← Chapters

လီကျွင်းနှင့် ယန်ကောဝေ ပြိုင်ပွဲ

Vol. 46 Ch. 633

လီကျွင်းနှင့် ယန်ကောဝေ ပြိုင်ပွဲ

Vol. 46 Ch. 633

“ လူလိမ်တဲ့လား” ယန်ကောဝေက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည် “ နောက်ဆုံးပလ္လင်အတွက် ဘာမဆိုလုပ်မှာပဲ။ မင်းတို့အကြီးအကဲတွေ ဒီလိုလှည့်ကွက်မှာ ကျဆင်းသွားတာ ငါ့အဖေအမှား မဟုတ်ဘူး”

“ ရှင်က ဘာပြောတာလဲ” ယန်းလီလင်းက ထိုမှတ်ချက်ကြောင့် ဒေါသထွက်လာ၏။ မည်သူကမှ သူမ အကြီးအကဲများ၏ မကောင်းကြောင်းကို ပြော၍ မရပေ။ လီကျွင်းက သူမ ပုခုံးပေါ် ပုတ်ကာ စိတ်တည်ငြိမ်အောင် ထိန်းခိုင်းလိုက်သည်။ သူက နေမင်းကိုးစင်းဧကရာဇ်သည် သူ့အစ်ကိုကြီး၏ အဖိုးများ၏ တာအိုနှလုံးသားကို ဖျက်ဆီးပစ်ခဲ့သည့်အတွက် ဒေါသထွက်နေခဲ့မိ၏။

“ ကောင်းကင်အလိုဆန္ဒက မင်းအဖေအပေါ်မှာ အလကားဖြစ်သွားတာပဲ။ ငါတို့ အကြီးအကဲတွေဆိုရင် အတုအယောင် ထာဝရဧကရာဇ် ဒါမှမဟုတ်ဘူးဆိုရင် ထာဝရဧကရာဇ်အထိ ဖြစ်နိုင်တယ်။ မင်းအဖေက ပထမတန်းစားပဲ ဖြစ်လာပါရောလား”

“ ငါတော့ အရှုံးသမားတွေဆီက အကြောင်းပြချက်တွေ ကြားနေရတာပဲ”

“ ကောင်းပြီ။ မင်းနဲ့ အချိန်မဖြုန်းတော့ဘူး” လီကျွင်းက ပြောလိုက်သည် “ မင်းရဲ့ ရုပ်ဆိုးဆိုးမျက်နှာကို ကြည့်လိုက်တိုင်း ငါ့သက်တမ်း တိုသွားသလိုပဲ”

ယန်ကောဝေ၏ နဖူးအထက် သွေးကြောများ ထောင်မတ်လာ၏။ ထိုမှတ်ချက်သည် ချက်ကောင်းထိသည်ဟု ဝန်ခံရပေမည်။

“ မင်းက ဘာလိုချင်လို့လဲ” လီကျွင်းက ဆက်မေးလိုက်သည်။

“ ငါက ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းကို လိုချင်တယ်”

“ အဲဒါ ငါတို့နဲ့ ဘာဆိုင်လို့လဲ” လီကျွင်းက တစ်စုံတစ်ခု တွေးမိသွားဟန်ဖြင့်  “ မင်းက ငါတို့ကို ပြန်ပေးဆွဲပြီးတော့ အစ်ကိုကြီးဝမ်ဝေ့ကို ခြိမ်းခြောက်အကြပ်ကိုင်ချင်တာလား”

“ မင်းက ထင်သလောက် မတုံးဘူးပဲ”

“ စိတ်ဝင်စားစရာပဲ” လီကျွင်းက မှတ်ချက်ပေးလိုက်ပြီးသည့်နောက်တွင် လှံကို ထုတ်လိုက်သည် “ ငါ တိုက်ပွဲကောင်းကောင်း မတိုက်ရတာ ကြာပြီ”

သူက ပိုင်နက်ကို ထုတ်သုံးပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အနီရောင်ကမ္ဘာအဖြစ် ပြောင်းလဲဖို့ တုံ့ဆိုင်းမနေပေ။ ထိုစဉ် ယန်းလီလင်းက ထိပ်တိုက်ရင်ဆိုင်မှု စက်ကွင်းမှ ဘေးဖယ်နေလိုက်၏။

