← Chapters

အတွေ့အကြုံကို သင်ယူခြင်း

Vol. 46 Ch. 631

အတွေ့အကြုံကို သင်ယူခြင်း

Vol. 46 Ch. 631

ရှုကွမ်းက သူ့သမီးနှင့်အတူ အခန်းထဲတွင် ထိုင်နေသည်။ ခေါင်းနှင့် ခန္ဓာကိုယ်တစ်လျှောက်လုံး ချွေးများထွက်နေ၍ အဝတ်တစ်ခုကို ထုတ်ကာ သုတ်လိုက်၏။

“ အဖေ ကိုယ်အလေးချိန် လျှော့ဖို့ လိုနေပြီ” ရှုရှစ်က ပြောလိုက်သည်။

“ ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် ဝနေနိုင်ရတာလဲ”

“ ဒါက ချမ်းသာကြွယ်ဝခြင်း လက္ခဏာပဲ။ ဘာဖြစ်ဖြစ် အဖေ့ ကျန်းမာရေးနဲ့ တိုက်ခိုက်ရေးအပေါ် သက်ရောက်မှုမရှိဘူး” ရှုကွမ်းက ပြန်လည်ချေပလိုက်သည်။ သူက အမှန်အတိုင်း ပြောနေခြင်း ဖြစ်၏။ ရွေးချယ်မှု သို့မဟုတ် ထူးခြားသည့် ရုပ်ခန္ဓာမဖြစ်သရွေ့ ကျင့်ကြံသူအများစုသည် တောင့်တောင့်တင်းတင်း ဖြစ်ကြ၏။ ပြောရလျှင် အဆီကို ခန္ဓာကိုယ်၏ အညစ်အကြေးအဖြစ် မှတ်ယူနိုင်သောကြောင့် ကျင့်ကြံရေးဖြစ်စဉ်အတွင်း ဖယ်ထုတ်ပစ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ တချို့သော ကျင့်ကြံသူများက ဝဝဖိုင့်ဖိုင့်ကို သဘောကျကျပြီး အနုသုခုမအနေဖြင့် ရွေးချယ်တတ်ကြသည်။

“ ဒါနဲ့ ဘာလို့လာတွေ့တာလဲ” ရှုရှစ်က သူ့အဖေ၏ ရွေးချယ်မှုကို ဘာမှမပြောဘဲ မေးလိုက်သည်။

“ ကိုယ့်သမီးကို လာတွေ့တာ အကြောင်းပြချက် လိုသေးလို့လား”

“ အမှန်ပဲ”

ရှုကွမ်းက ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းတစ်ခုကို ထုတ်ကာ ပေးလိုက်သည်။ သူမက ဗဟုသုတကြွယ်ဝသော်လည်း ထိုသို့သောအရာမျိုးကို တစ်ခါမှ မမြင်ဖူးသည့်အတွက် အံ့အားသင့်သွား၏။

“ ဒါက ဘာကြီးလဲ။ ဖိနပ်လား”

“ ဒါကို ဒေါက်ဖိနပ်လို့ ခေါ်တယ်။ လွန်ခဲ့တဲ့ တစ်လတုန်းက တာအိုအခွင့်အလမ်းဂိုဏ်းက ဒီလိုထူးဆန်းတဲ့ ဖိနပ်တွေကို စတင်ရောင်းချနေတာ။ လူကြိုက်များတော့ အဖေ့စက်ကွင်းအထိ ရောက်လာတာပဲ”

“ သူတို့က လှသား” ရှုရှစ်က စမ်းဝတ်ကြည့်ပြီးသည့်နောက်တွင် ချီးကျူးလိုက်သည် “ ပြီးတော့ သက်တောင့်သက်သာလည်း ဖြစ်တယ်”

“ စမ်းကြည့်တဲ့ အမျိုးသမီးတွေ အကုန်လုံးကလည်း အဲလိုပြောကြတာပဲ။” ရှုကွမ်းက ပြောလိုက်သည် “ အဖေတို့ အဖွဲ့အစည်းရဲ့ မှန်းဆထားသလောက်တော့ ဒီစီးပွားရေးက သူတို့ဂိုဏ်းရဲ့ နောက်ထပ် အဓိကလုပ်ငန်းတစ်ခု ဖြစ်လာလိမ့်မယ်”

