သူတော်စင်များ၏ ဟောပြောပို့ချခြင်း
Vol. 46 Ch. 637
သူ့စမ်းသပ်ချက်အပြီးတွင် ပုခုံးပေါ်မှ ဝန်ထုပ်ကြီးပေါ့သွားသလို ခံစားလိုက်ရသည်။ ယခုအခါ စည်းမျဉ်းနှင့် ပိုင်နက်ကို ထိန်းချုပ်ဖို့ ပိုမိုချောမွေ့နေပြီ ဖြစ်၏။ သူ့ခန္ဓာကိုယ်မှ အတားအဆီး သို့မဟုတ် အကာအရံကို ဖယ်ရှားလိုက်သလိုမျိုး ဖြစ်ကာ ရလဒ်အနေဖြင့် မိုးမြေ၏ စည်းမျဉ်းများကို ရယူပြီး နားလည်ဖို့ ပိုမိုလွယ်ကူသွားသည်။
ဝမ်ဝေ့က ထိုအပြောင်းအလဲ၏ အကြောင်းအရင်းကို သိထား၏။ သူက ယခင်ကတည်းက သူတော်စင်တစ်ယောက်ဖြစ်ခဲ့သော်လည်း သူသည် စမ်းသပ်ချက်ကို မဖြတ်ကျော်ရသေးသည့်အတွက် မိုးမြေက အသိအမှတ်မပြုခဲ့ပေ။ သူ ခံစားရသည့် ဝန်ထုပ်နှင့် အလေးချိန်က ကမ္ဘာကြီးနှင့် သူ မလိုက်ဖက်ခဲ့ပေ။
ငါ ဟောပြောပို့ချလိုက်ရမလား…
သူက တွေးလိုက်မိသည်။ သူတော်စင်အဆင့်ကို ထိုသို့နာမည်ပေးထားရသည့် အကြောင်းအရင်းတစ်ချက်မှာ အစစ်အမှန်ပုဂ္ဂိုလ်များသည် သူတို့၏တာအိုကို လူအုပ်စုထံ ဟောပြောပို့ချနိုင်၍ ဖြစ်သည်။ အပြန်အလှန်အားဖြင့် ကောင်းကင်တာအိုက သူတို့ကို ကုသိုလ်ပမာဏ အနည်းငယ် ချီးမြှင့်လာလိမ့်မည်။
ရှေးဟောင်းဧကရာဇ်ခေတ်ကာလတွင် သူတော်စင်အဆင့် ကျင့်ကြံသူများက အလွှာနိမ့်သို့ သွားကာ ကမ္ဘာငယ်၊ အလယ်အလတ်ကမ္ဘာနှင့် မဟာကမ္ဘာများဆီ ဟောပြောပို့ချပြီး ကုသိုလ်ကို ရယူကြသည်။ ကံဆိုးစွာဖြင့် အချိန်ကုန်လွန်လာသည့်အခါ ထိုနေရာ၏ ကျင့်ကြံရေး အဖွဲ့အစည်းဖြစ်လာပြီး ထိုသို့လုပ်ဆောင်ဖို့ရာ အကျိုးမရှိတော့ပေ။
ယခုခေတ်ကာလ ကျင့်ကြံသူများက ထိုနည်းလမ်းကို အသုံးပြုသည့် တစ်ခုတည်းသောအချိန်မှာ ကမ္ဘာအသစ်ကို တွေ့ရှိစဉ်အချိန်သာ ဖြစ်၏။ အကြောင်းအရင်းတချို့ကြောင့် ကျင့်ကြံရေးအဖွဲ့အစည်း မရှိသေးသည့် ကမ္ဘာ သို့မဟုတ် ဖြစ်တည်လာခါစ ကမ္ဘာတွင် ကျင့်ကြံရေးအဖွဲ့အစည်း မရှိသေးသည့်ကမ္ဘာက အသစ်အတိုင်း ဖြစ်၏။
ကံဆိုးစွာဖြင့် ထိုကမ္ဘာများက ရှာဖွေဖို့ ခက်ခဲလှသည်။ ဝမ်ဝေ့၏ ဝိညာဉ်ပန်းပွင့် စွမ်းရည်ဖြင့်ပင် လက်ရှိအခြေအနေအရ သူတို့က မတည်ရှိနိုင်သည့်အတွက် ကမ္ဘာတစ်ခုကို ရှာတွေ့ဖို့ မဖြစ်နိုင်သလောက် ဖြစ်၏။
