အောင်းရှန်
Vol. 45 Ch. 629
“ သူက တစ်ခုခုကြံစည်နေတာပဲ” အောင်းရှန်က ပြောလိုက်သည် “ ပြီးတော့ အရေးကြီးတဲ့အရာတစ်ခုခု … တစ်ကမ္ဘာလုံးကို ဆွဲသွင်းထားလောက်တဲ့အထိအရာမျိုး။ ကောင်းကင်တာအိုကလည်း အဲဒီဟာရဲ့ အရိပ်အမြွက်ကို သိထားပြီးတော့ သူ့အပြုအမူတွေကို ထောက်ခံပေးနေတယ်”
“ အဲလိုဆိုရင် သူ့ကို ခေတ်ကာလရဲ့ သားတော်အဖြစ် ရွေးချယ်လိုက်တာ ရှင်းပြပြီးသားဖြစ်သွားပြီ။ ဒါပေမဲ့ ငါတို့ နတ်ဆိုးမျိုးနွယ်က သူ့အစီအစဉ်မှာ ဘယ်ကဏ္ဍကနေ ဝင်ပါမှာလဲ”
“ ကျုပ်လည်း မသိဘူး။ ဒါပေမဲ့ မျိုးနွယ်စုတွေကြားမှာ သဟဇာတဖြစ်ဖို့ လိုတဲ့ပုံပဲ” အောင်းရှန်က ဆက်ပြောလိုက်သည်။
“ ဒီလိုဆိုရင် ငါတို့တွေ မဟာမိတ်ကို ဘယ်လိုဆက်ဆံသင့်လဲ” ရွှေခြင်္သေ့ခေါင်းဆောင်က မေးလိုက်၏။
အောင်းရှန်က ချက်ချင်းပြန်မဖြေဘဲ မျိုးနွယ်စု၏ အနာဂတ်ကို စဉ်းစားလိုက်သည်။
သိုင်းပညာအုပ်စိုးသူကမ္ဘာတွင် ကုန်ဆုံးခဲ့သည့်အချိန်များက သူ့အတွက် အကျိုးကျေးဇူး အမြောက်အများ ရရှိခဲ့သည်။ ထိုနေရာသို့ ရောက်ရှိပြီးသည့်နောက်တွင် သူက ပုန်းအောင်းဖို့ သင်ယူခဲ့ပြီး ကျွမ်းကျင်လာခဲ့သည်။ သို့သော် ဖြည်းဖြည်းချင်းဖြင့် သူ့ဇစ်မြစ် ပေါက်ကြားသွားကာ ထွက်ပြေးဖို့ ဖိအားပေးခံခဲ့ရသည်။
အောင်းရှန်က ဆက်တိုက်ထွက်ပြေးကာ အသက်ရှင်ရင်းဖြင့် ပိုမိုအားကောင်းကာ ဉာဏ်များပြီး အကွက်ကျကျ စီစဉ်တတ်လာသည်။ သူ့ဆီမှ ဘာမှမလိုချင်ဘဲ လိုလိုလားလား ကာကွယ်ပေးသည့် ဧကရာဇ်မျိုးနွယ်တစ်ခု၏ ယုံကြည်မှုကို ရယူကာ ကြာကြာအသက်ရှင်နိုင်ခဲ့သည်။ သူက ကံအပြောင်းအလဲ အခွင့်အရေးများစွာကိုလည်း လက်ခံရရှိခဲ့၏။
“ မဟာမိတ်က ကျုပ်တို့အတွက် မျက်နှာသာပေးထားတဲ့ပုံပဲ။ ဒါပေမဲ့ ကျုပ်တို့အဖွဲ့ဝင်တချို့ရဲ့ အငြိုးတရားတွေကို လျော့ပါးအောင် လုပ်ရမယ်”
အောင်းရှန်က မျိုးနွယ်အများစုသည် လူသား၏ အကူအညီကို လက်မခံလိုကြောင်း သိထားသည်။ နှစ်သန်းထောင်ချီ ဒုက္ခများစွာ ခံစားလာရပြီးသည့်နောက် အဖွဲ့ဝင်အများစုက လက်စားချေလိုကြ၏။ သူတို့က အသင်္ချေအင်ပါယာကမ္ဘာကို လွှမ်းမိုးကာ တခြားမျိုးနွယ်များလည်း တူညီသည့် ကံတရားကို ခံစားစေလိုကြသည်။
