကျန်ရှိနေသည့် ဆန့်ကျင့်ကျင့်ကြံသူများအား ထိုဓားကို ဘာအမှားအယွင်းမှ မရှိစေရန် စစ်ဆေးခိုင်းလိုက်၏။
“ ကျေးဇူးပါ” ရွှေခြင်္သေ့ခေါင်းဆောင်က အလေးအနက်ပြောလိုက်သည်။ သူမက ထိုဖြစ်စဉ်သည် ပိုမိုခက်ခဲလိမ့်မည်ဟု တွေးထားခဲ့မိပြီး တာအိုအခွင့်အလမ်းဂိုဏ်းက ထိုဖြစ်စဉ်ကို တတ်နိုင်သမျှ နှောင့်နှေးထားပြီး ဓား၏ အကျိုးအမြတ်ကို ယူဆောင်ကာ နတ်ဆိုးမျိုးနွယ်ကို ခေါင်းပုံဖြတ်လိမ့်မည်ဟု ထင်ထားခဲ့မိကြသည်။
သူမ၏ တစ်စိတ်တစ်ပိုင်းက ဓားသည် ပြန်ရောက်လာမည် မဟုတ်ကြောင်း ယုံကြည်ထားပြီး ဂိုဏ်းချုပ်က ထိုစကားများကို အစည်းအဝေးအတွက်သာ ပြောခဲ့သည်ဟု ယုံကြည်ထားသည်။
“ ကျုပ်က သဘောတူညီချက်ကို ဖြည့်ဆည်းပေးလိုက်ရုံပါ” ဝမ်ဝေ့က ပြောသည် “ အခု ကျုပ်တို့ မဟာမိတ်နဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးရအောင်”
ဆွေးနွေးမှုက အချိန်အနည်းငယ် ကြာမြင့်ခဲ့သည်။ မဟာမိတ်အရ အဓိကအားဖြင့် နတ်ဆိုးမျိုးနွယ်ကို တာအိုအခွင့်အလမ်းဂိုဏ်း၏ နာမည် သို့မဟုတ် အာဏာကို အသုံးပြုခွင့်ပေးထားခြင်း ဖြစ်၏။ တခြားအင်အားစုများနှင့် အပေးအယူ လုပ်ခြင်း သို့မဟုတ် အရင်းအမြစ် လဲလှယ်ခြင်းများ ပြုလုပ်သည့်အခါ ခေါင်းပုံဖြတ်ခြင်းမှ ကာကွယ်ဖို့အတွက် သူတို့၏ နာမည် သို့မဟုတ် လွှမ်းမိုးမှုကို အသုံးပြုနိုင်သည်။
သူတို့အနေနှင့် မြောက်ပိုင်းကုန်းမြေ၏ ရှားပါးအရင်းအမြစ်ကို တခြားသူများ သိမ်းပိုက်မည့်အရေးမှ ကာကွယ်နိုင်၏။ သူတို့က ဂိုဏ်း၏ နာမည်ကို အသုံးပြုကာ တခြားသူများ မြောက်ပိုင်းကုန်းမြေ၏ ဝိညာဉ်ချီအများစုကို ကုန်ဆုံးအောင်လုပ်ခြင်းမှ ကာကွယ်နိုင်သလို အခြေအနေကို လျော့ပါးနိုင်သည့် နည်းလမ်းများကိုလည်း အသုံးပြုနိုင်သည်။
မဟာမိတ်၏ အနှစ်ချုပ်အရ နတ်ဆိုးမျိုးနွယ်ကျဆင်းမှု၏ ဇစ်မြစ်ကို ပစ်မှတ်ထားလိုက်ခြင်း ဖြစ်သည်။ သူတို့၏ ကြွယ်ဝချမ်းသာမှုနှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ဖို့အတွက် ဝမ်ဝေ့က ဂိုဏ်းသည် သူတို့၏ အပြောင်းအလဲအသစ်များကို ကူညီပေးဖို့ အားကောင်းသော ကျင့်ကြံသူများကို စေလွှတ်ပေးမည်ဟု ကတိစကားခံခဲ့သည်။ သူ့အနေနှင့် အင်အားစုအများအပြားသည် အပေါ်ယံတွင် သဘောတူညီထားကြသော်လည်း နောက်ကွယ်မှ အဖျက်အမှောင့် လုပ်မည်ကို သိနေ၏။
