သူတော်စင်အဆင့် စမ်းသပ်ချက်
Vol. 46 Ch. 635
ဝမ်ဝေ့က လူသားကံကြမ္မာဓားကို ကိုင်ဆောင်ထား၏။ ဆုံးဖြတ်ထားသည့်အချိန် ကျရောက်လာသည့်အခါ သူက အသက်သွင်းလိုက်သည်။ ထိုစဉ် တောက်ပသည့် အလင်းတန်းတစ်ခုက တာအိုအခွင့်အလမ်းဂိုဏ်း၏ အတွင်းပိုင်းမှ ထွက်ပေါ်လာပြီး ကမ္ဘာတစ်ခုလုံးပေါ် ဖြာကျသွားသည်။ ထိုအလင်းတန်းက စက်ဝန်းသင်္ကေတများစွာဖြင့် ပြုလုပ်ထားသည့် ရွှေရောင်အစီအရင်ပုံစံအဖြစ် ထွက်ပေါ်လာပြီး တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွား၏။
ကောင်းကင်တွင် ဆက်တိုက်ဆိုသလို နောက်ထပ် အလင်းတန်းသုံးတန်း ထွက်ပေါ်လာသည်။ မြောက်ပိုင်းကုန်းမြေမှ ငွေရောင်အလင်းက နတ်ဆိုးမျိုးနွယ်ဆီမှ ဖြစ်ပြီး အရှေ့ပိုင်းပင်လယ်မှ အပြာရောင်အလင်းတန်းက အလယ်ပိုင်းနှင့် အရှေ့ပိုင်းကုန်းမြေကြား တည်ရှိရာ ပင်လယ်မျိုးနွယ်ဆီမှ ဖြစ်သည်။ နောက်ဆုံးတစ်ခုက အဖြူရောင် ဖြစ်ပြီး အရှေ့ပိုင်းကုန်းမြေမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
အရောင်ကွဲအစီအရင်များက ကောင်းကင်အထက် ဖုံးလွှမ်းသွားပြီးနောက် ပေါင်းစပ်သွားသည်။ ထိုဖြစ်စဉ်က ထင်ထားသည်ထက် ပိုမိုလွယ်ကူနေသောကြောင့် ဝမ်ဝေ့အနေဖြင့် တစ်စုံတစ်ယောက်သည် ထိုဖြစ်နိုင်ချေကို တွေးကာ ထိုအစီအရင်များအား ပြုပြင်ခဲ့သည်ဟု ယုံကြည်မိလိုက်သည်။ သူ့ ခန့်မှန်းချက်အရ ဧကရာဇ်ခုံ ဖြစ်နိုင်ချေရှိ၏။ ပြောရလျှင် ထာဝရဧကရာဇ်များက ထိုသို့ လျှို့ဝှက်အစီအရင်များကို အာရုံခံနိုင်သည့် နည်းလမ်းများ ရှိနေသည် မဟုတ်ပါလော။ သို့သော် သူ့တွင် သက်သေပြစရာ မရှိပေ။
သူက ပေါင်းစည်းရေးကို ပြုလုပ်နေစဉ် သူ့ကောက်ချက်ချမှုက ပိုမိုခိုင်မာလာခဲ့သည်။ တစ်စုံတစ်ယောက်က တခြားအစီအရင်များကို ပြုပြင်ပြောင်းလဲခဲ့ခြင်း မဟုတ်ဘဲ လူသားကာကွယ်ရေး အစီအရင်ကို ဖြစ်၏။ ထိုအရာကို တခြားအစီအရင် အမျိုးမျိုးနှင့် ပေါင်းစပ်ရာတွင် ပိုမိုသင့်တော်အောင် ပြောင်းလဲထားခဲ့သည်။