“ ငါလည်း အတူတူပဲ” ယန်ကောဝေက သူ့ပိုင်နက်ကို ထုတ်ပြကာ ပတ်ဝန်းကျင်တစ်ခုလုံးကို အဖြူရောင်ကမ္ဘာအဖြစ် ပြောင်းလဲလိုက်သည်။ ထိုထိပ်တိုက်တွေ့မှု နှစ်ခုမှ တစ်ခုသည် အနီဖြစ်ကာ တစ်ခုသည် အဖြူ ဖြစ်ပြီး တစ်ခုနှင့်တစ်ခု လွှမ်းမိုးဖို့ ကြိုးစားနေကြသည်။

အရင်ဆုံး စမ်းသပ်ကြည့်ကြတာပေါ့…

လီကျွင်းက လှံကို ဝှေ့ယမ်းရင်း တွေးလိုက်မိသည်။ ထို့နောက် ကောင်းကင်အထက် လက်နက်မြောက်များစွာ ထွက်ပေါ်လာပြီး လှံ၊ ဓား၊ ဓားမော့၊ ပုဆိန်လှံရှည်၊ ပုဆိန်၊ လေးနှင့် တခြားအရာများ ပြည့်နှက်လာသည်။

သတ်ဖြတ်ရေးတာအိုတွင် အသင်္ချေလက်နက်များ၏ ထိပ်ဆုံးတွင်ရှိသည့် လှံ၊ ဓားနှင့် ဓားမော့ စည်းမျဉ်းများအဖြစ် ပိုင်းခြားထားသည့် လက်နက်စည်းမျဉ်း ပါဝင်သည်။

ယန်ကောဝေက သူ့ဆီ ကျဆင်းလာသည့် အဆုံးမဲ့လက်နက်များကို တည်ငြိမ်စွာ ကြည့်နေ၏။ ထိုစွမ်းအားသည် အလယ်အလတ်ကမ္ဘာ ထောင်ချီကို ဖျက်ဆီးပစ်နိုင်သော်လည်း သူက မကြောက်ပေ။ သူ့အပေါ်တွင် အနက်ရောင်စက်ဝန်းကြီးများစွာ ထွက်ပေါ်လာပြီးသည့်နောက်တွင် ထိုစက်ဝန်းမှ တွင်းနက်ကြီးများ ထွက်ပေါ်လာသည်။

သူတို့က လက်နက်များကို အလွယ်တကူ ဝါးမျိုသွား၏။ ထို့နောက် တွင်းနက်ကြီးက လီကျွင်း၏ ပိုင်နက်အထက် အနက်ရောင်တိမ်တိုက်သဖွယ် ပြောင်းလဲသွားပြီး အနီရောင်မှ အနက်ရောင် ပြောင်းသွားစေသည်။

“ အမှောင်ထုက သတ်ဖြတ်ရေးကို အထောက်အကူပြုနေတာပဲ” လီကျွင်းက ပြောလိုက်ပြီးသည့်နောက်တွင် အမှောင်ထုစွမ်းအားကို ဖယ်ရှားလိုက်သည်။ လူသားတွေက မီးကို ရှာမတွေ့ခင်အခါက လူများစွာသည် အမှောင်ထုထဲ မမြင်နိုင်စွမ်းကြောင့် သေဆုံးခဲ့ကြရသည်။

တပ်ဖွဲ့ပညာရပ်များထဲတွင် အမှောင်ထုကို အခွင့်ကောင်းယူ၍ သတ်ဖြတ်ခြင်း ပါဝင်သည်။ ထို့ကြောင့် အမှောင်ထုက အမှောင်ထု၏ လက်နက်များထဲမှ တစ်ခုဖြစ်သည်။