“ အမှန်အတိုင်းပြောရရင် တကယ်တော့ အံ့အားသင့်မိသား” ရွှေခြင်္သေ့ခေါင်းဆောင်က ပြောလိုက်သည် “ ကြည့်ရတာ ရှင်က ကျွန်မတို့ မျိုးနွယ်ကို အမှန်တကယ် မဟာမိတ်ဖွဲ့ချင်တဲ့ပုံပဲ”
“ နတ်ဆိုးမျိုးနွယ် စည်ပင်ဝပြောလာမှုက တစ်ကမ္ဘာလုံးကို အကျိုးကျေးဇူးရှိတယ်လေ”
သူက ပတ်ဝန်းကျင်ကို ပင်ကိုချီအဖြစ် ပြန်ပြောင်းလဲလိုက်သည်နှင့် နတ်ဆိုးများက ပြန်လည်ရှင်သန်လာလိမ့်မည်။ အကြောင်းမှာ အများစုက သူတို့၏ မျိုးနွယ်နှင့် ရောစပ်ထားသည့် ပင်ကိုသက်ရှိ သွေးမျိုးဆက်များ ပိုင်ဆိုင်ထားကြသည်။ ပင်ကိုချီကို စုပ်ယူခြင်းဖြင့် ထိုနတ်ဆိုးများက လျှို့ဝှက်သွေးမျိုးဆက်ကို အသက်သွင်းလာနိုင်ချေ မြင့်မား၏။
သူ့ ရည်ရွယ်ချက်တစ်ခုက မျိုးနွယ်စုနှင့် အင်အားစုများကြားမှ သဟဇာတနှင့် ငြိမ်းချမ်းမှုကို ရယူပေးဖို့ ဖြစ်သည်။
“ တကယ်လို့ စိတ်ထဲမထားရင် ကျွန်မ တောင်းဆိုချက်တစ်ခု ရှိတယ်” ရွှေခြင်္သေ့ခေါင်းဆောင်က ပြောလိုက်၍ ဝမ်ဝေ့က မျက်မှောင်ကြုတ်သွားသည်။
“ ပြောပါ”
“ ကျွန်မတို့က နတ်ဆိုးမျိုးနွယ် စာသင်ကျောင်းရဲ့ ချီကံကောင်းမှုကို ထိန်းချုပ်ချင်တယ်”
ယခင်နှစ်တစ်သောင်းကျော်အတွင်း သူမက စာသင်ကျောင်း၏ အကျိုးအမြတ်များကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည်။ လူသားများက တိရစ္ဆာန်များကို ဆက်တိုက်ဟောပြောပို့ချပေးပြီးနောက် သူတို့၏ ဉာဏ်ရည်မြင့်မားလာကာ အဆင့်နိမ့် နတ်ဆိုး သို့မဟုတ် နတ်ဆိုးသားရဲများဖြစ်လာကြသည်။ ထိုအပြုအမူက အင်အားစုများအား နတ်ဆိုးတပ်မဟာများမှတဆင့် သူတို့၏ စစ်တပ်စွမ်းအားကို တိုးမြှင့်နိုင်ခဲ့ကြသည်။
သို့သော်လည်း ထိုအရာက အစပိုင်းမျှသာ ဖြစ်၏။ ထိုအင်အားစုများက အဆင့်နိမ့် နတ်ဆိုးများကို ကျင့်ကြံဆင့်အနေနှင့် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ပြီး စားသုံးဖို့ အတင်းအကြပ် လုပ်ဆောင်ခဲ့လျှင် သူတို့အနေဖြင့် နတ်ဆိုးတစ်ကောင်ကို ပြုစုပျိုးထောင်ဖို့ အရင်းအမြစ်များများ သုံးစရာမလိုပေ။