အစောပိုင်းနှစ်အတွင်း အောင်းရှန်သည်လည်း ထိုလူများကဲ့သို့ အတူတူ ခံစားခဲ့ရ၏။ သို့သော် သူ အရွယ်ရောက်လာပြီး ကမ္ဘာ၏ အမှန်တရားကို သိလာပြီးသည့်နောက်တွင် ထိုတာဝန်က မည်မျှခက်ခဲကြောင်း သဘောပေါက်သွားခဲ့သည်။
ဧကရီဝူနှင့် အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်တို့လို ထာဝရဧကရာဇ်မျိုးကသာ နတ်ဆိုးမျိုးနွယ်၏ ရည်မှန်းချက်ကို ရယူနိုင်သည်။ သို့သော်လည်း တခြားသော ပြဿနာများ ထည့်စဉ်းစားဖို့ လိုအပ်လေ၏။ အကယ်၍ သူက လူသားမျိုးနွယ်ကို အသင်္ချေအင်ပါယာကမ္ဘာ၏ ဇာတ်လိုက်မှ ဖယ်ထုတ်ခဲ့လျှင် အားအကောင်းဆုံး အင်အားစုများ၏ တည်ထောင်သူများက ဝင်ရောက်စွက်ဖက်လိမ့်မည်။
အောင်းရှန်က ထိုဂိုဏ်းများ၏ အစစ်အမှန် အုတ်မြစ်သည် တက်လှမ်းသွားသည့်သူများဖြစ်ကာ ဒိုင်မေးရှင်းအမြင့်တွင် ပိုမိုမြင့်မားသည့်အဆင့်တွင် ရှိထားသည့်သူများဖြစ်ကြောင်း သိထားသည်။ ထိုလူများက သူတို့၏ အင်အားစု ပျက်သုဉ်းမှု သို့မဟုတ် လူသားမျိုးနွယ် ကျွန်ပြုခံရမှုကို ဘယ်သောအခါမှ ခွင့်ပြုမည် မဟုတ်ပေ။
အောင်းရှန်က အမှန်တရားကို သိလာပြီးသည့်နောက်တွင် စိတ်ဓာတ်ကျလာမိ၏။ လွန်ခဲ့သည့် နှစ်ရာပိုင်းခန့်က သူသည် ဒိုင်မေးရှင်းအနိမ့် ပိတ်ဆို့မှုအကြောင်း သိခဲ့စဉ်အခါက သူ့အစီအစဉ်သည် အလုပ်ဖြစ်မည်ဟု တွေးခဲ့မိသည်။ သို့သော်လည်း သူ့သတိထားမှုက ကိစ္စများအား သေသေချာချာ ဆန်းစစ်ပြီးသည့်နောက်တွင် သူ လူသားမျိုးနွယ်ကို သုတ်သင်ပြီးပါက အကျိုးဆက်ကို ခံရမည့်သူက သူသာ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ထိုတည်ထောင်သူများနှင့် ယခင်ဧကရာဇ်များက ဒိုင်မေးရှင်းအမြင့်တွင် သူ့ကို အသက်ရှင်သန်ခွင့်ပေးမည် မဟုတ်ပေ။ အောင်းရှန်က သူ့ ကျင့်ကြံရေးခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းလိုသည့်အတွက် ဒိုင်မေးရှင်းအနိမ့်တွင် ပုန်းအောင်းမည့် ဖြစ်နိုင်ချေကိုလည်း ဖယ်ထုတ်ခဲ့သည်။
အခြေအနေကို သုံးသပ်ပြီးသည့်နောက်တွင် အောင်းရှန်က သူသည် ပင်မရည်ရွယ်ချက်ကို ပြောင်းလဲဖို့ လိုအပ်နေပြီး အမုန်းတရားဖြင့် အမှောင်မဖုံးသင့်ကြောင်း သဘောပေါက်သွားသည်။ ထာဝရဧကရာဇ်ဖြစ်လာပြီးသည့်နောက်တွင် သူ့ရည်မှန်းချက်က နတ်ဆိုးမျိုးနွယ်ကို စည်ပင်ကြွယ်ဝချမ်းသာအောင် လုပ်ပြီး တခြားအင်အားစုများနှင့် ယှဉ်ပြိုင်နိုင်စေဖို့ ဖြစ်သည်။ သူက ရောက်ရှိလာမည့် ခေတ်ကာလ၏ ရှားပါးအခွင့်အရေးကို အသုံးချကာ နတ်ဆိုးမျိုးနွယ်အား ထိုခေတ်ကာလကို အုပ်စိုးဖို့ သေချာအောင် လုပ်ဆောင်ပေးရမည်။