ဝမ်ဝေ့က လုပ်လက်စအလုပ်ကို အာရုံစိုက်ထားရင်း နောက်ဆုံးဖြစ်စဉ်ကို အဆုံးသတ်လိုက်ပြီး တည်နေရာနှစ်ခုဆီ လှမ်းကြည့်လိုက်သည်။ ပထမတစ်ခုက တားမြစ်ဇုန်များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ခြင်း ဖြစ်၏။ အထူးသဖြင့် တာအိုသင်္ချိုင်းနယ်မြေဆီမှ ဖြစ်သည်။ ဒုတိယအနေဖြင့် အသင်္ချေအင်ပါယာကမ္ဘာဆီ ချဉ်းကပ်လာခြင်း သို့မဟုတ် ဝင်ရောက်လာမည့် နယ်ခြားများကို စောင့်ကြည့်ခြင်း ဖြစ်သည်။
အရာအားလုံးပြီးမြောက်သွားသည်နှင့် ဝမ်ဝေ့က စိတ်သက်သာရာရသလို ခံစားမိလိုက်သည်။ ဤအစီအစဉ်၏ နောက်အဆင့်က အင်အားစုတစ်ခုချင်းစီက အရင်းအမြစ်ဝေစုကို ပေးဖို့ရာ သေချာစေဖို့ ဖြစ်၏။ သူက ဂိုဏ်းအမှုထမ်းဘက်မှ ယုံကြည်စိတ်ချရသည့် ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ထားသည်။
သေမျိုးများ၊ သာမန်ကျင့်ကြံသူများနှင့် ဧကရာဇ်မျိုးနွယ် မဟုတ်သည့် အင်အားစုအသီးသီးက ကမ္ဘာတွင် ဘာဖြစ်သွားလဲဟု စဉ်းစားနေကြစဉ် ဝမ်ဝေ့တွင် တခြားလုပ်စရာများ ရှိနေသည်။
ထျဲ့ကန်က ပြန်ရောက်ရှိလာသည့်အတွက် သူနှင့် စကားစမြည် ပြောလို၏။
“ ကိစ္စတွေက ဘယ်လိုလဲ”
“ ကျုပ် သွားခဲ့တာက အလယ်အလတ်ကမ္ဘာတွေဆိုတော့ အခြေအနေ တင်းမာမှုတော့ မရှိဘူး။ မဟာကမ္ဘာတချို့ကတော့ ခုခံမှုတော့ ရှိကြတယ်။ ဒါပေမဲ့ အကြီးအကဲတွေက ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်”
“ ကောင်းပြီ။ အလွှာနိမ့်က တခြားအင်အားစုတွေရဲ့ တည်ရှိမှုကို သိခဲ့သေးလား”
“ တချို့လောက်ပါပဲ” ထျဲ့ကန်က ပြန်ဖြေသည် “ အများစုကတော့ ကျောင်းတော်ဆီကပဲ။ သူတို့က အရင်ချီကံကောင်းမှု ဆုံးရှုံးထားတာကို ကာမိစေဖို့ တချို့ကမ္ဘာတွေကို အုပ်စိုးထားတယ်။ သခင်လေးရဲ့ ညွှန်ကြားချက်အတိုင်း အဲဒီကမ္ဘာတွေကို ဝင်ရောက်မစွက်ဖက်ခဲ့ဘူး”
ဝမ်ဝေ့က ခေါင်းညိတ်ကာ “ ငါတို့တွေ ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မတိုင်ခင်အထိ ပြင်ပလောကနဲ့ ဆက်သွယ်မှုကို လျှော့ချရမယ်”
“ အကြောင်းအရင်း ရှိလို့လား”
“ နယ်ခြားကျူးကျော်မှုကို ကာကွယ်ဖို့အတွက်ပဲ”
“ အဲဒါဆို တခြားအစီအစဉ်တွေကရော”
“ အရာအားလုံး အဆင်သင့်ဖြစ်နေပြီ။ စောင့်ဖို့ပဲ လိုတော့တယ်” သူက ကံကြမ္မာအရိပ်တပ်ဖွဲ့များအား အမိန့်ပေးကာ အဆုံးမဲ့လေဟာနယ်တစ်လျှောက် ဖြန့်ကျက်ထားခဲ့သည်။ ထို့အပြင် ထိုဖြန့်ကျက်ရာတွင် ဆက်သွယ်မှု နည်းပါးသော်လည်း တာဝန်ယူထားကာ စိတ်ချရသည့် လူတစ်ယောက်လည်း ရှိထားသည့်အတွက် သူ့အနေနှင့် စိုးရိမ်စရာ မလိုပေ။