ထိုသို့ တခြားကုန်းမြေ လေးခုတွင် နတ်ဆိုးသားရဲအရေအတွက် များပြားလာခြင်းက ကမ္ဘာ၏ ကျွမ်းကျင်ဆိုင်ရာ အတတ်ပညာများအားလုံးကို တိုးမြှင့်လာစေခဲ့သည်။ ပြောရလျှင် နတ်ဆိုးသားရဲ၏ ခန္ဓာကိုယ်များက ဆေးလုံးများ၊ အစီအရင်များ၊ လက်နက်များနှင့် အဆောင်များအတွက် ပင်မ ပါဝင်ပစ္စည်း ဖြစ်နေ၏။ အဆောင်က အများဆုံး အကျိုးကျေးဇူး ရရှိလေသည်။ သူတို့က သင်္ကေတများ ရေးထွင်းဖို့ ဝိညာဉ်ချီရှိသည့် စာရွက်ကို လိုအပ်ကာ နတ်ဆိုးမျိုးနွယ်၏ အရေခွံက ထိုအတွက် အသင့်တော်ဆုံးပစ္စည်း ဖြစ်၏။
သားရဲပျိုးထောင်ရေးတောင်ကြား၏ စီးပွားရေးကလည်း ချက်ကောင်းထိခဲ့သည်။ အကြောင်းမှာ သူတို့က နတ်ဆိုးသားရဲဈေးကွက်ထိန်းချုပ်မှု ပျောက်ဆုံးသွား၍ ဖြစ်သည်။ အင်အားစု အများစုက သူတို့အပေါ် မှီခိုစရာမလိုတော့ဘဲ စာသင်ကျောင်းကို အသုံးပြုကာ နတ်ဆိုးသားရဲများကို ပညာပေးပြီး သူတို့၏ သစ္စာရှိမှုကို ရယူနိုင်သည်။
“ မရဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ သူ့လေသံက အခိုင်အမာ ဖြစ်နေ၏။
“ကျောင်းတော်က နတ်ဆိုးမျိုးနွယ်အတွက် ကျောင်းတော်သဘောတရားကို ထိန်းချုပ်ထားသလိုမျိုး ကျုပ်တို့ ဂိုဏ်းကလည်း ပင်လယ်မျိုးနွယ်လိုမျိုး တခြားမျိုးနွယ်တွေအပါအဝင် ကိစ္စအားလုံးကို ထိန်းချုပ်ထားရမယ်”
ဝမ်ဝေ့က မျိုးနွယ်စုတစ်ခုချင်းစီသည် သူ၏ အစီအစဉ်ကို လိုက်ကူးယူပြီး ကိုယ်ပိုင် စာသင်ကျောင်း ဖန်တီးသည်ကို သဘောမကျပေ။ ကောင်းကင်တာအိုသည် မူပိုင်ချိုးဖောက်မှုကို ကာကွယ်ဖို့အတွက် ကမ္ဘာကြီး၏ စည်းမျဉ်းကို ပြောင်းလဲသင့်သည်ဟု ခံစားမိ၏။ ထိုသို့ဖြင့် အကြံအစည်တစ်ခုကို ဖန်တီးပြီးသည့်နောက်တွင် တခြားမျိုးနွယ်များက လိုက်မလုပ်မိအောင် ကာကွယ်ထားနိုင်မည် ဖြစ်သည်။
“ ကျွန်မလည်း အဲလိုတော့ ထင်မိပါတယ်” ရွှေခြင်္သေ့ခေါင်းဆောင်က ပြောလိုက်သည် “ ဒီလိုဆိုရင် မြေခွေးမျိုးနွယ်ကို ကျွန်မတို့ဆီ ပြန်ပေးရင်ရော ဘယ်လိုလဲ”
ဝမ်ဝေ့က ချက်ချင်းပြန်မဖြေဘဲ စဉ်းစားလိုက်သည်။ အမြီးကိုးချောင်းမြေခွေးမျိုးနွယ်က လတ်တလော သူ့စိတ်ထဲ ရှိနေခဲ့သည်။ သူ့အစီအစဉ်သာ ပြီးမြောက်သွားသည်နှင့် ဝမ်၊ လီနှင့် ယန်းမျိုးနွယ်တို့ဘက်မှ ဧကရာဇ်အရေအတွက် တိုးမြှင့်လာမည်ဖြစ်ကာ ဂိုဏ်းထဲ အာဏာတိမ်းစောင်းမှု ဖြစ်လာနိုင်သည်။
ထို့ကြောင့် သူက အမှုထမ်းဘက်မှ အာဏာ ဖန်တီးနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေလို၏။ သူ့ ပထမဆုံးအစီအစဉ်က မြေခွေးမျိုးနွယ်ကို သူတို့၏ အင်အားစုထဲ ထည့်သွင်းဖို့ရာ ဖြစ်သည်။ ထိုသူနှစ်ဖွဲ့ဖြင့် သူတို့၏ မဟာဧကရာဇ် ပြုစုပျိုးထောင်နိုင်မည့် အခွင့်အရေးက တိုးမြင့်လာလိမ့်မည်။