ရှုကွမ်းက သက်ပြင်းချလိုက်ပြီးနောက် “ အားကောင်းတဲ့ ဂိုဏ်းတွေက ဘာလို့ဆက်ပြီးတော့ ချမ်းသာလာရတာလဲ။ သူတို့က မလုံလောက်သေးဘူးလား။ အဖေတို့လို လူတွေအတွက်လည်း နည်းနည်းပါးပါး ချန်ထားသင့်ပါတယ်”

ရှုရှစ်က သူ့အဖေ၏ ညည်းတွားမှုများကို လျစ်လျူရှုထားလိုက်သည်။ ကုန်သွယ်ရေးအဖွဲ့အစည်းက အသင်္ချေအင်ပါယာကမ္ဘာတွင် အဆင့်တစ်ရာအတွင်း ဝင်သည့် အချမ်းသာဆုံး အင်အားစုထဲမှတစ်ခု ဖြစ်၏။ သူတို့က အဆင့်တက်မလာသည်မှာ သူတို့တွင် တတိယတန်းစားအဆင့် စွမ်းအားရှိသည့် ဆန့်ကျင့် ကျင့်ကြံသူလစ်ဟာနေ၍ ဖြစ်သည်။ သူတို့က ပြဿနာမရှိဘဲ ချမ်းသာကြွယ်ဝမှု ထိန်းသိမ်းထားနိုင်သည့်အချက်အရ သူတို့၏ သံတမန်စွမ်းရည်နှင့် ဆက်သွယ်မှုများ၏ သက်သေသာ ဖြစ်၏။

“ ဒီဖိနပ်တွေကို လျှော့ဈေးနဲ့ ရောင်းမလို့လား” ရှုရှစ်က မေးလိုက်သည် “ တကယ်လို့ ရောင်းတယ်ဆိုရင် တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ တုံ့ပြန်မှုကိုတော့ သတိထားဦး။”

“ အစတုန်းက ဖိနပ်တွေကို ဈေးပေါပေါနဲ့ ကုန်သွယ်ရေးရဲ့ မှောင်ခိုဈေးကွက်ကနေ ရောင်းမလို့” ရှုကွမ်းက အံကြိတ်လိုက်ပြီးနောက် “ ဒါပေမဲ့ အစီအစဉ်က မစတင်ရသေးခင် အဆုံးသတ်သွားတယ်”

“ သူတို့က သတိပေးလာလို့လား” သူမက အနည်းငယ် အံ့အားသင့်သွားကာ မေးလိုက်သည်။ ဤသို့သော အလွယ်တကူ ကူးယူနိုင်သည့် ထုတ်ကုန်များနှင့် ပတ်သက်လာသည့်အခါ အင်အားစုအများစုက ပင်မဈေးကွက်ကို ထိန်းချုပ်နိုင်သရွေ့ တခြားသော ကူးယူမှုများကို လျစ်လျူရှုထားတတ်ကြသည်။

“ သူတို့က မလုပ်ပါဘူး” ရှုကွမ်းက ပြောလိုက်သည်။ သူ၏ ဆူပုတ်နေသော မျက်နှာက တစ်နည်းနည်းဖြင့် ချစ်ဖို့ကောင်းနေ၏ “ တစ်ယောက်ယောက်က ဒီဖိနပ်သဘောတရားအပေါ်မှာ ကျိန်စာတိုက်ထားတယ်။ ဈေးပေါပေါနဲ့ ရောင်းတာတွေက တခြားတစ်ယောက်က ရောင်းဖို့ ကြိုးစားခဲ့မယ်ဆိုရင် မီးတောက်လောင်လာလိမ့်မယ်”

“ တကယ်ကို ထူးခြားတဲ့ ကျိန်စာပဲ” ရှုရှစ်က သုံးသပ်လိုက်ပြီး “ တကယ်လို့ သူတို့က ဒီထုတ်ကုန်အတွက် ဒီလောက်ထိ လုပ်ချင်တယ်ဆိုရင် အဖေ ဒီစီးပွားရေးမှာ ဝင်မရှုပ်သင့်ဘူး”

“ အဖေလည်း သိပါတယ်။ ဒါပေမဲ့ တခြားထုတ်ကုန်တွေအတွက် တူညီတဲ့နည်းလမ်းတွေ သုံးလာမှာကို စိုးရိမ်မိတာ”