ငါက ကုသိုလ်ပမာဏ မလိုဘူးဆိုပေမဲ့ ဘာမှမရတာထက်စာရင်တော့ ပိုကောင်းပါသေးတယ်…
သူက အကြီးအကဲများကို ဆက်သွယ်ကာ ဂိုဏ်း၏ တပည့်များကို ဟောပြောပို့ချမည့် အစီအစဉ်ကို ကြေညာခိုင်းလိုက်သည်။ ထိုကိစ္စသည် ရိုးရှင်းသည့်အတွက် ရက်အနည်းငယ်မျှသာ ကြာမြင့်သည်ဟု ထင်ထားခဲ့မိ၏။ သို့သော် အဖြစ်အပျက်က ပုံကြီးချဲ့သွားခဲ့သည်။
အကြီးအကဲများက ထိုအဖြစ်အပျက်ကို ပိုမိုကြီးကျယ်လို၏။ သူတို့က တပည့်များ၊ အကြီးအကဲများ၊ တာဝန်ခံများနှင့် ဂိုဏ်းနှင့် အဆက်အသွယ်ရှိသည့် ပြင်ပဧည့်သည်ကိုပင် နားထောင်ဖို့ ဖိတ်ကြားခဲ့သည်။ ထိုလူများကို စုစည်းဖို့ အချိန်တစ်ခုကြာမြင့်ခဲ၏။
အကြီးအကဲတစ်ယောက်က ဂိုဏ်းသည် ယခုမှစ၍ လအနည်းငယ်အထိ တပည့်အသစ် ထပ်မံလက်ခံခဲ့ပြီး ထိုသူများကိုလည်း နားထောင်စေကာ ဂိုဏ်း၏ အကျိုးအမြတ် ရအောင်လုပ်ဖို့ ပြောဆိုခဲ့သည်။
နောက်တစ်ယောက်ကမူ အလွှာနိမ့်မှ တပည့်များကိုပင် ပါဝင်ဖို့ရာ အကြံပြုလာခဲ့၏။ အလွှာနိမ့်ရှိ ဂိုဏ်း၏ အဖွဲ့ခွဲများက ဂိုဏ်းထံ ထိုလူများ၏ သစ္စာရှိမှုကို တိုးမြှင့်နိုင်မည့် နည်းလမ်းကို လိုအပ်နေခဲ့ကြသည်။ အနာဂတ်ထာဝရဧကရာဇ် ဖြစ်လာနိုင်ချေရှိသည့် အလားအလာရှိသူထံမှ နားထောင်ခြင်းက ထိုပြဿနာအတွက် ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။
အသင်္ချေအင်ပါယာကမ္ဘာက တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ခံထားရသောကြောင့် အလွှာနိမ့်တပည့်များက ဤနေရာသို့ မလာနိုင်ကြပေ။ သို့သော် ဂိုဏ်းက ပုံရိပ်ကူးပြောင်းရေး အစီအရင်ဖြင့် ထုတ်လွှတ်ဖို့ရာ စီစဉ်ခဲ့သည်။ ဝမ်ဝေ့က တစ်ချိန်လုံး ဆွံ့အနေမိ၏။ သူက ကိစ္စများသည် ထိုမျှလောက် ကြီးကျယ်သွားလိမ့်မည်ဟု ထင်မထားမိပေ။
အကြီးအကဲများက အားလုံးကို စီစဉ်ပြီးသည့်နောက်တွင် လီကျွင်းနှင့် ယန်းလီလင်းတို့ကပါ သူ့အရင် ဟောပြောပို့ချဖို့ စီစဉ်လိုက်ကြပြီး ပွဲတစ်ခုအဖြစ် ပြောင်းလဲခဲ့ကြသည်။ ထျဲ့ကန်ကလည်း စာရင်းတွင် ပါဝင်ခဲ့သော်လည်း သူက သူတော်စင်အဆင့် ဝင်ရောက်ဖို့ သီးသန့်ကျင့်ကြံနေလေသည်။
