← Chapters

ကျောက်တုံးဝိညာဉ် လူမှုအဖွဲ့အစည်း

Vol. 58 Ch. 798

ကျောက်တုံးဝိညာဉ် လူမှုအဖွဲ့အစည်း

Vol. 58 Ch. 798

" ဒီနေရာမှာ တစ်ခုခု ဖြစ်ပျက်ခဲ့တာပဲ ဖြစ်ရမယ်... " ဝမ်ပေါင်လဲ့မှာ အလောတကြီး ပြုမူခြင်းမရှိဘဲ အရင်ဆုံး သူ၏ ဘေးပတ်ဝန်းကျင်အား သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်၏။ သူသည် သူ၏ ကျိုင်းကောင်ကြီး၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ ၎င်း၏ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် စွမ်းအားများအား နယ်မြေတစ်ခုလုံးထဲ၌ ဖြန့်ကြက်လိုက်သည်။ ထို့နောက် ထိုနေရာကြီးတစ်ခုလုံး ဘေးကင်းလုံခြုံမှုရှိနေကြောင်း သေချာသွားသောအခါမှ သူသည် သူ၏ ဘေးပတ်ပတ်လည်တွင် ရှိနေသည့် အပျက်အစီးများကို လှမ်းကြည့်လိုက်တော့သည်။

သူသည် ဤ လူမှုအဖွဲ့အစည်း၏ ယဉ်ကျေးမှုအား သိရှိထားခြင်းမရှိသောကြောင့် အလောင်းများပေါ်ရှိ အဝတ်အစားများကို ကြည့်ရုံနှင့် ၎င်းတို့ အသက်ရှင်နေထိုင်ခဲ့သည့် အချိန်ကာလကို မှန်းဆနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။ ဤ ကြယ်စင်စုထဲတွင် သူ၏ နတ်ဘုရားအာရုံအား ချုပ်တည်းထားသည့် ထူးဆန်းသော စွမ်းအားတစ်မျိုးရှိနေ၏။ ၎င်းမှာ အချိန်များကိုပင် ရပ်တန့်ပစ်နိုင်စွမ်းရှိသည့်ပုံ ပေါ်ပြီး အလောင်းများအား ၎င်းတို့ သေဆုံးသွားခဲ့စဉ်တုန်းက အနေအထားအတိုင်း မပျောက်မပျက် ထိန်းသိမ်းပေးထားသည်။ ၎င်းတို့၏ အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများမှာလည်း ထိုစွမ်းအားကြီး၏ လွှမ်းခြုံမှုအောက်တွင် ရှိနေသောကြောင့် ပျက်စီးယိုယွင်းသွားမည့် အရိပ်အယောင် လုံးဝမရှိပေ။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော စွမ်းအားမျိုးကို စိတ်ကူးနှင့်ပင် ခန့်မှန်းနိုင်စွမ်း မရှိပေ။ သူသည် ထို စွမ်းအားများမှာ ကျင့်ကြံသူတစ်ယောက်ဆီမှ ထွက်ပေါ်လာသည်လော၊ သို့မဟုတ် ဤ ကြယ်စင်စုကြီးထဲတွင် နဂိုကတည်းက ရှိနေခဲ့သည်လော ဝေခွဲ၍ မရနိုင်ဘဲဖြစ်နေရသည်။