နှစ်များစွာ ကြွယ်ဝချမ်းသာပြီးသည့်နောက်တွင် နတ်ဆိုးမျိုးနွယ်က သူ့အလိုလို အားပြန်ပြည့်လာမည်ဖြစ်ကာ ကမ္ဘာ၏ အားအကောင်းဆုံး အင်အားစုတစ်ခု ဖြစ်လာလိမ့်မည်။
“ ငါလည်း သူတို့အကြောင်း စိုးရိမ်မိတယ်” ကျားနက်မျိုးနွယ်၏ ခေါင်းဆောင်က ပြောလိုက်သည်။ မျိုးနွယ်စုများထံ အမုန်းတရားက နက်ရှိုင်းနေပြီဖြစ်ကာ မဟာမိတ်အပေါ် သက်ရောက်မှုရှိလာနိုင်၏။
“ ကျုပ် အခြေအနေကို ရှင်းပြလိုက်မယ်” အောင်းရှန်က ပြောလိုက်သည် “ ဒါပေမဲ့ နတ်ဆိုးမျိုးနွယ်တစ်ခုလုံးအတွက် သူတို့ဘာသာသူတို့ မထိန်းချုပ်နိုင်ဘူးဆိုရင် ကျုပ်တို့တွေ သူတို့ကို သုတ်သင်ပစ်မယ်”
“ အဲဒါလိုလို့လား”
“ အခြေအနေတစ်ခုလုံးကို ရှင်းပြပြီးသွားပြီ။ အဲဒါကြောင့် အမုန်းတရားက ကျုပ်တို့အနာဂတ်အတွက် နှောင့်နှေးစေတယ်ဆိုတာကို နားလည်ထားသင့်တယ်”
“ ငါတို့ နားလည်ပါတယ်။ ဒါပေမဲ့ ငါတို့အများစုကို လူသားတွေကို ရုတ်တရက် ခွင့်လွှတ်ပေးဖို့တော့ မျှော်လင့်မထားသင့်ဘူး”
“ အဲဒါကိုတော့ အစကတည်းက ထင်မှတ်မထားပါဘူး။ အမုန်းတရားကို ထိန်းချုပ်ထားပြီးတော့ ဒီယေဘုယျအခြေအနေကို သက်ရောက်မှု မရှိဖို့ပဲ လိုတယ်” အောင်းရှန်က ပြောလိုက်သည်။
“ ကျုပ်တို့ နတ်ဆိုးမျိုးနွယ်က ယဲ့တဲ့တဲ့ အခြေအနေဖြစ်နေပြီ။ အခု အထူးသဖြင့် ကျုပ်တို့ မျိုးနွယ်ကိုယ်တိုင် ဘာသက်ရောက်မှုမှ မဖြစ်စေချင်ဘူး”
“ မင်း ပြောတာမှန်တယ်။ ငါ သူတို့ကို ဖျောင်းဖျလိုက်မယ်” ရွှေခြင်္သေ့ခေါင်းဆောင်က ပြောလိုက်၏။
“ ကောင်းပြီ။ ဒါနဲ့ ခင်ဗျားတို့ကို ပေးထားတဲ့ ကျင့်စဉ်ရော ဘယ်လိုလဲ။ တိုးတက်လာရဲ့လား”
“ သိပ်တော့ မကောင်းဘူး။ ငါတို့မျိုးနွယ်က ကိစ္စအသစ်တွေကို နေသားကျအောင် လုပ်တဲ့နေရာမှာ မတော်ကြဘူးလေ။”
အောင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။ နတ်ဆိုးမျိုးနွယ် အားနည်းလာရသည့်အချက်က လူသားများသည် ထိုအားနည်းချက်ကို ရှာဖွေတွေ့ရှိသွား၍ ဖြစ်သည်။ သူတို့က မျိုးနွယ်၏ ဗဟုသုတနှင့် ကျင့်စဉ်အများစုကို ဖျက်ဆီးပစ်ခဲ့ကြ၏။ နတ်ဆိုးအများစုက သူတို့၏ သွေးမျိုးဆက်ကို အားဖြည့်ဖို့ ဝိညာဉ်ချီအပေါ်ကိုသာ မှီခိုထားခဲ့ရသည်။ အများစုက ကျင့်ကြံဆင့်အတွက် ထိုအရာသာ အသုံးပြုနိုင်ကြ၏။ ကျင့်ကြံရေးနည်းစနစ်က အခြေခံကျကာ အကြမ်းထည်ဆန်လှသည်။