“ အဲ့လောက်ကြီး စိုးရိမ်နေစရာ မလိုပါဘူး။ ဒီလိုအားကောင်းတဲ့ ကျိန်စာမျိုးကို လူဘယ်လောက်ကများ သိနိုင်မှာလဲ။ ကျိန်စာသခင် မွေးထုတ်ပေးနိုင်တဲ့ အင်အားစုတွေ ရှိတယ်ဆိုရင်တောင် သူတို့က ဒီအဆင့်အထိ ရောက်မှာ မဟုတ်ဘူး” ရှုရှစ်က ဖျောင်းဖျလိုက်သည်။

ထို့နောက် သူမက ဖိနပ်ကို ချွတ်လိုက်ပြီးနောက် မည်မျှလှပကြောင်း သဘောကျနေမိသည်။ ထို့နောက် သူမက မျက်မှောင်ကြုတ်လိုက်၏။

“ အဖေ သိပါတယ်” ရှုကွမ်းကလည်း ထိုအရာကို သိထားပြီးသား ဖြစ်၏။ သို့သော် ဖန်တီးမှုကာကွယ်ရေးနည်းလမ်းက အနာဂတ်တွင် ပုံမှန်ဖြစ်လာလိမ့်မည်ဟု စီးပွားရေး အလိုလိုသိစိတ်မျိုး ရှိနေသည်။ အကယ်၍ ထိုသို့ဖြစ်လာလျှင် ကုန်သွယ်ရေးအဖွဲ့အစည်းအပေါ် သိသိသာသာ သက်ရောက်မှု ဖြစ်လာစေလိမ့်မည်။

“ မင်း သတိထားမိသွားပြီလား” သူက မေးလိုက်သည်။

“ ဟုတ်တယ်။ ဒီဖိနပ်တွေပေါ်မှာ သုံးထားတဲ့ ပစ္စည်းက အတော်လေး ဆိုးရွားတာပဲ။ တကယ်လို့ ကျွန်မ သန့်စင်ပြီးတော့ သင်္ကေတအနည်းငယ် ထပ်ထည့်ရင်တောင် သူတို့က ဆယ်စုနှစ်လောက်ပဲ ခံလိမ့်မယ်”

“ ဒါ တမင်လုပ်ထားတာလေ”

“ ဖိနပ်တွေကို ပိုရောင်းရဖို့ပေါ့” သူမက ချက်ချင်းသဘောပေါက်သွားသည်။

“ ဟုတ်တယ်။ သူတို့က ဒီထုတ်ကုန်တွေကို အချိန်တစ်ခုပဲ ခံအောင် လုပ်ထားတာ။ အဲဒါမှ လူတွေကို ပြန်လာပြီး ဝယ်အောင်လို့လေ။ တကယ်ကို ပြောင်မြောက်တဲ့ နည်းဗျူဟာပဲ” ရှုကွမ်းက အကြည့်များ တောက်ပလာကာ ပြောလိုက်၏။

“ ဒီဖိနပ်တွေကို တစ်ယောက်ယောက်က ဆင့်ကဲပြောင်းလဲဖို့ ကြိုးစားခဲ့မယ်ဆိုရင် သူ့ဘာသာသူ ပျက်စီးသွားအောင်လည်း လုပ်ထားသေးတယ်”

အဖွဲ့အစည်း၏ စမ်းသပ်ချက်များအရ အကောင်းဆုံးသော သန့်စင်သူများကသာ ဖိနပ်များကို ပြောင်းလဲနိုင်စွမ်းရှိ၏။ သို့သော်လည်း အသုံးပြုထားသည့်ပစ္စည်းက အကန့်အသတ် ဖြစ်နေစေလိမ့်မည်။

“ တကယ်ကို ပြောင်မြောက်တာပဲ” ရှုရှစ်က ရေရွတ်လိုက်သည်။ သူမက ထိုထုတ်ကုန်နှင့် နည်းဗျူဟာအားလုံး၏ တာဝန်ရှိသူက ဘယ်သူလဲ သိထားလေသည်။ သူမက တာအိုအခွင့်အလမ်း၏ ပိုင်နက်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့ဖူး၍ အမှန်တကယ် အံ့အားသင့်ခဲ့ရသည်။

ဤသည်က ကျန်သည့်နေရာများနှင့် ကွဲပြားနေသည့် နေရာတစ်ခု ဖြစ်နေ၏။ ထိုနေရာတွင် ရုပ်သေးပညာနှင့် ယင်များအပေါ် အခြေခံထားသည့် လူမှုအဖွဲ့အစည်း ရှိနေသည်။ သေမျိုးများက ပညာတတ်ပြီး ကျန်းမာကာ ကောင်းကောင်းမွန်မွန် စားနိုင်ကြ၍ ပျော်ရွှင်နေကြသည်။ ကျင့်ကြံသူများနှင့် သေမျိုးများက သဟဇာတဖြစ်စွာ နေထိုင်ကြ၏။

