← Chapters

သတ်ကွင်း

Vol. 58 Ch. 797

သတ်ကွင်း

Vol. 58 Ch. 797

ထို နေရာကြီးမှာ လူသူကင်းမဲ့နေ၏။ တစ်စစီကြေမွနေသော ဥက္ကာပျံ အပိုင်းအစများမှလွဲ၍ အခြားမည်သည့်အရာမှ မရှိပေ။

သူတို့၏ ဘေးပတ်ပတ်လည်တွင် အလင်းရောင် လုံးဝ ရှိမနေသောကြောင့် ထို နေရာကြီးတစ်ခုလုံးမှာ မှောင်မိုက်နေ၏။

" နတ်မျက်လုံး လူမှုအဖွဲ့အစည်းက ကျိုင်းကောင်တွေလိုပဲ။ သူတို့တွေ ဘေးပတ်ပတ်လည်မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေကို ဘယ်နှစ်ကြိမ်အထိ ဓားပြတိုက်ပြီးပြီလဲဆိုတာ ဘယ်သူမှ သိနိုင်မှာမဟုတ်ဘူး " ဝမ်ပေါင်လဲ့မှာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ယခုကဲ့သို့သော မြင်းကွင်းမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မျှော်လင့်ထားသည့်တိုင်အောင် သက်ပြင်းချမိသွားဆဲပင်။

" ငါ ရှေ့ဆက်ပြီးတော့ သွားမှဖြစ်မယ် " ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မျောသွား၏။ သူသည် မြည်းလေး အရောင်တောက်ပနေသည့် မျက်ဝန်းများဖြင့် ကျိုင်းကောင်ကြီး၏ အတွင်းပိုင်းအား အကဲခတ်ကြည့်ရှုနေသည်ကို မြင်နေရသည်။ ၎င်းမှာ နှုတ်ခမ်းအား လျှာဖြင့် အငမ်းမရလျက်နေပြီး တံတွေးများမှာလည်း ကြမ်းပြင်ပေါ်သို့ စီးကျနေ၏။

မြည်းလေး၏ ဘေးတွင်ထိုင်နေသော ဝူလေးမှာ အာကာသကြီးထဲသို့ လှမ်းကြည့်နေသည်။ သူသည် အတွေးများထဲတွင် နစ်မျောနေသည့်ပုံ ပေါက်နေ၏။ ဝမ်ပေါင်လဲ့မှာ သူတွေးတောနေသည့် အရာများကို မသိနိုင်ပေ။

ဝမ်ပေါင်လဲ့မှာ ဝူလေးအား လျစ်လျူရှုလိုက်ပြီးနောက် မြည်းလေးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။ သူသည် စကားတစ်ခွန်းပင် ပြောနေစရာမလို‌ပေ။ သူ၏ အကြည့်တစ်ချက်တည်းနှင့် လုံလောက်ပေသည်။ မြည်းလေးမှာ သူဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည်သောကြောင့် သနားကမား အမူအရာနှင့် ခေါင်းငုံ့သွား၏။ ထို့နောက် ၎င်းမှာ လျှာထုတ်ကာ ကြမ်းပြင်ပေါ်ရှိ တံတွေးအိုင်ကြီးအား ပြန်လျက်နေတော့သည်။

ဝမ်ပေါင်လဲ့မှာ မြည်းလေးအား သတိပေးပြီးသွားသောအခါ သူ၏ အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်ပြီး မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ သူ၏ စစ်သင်္ဘောကြီးများမှာ သူ၏ ဘေးပတ်ပတ်လည်တွင် ချက်ချင်းဆိုသလိုပင် စုဝေးလာကြပြီး တစ်စင်းပြီးတစ်စင်း သူ၏ သိုလှောင်လက်ကောက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြတော့သည်။ ကျိုင်းကောင်ကြီးသာလျှင် ကျန်ရစ်ခဲ့ပြီး ခပ်လှမ်းလှမ်းရှိ အာကာသကြီးထဲသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွား၏။