ဧကရာဇ်သွေးမျိုးဆက် မျိုးနွယ်များက ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်အောင် ထိုနည်းလမ်းကို အသုံးပြုနိုင်ကြသည်။ သို့သော်လည်း သွေးမျိုးဆက်နိမ့်ကျသည့် မျိုးနွယ်များအတွက် ကျင့်ကြံရေးက အင်မတန် ခက်ခဲလှသည်။
အောင်းရှန်က နတ်ဆိုးမျိုးနွယ်၏ အမွေအနှစ်သည် အပြီးတိုင် ပျောက်ဆုံးသွားခြင်း မဟုတ်ကြောင်း သိလေသည်။ ရွှေခြင်္သေ့၊ ကျားနက်၊ ရွှေငှက်ကြီးနှင့် တခြားသောမျိုးနွယ်များတွင် ကျန်ရှိနေသည့် အမွေအနှစ်တချို့ ကျန်ရှိနေသေးသည်။ ထိုအမွေအနှစ်များတွင် သွေးမျိုးဆက်ကို လှုံ့ဆော်လေ့ကျင့်မည့် နည်းလမ်းနှင့် သူတို့၏ သွေးမျိုးဆက်မှ ပိုင်နက် သို့မဟုတ် သွေးဓမ္မကို ဖန်တီးနိုင်သည့် နည်းလမ်းများ ပါဝင်သည်။
ထိုအမွေအနှစ်များကို အသုံးပြုပြီး အမှားများစွာ ဖယ်ရှားပြီးသည့်နောက်တွင် သူတို့က ဘိုးဘေးမျိုးရိုးဖော်ဆောင်ခြင်း သွေးမျိုးဆက်ကို ရရှိလာခဲ့သည်။ ရလဒ်က ပင်ကိုနဂါးဖြစ်သည့် အောင်းရှန်ကို ဖန်တီးနိုင်ခဲ့သည်။ ကံဆိုးစွာဖြင့် ထိုမျိုးနွယ်များက ထိုအမွေအနှစ်များကို သူတို့ကြားတွင်သာ သိမ်းဆည်းထားကြပြီး နတ်ဆိုးမျိုးနွယ်၏ တိုးတက်မှုနှင့် ကြွယ်ဝမှုအတွက် မမျှဝေလိုကြပေ။
အောင်းရှန်က မျိုးနွယ်၏ နည်းစနစ်က နတ်ဆိုးမျိုးနွယ် လက်ရှိကျဆင်းလာရသည့် အကြောင်းအရင်းဖြစ်ကြောင်း ကောက်ချက်ချမိ၏။
သူက ကိစ္စများကို ပြောင်းလဲလိုသည်။ သူက သိုင်းပညာအုပ်စိုးသူကမ္ဘာ၏ သိုင်းပညာနည်းစနစ်၊ မူလနည်းစနစ်နှင့် ပင်ကိုနဂါးသွေးမျိုးဆက်မှ ရရှိထားသော သွေးမျိုးဆက် အမွေအနှစ်များကို သုံးသပ်ပြီးသည့်နောက်တွင် ကျင့်ကြံရေး နည်းစနစ်တစ်ခုကို ဖန်တီးခဲ့သည်။
အောင်းရှန်က တခြားကမ္ဘာ့အသိုက်အဝန်းတွင် အတွေ့အကြုံများစွာ ဖြတ်ကျော်ပြီးသည့်နောက်တွင် လောကအမြင် ပြောင်းလဲသွားခဲ့သည်။ သူက နတ်ဆိုးမျိုးနွယ်သည် သွေးမျိုးဆက်အပေါ် မှီခိုလွန်းသည်မှာ မှားယွင်းသည်ဟု သဘောပေါက်လာခဲ့သည်။ မျိုးနွယ်တစ်ခု၏ သဘာဝနှင့် ရှေးရိုးစွဲကြောင့် သွေးမျိုးဆက်က သူတို့၏ အဓိကပုံစံ ဖြစ်နေသည်။ သို့သော် သူတို့က အပြည့်အဝ မမှီခိုသင့်ပေ။