ရှုရှစ်က သူမ မြင်လိုက်ရသည့်အရာကြောင့် အမှန်တကယ် အံ့အားသင့်မိသွားသည်။ တာအိုအခွင့်အလမ်းဂိုဏ်းဆီ သေမျိုးများ ထောက်ပံ့ပေးနိုင်သည့် ကံကောင်းမှုပမာဏက တူညီသည့် သေမျိုးအရေအတွက်ရှိသည့် တခြားဂိုဏ်းများထက် အနည်းဆုံး ငါးဆ ပိုမိုမြင့်မားလိမ့်မည်။

ထိုသို့သွားရောက်လည်ပတ်ပြီးသည့်နောက်တွင် သူမက ဂိုဏ်းကို ပြန်လာပြီး အဓိကကွဲပြားချက်၏ ဇစ်မြစ်ကို သုံးသပ်ခဲ့သည်။ ရှုရှစ်က စာသင်ကျောင်းနှင့် ယာဉ်များ၏ ရလဒ်ဖြစ်ကြောင်း တွေ့ရှိခဲ့ရ၏။ စာသင်ကျောင်းက တခြားအင်အားစုများကို ကံကောင်းမှု မပေးနိုင်တော့သည့်နောက်တွင် သူတို့အားလုံးက ရပ်တန့်လိုက်ပြီး လျစ်လျူရှုခဲ့ကြသည်။ ယာဉ်များအတွက်လည်း အတူတူသာ ဖြစ်၏။ အကျိုးမြတ်ရပ်တန့်သွားသည်နှင့် သူတို့က ယခင်အနေအထားသို့ ပြန်လည်ရောက်ရှိသွားကြသည်။

သို့သော် တာအိုအခွင့်အလမ်းဂိုဏ်းတွင် ထိုသို့မဟုတ်ပေ။ သူတို့က သေမျိုးများကို ကျင့်ကြံရေးအပြင် နောက်ထပ် အဖွဲ့အစည်းတစ်ခု ဖန်တီးထားပြီး သူတို့ကို ဗဟိုချက်အဖြစ် ထားရှိထားခြင်း ဖြစ်၏။

ထို့နောက် ချက်ချင်းဆိုသလို သူမက နောက်ကျောင်းအုပ်အနေဖြင့် အာဏာကို အသုံးပြုကာ သူတို့ပုံစံအတိုင်း လိုက်လံအတုခိုးခဲ့သည်။ သို့သော်လည်း ရှုရှစ်က သူမအား တာအိုအခွင့်အလမ်းဂိုဏ်းလောက် အောင်မြင်သည့်အနေအထား မရောက်အောင် တားဆီးနေသည့် အရာမှာ ကျောင်းတော်၏ စာသင်ကျောင်းသားများနှင့် ဆရာများသည် သေမျိုးများကို ညီတူညီမျှ မဆက်ဆံနိုင်သည့် အချက်ကြောင့်ဖြစ်မှန်း သဘောပေါက်သွားခဲ့သည်။

ဝမ်ဝေ့သည်လည်း ဂိုဏ်း၏ နယ်မြေအတွင်း အစောပိုင်း ဖွံ့ဖြိုးတိုးတက်မှုကာလအတွင်း တူညီသည့် ပြဿနာကို ရင်ဆိုင်ခဲ့ရသည်။ သို့သော် သူက သူ့အဆင့်အတန်းဖြင့် ထိန်းညှိဖို့ အသုံးပြုလိုက်ပြီးသည့်နောက်တွင် ယနေ့လို ရလဒ်ဖြစ်လာရခြင်း ဖြစ်၏။ ရှုရှစ်၏ အစီအစဉ်အတွက်လည်း အတူတူသာ ဖြစ်သည်။ သို့သော်လည်း ရလဒ် မထွက်ပေါ်သေးပေ။ သို့သော် သူမက သူမ ကျောင်းတော်မှ ထွက်လာပြီးသည့်နောက်တွင် နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည်ကို စိုးရိမ်မိ၏။

“ စီးပွားရေးအကြောင်း တော်ပြီ” ရှုကွမ်းက ပြောလိုက်သည် “ ကဲ အဖေတို့နှစ်ယောက် စကားစမြည်ပြောကြရအောင်”