“ ဒါနဲ့ ဒီစကားဝိုင်းက ဒါအတွက်လား” ထျဲ့ကန်က မြင်ရသလောက် မရိုးရှင်းမှန်း ခံစားမိ၍ မေးလိုက်သည်။
“ အနာဂတ်အတွက် မင်းရဲ့ အစီအစဉ်က ဘယ်လိုလဲ”
ထျဲ့ကန်က ချက်ချင်းပြန်မဖြေပေ “ ကျုပ်အတွက် အစီအစဉ် ရှိလို့လား”
“ မင်းကို ကံကြမ္မာ(၁)ဖြစ်လာပြီးတော့ ဂိုဏ်းကို ကာကွယ်စေချင်တယ်။ ဒါပေမဲ့ မင်း အလိုရှိရဲ့လား သိချင်တယ်”
ထျဲ့ကန်က ချက်ချင်းပြန်မဖြေပေ “ ပထမဆုံး ကျုပ်တို့ တွေ့တုန်းက အချိန်ကို အမှတ်ရသေးတယ်။ ကျုပ်က မာနကြီးပြီးတော့ ရည်မှန်းချက်တွေ ပြည့်နှက်နေခဲ့တယ်။ လီကျွင်းဆီကို ဆုံးရှုံးသွားပြီးတဲ့နောက်မှာတောင်ပေါ့။ ဒါပေမဲ့ သခင်လေးက အကြည့်တစ်ချက်တည်းနဲ့ ကျုပ် ဘယ်လောက်အားနည်းတယ်ဆိုတာကို သဘောပေါက်စေခဲ့တယ်”
ထျဲ့ကန်က အဝေးတစ်နေရာကို လှမ်းကြည့်ကာ ငေးမောနေဟန်ဖြင့် “ ကျုပ် အမြင်ကျယ်လာပြီးတဲ့နောက်မှာ အရင်က ဘယ်လောက်တောင် သေးနုပ်ပြီး အရေးမပါဖြစ်ခဲ့လဲဆိုတာကို သဘောပေါက်သွားတယ်”
သူက ခိုင်မာသည့် ဆုံးဖြတ်ချက်ဖြင့် ပြောလိုက်သည် “ ဒါပေမဲ့ ကျုပ်က ကျင့်ကြံရေးရဲ့ အမြင့်ဆုံးအဆင့်ကို မြင်တွေ့ချင်သေးတယ်”
“ မင်းက တာအိုကို သက်သေပြချင်တာလား”
“ ဟုတ်ပါတယ်” ထျဲ့ကန်က ပြန်ဖြေလေ၏ “ ဒါပေမဲ့ ကျုပ်က ကန့်သတ်ချက်ကို သိတယ်။ အဲဒါကြောင့် အကောင်းဆုံးအခွင့်အရေးပေးနိုင်မဲ့ အစီအစဉ်တစ်ခု ရှိတယ်”
“ အင်း ပြောပါဦး”
“ ကျုပ်က အားအကောင်းဆုံး ဆန့်ကျင်ကျင့်ကြံသူ တစ်ယောက် ဖြစ်လာချင်တယ်။ ပြီးတော့ သခင်လေး တက်လှမ်းသွားတဲ့အထိ ခစားပါမယ်။ ဒါပေမဲ့ ထွက်သွားပြီးတဲ့နောက်မှာ သခင်လေးက ကျုပ်ဆီက စွမ်းအားကို တခြားသူဆီ လွှဲပြောင်းပြီးတော့ ကျုပ်က ပြန်လည်ဝင်စားမယ်”
“ မင်းက အတိတ်ဘဝရဲ့ မှတ်ဉာဏ်ကို သုံးပြီးတော့ တာအိုကို သက်သေပြချင်တာလား”
“ ဟုတ်ပါတယ်”
“ အင်းအင်း … မဆိုးဘူးပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
ထျဲ့ကန်၏ ပါရမီဖြင့် သူသည် တာအိုကို သက်သေပြဖို့ ကံကောင်းမှု အများအပြား လိုအပ်လိမ့်မည် သို့မဟုတ် သူက ပိုမိုပါရမီထူးကဲသည့် ခန္ဓာကိုယ်အတွင်း ပြန်လည်ဝင်စားနိုင်ဖို့ရာ မျှော်လင့်နိုင်၏။ သို့သော်လည်း ထိုသို့သော နည်းလမ်းမျိုးက အာမခံချက် မရှိပေ။ အကယ်၍ သူက ပထမဘဝတွင် အားကောင်းသည့် ဆန့်ကျင်ကျင့်ကြံသူ တစ်ယောက်ဖြစ်နေပါက သူသည် အတွေ့အကြုံကို အသုံးပြု၍ ပါရမီအတွက် ဟာကွက်ကို ဖြည့်ဆည်းနိုင်လိမ့်မည်။