သို့သော်လည်း မြေခွေးမျိုးနွယ်က မဟာဧကရာဇ်တစ်ပါးကို ပြုစုပျိုးထောင်လိုက်သည်နှင့် ဂိုဏ်း၏ အမှုထမ်းဘက်မှ ထောက်ခံပေးရမည့်အစား လေးခုမြောက် အင်အားစုဖြစ်လာမည်ကို စိုးထိတ်မိသည်။ သူတို့၏ မျိုးနွယ်ကွဲပြားမှုအရ ပြဿနာ ဖြစ်နိုင်ချေမြင့်မား၏။
အင်အားစုသုံးခုက ဂိုဏ်းကို ထိန်းချုပ်ဖို့ လွယ်ကူသည်မှာ အဓိကဖြစ်ရပ်များတွင် မဲပေး၍ ဆုံးဖြတ်နိုင်သည်။ သို့သော် လေးခုကား အရှုပ်အထွေးများ ဖြစ်လာနိုင်၏။
“ သူတို့ကို ဘာလို့ ပြန်လိုချင်တယ်ဆိုတာကို နားလည်ပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
ဧကရာဇ်သွေးမျိုးဆက်က နတ်ဆိုးမျိုးနွယ်အတွက် အလွန်အရေးပါ၏။ မဟာဧကရာဇ်က တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူတို့မျိုးနွယ်တစ်ခုလုံး၏ သွေးမျိုးဆက်က အကျိုးကျေးဇူး ရှိလာလိမ့်မည်။ ထိုအရာက လူသားအတွက် အတူတူသာဖြစ်သော်လည်း မဟာဧကရာဇ်များက ဂိုဏ်းများ သို့မဟုတ် မျိုးနွယ်စုများ၏ ကံကောင်းမှုအပေါ် ပိုသက်ရောက်မှုရှိစေ၍ သိပ်မသိသာပေ။
“ ဒါပေမဲ့ လက်ရှိအခြေအနေက ခင်ဗျားတို့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကို ပြနေတာပဲ။ တကယ်လို့ သူတို့ကို ပြန်လာစေချင်တယ်ဆိုရင် မြေခွေးမျိုးနွယ် ခေါင်းဆောင်နဲ့ပဲ ဆက်သွယ်ပြီး ဖျောင်းဖျလိုက်ပါ”
ရွှေခြင်္သေ့ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး ထိုကိစ္စမှာ မအောင်မြင်နိုင်ကြောင်း သိလိုက်သည်။ သူတို့၏ မျိုးနွယ်က မြေခွေးမျိုးနွယ်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့သည့်အတွက် သူတို့က ဘက်ပြောင်းသွားရုံမှအပ ရွေးချယ်စရာမရှိခဲ့ခြင်း ဖြစ်သည်။
“ ကျွန်မ ကြိုးစားကြည့်ပါမယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သော်လည်း ဆက်မပြောတော့ပေ။ မဟာမိတ်သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပြီးသည့်နောက်တွင် သူက စကားဝိုင်းကို အဆုံးသတ်လိုက်၏။
“ မြေခွေးမျိုးနွယ်နဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ။” မူလအရှင်က မေးလိုက်သည်။