သူက ထူးကဲသည့် အဖန်ရည်ကို ထုတ်ကာ တည်ခင်းလိုက်သည် “ ဒီလိုအခြေအနေမျိုးမှာ မင်းအမေ ရှိနေရင် သိပ်ကောင်းမှာပဲ” ရှုကွမ်းက သက်ပြင်းချကာ ပြောလိုက်၏ “ သူမက မင်းရဲ့ အောင်မြင်မှုတွေကို ဂုဏ်ယူနေလောက်တယ်”

“ ဖြစ်နိုင်ပါတယ်” ရှုရှစ်က ပြန်ဖြေလိုက်၏။ သူမအမေက မွေးဖွားပြီးသည့်နောက် သေဆုံးသွားခြင်းဖြစ်ကာ သူမ၏ အဖေ၏ ကိုယ်လုပ်တော် တစ်ယောက်က သူမကို ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်၏။ သူမက မွေးမိခင်ကို မသိခဲ့ရသော်လည်း ကိုယ်လုပ်တော်က သမီးအရင်းတစ်ယောက်လို ဆက်ဆံပေးသည့်အတွက် ရှုရှစ်သည် မိခင်မေတ္တာ မလိုအပ်ခဲ့ဖူးပေ။

သူမက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိသည့်အချိန် မတုံ့ပြန်နိုင်ခင် ကြမ်းပြင်ပေါ် လဲကျသွား၏။ ထို့နောက် သိပ်မကြာခင် ကျောင်းတော်မှ ဆရာတစ်ဖွဲ့ ထွက်ပေါ်လာသည်။

“ သူမ အဆင်ပြေမှာမလား” ရှုကွမ်းက မေးလိုက်သည်။

“ ခင်ဗျား စိုးရိမ်နေဖို့ မလိုပါဘူး” စုန့်လီက ပြောလိုက်၏ “ သူမကို လင်းဖန်ရဲ့ ဘဝအကြောင်း တတိယအမြင်ကနေ တွေ့ကြုံနိုင်အောင် အားကောင်းတဲ့ ပုံရိပ်ယောင်ထဲမှာ ထားခဲ့မှာပါ။ အဓိကရည်ရွယ်ချက်က သူက သူမကို ချစ်ပေမဲ့ သူမအနေနဲ့ သူ့ကို အသက်ပြန်သွင်းဖို့ စွဲလမ်းနေလောက်တဲ့ အနေအထား မဟုတ်ဘူးဆိုတာကို သိသွားချင်ရုံလောက်ပါ”

“ ဒါက အလုပ်ဖြစ်ပါ့မလား”

“ အဲဒါက သူမအပေါ် မူတည်တယ်။ သူမက အဲဒီအချက်ကို လက်ခံနိုင်ပါ့မလားပဲ”

ရှုကွမ်းက သက်ပြင်းချလိုက်သည်။ သူက သူမကို အကြိမ်များစွာ ပြောဆိုဖို့ ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း ငြင်းပယ်ခံခဲ့ရသည်။ တစ်ကြိမ်က သူမအမေအကြောင်းပါ ထည့်သွင်းခဲ့၍ သူမက သူ့ကို စကားမပြောလုနီးပါးအထိ ဖြစ်ပျက်ခဲ့ရသည်။ နောက်ဆုံးရလဒ်အနေဖြင့် သူသည် ကျောင်းတော်၏ အစွန်းရောက် နည်းလမ်းကိုသာ မှီခိုခဲ့ရသည်။

“ ရှစ်အာ … အဖေ တောင်းပန်ပါတယ်။ ဒါက မင်းကောင်းဖို့ပါ”

ရှုကွမ်းသည် သူ့သမီးတာအိုကို သက်သေပြလိုက်သည်နှင့် မိသားစု၏ ကြွယ်ဝချမ်းသာမှုကို ဂရုစိုက်ရုံသာမက သူမကို အမှန်တကယ် ပျော်ရွှင်စေလိုသည်။ လင်းဖန်က ထိုပျော်ရွှင်မှုအတွက် အတားအဆီးတစ်ခု ဖြစ်နေ၏။

…………………………………………….