လီကျွင်းက လှံထိပ်ဖျားကို မြေပြင်ပေါ်စိုက်လိုက်သည်။ မြေပြင်က မီးခိုးရောင် ပြောင်းလဲသွား၏။ ထိုစဉ် သေဆုံးသွားပြီးသော စစ်သားများ၊ တစ္ဆေများနှင့် အလောင်းကောင်များက မြေကြီးမှ ထွက်ပေါ်လာကြသည်။ ထိန်းချုပ်သူ၏ အမိန့်ကို နာခံသည့် သေဆုံးပြီးသားသူ အရေအတွက် သန်းချီရှိနေလေသည်။

လီကျွင်းက တိုက်ပွဲရူး၏ အကြံဉာဏ်ကို မှတ်သားကာ သတ်ဖြတ်ရေးတာအိုကို ပြန်လည်ဖန်တီးခဲ့သည်။ သူက ယင်စည်းမျဉ်း၊ အကဲဖြတ်စည်းမျဉ်း၊ အုပ်ချုပ်ရေးစည်းမျဉ်းနှင့် သေခြင်းရှင်ခြင်း စည်းမျဉ်း အနည်းငယ်ကိုပင် ထည့်သွင်းခဲ့သည်။ ထိုအရာအားလုံးက ဝမ်ဝေ့၏ အစီအစဉ်အတွက် ပြင်ဆင်ထားခြင်း ဖြစ်၏။ သူက တားမြစ်ခံ ဖြစ်မလာဖို့အတွက် မရဏစည်းမျဉ်း တချို့ကိုသာ အသုံးပြုနိုင်သည်။

ယင်ကဏ္ဍတွင် ယင်စည်းမျဉ်းက ယန်ကောဝေဆီ ပြေးဝင်သွားပြီး သူက တွင်းနက်ကြီးကို အသက်သွင်းကာ ဝါးမျိုပစ်လိုက်၏။ ကံဆိုးစွာဖြင့် ထိုစစ်သားများက တွင်းနက်ကြီး၏ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံနိုင်ရည် ရှိနေသည်။ ထိုတွင်းနက်ကြီးများ၏ ဝါးမျိုရေးစွမ်းအားက အယူအဆ သဘောထားအဆင့်အထိ မရောက်ရှိသေးပေ။

ယန်ကောဝေက ထိုတွင်းနက်ကြီးများကို ထိန်းချုပ်လိုက်ပြီးသည့်နောက်တွင် စွမ်းအားကို ထုတ်လွှတ်လိုက်၏။ သို့သော်လည်း တိုက်ကွက်က တပ်ဖွဲ့တစ်ဝက်လောက်ကိုသာ သတ်နိုင်ခဲ့သည်။ သို့သော် လီကျွင်းက သူ သတ်လိုက်သည့် ပမာဏနှင့် တူညီသည့် အဖွဲ့ကို ပြန်လည်ဖန်တီးခဲ့သည့်အတွက် သူ့ကြိုးစားမှုက အသုံးမဝင် ဖြစ်နေသည်။

ထို့ကြောင့် သူက နောက်ထ ပ်နည်းဗျူဟာတစ်ခုကို ရွေးချယ်လိုက်၏။ အနက်ရောင် စက်ဝန်းများက အနီရောင်အဖြစ် ပြောင်းလဲသွားပြီးသည့်နောက်တွင် နေမင်းကိုးစင်း ထုတ်လွှတ်လာသည်။ ထို့နောက် သန့်စင်ယန် မီးတောက်က နေမင်းတစ်ခုချင်းစီမှ ထွက်ပေါ်လာပြီးသည့်နောက် မသေမျိုးတပ်ဖွဲ့ကို ပြာ ဖြစ်သွားစေသည်။

အနက်ရောင်က အမှောင်ထုနှင့် သေခြင်းတရားကို ကိုယ်စားပြုပြီးတော့ တွင်းနက်ကြီးတွေနဲ့ လိုက်ဖက်တဲ့အရောင်ပဲ…