အောင်းရှန်က သူ့ကျင့်ကြံရေးနည်းစနစ်ကို ဝိညာဉ်၊ တာအိုနှလုံးသား လေ့ကျင့်ခြင်းနှင့် စည်းမျဉ်းနားလည်ခြင်းတို့ကို ထည့်သွင်းရေးသားခဲ့သည်။ သွေးမျိုးဆက်တွင် ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနိုင်စွမ်း ရှိသော်လည်း သိုင်းပညာနားလည်နိုင်စွမ်းအပေါ် မူတည်၍ ဤစွမ်းရည်ကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ခဲ့သည်။
သူက နတ်ဆိုးများသည် စည်းမျဉ်းများကို သူတို့၏ သွေးမျိုးဆက်အဖြစ် ပေါင်းစပ်နိုင်မည့်အဆင့်ကိုပါ ဖန်တီးခဲ့၏။ ထို့နောက် နောက်မျိုးဆက်က အံ့ဖွယ်စွမ်းရည်နှင့် စည်းမျဉ်းများ နားလည်နိုင်ဖို့ ထိုစည်းမျဉ်းများကို အသုံးပြုနိုင်လိမ့်မည်။ သို့သော် သူတို့က အပြည့်အဝ မှီခိုမထားနိုင်ပေ။ သူတို့က သူတို့ကိုယ်ပိုင်စည်းမျဉ်းကို နားလည်ပြီး သွေးမျိုးဆက်နှင့် ပေါင်းစပ်ကာ မျိုးဆက်တစ်ခုပြီးတစ်ခု ထပ်ခါထပ်ခါ ဖြတ်ကျော်ပြီး မျိုးနွယ်တစ်ခုချင်းစီ၏ ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်လာစေလိမ့်မည်။
“ ခင်ဗျားတို့က ဒါကို ပိုပြီးတော့ ဂရုစိုက်သင့်တယ်” အောင်းရှန်က အလေးအနက်ပြောလိုက်သည် “ တကယ်လို့ ကျုပ်တို့ နတ်ဆိုးမျိုးနွယ်က မြင့်တက်ချင်တယ်ဆိုရင် အားလုံးက အတူတကွ ကြိုးစားကြရမယ်။ ဒီကျင့်ကြံရေး နည်းစနစ်က ပြစ်ချက်တွေ ရှိနေသေးတယ်ဆိုပေမဲ့ ကျုပ်တို့မျိုးနွယ်အတွက် အကျိုးကျေးဇူး အများကြီးရရှိလိမ့်မယ်။ ဒါက ပြောင်းလဲဖို့ လမ်းကြောင်းပဲ”
“ ငါတို့တွေ နမူနာအတိုင်း လိုက်ပြီးတော့ ကြိုးစားပါ့မယ်။” အကြီးအကဲများအနေနှင့် လူသားများနှင့် နတ်ဆိုးများ၏ အဓိက ကွာခြားချက်သည် သူတို့၏ ရှေးရိုးစွဲသဘာဝနှင့် အပြောင်းအလဲအပေါ် မနှစ်သက်ခြင်းတို့ဖြစ်ကြောင်း သိကြသည်။
လူသားများက သဘာဝအားဖြင့် ဆင့်ကဲပြောင်းလဲရသည်ကို သဘောကျကြ၏။ ထိုအရာက သူတို့သွေးထဲ ကိန်းအောင်းနေသည်ဖြစ်ကာ ရှေးခေတ်အချိန်အခါကတည်းက နေသားတကျဖြစ်ဖို့ သင်ယူခဲ့ကြရသည်။ သို့သော်လည်း ကမ္ဘာအပေါ် လွှမ်းမိုးနိုင်သည့် မျိုးနွယ်ဖြစ်လာပြီးသည့်နောက်တွင် လူသားများက ရှေးရိုးစွဲ ဖြစ်လာကြ၏။