“ မင်းကို ကူညီပေးနိုင်တယ်။ ဒါပေမဲ့ မင်း ပြန်လည်ဝင်စားတဲ့အခါ ဂိုဏ်းနဲ့ ကံကြမ္မာ ချည်နှောင်ထားချင်လား”
“ ကျုပ်က သံမဏိလက်သီးတိုင်းပြည်ကို ပြန်လည်ထူထောင်ချင်တယ်” ထျဲ့ကန်က တာအိုအခွင့်အလမ်းဂိုဏ်း၏ ဧကရာဇ်တစ်ယောက် ဖြစ်လာခြင်းနှင့် ထိုကံကြမ္မာ ချည်နှောင်ထားခြင်း၏ အကျိုးကျေးဇူးအကြောင်း ကောင်းကောင်းသိထားသည်။ သို့သော်လည်း သူက သူ့ကိုယ်ပိုင် အမွေအနှစ်ကို ရှိလိုသည်။
“ ကောင်းပြီ” ဝမ်ဝေ့က သဘောတူလိုက်ပြီးသည့် စကားစမြည်ပြောကာ ပြန်လွှတ်လိုက်သည်။
“ အင်း အဲဒါဆိုရင်တော့ နောက်ထပ် ကံကြမ္မာ(၁)အတွက် လူရှာရတော့မှာပဲ”
သူက စိတ်ထဲတွင် တစ်စုံတစ်ယောက် ရှိထားသော်လည်း သူမက သင့်တော်ပါ့မလား မပြောတတ်ပေ။
သိပ်မကြာခင် သူက စမ်းသပ်ချက်တောင်ထိပ်ဆီ သွား၍ အစီအရင်များကို ထပ်ဆင့်မြှင့်တင်လိုက်သည်။ သူ့စမ်းသပ်ချက်အတွက် ဂိုဏ်းမှ ထွက်မသွားလိုသော်လည်း သူ့စမ်းသပ်ချက်က လက်ရှိအစီအရင်အတွက် အားပြင်းလွန်းနေသည်ကို သိထား၏။
သူက လှုပ်ရှားမှုများအား ပြင်ပလောကမှ ဝှက်ထားဖို့ရာ သူတို့ကို အဆင့်မြှင့်တင်ပေးခဲ့သည်။ သို့သော်လည်း သူက တပည့်များကိုမူ အခြေအနေတစ်ခုလုံးကို စောင့်ကြည့်ခွင့်ပေးထားပြီး သူတို့ဂိုဏ်းချုပ်က မည်မျှအားကောင်းလဲ တွေ့ကြုံခံစားစေခွင့်ပြုထားသည်။
အရာအားလုံး စီစဉ်ပြီးသည့်နောက်တွင် သူ တစ်ချိန်လုံး ဖိနှိပ်ထားသည့် နည်းစနစ်ကို ရုတ်သိမ်းလိုက်၏။ ထို့နောက် ကောင်းကင်က ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ မီးတောက်၊ မိုးကြိုး၊ လေနှင့် တခြားဓာတ်များက သူ့ဆီ မယုံနိုင်လောက်ဖွယ် စွမ်းအားဖြင့် ကျဆင်းလာသည်။
ဤသည်က စမ်းသပ်ချက် အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ခုနစ်ရက်ဆက်တိုက် ကြာမြင့်လေသည်။ ဤစမ်းသပ်ချက်က ဝမ်ဝေ့အတွက် ကစားစရာတစ်ခုမျှသာ ဖြစ်ပြီး ထိုအရာက အားနည်းလွန်းသည့်အတွက် သူ့ခန္ဓာကိုယ်ကိုပင် လေ့ကျင့်မပေးနိုင်ပေ။ သို့သော်လည်း သူက စမ်းသပ်ချက်၏ ဒုတိယအပိုင်းကိုမူ စိတ်ဝင်စားမိ၏။