" အကျိုးသင့် အကြောင်းသင့် စဉ်းစားကြည့်မယ်ဆိုရင် ဒီ ကြယ်စင်စုကြီးက လူသူကင်းမဲ့တဲ့ နေရာတစ်ခုမှာ ရှိနေတာဆိုပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ တစ်ယောက်ယောက်ကတော့ ဒီနေရာအထိ ရောက်လာခဲ့ဖူးမှာပဲ။ ဒါပေမဲ့... အဲလိုသာဆိုရင် ဒီ အလောင်းတွေနဲ့ အပျက်အစီးတွေ အခုလို ပုံစံမပျက်ရှိနေတာ အဓိပ္ပါယ်မရှိဘူးလေ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး သတိကြီးကြီးထားကာ သူ၏ လောဘစိတ်များကို ချုပ်တည်းလိုက်၏။ သူသည် သူ၏ ဘေးပတ်ပတ်လည်တွင် မျောလွင့်နေသည့် အလောင်းများနှင့် အပျက်အစီးများကို ချက်ချင်း သွားရောက်စစ်ဆေးကြည့်ရှုလိုက်ခြင်း မရှိပေ။ သူသည် သူ၏ သံလိုက်အိမ်မြှောင် အာရုံခံနိုင်စွမ်းမရှိသည့် အန္တရာယ်များ ပုန်းကွယ်နေမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ရုပ်သေးရုပ် အရုပ်တစ်သောင်းကျော်အား ထုတ်လွှတ်လိုက်ပြီး ၎င်းတို့အား ထိန်းချုပ်ကာ အရပ်မျက်နှာအနှံ့သို့ စေလွှတ်လိုက်၏။ သူသည် ၎င်းတို့၏ မျက်လုံးများထဲမှတစ်ဆင့် ထိုနေရာကြီးတစ်ခုလုံးအား အသေးစိတ် အကဲခတ်ကြည့်ရှုလိုက်သည်။ ထို့နောက် သူသည် သူ၏ နတ်ဘုရားအာရုံ အမျှင်အတန်းများကို ထုတ်ယူကာ ထို ရုပ်သေးရုပ်များထဲသို့ ထည့်သွင်းလိုက်သဖြင့် ၎င်းတို့၏ မျက်လုံးများမှတစ်ဆင့် မြင်နေရသည့် သူ၏အမြင်အာရုံမှာ ပို၍ကြည်လင်ပြတ်သားလာတော့သည်။

‌ရုပ်သေးရုပ် အရုပ်တစ်သောင်းကျော်မှာ ဓမ္မစစ်သင်္ဘောကြီးအား ဝန်းရံထားကြပြီး အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်သွားကြ၏။ ၎င်းတို့မှာ အလောင်းများကို ‌ဖြတ်ကျော်သွားကြသဖြင့် ဝမ်ပေါင်လဲ့၏ အမြင်အာရုံမှာလည်း ပို၍ ကျယ်ဝန်းလာတော့သည်။ နာရီဝက်တိတိ ကုန်ဆုံးသွားပြီးနောက် ရုပ်သေးရုပ်များ သူနှင့် ခပ်လှမ်းလှမ်းသို့ ရောက်ရှိသွားသည့် အချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်ဝန်းများအရောင်လက်သွား၏။

အလောင်းပင်လယ်ကြီးနှင့် အပျက်အစီးများ၏ ကြားတွင် ဒီဇိုင်းပုံစံသိသိသာသာ ကွဲလွဲနေသည့် အဝတ်အစားများကို ဆင်မြန်းထားသော အလောင်းအချို့ ရှိနေ၏။ ထို အလောင်းများမှာ တစ်နေရာထဲတွင် စုဝေးနေကြခြင်းမဟုတ်ဘဲ နေရာအနှံ့အပြားတွင် ပျံ့နှံ့နေကြခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ လက်ရှိ အမြင်အာရုံထဲ၌ ထိုကဲ့သို့သော နေရာမျိုး ခုနစ်ခု၊ ရှစ်ခုအထိ မြင်နေရ၏။

" ဒီ အလောင်းတွေက အစတုန်းက‌တွေ့ခဲ့တဲ့ အလောင်း‌တွေနဲ့ တစ်ခေတ်တည်း တူတူရှိခဲ့‌တာ မဟုတ်ဘူးပဲ " ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် သတိကြီးကြီး ထားမိလာတော့သည်။ သူ၏ အသိစိတ်ထဲတွင်လည်း အတွေးမျိုးစုံ ပေါ်ပေါက်လာပြီ ဖြစ်သည်။ သူသည် အတိတ်တုန်းက အခြား လူမှုအဖွဲ့အစည်းမှ ကျင့်ကြံသူများ ဤ နယ်မြေထဲသို့ ရောက်ရှိလာသည့် မြင်းကွင်းအား စိတ်ကူးထဲ၌ ပုံဖော်ကြည့်လိုက်သည်။ သူတို့မှာ ဤ ကြယ်စင်စုကြီးထဲသို့ ဝင်ရောက်လာကြပြီးနောက် မတော်တဆမှု တစ်ခုခုနှင့် ကြုံတွေ့ကာ သေဆုံးသွားကြခြင်း ဖြစ်ရပေမည်။