“ ဘာမှတော့ မဆုံးဖြတ်ရသေးဘူး။ ဒါပေမဲ့ သူတို့ကို ထာဝရအိပ်မက်ဂိုဏ်းလိုမျိုး မဟာမိတ်ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ထားတယ်”
“ သူတို့ နတ်ဆိုးမျိုးနွယ်ဆီ ပြန်သွားမှာကို မစိုးရိမ်ဘူးလား”
“ သူတို့ ပြန်သွားမယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ မဟာဧကရာဇ်တစ်ယောက် ပြုစုပျိုးထောင်ပြီးမှပဲ ဖြစ်နိုင်တယ်။ အဲဒီမတိုင်ခင် သူတို့ကို ကျွန်တော်တို့ အကောင်းဆုံး ထောက်ပံ့ပေးဖို့ လိုတယ်။ မျိုးဆက်တွေ ကြာပြီးတဲ့အချိန်မှာ သူတို့အောင်မြင်သွားတဲ့အချိန် ကျွန်တော်တို့မှာ ခိုင်မာတဲ့ မဟာမိတ် ရှိလာလိမ့်မယ်”
“ မင်းက ရေရှည် တွေးထားတာ ကောင်းတယ်” မူလအရှင်က နှစ်သိန်းဂဏန်းမျှသာ နေရသေးသည့် ဝမ်ဝေ့လိုမျိုး လူငယ်များသည် ရေရှည်ထည့်စဉ်းစားသည်မှာ ရှားပါးမှန်း သိထား၏။
“ ဒါနဲ့ ကျွန်တော်တို့တွေ နဂါးအုပ်ချုပ်ရေးချီကို ကျင့်ကြံတဲ့သူကို ရှာတွေ့ပြီလား”
“ တွေ့ပြီ”
“ နောက်ထပ် ထာဝရအရှင်များလား”
“ မဟုတ်ဘူး။ အဲဒါက စည်းပိတ်ထားတဲ့ ဧကရာဇ်တစ်ပိုင်းပဲ။ သူက ချီနဲ့ ပြည့်ပြည့်စုံစုံ သင့်တော်နေတယ်”
“ သေမျိုးတွေက မသေမျိုးချီကို သူတို့ဘာသာသူတို့ သန့်စင်နိုင်လား။ မသေမျိုးတစ်ယောက် လုပ်ဆောင်တာနဲ့ မဟာဧကရာဇ်အကူအညီနဲ့ လုပ်ဆောင်တာနဲ့ ကြားမှာ ဘာကွာခြားမှု ရှိလဲ”
“ ရှိတာပေါ့” မူလအရှင်က ပြန်ဖြေလိုက်သည် “ အဓိကပြဿနာက မသေမျိုးနန်းဆောင်ပဲ။ ထာဝရအရှင်တွေက ဝိညာဉ်ချီလိုမျိုး ပြင်ပ စွမ်းအင်အရင်းအမြစ်ကနေပြီးတော့ ပြောင်းလဲပြီးတော့ ချီကို ထုတ်လုပ်ပေးဖို့ အဲဒါကို လိုအပ်တယ်။ သေမျိုးတွေအနေနဲ့ မသေမျိုးချီကို သန့်စင်တဲ့ ပြဿနာက သူတို့တွေက မသေမျိုးနန်းဆောင်ကို ဖန်တီးဖို့ ကြိုးမျှင်တစ်ခုထဲအပေါ်မှာ အမြဲလိုလို မှီခိုထားကြတာပဲ။
အဲဒီဖြစ်စဉ်က အချိန်အကြာကြီး လိုအပ်တယ်။ အဲဒီနောက် သူတို့ရဲ့ ခန္ဓာကိုယ်က မသေမျိုးနန်းဆောင်ရဲ့ စွမ်းအားကို တောင့်ခံနိုင်ဖို့ အားကောင်းရဲ့လား ဒါမှမဟုတ် သူတို့ရဲ့ဝိညာဉ်က ထိန်းချုပ်ဖို့ အားကောင်းရဲ့လားဆိုတာကိုလည်း ထည့်စဉ်းစားရမယ်။
အဲဒီကိစ္စတွေ ပြီးသွားတယ်ဆိုရင် သူတို့က မသေမျိုးစမ်းသပ်ချက်မှာ အသက်ရှင်ပြီး ကျော်ဖြတ်ရမယ်” မူလအရှင်က ပြောလိုက်ပြီးနောက် ခေတ္တရပ်တန့်သွားသည်။