မီးတောက်ကမူ အနီရောင် ဖြစ်၏။

ထိုစဉ် လီကျွင်းက အရောင်တာအိုသဘောတရား တစ်ခုကို နားလည်သွားသည်။ အရောင်များက ကိစ္စများစွာနှင့် ဆက်နွယ်နေသည့်အတွက် တစ်ဖက်လူက စွယ်စုံအသုံးပြုနိုင်သည့် တိုက်ခိုက်သူဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။ ထိုအရာထဲတွင် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများနှင့် တခြားအယူအဆ တိုက်ခိုက်မှုများပါ အပါအဝင် ဖြစ်၏။

ထို့အပြင် အရောင်များက စိတ်ခံစားချက်များဖြင့် ဆက်နွယ်နေသည့်အတွက် လီကျွင်းက ထိုဖြစ်လာနိုင်ချေအတွက် ပြင်ဆင်ထားသည်။ သူက ကမ္ဘာဦးစိတ်ဝိညာဉ် ပုံရိပ်ယောင်ဟု ခေါ်ဆိုသည့် နည်းစနစ်တစ်ခုကို အသုံးပြုလိုက်၏။

သူ့အသိစိတ်ပင်လယ်အတွင်းမှ နောက်ထပ် ပုံရိပ်ယောင် ကမ္ဘာဦးစိတ်ဝိညာဉ်က အသိစိတ်ပင်လယ်မှာ ရှိနေသည့် တစ်ခုမှ ကွဲထွက်လာသည်။  စိတ်ဝိညာဉ်ဆိုင်ရာ တိုက်ကွက်အားလုံးက ပုံရိပ်ယောင်ဆီ ရောက်ရှိသွားမည်ဖြစ်ကာ ပင်မကို ကာကွယ်ပေးထားလိမ့်မည်။ ထို့အပြင် လီကျွင်းက ထိုနည်းလမ်းကို အသုံးပြု၍ သူ့စိတ်ခံစားချက်များအပေါ် သက်ရောက်မှု ရှိစေသည့် လျှို့ဝှက်နည်းစနစ်များကို ရှောင်ရှားနိုင်၏။

သူက ထိုနည်းစနစ်ကို အသုံးပြုလိုက်သည်နှင့် ပုံရိပ်ယောင်၏ မျက်ဝန်းအတွင်း အနီရောင် အလင်းဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။

စိတ်လှုပ်ရှားနေတာလား…

သူက ငါ့ကို စိတ်လှုပ်ရှားလွန်းပြီးတော့ သတိလက်လွတ်ဖြစ်သွားစေချင်တာလား…

လီကျွင်းက သုံးသပ်လိုက်ပြီးသည့်နောက်တွင် တွေးလိုက်မိသည်။

အလေးအနက်တိုက်ကြတာပေါ့…

မရဏအကဲဖြတ်ချက်

တစ်ဖက်တစ်ချက်စီတွင် သေခြင်းနှင့်ရှင်ခြင်းဟူသော ချိန်ခွင်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သေခြင်းတရားဘက်ကို ယိမ်းယိုင်သွား၏။ ကောင်းကင်မှ တောက်ပနေသည့် ရွှေရောင်အလင်းတန်း ကျဆင်းသွားကာ ယန်ကောဝေဆီ အလင်းနှုန်းဖြင့် တိုးဝင်သွားသည်။

ကံကောင်းစွာဖြင့် သူ့အဖြူရောင် ပိုင်နက်က လိမ္မော်ရောင် ပြောင်းလဲသွားပြီး နှေးကွေးကျသွားကာ တိုက်ကွက်၏ အရှိန်အား လျော့ကျသွားစေသည်။ အနီရောင် နေမင်းကို ဖျက်ဆီးသည့်အချိန်အပြင် ယန်ကောဝေက သူ တုံ့ပြန်နိုင်လောက်သည့် အနေအထားအထိ ရောက်သည်အထိ တိုက်ကွက်အရှိန်ကို လျော့ချလိုက်၏။

သူ့ခေါင်းအထက် စက်ဝန်းနှစ်ခု ထွက်ပေါ်လာပြီး ပထမတစ်ခုက အစိမ်းရောင်ဖြစ်ကာ မြေကြီး၏ သဘာဝနှင့် ကာကွယ်နိုင်စွမ်းကို ဖော်ပြနေ၏။ ဒုတိယတစ်ခုကမူ အနက်ရောင်နှင့် အဖြူရောင်ဖြစ်ကာ ယင်ယန် ဒိုင်းကာအဖြစ် ပြောင်းလဲသွားသည်။