သူ တည်နေရာပြောင်းရွှေ့သွားခဲ့သည့် နေရာမှာ မဟာတောင်ထိပ်ဂိုဏ်း ရွေးချယ်ခဲ့သည့်နေရာနှင့် မတူပေ။ ဝမ်ပေါင်လဲ့မှာ မဟာတောင်ထိပ်ဂိုဏ်း သွားရောက်ခဲ့သည့် လမ်းကြောင်းကို သိရှိထားပြီးသား ဖြစ်ပါသော်လည်း ထိုနေရာတစ်ခုလုံးမှာ ဓားပြတိုက်ခံထားရသဖြင့် ပြောင်သလင်းခါနေပြီ မဟုတ်ပါလော။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ အခြားနေရာတစ်ခုသို့သွားကာ ကံစမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူရောက်နေသည့် နေရာ၏ ကြယ်မြေပုံအား ပိုင်ဆိုင်ထားပါသော်လည်း ၎င်းမှာ သိပ်၍ အသုံးမဝင်ပေ။ ထိုမြေပုံထဲတွင် နတ်မျက်လုံး လူမှုအဖွဲ့အစည်း ဤနယ်မြေထဲ၌ အဝေးဆုံး သွားဖူးထားသည့် နေရာအထိသာ ဖော်ပြထားသည်။ ကျိုင်းကောင်ကြီးမှာ မြန်ဆန်လွန်းနေသောကြောင့် သူတို့မှာ ထိုနယ်မြေ၏ အစွန်းဆီသို့ နှစ်ပတ်အတွင်း ရောက်ရှိသွား၏။ ထိုအချိန်တွင် ထိုကြယ်မြေပုံမှာ အသုံးမဝင်တော့ပေ။

" ငါတို့ သွားနေတဲ့ နေရာက မှတ်တမ်းတွေထဲမှာ မရှိသေးတဲ့ နေရာတွေ။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းက အဲဒီနေရာတွေကိုပါ ဓားပြတိုက်ထားပြီးသား ဖြစ်နိုင်ပေမယ့် ရှေ့ကိုရောက်လေလေ ဖြစ်နိုင်ခြေ ပိုနည်းလာလေလေပဲ " ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွသွား၏။ ထို့နောက် သူသည် ကျိုင်းကောင်ကြီးအား ထိန်းချုပ်ကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလိုက်တော့သည်။

သို့သော် ဤ စူးစမ်းရှာဖွေရေး ခရီးစဉ်မှာ ဝမ်ပေါင်လဲ့အတွက် ကံကောင်းခြင်းများကို ယူဆောင်လာခဲ့ခြင်း မရှိပေ။ နောက်ထပ် နှစ်ပတ်တိတိ ကုန်ဆုံးပြီးသွားသည့်တိုင်အောင် သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသည့် အာကာသကြီးမှာ မှောက်မိုက်နေဆဲဖြစ်ပြီး ဂြိုဟ်တစ်လုံးတလေပင် ပေါ်ပေါက်လာခြင်း မရှိသေးပေ။

ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များ ကျလာရပြီဖြစ်သည်။ မြည်းလေးမှာ ဝမ်ပေါင်လဲ့၏ စိတ်အခြေအနေအား သတိထားမိနေသောကြောင့် ဓမ္မစစ်သင်္ဘောကြီး၏ အတွင်းပိုင်းများကို ယခင်တုန်းကလောက် လျက်နေခြင်း မရှိတော့ပေ။ သို့သော်ငြားလည်း ဝမ်ပေါင်လဲ့မှာ မြည်းလေး၏ ပါးစပ်ထဲမှ တံတွေးများ ထိန်းမနိုင်သိမ်းမရ စီးကျနေသည်ကို မြင်လိုက်ရသည့် အချိန်တိုင်း ၎င်းအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်သာ ဖြစ်သည်။

" ဝူလေး "

" ပြောပါ ဖေဖေကြီး " ဝူလေးတစ်ယောက် အတွေးများထဲ၌ နစ်မျောနေခဲ့သည်မှာ အချိန်တစ်လတိတိ ရှိနေပြီဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့၏ စကားသံကို ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် မတ်တတ်ထလာပြီး လေသံကျယ်ကျယ်ဖြင့် ထူးလိုက်၏။