လအနည်းငယ်ခန့်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က တပည့်သစ် လက်ခံရေးအခမ်းအနားကို မြင်လိုက်ရသည်။ ဂိုဏ်းက အဖွဲ့ကို နှစ်ဖွဲ့ခွဲထားပြီး ကျင့်ကြံဆင့်ရှိသည့် လူများနှင့် ကျင့်ကြံဆင့် မရှိသည့်လူများဟူ၍ ဖြစ်သည်။ ကျင့်ကြံသူများနှင့် ပတ်သက်လာသည့်အခါ အံ့ဖွယ်ပလ္လင်အဆင့်အထက် မရှိပေ။ ပြောရလျှင် ထိုအဆင့်က အခြေခံအုတ်မြစ်ကို ပြန်လည်တည်ဆောက်ဖို့ သိပ်၍ အကုန်အကျမများပေ။
ပြောရလျှင် အသက်ကန့်သတ်ချက် ရှိသော်လည်း ဝမ်ဝေ့က ဂိုဏ်းမှ သတိမထားမိသည့် အရွယ်လွန် ကျင့်ကြံသူတချို့ကိုပါ တွေ့ရှိဖို့ရာ ကူညီပေးခဲ့သည်။ ထို့ကြောင့် အသက် ၁၄ နှစ်မှ အသက်တစ်ထောင်နီးပါးရှိသည့် အံ့ဖွယ်ပလ္လင်အဆင့် ကျင့်ကြံသူများပင် ပါဝင်ကြသည်။
ဂိုဏ်းက ထိုလူများကို စမ်းသပ်ဖို့ ကဏ္ဍအမျိုးမျိုးကို အသုံးပြုခဲ့သည်။ သူတို့က သူတို့၏ ပါရမီအတွက် စမ်းသပ်ခဲ့ပြီး ကျွမ်းကျင်အတတ်ပညာ၊ ဝိညာဉ်၊ ရုပ်ခန္ဓာ၊ နားလည်နိုင်စွမ်း၊ ချီလှုံ့ဆော်ရေးပါရမီ၊ ကံကောင်းမှု၊ စိတ်စွမ်းအားနှင့် တာအိုနှလုံးသားအထိ အပါအဝင် ဖြစ်သည်။ မျှော်နန်းဆောင်က နောက်ဆုံးကဏ္ဍအတွက် အရေးပါလှ၏။ ဤသည်က အဆုံးသတ် မဟုတ်သေးပေ။
ဂိုဏ်းက ထိုလူများ၏ နောက်ခံကိုပါ ပြဿနာမရှိစေရန် သေချာစစ်ဆေးကြည့်ခဲ့သည်။ သူတို့က ကံကြိုးမျှင်အထိ စစ်ဆေးကာ သူတို့တွင် ထူးကဲသည့် ကံကြမ္မာရှိသည်လားဟု စစ်ဆေးကြည့်ခဲ့သည်။ သူတို့၏ ကံဆက်နွယ်မှုကို အသုံးပြု၍ သူတို့၏ ကျင့်ကြံရေးသည် ဂိုဏ်းနှင့် သူတို့အတွက် ကောင်းကျိုးဖြစ်စေမည်လားဟုပါ တွက်ချက်ကြည့်ခဲ့၏။
ထိုထူးကဲကာ နားလည်နိုင်သည့် နည်းလမ်းကြောင့် လူတချို့က အဓိပ္ပာယ် မရှိလောက်ဘူးဟု ထင်ရသည့် လူတချို့ကိုပါ လက်ခံထားခဲ့သည်။ လူတချို့က အလုံခန္ဓာကိုယ်ပင် မရှိသည့် သေမျိုးမှလွဲ၍ ဘာမှမဟုတ်ပေ။ သူတို့က ထိုအခွင့်အရေးကို ယူကာ ဘဝကို ပြောင်းလဲပစ်လိုကြ၏။
ဤခရီးစဉ်က ယာဉ်များကြောင့် ပိုမိုလွယ်ကူလာပြီဖြစ်ရာ သူတို့က ကြိုးစားကြည့်ချင်မိသည်။