တိမ်တိုက်ရှိ စွမ်းအင်များက နှစ်ပိုင်းကွဲသွားပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။ ဝမ်ဝေ့၏ စိတ်ထဲ ထိုသူနှစ်ဦးကို ချက်ချင်း မှတ်မိလိုက်၏။
“ ယင်စန္ဒာဧကရာဇ်နဲ့ ဓားရေးဧကရာဇ်ပဲ”
ထိုသူနှစ်ဦးက ယင်စန္ဒာနန်းဆောင်နှင့် ဓားရေးစံအိမ်တို့၏ တည်ထောင်သူများဖြစ်ပြီး သူတို့က ကျန့်ဝူရွှမ်းနှင့် စုယာတို့၏ ဘိုးဘေးများလည်း ဖြစ်ကြသည်။ သူတို့နှစ်ဦးက စံပြဖြစ်လာပြီး ကိစ္စများစွာ အောင်မြင်ခဲ့သည့် အတုအယောင် ထာဝရဧကရာဇ်များ ဖြစ်၏။
ဝမ်ဝေ့က ဓားရေးစံအိမ် ဧကရာဇ်အပေါ် အာရုံစိုက်ထားလိုက်သည်။ ပြောရလျှင် သူတို့က ကံကြမ္မာဆက်နွယ်မှု ရှိနေသည် မဟုတ်ပါလော။ ထိုသူက တိုက်ပွဲရူးဧကရာဇ်ကို ပထမကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွင်း အနိုင်ယူခဲ့သူလည်း ဖြစ်၏။
တစ်ခါက သူသည် တိုက်ပွဲရူးဧကရာဇ် ချန်ထားခဲ့သည့် မှတ်တမ်းများကို ဖတ်ရှုခဲ့ဖူးသည်။ ထိုသူ ပြောစကားအရ ထိုရှုံးနိမ့်မှုသည် သူ၏ အကြီးမားဆုံးအရှက်ရမှု ဖြစ်၏။ အကြောင်းမှာ သူက ရှုံးနိမ့်သွား၍ မဟုတ်ဘဲ သူ့သွေးသောက်ညီမထက် နိမ့်ကျသည်ဟု ယူဆထားသည့် ဓားသမားတစ်ယောက်ထံ ရှုံးနိမ့်သွား၍ ဖြစ်သည်။
သိပ်မကြာခင် စံပြဖြစ်လာပြီးသည့်နောက် သူက ပြန်လည်ရင်ဆိုင်ခဲ့ရာ ကပ်သီးလေး အောင်နိုင်ခဲ့သည်။ သူတို့၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွင်း ဓားရေးဧကရာဇ် လုပ်ခဲ့သလိုမျိုး ဖြစ်၏။
ဝမ်ဝေ့၏ စိတ်ထဲ သတင်းအချက်အလက်မြောက်များစွာ ထွက်ပေါ်လာပြီးသည့်နောက်တွင် ထိုသူနှစ်ဦး၏ ဘဝအကြောင်းကို စတင်တွေးတောလာမိသည်။ ယင်စန္ဒာဧကရာဇ်က သေမျိုးတစ်ယောက်အနေဖြင့် ဆိုးရွားလွန်းသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရသည်။ သူမ၏ အဖေသည် သူမနှင့် သူမ၏ အမေကို နှိပ်စက်ခဲ့သည့်အတွက် အမျိုးသားအပေါ် မုန်းတီးနေခဲ့သည်။ တစ်ရက်တွင် သူမ၏ မိခင်က သူမကို ထွက်သွားခိုင်းကာ သူမ၏ အဖေနှင့် ရင်ဆိုင်ပြီး အိမ်တစ်ခုလုံးကို မီးလောင်တိုက်သွင်းခဲ့သည်။