ယန်ကောဝေက လီကျွင်း၏ တိုက်ကွက်များကို ခုခံလိုက်သည်။ သို့သော်လည်း တစ်ဖက်လူက သူ့အား အသက်ရှူဖို့ အချိန်မပေးပေ။ သူက လီကျွင်းသည် သွေးဆူနာမီနှင့်အတူ သူ့ဆီပြေးဝင်လာသည်ကို မြင်လိုက်ရ၏။ သူက သွေးပင်လယ်မှ အော်သံများကို ကြားနေရသော်လည်း သူ့စိတ်ကို အရောင်အကာအရံဖြင့် တားဆီးထားလိုက်သည်။

သူက အနက်ရောင်ကို အသုံးပြုကာ ကာလံဒေသံကို ဆက်နွယ်လိုက်ပြီး သွေးမြစ်ကို သူ့ဆီမှ ဝေးဝေးသို့ ပို့ဆောင်လိုက်သည်။ သူက လီကျွင်းကို ထိုသို့အတူတူလုပ်ဖို့ ကြိုးစားလိုက်သော်လည်း ထိုလူက တောင့်ခံထား၏။

ယန်ကောဝေက လီကျွင်း၏ လှံနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ နောက်ဆုံးအချိန်တွင် သူက သူ့ပိုင်နက်ကို ကာကွယ်ရေး အကာအရံအဖြစ် ဖွဲ့စည်းလိုက်ရသည်။

ဝုန်း

ထိပ်တိုက်တွေ့မှုက ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေကာ အာကာပြင်ပင် ပျက်စီးသွားစေသည်။ သစ်ပင်များက လွင့်စင်သွားပြီး တောင်များက ပြိုလဲသွားကာ မြစ်များပင် ခမ်းခြောက်သွားသည်။

လီကျွင်းက တုန်ခါလှိုင်းကြောင့် နောက်အနည်းငယ် ယိမ်းလိုက်ရသော်လည်း ယန်ကောဝေကမူ အကောင်းအတိုင်း ရှိနေဆဲ ဖြစ်၏။

အနည်းဆုံးတော့ အပေါ်ယံတွင် ဖြစ်သည်။

ဝှစ်

ယန်ကောဝေက သွေးတစ်ပွက် အန်လိုက်ရပြီးသည့်နောက်တွင် သူ့အသားအရည်က ပိုမိုဖြူဖျော့လာသည်။

ဘာ ငါက ဒီတိုက်ကွက်ကို တားလိုက်တယ်လေ…

ပိုင်နက်အကြွင်းမဲ့ ထိန်းချုပ်နိုင်ခြင်းက အထွတ်အထိပ်နယ်ပယ်အဆင့် ဝင်ရောက်ဖို့ အဓိကလိုအပ်ချက်ထဲမှ တစ်ခု ဖြစ်၏။ သူ့ရွယ်တူများအပါအဝင် လူများစွာက သူတော်စင်အဆင့်တွင် ဝင်ရောက်ပြီးသည့်နောက်တွင် ကာကွယ်ရေး အကာအရံအဖြစ်ပင် မပြောင်းနိုင်ကြသေးပေ။

ထို့ကြောင့် သူက ထိုတိုက်ကွက်ကို တားဆီးနိုင်သင့်သည်။ ယန်ကောဝေက သူ့ကိုယ်သူ ကုစားနိုင်သည့် အပင်ကို ကိုယ်စားပြုသည့် အဝါရောင်ကို အသုံးပြုလိုက်သည်။ ကံဆိုးစွာဖြင့် ထိုနည်းလမ်းက ကျဆုံးသွားကာ သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း အားနည်းလာသည်ကို ခံစားမိလိုက်သည်။