ထိုရွေးချယ်မှုများက အဓိပ္ပာယ်မရှိဘူးဟု ထင်ရသော်လည်း ဂိုဏ်းများကသာ ထိုလူများသည် ကံကြမ္မာအချို့ ယှဉ်ပြိုင်ရယူကာ ဒဏ္ဍာရီ ဖြစ်လာနိုင်ကြောင်း သိထားကြသည်။ ထိုဒဏ္ဍာရီက အမွေအနှစ်ကဲ့သို့ ရိုးရှင်းသည့်အရာ ဖြစ်နေနိုင်သလို ပုံမှန်အားဖြင့် ထိုလူများတွင် သူတို့၏ ကံကြမ္မာကို ဖြည့်ဆည်းဖို့ အခွင့်အရေးပင် မရနိုင်သည်မျိုးလည်း ရှိတတ်ကြသည်။ သို့သော် ဂိုဏ်း၏ အထောက်အပံ့ဖြင့် သူတို့က ပင်မရွေးချယ်ခံများ ဖြစ်နေကြလေပြီ။
ဤရွေးချယ်စစ်ဆေးမှု နည်းလမ်း၏ အရေးသာချက်များက အဆုံးမရှိပေ။ ထိုအရာက ဝမ်ဝေ့၏ ကံကြမ္မာနှင့် ကံတာအိုကြောင့်သာ ဖြစ်နိုင်ခြင်း ဖြစ်၏။
အရာအားလုံးပြီးဆုံးသွားသည့်အခါ ကျန်လူများကြား လူနှစ်ယောက်က ထင်းထွက်နေသည်။ ချိုက်စုန့် အမည်ရှိ မိန်းကလေးက ဝိညာဉ်မျိုးနွယ်ဝင် ဖြစ်၏။ သူမက ဝိညာဉ်ချီ မြင့်မားသည့် ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာရှိပြီးသည့်နောက်တွင် အသက်ဝင်လာသည့် ကလေးကစားစရာတစ်ခု ဖြစ်သည်။
ကမ္ဘာကြီးအကြောင်း သင်ယူပြီးသည့်နောက်တွင် ချိုက်စုန့်က သူမ၏ ရုပ်ခန္ဓာကို ရယူပြီး အသင်္ချေစိတ်ဝိညာဉ်တောင်သို့ သွားဖို့ ပြင်ဆင်ထားသည်။ သူမ၏ လမ်းတွင် ဂိုဏ်း၏ တပည့်ရွေးချယ်မှုအကြောင်းကြားကာ လာရောက်စမ်းသပ်ကြည့်ခြင်းဖြစ်၏။ ဂိုဏ်းက သူမတွင် ကျင့်ကြံရေးပါရမီထူးကဲပြီး ရုပ်သေးရုပ်အတွက် မကောင်းဆိုးဝါးလိုမျိုး ပါရမီထူးကဲကြောင်း သိခဲ့ရသည်။ သူမက ကျွမ်းကျင်အတတ်ပညာတွင် ယန်းလီလင်းထက် မတော်လျှင်ပင် ယန်းလီလင်းနှင့် ယှဉ်နိုင်၏။
ဒုတိယလူက ကျင်းမုန့်ယောင် ဖြစ်ပြီး အဆင့် ၂၅ ရုပ်ခန္ဓာ နယ်ရှင်လှံရုပ်ခန္ဓာပိုင်ရှင်လည်း ဖြစ်၏။
“ ဂိုဏ်းချုပ် သူတို့နှစ်ယောက်ကို ဘယ်လိုထင်လဲ” အကြီးအကဲတစ်ယောက်က အံ့ဖွယ်အသိစိတ်မှ မေးလိုက်သည်။