" ငါ မင်းကို တာဝန်တစ်ခုပေးမယ်။ မြည်းလေးကို သေချာစောင့်ကြည့်ထားပြီးတော့ သူ့ရဲ့ ပါးစပ်ကို အမြဲတမ်းစစ်ဆေးနေ။ သူ့ကို ဘာမှ မစားခိုင်းနဲ့ "

ဝူလေးမှာ ထိုစကားကို ကြားလိုက်ရသောအခါ ဒွိဟဖြစ်သွားရ၏။ သူသည် ဤကမ္ဘာကြီးထဲတွင် မြည်းလေး မစားနိုင်သည့်အရာဟူ၍ တစ်ခုတလေပင် မရှိကြောင်း လေ့လာသိရှိခဲ့ပြီးဖြစ်သည်။ ထိုမျှ‌သာမက မြည်းလေးမှာ အမှန်တကယ် ဆာလောင်မွတ်သိပ်လာမည်ဆိုပါက သူ့ကိုပင် ဝါးစားပစ်လောက်သည်ဟု ဝူလေးမှာ စိတ်ထဲတွင် တွေးမိနေ၏။

ထို့ကြောင့် သူသည် မြည်းလေးအား ကြည့်ကာ ဝမ်ပေါင်လဲ့အား ပြန်ကြည့်လိုက်ပြီးနောက် သနားကမား မျက်နှာအမူအရာဖြင့် တိုးတိုးလေး ပြန်ပြောလိုက်တော့သည် " ဖေဖေကြီး။ ကျွန်တော် ဒုတိယသခင်လေးကို တားလို့ မရဘူးလေ။ သူက ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်... "

" သူ ပစ္စည်းတစ်ခုခုကို တစ်ကိုက်ကိုက်တိုင်း ငါ မင်းကို တစ်ကိုက်ပြန်ကိုက်မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ဝူလေးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သဖြင့် စိုက်ကြည့်လိုက်သဖြင့် ဝူလေးမှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ဝမ်ပေါင်လဲ့မှာ ပြောသည့်အတိုင်း အမှန်တကယ် လုပ်မည်ဖြစ်ကြောင်း သူက သိထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာ တည်ကြည်သွားပြီး လေသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်တော့သည်။

" စိတ်မပူပါနဲ့ ဖေဖေကြီး။ ကျွန်တော် ဒုတိယသခင်လေး မဟုတ်တာတွေ မလုပ်နိုင်အောင် စောင့်ကြည့်ပေးထားပါမယ် "

ထိုအခါ ဝမ်ပေါင်လဲ့မှာ နှာမှုတ်ကာ သူ၏အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူသည် ဝူလေးတစ်ယောက် အခက်‌တွေ့နေသည့် မျက်နှာအမူအရာဖြင့် မြည်းလေးနှင့် ဆွေးနွေးညှိနှိုင်းကာ ၎င်းအား ၎င်း၏စိတ်ဆန္ဒများကို ထိန်းချုပ်ရန် တောင်းဆိုနေသည့် မြင်ကွင်းကို လျစ်လျူရှုထားလိုက်တော့သည်။

ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး ဝမ်ပေါင်လဲ့မှာ ကျိုင်းကောင်ကြီးအား မှောင်မိုက်နေသည့် အာကာသကြီးထဲ၌ ဆက်လက်စီးနင်းနေဆဲပင်။ သူသည် အထီးကျန်သားရဲတစ်ကောင်ကဲ့သို့ ကြယ်စင်စုတစ်ခုဆီမှ အခြားတစ်ခုဆီသို့ ခုန်ကူးသွားလာနေ၏။ ထို ကြယ်စင်စုများအားလုံးမှာ ‌ခြောက်သွေ့ပျက်စီးနေကြပြီး သက်ရှိများပင် မဆိုထားနှင့် လူမှုအဖွဲ့အစည်းများ၏ အကြွင်းအကျန် တစ်ခုတလေပင် ရှိမနေပေ။