“ တကယ်လို့ ထာဝရအရှင်က ချီအသစ်ကို သန့်စင်ချင်ရင် သူတို့အနေနဲ့ မသေမျိုးနန်းဆောင်က ချီအသစ်ကို နေသားကျအောင် လုပ်ပြီးတော့ ဒီဟာကို ထိန်းချုပ်နိုင်လောက်အောင် နားလည်နိုင်စွမ်းရှိဖို့ပဲ လိုတယ်။
မဟာဧကရာဇ်တွေအနေနဲ့ဆိုရင် သူတို့က လူတစ်ယောက်အတွက် အသင့်တော်ဆုံး မသေမျိုးနန်းဆောင်ကို သန့်စင်ပေးနိုင်ပြီးတော့ အောင်မြင်နိုင်ချေကလည်း မြင့်မားတယ်။ မင်းလည်း သိပါတယ်။ ထာဝရအရှင်တွေနဲ့ ပွင့်ချပ်အင်အားတွေကို ညွှန်ပြတဲ့အရာမျိုးပေါ့”
ဝမ်ဝေ့က သူ့ဆိုလိုရင်းကို နားလည်လိုက်သည်။ ချီ၏ သန့်စင်မှုက မြင့်မားလေလေ ထာဝရအရှင်၏ ပွင့်ချပ်အဆင့်က မြင့်မားလေလေဖြစ်၏။ တခြားနည်းဖြင့် ဆိုရလျှင် မဟာဧကရာဇ် သန့်စင်ပေးထားသည့် မသေမျိုးနန်းဆောင်က ကျင့်ကြံသူများအား ပွင့်ချပ်ကိုးလွှာ ထာဝရအရှင် ဖြစ်လာနိုင်ချေရှိ၏။
“ အဲဒီဖြစ်စဉ်ကို အရှိန်မြှင့်နိုင်မဲ့နည်းလမ်းရော သိလား” ဝမ်ဝေ့က မေးလိုက်သည်။
“ ရှိတယ်။ ငါတို့တွေ မသေမျိုး၊ တာအိုနဲ့ ပင်ကိုအရင်းအမြစ်တွေကို သုံးပြီးတော့ မသေမျိုးနန်းဆောင်ကို ဖန်တီးနိုင်တယ်”
“ ဒါက ပင်ကိုအရင်းအမြစ်တွေရဲ့ တကယ့်ရည်ရွယ်ချက်ကိုး”
“ ဟုတ်တယ်။ သူတို့က သေမျိုးတွေအတွက်ဆိုရင်တော့ အလကားပဲ” ပင်ကိုအရင်းအမြစ်များက မဟာတာအိုအရင်းအမြစ် နားလည်နိုင်စွမ်း၏ အကူအညီဖြင့် ချီကို တိုးမြှင့်ပေးနိုင်သောကြောင့် မသေမျိုးအဆင့် ပုဂ္ဂိုလ်များ အသုံးပြုဖို့ ပိုသင့်တော်ပေသည်။
ဝမ်ဝေ့က ထိုစကားကို သဘောတူ၏။ ပင်ကိုနှင့် ဟွင်သွမ်းရတနာများက ကောင်းကင်ရွေးချယ်ခံများကြား နာမည်ကျော်ကြားခြင်းမှ သူတို့သည် အသုံးပြုရခက်သည့် ဧကရာဇ်ရတနာများထက် သူတို့၏ အင်အားကို ပိုမိုတိုးမြှင့်ပေးနိုင်၍ ဖြစ်သည်။
ထို့နောက် သူက မူလအရှင်အား နှုတ်ဆက်ကာ ထွက်လာလိုက်၏။
“ လီကျွင်းနဲ့ လီလင်း ပြန်လာပြီလား။ ငါ သူတို့ကို သွားတွေ့ရမယ်”
…………………………
မြောက်ဘက်လိပ်နက်ကုန်းမြေ၊ နတ်ဆိုးမျိုးနွယ်မဟာမိတ်
အစည်းအဝေးအပြီးတွင် ခေါင်းဆောင်များနှင့် အကြီးအကဲများက အစည်းအဝေးတွင် ထွက်ပေါ်လာခြင်း မရှိသော်လည်း အရာအားလုံးကို မြင်ထားသည့် လူတစ်ယောက်အား ကြည့်လိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ လက်ရှိ ရှိနေသည့်သူအားလုံးက သူ့အတွက် လေးစားမှု၊ အံ့ဩမှုများ ရှိနေဟန်ပေါ်သည်။
“ မင်းရော ဘယ်လိုထင်လဲ”
***