“ ချိုက်စုန့်က ငြိမ်သက်ပြီးတော့ တစ်ဦးတည်း သီးသန့်နေရတာကို သဘောကျတယ်။ ဒါက နှစ်များစွာ လေ့လာရတဲ့ ကျွမ်းကျင်အတတ်ပညာတွေအတွက် အသင့်တော်ဆုံးပဲ။ ဒါပေမဲ့ သူမရဲ့ ပေါင်းသင်းဆက်ဆံရေးကိုတော့ လေ့ကျင့်ပေးရမယ်။ ရုပ်သေးရုပ်က မှန်မှန်ကန်ကန် အသုံးပြုနိုင်မယ်ဆိုရင် ငါတို့အတွက် အရေးပါလာလိမ့်မယ်။ အဲဒါကြောင့် သူမရဲ့ အရည်အချင်းက အကူအညီ ဖြစ်လာလိမ့်မယ်။
ကျင်းမုန့်ယောင်အတွက်ကတော့ စိတ်ကြီးဝင်နေတာအပြင် အတော်လေး ပါရမီရှိတယ်။ ဒါပေမဲ့ သူက ဘယ်လိုကြီးထွားလာမလဲဆိုတာကို စောင့်ကြည့်ရမယ်”
ဝမ်ဝေ့အနေဖြင့် ကျင်းမုန့်ယောင်ကို သူ့လက်ခုပ်ထဲမှ ရေလိုမျိုး သိလေ၏။ ထိုလူသည် ဂိုဏ်း၏ အရင်းအမြစ်များကို အသုံးပြုကာ ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံများနှင့် ယှဉ်နိုင်ဖို့ စီစဉ်နေခြင်း ဖြစ်ကြောင်း ပြောနိုင်လေသည်။ ထို့နောက် သူ့အား အနိုင်ယူကာ ဂိုဏ်းချုပ် ဖြစ်လာပြီး တာအိုကို သက်သေပြကာ ထာဝရဧကရာဇ် ဖြစ်လာချင်နေသည်။
လူငယ်တွေရဲ့ မောက်မာမှုနဲ့ ရည်မှန်းချက်ကတော့…
ဝမ်ဝေ့က တွေးလိုက်မိသည်။
“ ဒီလူနှစ်ယောက်က ဧကရာဇ်အလားအလာရှိတဲ့သူတွေပဲ။ သူတို့ရဲ့ လုပ်ဆောင်မှုအပေါ် မူတည်ပြီးတော့ သူတို့က ဂိုဏ်းရဲ့ စည်းပိတ်ကောင်းကင်ရွေးချယ်ခံ ဖြစ်လာနိုင်တယ်။ ငါ့အဖေ ပြီးသွားရင် တစ်ယောက်က ပါဝင်ယှဉ်ပြိုင်နိုင်လိမ့်မယ်” သူက ထပ်ပြောလိုက်သည်။
လူတချို့က တူညီသည့် အရာကို တွေးမိကြသော်လည်း ထုတ်ပြောလာသည့်အထိ စောင့်ဆိုင်းနေကြ၏။ ဝမ်ဝေ့ ဂိုဏ်းကို ယူဆောင်လာသည့် ကံဆေးကြောရေးရေစင်ဖြင့် သူတို့သည် နောင်အနာဂတ်ဧကရာဇ်များအကြောင်း စိုးရိမ်စရာ မလိုတော့ပေ။ သူတို့ထဲက တစ်ယောက်က ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ကျရှုံးသွားလျှင်ပင် ဂိုဏ်းက ယှဉ်ပြိုင်မှုနည်းသည့် မျိုးဆက်အနည်းငယ်စောင့်ကာ ပြန်လည်ယှဉ်ပြိုင်နိုင်သည်။ သူတို့ကိုယ်သူတို့ နှစ်သန်းချီကြာ စည်းပိတ်ဖို့ မလိုတော့ပေ။
ဂိုဏ်း၏ တပည့်ရွေးချယ်မှုအပြီးတွင် ဟောပြောပို့ချဖို့ အချိန်ကျရောက်လာ၏။ လီကျွင်းက ပထမဦးဆုံး ပြောဆိုလေသည်။ လူများစွာက ဂိုဏ်း၏ တောင်ပေါ်တွင် စုစည်းနေကြပြီး တင်ပျဉ်ခွေကာ ထိုင်နေကြသည်။ ကျန်လူများကမူ ကျန်သည့်တောင်များတွင်ရှိကာ အစီအရင်မှတဆင့် စောင့်ကြည့်နေကြ၏။ အလွှာနိမ့်မှ အဖွဲ့ခွဲများအတွက်လည်း အတူတူသာ ဖြစ်၏။