ဤ ခရီးစဉ်ကြီးတစ်ခုလုံးမှာ ပျင်းရိစရာ ကောင်းနေပြီး ဦးတည်ချက်မဲ့သလို ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ အတွေးထဲ၌ သံသယစိတ်များ ပေါ်ပေါက်လာရတော့သည်။ သူသည် အချိန်ဖြုန်းမနေတော့ဘဲ နောက်သို့ပြန်လှည့်ကာ အခြားလမ်းကြောင်းတစ်ခုခုအား ရွေးချယ်သင့်သည်လောဟု တွေးမိနေ၏။ ထိုသို့သာဆိုလျှင် သူ့အတွက် အကျိုးပိုရှိနိုင်ပေသည်။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ သံသယစိတ်များ ဝင်လာချိန်မှာပင် သူ၏ရှေ့တွင် ရှိနေသည့် အာကာသကြီးမှာ တဖြည်းဖြည်းနှင့် စတင်ပြောင်းလဲလာတော့သည်။ ၎င်းမှာ အမှောင်အတိပြီးနေခြင်း မရှိတော့ဘဲ ခပ်လှမ်းလှမ်းတွင် တလက်လက်တောက်ပနေသည့် အလင်းရောင်များ ပေါ်ပေါက်လာပြီဖြစ်သည်။

" အလင်းရောင်တွေ " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အားတက်သွားရ၏။ အလင်းရောင်များ ရှိနေသည်ဖြစ်ရာ ထိုနေရာတစ်ဝိုက်တွင် ထာဝရကြယ်တစ်လုံး ရှိနေရပေမည်။ သူသည် ထို ထာဝရကြယ်၏ အခြေအနေအား မသိပါသော်လည်း ထာဝရကြယ်များမှာ လူမှုအဖွဲ့အစည်းတိုင်း၏ အခြေခံအုတ်မြစ် အမြုတေများ ဖြစ်ကြကြောင်း သိရှိထားပြီးသား ဖြစ်သည်။ သို့ဖြစ်ရာ ထာဝရကြယ်တစ်လုံး ရှိနေသည့်နေရာတွင် သက်ရှိများ ရှိနေနိုင်ခြေမှာ အလွန်အင်မတန်မှ မြင့်မားပေသည်။

ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ထို အလင်းရောင်များရှိရာသို့ အမြန်ဆုံးနည်းဖြင့် ဦးတည်ပျံသန်းသွားလိုက်၏။ ဆယ်ရက်တိတိ ကုန်ဆုံးသွားပြီးနောက် ထို အလင်းရောင်များမှာ ပိုမိုတောက်ပလာသဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့ရှိ အာကာသကြီးထဲတွင် ဧရာမ ထာဝရကြယ်ကြီးတစ်လုံး ရှိနေသည်ကို လှမ်းမြင်လိုက်ရတော့သည်။

ထို ထာဝရကြယ်ကြီးမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှ ထာဝရကြယ်ကြီးထက်ပင် အရွယ်အစား ပို၍ကြီးမား၏။ သို့သော် ၎င်းဆီမှ ထွက်ပေါ်နေသည့် အလင်းရောင်များမှာမူ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲရှိ ထာဝရကြယ်ကြီးလောက် တောက်ပနေခြင်းမရှိပေ။ ထို့အပြင် သူသည် ထိုအလင်းရောင်များထဲ၌ မည်သည့်အပူဓာတ်ကိုမှလည်း အာရုံမခံမိပေ။ ထို ထာဝရကြယ်ကြီးမှာ တည်ဆောက်ပုံပြောင်းလဲသွားပြီး ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုအဖြစ် ရှိနေသည့်ပုံ ပေါက်နေ၏။

သို့သော် ၎င်း၏ အမြုတေထဲမှ ထွက်ပေါ်နေသည့် အလင်းရောင်များမှာ မှေးမှိန်ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ ထို အလင်းရောင်များမှာ ထာဝရကြယ်ကြီး၏ အပြင်ဘက်ခြမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းအလွှာအား ထိုးဖောက်ကာ အာကာသထဲသို့ ပျံ့နှံ့နေသောကြောင့် ထိုနယ်မြေကြီးမှာ လင်းလက်နေရခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ခပ်လှမ်းလှမ်းမှနေ၍ ထိုမြင်ကွင်းအား အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ရင်ခုန်နှုန်းများမြန်ဆန်လာ၏။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ကျိုင်းကောင်ကြီးအား ရပ်တန့်လိုက်တော့သည်။ ထို့နောက် သူသည် ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်ပြီး သံလိုက်အိမ်မြှောင်တစ်လုံးကို ထုတ်ယူလိုက်၏။