သူက အလင်းနှင့် ကုသခြင်းကို ကိုယ်စားပြုသည့် ရွှေရောင်ကို ကြိုးစားကြည့်လိုက်သည်။ တူညီသည့် ရလဒ်သာ ဖြစ်နေ၏။ သူက အခြေအနေကို သုံးသပ်လိုက်ပြီးသည့်နောက်တွင် အရေးကြီးသည့်အချိန်တွင် ကျရောက်နေကြောင်း သိသွားခဲ့သည်။

“ သမိုင်းကြောင်းတစ်လျှောက်မှာ သေခြင်းတရားကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းက ဘာလဲ ” သူက ရေရွတ်လိုက်သည် “ ဖျားနာခြင်းပဲ”

နေ့စဉ်နေ့တိုင်း ရောဂါကြောင့် သေမျိုးသန်းချီက သေဆုံးနေကြရသည်။

“ မင်း သိသွားပြီကိုး” လီကျွင်းက ပြောလိုက်၏။ မွေးဖွားခြင်း၊ အသက်ကြီးရင့်ခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့က ဘဝ၏ အခြေခံသဘောတရားလေးခု ဖြစ်၏။ သို့သော် ကျင့်ကြံသူများက ထိုကဏ္ဍကို မျှခြေမှ ဖယ်ထုတ်ထားခဲ့သည်။

“ အခု ပြောင်းလဲဖို့အချိန်ပဲ”

ယန်ကောဝေ ရှေ့တွင် အရောင်ငါးရောင် ပေါ်ထွက်လာပြီးသည့်နောက်တွင် ဆက်လက်ချောင်းဆိုးကာ ပို၍အားနည်းလာသည်။ ဆေးဘက်ဆိုင်ရာ သဘောတရားအရ ဖျားနာခြင်းသည် ဓာတ်ငါးပါး မညီမျှမှုကြောင့် ဖြစ်၏။ ထို့ကြောင့် သူက သူ့ကိုယ်သူ ကုစားဖို့ ထိုအရာကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ ထိုနည်းလမ်းက သက်ရောက်မှု တချို့ရှိလာ၏။ မည်သို့ပင်ဆိုစေကာမူ သူက အားနည်းမှုကို ခံစားနေရဆဲဖြစ်ကာ မူလအဆီအနှစ်က ယခင်ထက် နှေးကွေးစွာ လည်ပတ်နေသည်။

ငါ မယုံနိုင်ဘူး။ ငါက လီကျွင်းလိုလူမျိုးကို စွမ်းအားအပြည့် ထုတ်သုံးရမှာလား…

ယန်ကောဝေက အရှက်ကွဲသလို ခံစားမိသည်။ သို့သော် သူ့တွင် ရွေးချယ်စရာ မရှိပေ။ ထို့နောက် သူ့အကြည့်က တစ်နေရာကို စူးစိုက်ကြည့်ပြီးသည့်နောက်တွင် ပုံမှန် ပြန်ဖြစ်သွား၏။ ထိုအရာက ဖြတ်သွားဖြတ်လာ အကြည့်တစ်ချက်မျှသာဖြစ်သော်လည်း မည်သူကမှ သူ တစ်နေရာကို ကြည့်နေကြောင်း သတိထားမိမည် မဟုတ်ပေ။

ထို့နောက် ယန်ကောဝေက အဆောင်ကို ထုတ်ကာ ပျောက်ကွယ်သွား၏။ ထို့နောက် လီကျွင်းနှင့် ယန်းလီလင်းတို့က မျက်မှောင်ကြုတ်လိုက်ကြသည်။

ဝမ်ဝေ့က အဆောင်မှတဆင့် တိုက်ပွဲကို ကြည့်ရှုပြီးသည့်နောက်တွင် “ မင်း သူ့အပေါ် သုံးသပ်ချက်ကရော”

“ သူက ဧကရာဇ်မျိုးရိုးကြောင့် မာနကြီးပုံပဲ။ ဒါပေမဲ့ ဒါက အပေါ်ယံလို့ပဲ ထင်တယ်။ သူ့အဖေ ဘယ်သူလဲဆိုတာကို စဉ်းစားလိုက်ရင် အဲဒီလူလောက် ဉာဏ်များမှာ အသေအချာပဲ။ သူက သူ့အဖေလိုမျိုး နည်းလမ်း ထုတ်သုံးလာရင်တောင် အံ့ဩစရာ မဟုတ်ဘူး” လီကျွင်းက ပြောလိုက်သည်။