လီကျွင်းက လေထဲတွင် တင်ပျဉ်ခွေထိုင်ကာ အားလုံးကို ကြည့်လိုက်သည်။
“ ငါက အစစ်အမှန်ပုဂ္ဂိုလ် လီကျွင်းပဲ။ ဒီနေ့ကစပြီးတော့ မင်းတို့အားလုံးကို တိုက်ပွဲနည်းလမ်းအကြောင်း ပြောပြပေးမယ်”
သူ့အသံက ညင်သာလွန်းသော်လည်း အားလုံးက သူသည် သူတို့အနားနား ကပ်ပြောနေသလို ခံစားကြရသည်။ အစီအရင်မှတဆင့် နားထောင်နေကြသည့်လူများပင် အတူတူခံစားရ၏။
သူ့အနီးအနားတွင် ကြာပန်းပုံရိပ်များ ထွက်ပေါ်လာကာ တာအိုသံကို ကိုယ်စားပြုသည့် လှပသည့် သံစဉ်များလည်း ထွက်ပေါ်လာသည်။
လီကျွင်းက တိုက်ပွဲအကြောင်းကို တာအိုအလား ဟောပြောပို့ချလိုက်၏။ ထို့နောက် သူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်နှင့် လူတစ်ဦးချင်းစီအပေါ်တွင် စည်းမျဉ်းနားလည်နိုင်စွမ်းတချို့ကိုပင် ပြောဆိုခဲ့သည်။ ထိုဟောပြောပို့ချချက်က သုံးလ ကြာမြင့်ခဲ့၏။
သူ ပြီးဆုံးသွားသည့်အခါ အားလုံးက စိတ်ထဲတွင် ထိုလူက ရက်စက်ကာ ကြမ်းကြုတ်သည့်အရာ ဖြစ်သည့် တိုက်ပွဲကို အနုပညာတစ်ခုအဖြစ် ပြောင်းလဲလိုက်သလိုမျိုး ခံစားကြရသည်။ သူတို့က ထပ်မံ၍ လိုချင်နေကြ၏။
အားလုံးက အကျိုးအမြတ် ရရှိလိုက်ကြသည်။ တပည့်အများစုက ကျင့်ကြံရေးအကြောင်း ဘာမှမသိသည့် သေမျိုးများသာ ဖြစ်၏။ ဂိုဏ်းက သူတို့အား သုံးလလုံးလုံးနားထောင်နိုင်စေဖို့ရာ ဝိညာဉ်ချီနှင့် ဆေးလုံးများကို ထောက်ပံ့ပေးထားသည်။ သို့သော် သူတို့ပင် အကျိုးအမြတ် ရရှိခဲ့၏။
သေမျိုးခန္ဓာကိုယ်မှ တိုက်ပွဲအတွင်း စွမ်းအားမည်သို့ ထုတ်သုံးနိုင်ကြောင်း ရှင်းပြချက်၊ တစ်ဖက်သူကို မည်သို့သုံးသပ်ရမည်နှင့် ပတ်ဝန်းကျင်ကို အသုံးချကာ သူတို့ကို ပစ်မှတ်ထားနိုင်ကြောင်းကိုပါ သင်ယူခဲ့ရသည်။ ထို့အပြင် သူတို့က သူ ပြောသည့်အရာများကို နားမလည်လျှင်ပင် နောင်အနာဂတ်တွင် သူတို့ တစ်စုံတစ်ခု မှတ်မိနေသရွေ့ အကျိုးကျေးဇူး ရရှိလာလိမ့်မည်။