၎င်းမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှ သံလိုက်အိမ်မြှောင် ဖြစ်ပေသည်။ ထို သံလိုက်အိမ်မြှောင်မှာ အာကာသနယ်မြေတစ်ခုအား ထောက်လှမ်းကာ ကြယ်မြေပုံတစ်ခုအား ရေးဆွဲ‌ပေးနိုင်စွမ်းရှိ၏။ ပြည်ထောင်စုကြီးထဲသို့ ကျူးကျော်လာခဲ့သည့် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှ ကျင့်ကြံသူများမှာလည်း ထိုကဲ့သို့သော ပစ္စည်းတစ်ခုကို အသုံးပြုကာ နေအဖွဲ့အစည်းအား ထောက်လှမ်းခဲ့ခြင်းဖြစ်သည်။

ယခုတွင် ဝမ်ပေါင်လဲ့ ကိုင်ဆောင်ထားသည့် သံလိုက်အိမ်မြှောင်မှာ သူတို့၏ သံလိုက်အိမ်မြှောင်ထက် အများကြီးပို၍ အဆင့်မြင့်ပေသည်။ ၎င်းမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှ ၎င်းတို့၏ စစ်တပ်များဆီသို့ ဖြန့်ဝေပေးထားသည့် မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခုဖြစ်ပေသည်။

" အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ မိုးပြာရောင်၊ အစိမ်းရောင်၊ အပြာရောင်နဲ့ ခရမ်းရောင်။ အနီရောင်က ထာဝရကြယ်အဆင့်စွမ်းအင်၊ လိ‌မ္မော်ရောင်က ဂြိုဟ်အဆင့်စွမ်းအင်၊ အဝါရင့်ရောင်က ထာဝရဝိညာဉ်အဆင့်စွမ်းအင်၊ အဝါနုရောင်က ဝိညာဉ်ကြားခံနယ်အဆင့်စွမ်းအင်.. " ဝမ်ပေါင်လဲ့မှာ သံလိုက်အိမ်မြှောင်အား ကြည့်ရှုစစ်ဆေးရင်း တစ်ကိုယ်တည်း ရေရွတ်နေ၏။ သူသည် သံလိုက်အိမ်မြှောင်၏ အထက်၌ ပေါ်ပေါက်လာသည့် ဂြိုဟ်ငါးလုံးအား မျက်တောင်မခတ်တန်း စိုက်ကြည့်နေသည်။

ထိုဂြိုဟ်ငါးလုံးထဲမှ အကြီးမားဆုံးသော ဂြိုဟ်မှာ ယခု ဝမ်ပေါင်လဲ့ ကြည့်နေသည့် ထာဝရကြယ်ကြီး ဖြစ်ပေသည်။ သူ၏ ခန့်မှန်းချက်များမှာ မှန်ကန်နေ၏။ ၎င်း၏ အစိတ်အပိုင်း အများစုမှာ ကျောက်ဖြစ်ရုပ်ကြွင်းများအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ ဤ ကြယ်စင်စုအဖွဲ့အစည်းထဲ၌ ကျန်ရှိနေသေးသည့် အခြားဂြိုဟ်လေးလုံးမှာ ဂြိုဟ်အဆင့်တွင် ရှိနေခဲ့ပြီး ၎င်းတို့အားလုံးမှာလည်း ကျောက်ဖြစ်ရုပ်ကြွင်းများအဖြစ် ပြောင်းလဲသွားကြပြီဖြစ်သည်။

၎င်းတို့၏ ကျောက်ဖြစ်ရုပ်ကြွင်း အခြေအနေမှာ ထာဝရကြယ်ကြီးထက် ပို၍ သာလွန်နေပြီး တစ်ဂြိုဟ်လုံးနီးပါး ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေကြပြီဖြစ်သည်။ သို့ဖြစ်ရာ ၎င်းတို့အား ဂြိုဟ်များဟုပင် မခေါ်သင့်တော့ဘဲ အာကာသထဲ၌ မျောလွင့်နေသည့် ဧရာမ ဥက္ကာပျံကြီးလေးလုံးဟုပင် သတ်မှတ်၍ ရပေသည်။