“ သူက ရက်စက်ပြီးတော့ ရည်ရွယ်ချက်အတွက် ဘာမဆိုလုပ်မယ်ဆိုတာ သေချာပေါက်ပဲ” ယန်းလီလင်းက ပြောလိုက်သည် “ တိုက်ပွဲတစ်ခုလုံး သူက ကျွန်မကို တိတ်တဆိတ် စောင့်ကြည့်နေတာ။ ရှင့်ကို အရှုံးပေးခိုင်းဖို့ ကျွန်မကို ပြန်ပေးဆွဲဖို့ ကြံစည်နေတာလို့ ထင်တယ်”

“ တကယ်လား။ ကိုယ် သတိမထားမိလိုက်ဘူး”

ယန်းလီလင်းက သူမ ဝိညာဉ်နှင့် ရုပ်ခန္ဓာအသစ်အပေါ် လတ်တလော တိုးတက်မှုကြောင့် အာရုံခံမှု ပိုမိုကောင်းမွန်လာခဲ့သည်။ ထို့ကြောင့် သူမက သူ၏ မကောင်းအကြံအစည်ကို ခံစားမိ၏။

“ အဲဒါဆို မေးခွန်းက သူက အကုန်လုံး ထုတ်တိုက်တော့မလို့ကို ဘာလို့ ရုတ်တရက် ထွက်သွားရတာလဲ” ဝမ်ဝေ့က မေးခွန်းထုတ်လိုက်သည်။

“ အာ … ”

သူက တစ်စုံတစ်ခုကို ခံစားမိကာ အပြင်ဘက်ကို ကြည့်လိုက်၏။ လီကျွင်းနှင့် ယန်းလီလင်းတို့ကလည်း ခံစားမိကာ အပြင်ဘက်ကို ထွက်လာကြည့်လိုက်ကြသည်။ တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားသည့် တာအိုအသံနှင့်အတူ ရွှေရောင်တိမ်တိုက်များ ထွက်ပေါ်နေ၏။

အဖွဲ့က အကြောင်းအရင်းကို သုံးသပ်လိုက်သည့်အခါ သူတို့မျိုးဆက်မှ တစ်စုံတစ်ယောက်သည် အထွတ်အထိပ်နယ်ပယ်အဆင့် ရောက်ရှိသွားကြောင်း သိလိုက်ရသည်။ ကောင်းကင်ရွေးချယ်ခံ အများစုက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်တွင် ရှိသေးကာ တချို့ကသာ သူတော်စင်အဆင့် ရောက်ရှိနေခြင်း ဖြစ်၏။ သို့သော် တစ်ယောက်က အစစ်အမှန် အုပ်ချုပ်သူတစ်ယောက် ဖြစ်သွားခဲ့လေပြီ။

ဝမ်ဝေ့က သတင်းအချက်အလက်များကို တွက်ချက်ကြည့်လိုက်သော်လည်း စည်းပိတ်ထားသည့် ကောင်းကင်ရွေးချယ်ခံ ဖြစ်ကြောင်းသာ သိလိုက်ရသည်။ သို့သော်လည်း တခြားသတင်းအချက်အလက်များကို မရရှိအောင် တားဆီးထားဟန်ပေါ်၏။

ထိုလူ၏ ဇစ်မြစ်နှင့် မြန်မြန်ဆန်ဆန် ကျင့်ကြံနေရသည့် အကြောင်းအရင်းကို စဉ်းစားကြည့်နေစဉ် ကောင်းကင်တာအိုက ကမ္ဘာရှိ ကျင့်ကြံသူအားလုံးထံ သတင်းစကားတစ်ခု ပို့ဆောင်လာသည်။

ထိုအရာက ဤမျိုးဆက်၏ ရှင်းလင်းရေးအကြောင်း ပါဝင်နေသည်။

***

All Chapters