ကောင်းကင်မှ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာပြီးသည့်နောက်တွင် ကုသိုလ်ကို လက်ခံရရှိလိုက်၏။
နောက်အလှည့်က ယန်းလီလင်း အလှည့်ဖြစ်ကာ သူမက လီကျွင်းနှင့် တူလေသည်။ သူမက ကျွမ်းကျင်အတတ်ပညာဆိုင်ရာ ငါးခုအကြောင်း ဟောပြောပို့ချပြီး လူများအတွက် အခြေခံအုတ်မြစ် တည်ဆောက်ဖို့ရာကို အလေးပေးပြောကြားခဲ့သည်။ ဝမ်ဝေ့ပင် သူမဆီမှ တစ်စုံတစ်ခုကို သင်ယူခဲ့ရ၏။
ကျွမ်းကျင်အတတ်ပညာဆိုင်ရာ မဟုတ်သည့်သူများအတွက်မူ သူမက မီးတောက်၊ စွမ်းအင်နှင့် ဝိညာဉ်စွမ်းအား ထိန်းချုပ်ရေးအကြောင်းကိုပါ ပြောပြခဲ့သည့်အတွက် အကျိုးကျေးဇူး ရရှိခဲ့သည်။
သူမ၏ ကုသိုလ်ကို ရယူပြီးသည့်နောက်တွင် ဝမ်ဝေ့အလှည့် ကျရောက်လာသည်။
“ ငါက ဝမ်ဝေ့။ မင်းတို့ရဲ့ ဂိုဏ်းချုပ်ပဲ” ဝမ်ဝေ့က ကြည်လင်နေသည့် အသံဖြင့် ပြောလိုက်သည် “ ဒီနေ့ မင်းတို့ကို ကျင့်ကြံရေးအနှစ်သာရကို ဟောပြောပို့ချမယ်”
သူက စက္ကန့်ပိုင်းကြာ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ အဆုံးမဲ့လေဟာနယ်ထဲမှာ ကျင့်ကြံရေးနည်းစနစ်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အများကြီး ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဗဟိုအနေနဲ့ဆိုရင် အခြေခံသဘောတရား လေးခု ပါဝင်တယ်။ အဆီအနှစ်၊ ချီ၊ စိတ်ဝိညာဉ်နဲ့ စည်းမျဉ်းတို့ပဲ။ တကယ်လို့ တခြားနည်းစနစ် ဖြစ်နေတယ်ဆိုရင်တောင် ဒီလေးခုထဲက တစ်ခုကတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပါဝင်နေလိမ့်မယ်။
အခု ခန္ဓာကိုယ် ဒါမှမဟုတ် အဆီအနှစ်အကြောင်း စပြီး ပြောလိုက်ရအောင်…
နောက်တစ်ခုက ချီ ဒါမှမဟုတ် စွမ်းအင် အသက်ရဲ့ အရင်းအမြစ်…
တတိယတစ်ခုက စိတ်ဝိညာဉ် သို့မဟုတ် ဝိညာဉ်၊ စိတ် သို့မဟုတ် စိတ်ဝိညာဉ်…
နောက်ဆုံးအနေနဲ့ စည်းမျဉ်း … လက်တွေ့တွေအားလုံးကို အုပ်စိုးထားတဲ့ အခြေခံအယူအဆတစ်ခု…”
ဖြစ်စဉ်က သုံးနှစ်တာ ကြာမြင့်ခဲ့ပြီး လူအားလုံးက နိုးထလာသည်နှင့် ဤအတွေ့အကြုံကို မည်သို့ဖော်ပြရမည်မှန်းပင် မသိတော့ဘဲ စက္ကန့်ပိုင်းကြာ တိတ်ဆိတ်နေကြ၏။
***