သံလိုက်အိမ်မြှောင်မှာ ထာဝရကြယ်ကြီး၏ အရောင်ကို အကဲဖြတ်နိုင်စွမ်းမရှိပါသော်လည်း အခြားဂြိုဟ်များ၏ အရောင်အား အနက်ရောင်အဖြစ် သတ်မှတ်ထား၏။ သို့ဖြစ်ရာ ထိုဂြိုဟ်များပေါ်တွင် ဝိညာဉ်ချီများ မရှိတော့ကြောင်း သိ‌နိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရ၏။

" နောက်ထပ် သန္ဓေပြောင်း လူမှုအဖွဲ့အစည်းတစ်ခုများ ဖြစ်နေဦးမလား " ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မျောသွားပြီးနောက် ကျိုင်းကောင်ကြီးအား ထိန်းချုပ်ကာ ထို ကြယ်စင်စုဆီသို့ ပျံသန်းသွားလိုက်၏။ ထို့နောက် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် ကျိုင်းကောင်ကြီး၏ စွမ်းအားများအားလုံးကို ထုတ်သုံးကာ လိုအပ်လာပါက အရှိန်မြှင့်တင်နိုင်ရန်နှင့် တန်ပြန်တိုက်ကွက်များ ထုတ်လွှတ်နိုင်ရန် အဆင်သင့် ပြင်ထားလိုက်တော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် သတိကြီးကြီထား၍ အကဲခတ်ကြည့်ရှုနေစဉ် ကျိုင်းကောင်ကြီးမှာ ထိုကြယ်စင်စု၏ အနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာ၏။ သူသည် ထိုကြယ်စင်စုထဲသို့ ရောက်ရှိသွားသောအခါ အံ့ဩတုန်လှုပ်သွားရပြီး ကျိုင်းကောင်ကြီးမှာလည်း ချက်ချင်းဆိုသလိုပင် ရပ်တန့်သွားတော့သည်။

မကြာသေးမီတုန်းက သူသည် အလှမ်းဝေးနေခဲ့သောကြောင့် သေသေချာချာ မမြင်ခဲ့ရပေ။ ထို့အပြင် ထူးဆန်းသည့် စွမ်းအားတစ်မျိုးမှာ ထိုကြယ်စင်စုကြီးအား လွမ်းခြုံထားပြီး သူ၏ သံလိုက်အိမ်မြှောင်အား ဤနေရာကြီးတစ်ခုလုံးကို ထောက်လှမ်းနိုင်စွမ်းမရှိအောင် တားဆီးထားသကဲ့သို့ ဖြစ်နေသေးသည်။ ထို့ကြောင့် သူသည် ကြယ်စင်စုထဲသို့ ရောက်သွားသောအခါမှ သူ၏ရှေ့တွင်ရှိနေသည့် အရာများကို မြင်လိုက်ရတော့သည်။

၎င်းမှာ သတ်ကွင်းတစ်ခု ဖြစ်နေ၏။

မရေမတွက်နိုင်လောက်အောင် များပြားသည့် အလောင်းများမှာ စစ်သင်္ဘောပျက်ကြီးများနှင့် ထိခိုက်ပျက်စီးနေကြသည့် ဓမ္မရတနာများနှင့်အတူ အာကာသကြီးထဲ၌ မျောလွင့်နေကြသည်။ ၎င်းတို့မှာ ထို အာကာသနယ်မြေကြီး တစ်ခုလုံးထဲ၌ မျက်စိတစ်ဆုံး ပြည့်နှက်နေကြ၏။

" ငါ ဘယ်ကို ရောက်နေတာလဲ " ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်ကာ မျက်နှာအမူအရာများ ပြောင်းလဲသွားရပြီဖြစ်သလို စိုးရိမ်စိတ်များလည်း ကြီးထွားလာတော့သည်။ သူသည် အရပ်မျက်နှာအနှံ့မှနေ၍ အန္တရာယ်များ၏ ဝန်းရံခြင်းကို ခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။

All Chapters