ရှေးဟောင်းဆွေကြီးမျိုးကြီး မျိုးနွယ်

ဟို့ဖုန်းဟွမ်က မျက်လုံးပွင့်လာကာ သူမ၏ ခန္ဓာကိုယ်မှ ပင်ကိုစည်းမျဉ်း စွမ်းအားထွက်ပေါ်လာသည်။ သူမက အပြင်ဘက်တွင် တစ်စုံတစ်ယောက် ရှိနေကြောင်း ခံစားမိ၍ အစီအရင်ကို ထိန်းချုပ်ကာ ဝင်ခွင့်ပေးလိုက်သည်။

“ အဖေ”

“ ဘယ်လိုလဲ။” ဟို့ရုက သူ့သမီးကို မြင်လိုက်သည့်နောက် မေးလိုက်သည်။

“ ပင်ကိုစည်းမျဉ်းသုံးခု အသက်ဝင်လာပေမဲ့ သွေးမျိုးဆက် ငါးခုလုံးကို ပေါင်းစပ်မှုက မပြီးပြည့်စုံသေးဘူး”

“ ကမ္ဘာဦးနဂါးသွေးမျိုးဆက်နဲ့ ပြဿနာ ရှိနေတာလား”

“ မဟုတ်ဘူး။ သူ့ရဲ့ သစ်သားနဲ့ မိုးကြိုးစည်းမျဉ်းကို စုပ်ယူပြီးတော့ အုပ်ချုပ်သူရေစည်းမျဉ်းနဲ့ ပေါင်းစပ်ခဲ့တယ်”

“ မီးတောက်စည်းမျဉ်းကရော”

“ ပေါင်းစပ်ရေးဖြစ်စဉ်မှာ ပျောက်ဆုံးသွားတယ်” ဟို့ဖုန်းဟွမ်က နှမြောတသစွာဖြင့် ပြောလိုက်သည်။

“ သုံးခုထဲမှာ နှစ်ခုရတာကိုက ကျေနပ်သင့်ပြီ။ နောက်ထပ် သွေးမျိုးဆက်မှတ်ဉာဏ်တွေရော နိုးထလာသေးလား”

“ အခုထိတော့ မနိုးထလာသေးဘူး။ နောက်ဆုံးပေါင်းစပ်မှုကို စောင့်နေတာ”

“ အင်း ရောင့်ရဲတာ ကောင်းတယ်။ ပြီးတော့ ဒီနေ့ အစည်းအဝေးမှု ဖြစ်ပျက်ခဲ့တဲ့ အရာတွေပဲ” ဟို့ရုက ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို သုံးသပ်ထားသည့် အဆောင်တစ်ခုကို ပေးလိုက်သည်။ ထိုသတင်းအချက်အလက်ကို ဖတ်ရှုပြီးသည့်နောက်တွင် သူမက မျက်မှောင်ကြုတ်လိုက်၏။

အဲဒါကြောင့် သူက ငါ့အစား ရွေးချယ်ခံခဲ့ရတာလား…

ဟို့ဖုန်းဟွမ်က ကောင်းကင်တာအိုသည် ဤခေတ်ကာလအတွင်း သူမကို ကံကြမ္မာတချို့ ချီးမြှင့်လိမ့်မည်ဟု ခံစားခဲ့ရသည်။ အကြောင်းမှာ သူမသည် ကမ္ဘာကို အကောင်းဘက်သို့ ပြောင်းလဲစေလို၍ ဖြစ်သည်။ အစည်းအဝေးကို ပြန်လည်သုံးသပ်ပြီးသည့်နောက်တွင် အကြောင်းအရင်းကို နားလည်သွား၏။ သူမက မျက်နှာလိုက်မိသည်။ သူမက ရှေးဟောင်းမျိုးနွယ်ကို မျက်နှာသာပေးမိ၏။ သူမ၏ နည်းလမ်းက ကမ္ဘာ၏ မျှခြေကို ချိုးဖောက်သွားနိုင်သည်။

ငါ သူ့ဆီကနေ သင်ယူသင့်လား။ ရှေးဟောင်းမျိုးနွယ်ကို အာဏာအများကြီး ပေးလို့ မဖြစ်ဘူး။ အနည်းဆုံးတော့ အပေါ်ယံပေါ့။ ဘာပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးအတွက် ထည့်ပြီးတော့ စဉ်းစားရမယ်…

ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် သူမမျိုးနွယ်၏ အနာဂတ်အကြောင်း စဉ်းစားလိုက်သည်။ တချို့သော အပြောင်းအလဲများက လုပ်ဖို့ရာ လိုအပ်နေ၏။

***

All Chapters