ယင်စန္ဒာက ထိုအားနည်းသည့် ခံစားချက်ကို မုန်းတီးကာ ကျင့်ကြံရေးလောကသို့ ဝင်ရောက်လာခဲ့သည့် သူမက ရွယ်တူများကို ချီယွီလျှိုချင်ရုပ်ခန္ဓာဖြင့် ဖိနှိပ်ထားနိုင်ပြီး တာအိုကို သက်သေပြနိုင်ခဲ့၏။ သို့သော်လည်း သူမက ထာဝရဧကရာဇ် ဖြစ်လာဖို့ အနည်းငယ် လိုအပ်နေခဲ့သည်။
နောက်ဆုံးတွင် သူမက အမျိုးသမီးများကိုသာ လက်ခံသည့် ယင်စန္ဒာနန်းဆောင်ကို ဖန်တီးခဲ့သည်။
ဓားရေးဧကရာဇ်က ရှေးဟောင်းဧကရာဇ်ခေတ်ကာလ၏ တတိယမျိုးဆက်တွင် နေထိုင်ခဲ့သူ ဖြစ်၏။ ထိုစဉ်အချိန်က အိပ်စက်သူများသည် စတင်ခါစ ဖြစ်သည့်အတွက် သူ့အကြောင်း သတင်းအချက်အလက် များများစားစား မရှိပေ။
သို့သော်လည်း ဝမ်ဝေ့က သူ့နာမည်အကြောင်း သိထား၏။ ဓားရေးဟူသည်မှာ သူသည် ဓား ပြုလုပ်ရာတွင် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ကြောင်း သို့မဟုတ် သူ့တာအိုက ထိုအရာနှင့် ဆက်နွယ်နေကြောင်း ဖော်ပြနေသည်။ သို့သော် ထိုအရာ အဓိက မဟုတ်ပေ။
သူက ထိုဂုဏ်ပုဒ်ကို ရွေးချယ်ခဲ့ပြီး ဂိုဏ်းကို ထိုနာမည် ပေးခဲ့သည်မှာ သေဆုံးသွားပြီးသော သူ့ဖခင်ကို ဂုဏ်ပြုလိုသည့်အနေဖြင့် ဖြစ်၏။ သူ့ဖခင်က ဓားကောင်းများကို ဖန်တီးခဲ့သည့် သေမျိုး ပန်းပဲဆရာတစ်ယောက် ဖြစ်ခဲ့သည်။ သူက ဖခင်၏ အမွေအနှစ်ကို သန့်စင်ရေးပညာရပ်အဖြစ် မြင့်မားစေခဲ့ပြီး ဓားရေးစံအိမ်ကို ဖန်တီးခဲ့သည်။ ယနေ့တိုင် ကမ္ဘာတွင် အကောင်းဆုံး ဓားဖန်တီးသူ ဖြစ်နေဆဲဖြစ်သည်။ မူလလက်နက်တောင်ကပင် ထိုကဏ္ဍတွင် သူတို့နှင့် မယှဉ်နိုင်ပေ။
“ စိတ်ဝင်စားစရာကောင်းသားပဲ” ဝမ်ဝေ့က ရေရွတ်လိုက်၏ “ ဒါပေမဲ့ ကျုပ်ကို တားဖို့ မလုံလောက်သေးဘူး”
လျှပ်စီးများက တဖျတ်ဖျတ်လက်လာပြီး ထိုစကားများကို ကြားသည့်အလား တုံ့ပြန်လာသည်။ ထို့နောက် လူနှစ်ယောက် ထပ်မံပေါ်ထွက်လာ၏။ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ဦးဖြစ်သည်။ အမျိုးသမီးက ပညာရှင်ဆန်ဆန် အငွေ့အသက်မျိုး ပိုင်ဆိုင်ထား၏။ ထိုစဉ် အမျိုးသားကမူ အနီရောင်နှင့် အပြာရောင် မျက်ဝန်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
“ လေဟာနယ်ဧကရာဇ်” ဝမ်ဝေ့က ထိုအမျိုးသမီးကို ကြည့်ရင်း ရေရွတ်လိုက်မိသည်။ ထို့နောက် အမျိုးသားကို ကြည့်ကာ “ သံသရာဧကရာဇ်”
သူတို့နှစ်ဦးကလည်း အတုအယောင်ထာဝရဧကရာဇ်နှစ်ပါး ဖြစ်ကြသည်။
***