သူတို့ဘိုးဘေးများ၏ စကားကို စည်းမျဉ်းအလားမှတ်သားပြီး ရှေးရိုးစွဲဖြစ်လာကာ အပြောင်းအလဲကို ငြင်းဆန်လာကြသည်။ သူတို့ပြောင်းလဲသည့် တစ်ခုတည်းသော အချိန်က အသက်ရှင်သန်ဖို့အတွက်၊ အကျိုးအမြတ်အတွက်သာ ဖြစ်၏။ သို့သော် ပုံမှန်အားဖြင့် ယာယီ သို့မဟုတ် မဟာဧကရာဇ်လို အားကောင်းသည့် ပုဂ္ဂိုလ်က သူတို့တစ်မျိုးလုံးအတွက် စည်းမျဉ်းအစဉ်အလာ သတ်မှတ်ပေးခဲ့သည့်အခါမျိုး၌သာ ဖြစ်၏။
ထိုစဉ် နတ်ဆိုးမျိုးနွယ်၏ ရှေးရိုးစွဲကမူ သူတို့သွေးထဲထိ ကိန်းအောင်းနေသည်။ သူတို့က အဆင့်အတန်းကို ပြောင်းလဲဖို့ ငြင်းဆန်ကြ၏။ မဟာဧကရာဇ်က သူတို့မျိုးနွယ်အတွက် အစဉ်အလာ ချမှတ်ထားလျှင်ပင် နတ်ဆိုးမျိုးနွယ်က မျိုးဆက်တချို့ ကြာမြင့်ပြီးသည့်နောက်တွင် ဘာမှမဟုတ်သကဲ့သို့ ရပ်တန့်လိုက်ကြလိမ့်မည်။
“ ကောင်းကင်အလိုဆန္ဒ မတိုင်ခင် ရလဒ် မြင်ရဖို့လိုတယ်” အောင်းရှန်က အလေးအနက် ပြောလိုက်သည်။ ဤကျင့်ကြံရေး နည်းစနစ် ဖြန့်ဝေခြင်းက သူ့မျိုးနွယ်၏ အကျိုးအမြတ်အပြင် နောက်ထပ် အကြောင်းအရင်းတစ်ခုလည်း ရှိနေသေး၏။
သူ့ခရီးစဉ်တစ်လျှောက်အတွင်း အောင်းရှန်က သိုင်းပညာအုပ်စိုးသူကမ္ဘာ၏ သိုင်းပညာစနစ်နှင့် မူလနည်းစနစ်ကို ပေါင်းစပ်ကာ တုယီနယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီး ထိုဖြစ်စဉ်အတွင်း သေလုနီးပါး ဖြစ်ခဲ့သည်။ သူက သမာသမတ် ကျသည့်နည်းလမ်းနှင့် သမာသမတ် မကျသည့်နည်းလမ်းများ ကြုံတွေ့ရသည့်အခါ စွမ်းအားအကြောင်းကို ပိုမိုသင်ယူနိုင်ခဲ့သည်။
ထို့နောက် သူက ထိုနည်းလမ်းနှစ်ခုလုံးကို အသုံးပြုသည့်အခါ မည်သို့ဖြစ်လာမည်ကို စမ်းသပ်ကြည့်လိုမိ၏။ သူက နတ်ဆိုးမျိုးနွယ်အတွက် ကျင့်ကြံရေး နည်းစနစ်ကို ဖန်တီးပြီး အကျိုးအမြတ်ရယူဖို့ ကိုယ်ပွားတစ်ခုကို ထားရှိသည့်အခါ ဘယ်လိုဖြစ်လာမည်ကို သိချင်မိသည်။ ထို့နောက် သူက တုယီနယ်ပယ်သို့ ဝင်ရောက်ပြီးသားဖြစ်သည့် လက်ရှိကိုယ်ဖြင့် ပေါင်းစပ်လိုက်မည်။
ဒီနည်းလမ်းက ကျရှံးနိုင်ပေမဲ့ ကြိုးစားကြည့်ဖို့ ထိုက်တန်တယ်…
သူက အားလုံးကို ပြန်လွှတ်လိုက်ပြီးသည့်နောက်တွင် သီးသန့်ကျင့်ကြံရေး ဝင်ရောက်လိုက်သည်။ အောင်းရှန်က သူ့လက်ဝါးအပေါ် မျောလွင့်နေသည့် ကုသိုလ်ရွှေရောင်အလုံးကို ထုတ်ယူလိုက်သည်။
“ ဒီဟာက ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်အတွက် လုံလောက်ဖို့ မျှော်လင့်ရမှာပဲ” သူက ရေရွတ်လိုက်သည်။
***