" ဒီ နေရာမှာ အစကတည်းက ရှိနေတဲ့အလောင်းတွေက တကယ်ပဲ အန္တရာယ်ရှိနေတာများလား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး အကဲဖြတ်သုံးသပ်လိုက်၏။ သူသည် ယခုချက်ချင်း နောက်သို့လှည့်ကာ ထွက်ခွာသွားရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူသည် နောက်ထပ် ရုပ်သေးရုပ်အသစ်များကို ထုတ်ယူလိုက်ပြီးနောက် ၎င်းတို့အား အလောင်းပင်လယ်ကြီးကို ကျော်ဖြတ်သွားစေလိုက်ပြီး ဂြိုဟ်လေးလုံးရှိရာသို့ ဦးတည်သွားစေလိုက်သည်။

သူသည် ထို ရုပ်သေးရုပ်များကိုအသုံးပြုကာ ထိုဂြိုဟ်လေးလုံးအား ကြည့်ရှုစစ်ဆေးမည် ဖြစ်သည်။ ထို့နောက် သူ ရှာဖွေတွေ့ရှိမည့် အချက်အလက်များအပေါ် မူတည်၍ ဤနေရာတွင် စူးစမ်းရှာဖွေမှုများ ဆက်လုပ်ရန် သင့်မသင့် ဆုံးဖြတ်မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအစီအစဉ်အတိုင်း ရုပ်သေးရုပ်များကို အဆက်မပြတ် ထုတ်လွှတ်နေလိုက်၏။ သူ ရုပ်သေးရုပ် အရုပ်သုံးသောင်းတိတိ ထုတ်လွှတ်ပြီးသွားချိန်တွင် ရုပ်သေးရုပ်အချို့မှာ ဂြိုဟ်တစ်လုံးဆီသို့ ရောက်ရှိသွားကြပြီဖြစ်သည်။ ထို ဂြိုဟ်ကြီးမှာ လုံးဝ မည်းနက်နေပြီး အဝေးမှ ကြည့်လိုက်ပါက ဧရာမ ဥက္ကာပျံကြီးတစ်လုံးနှင့် တူနေ၏။ ရုပ်သေးရုပ်များမှာ ထိုဂြိုဟ်ကြီးပေါ်သို့ ဆင်းသက်သွားကြပြီးနောက် ၎င်းတို့၏ ပတ်ပတ်လည်တွင် အနက်ရောင်များမှလွဲ၍ အခြားမည်သည့်အရာကိုမှ မမြင်ရပေ။

ထိုဂြိုဟ်ကြီးပေါ်တွင် သက်ရှိများ ရှိမနေသလို ရေရင်းမြစ်များလည်း ရှိမနေပေ။ ဂြိုဟ်မျက်နှာပြင်ပေါ်တွင် လိမ်ယှက်နေကြသည့် တောင်စဉ်တန်းများနှင့် ၎င်းတို့၏ တောင်ထိပ်များသာ ရှိကြပေသည်။ ထို ဂြိုဟ်ကြီးတစ်ခုလုံးမှာ သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေ၏။ ဝမ်ပေါင်လဲ့၏ ရုပ်သေးရုပ်များရောက်ရှိလာမှုကြောင့် ထိုတိတ်ဆိတ်ငြိမ်သက်မှုမှာ ပျောက်ကွယ်သွားရပါသော်လည်း သက်ရှိတစ်ကောင်တလေပင် ထွက်ပေါ်လာခြင်းမရှိပေ။

ဝမ်ပေါင်လဲ့မှာ သူ၏ ရုပ်သေးရုပ်များအား ထိုဂြိုဟ်ကြီးပေါ်၌ စူးစမ်းရှာဖွေမှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့ခြင်းမရှိဘဲ ဆက်လက်စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်၏။ အခြား ရုပ်သေးရုပ်များ ကျန်ရှိနေ‌သည့် အခြားဂြိုဟ်သုံးလုံးပေါ်သို့ ရောက်ရှိသွားသောအခါမှ သူသည် ထိုဂြိုဟ်လေးလုံးပေါ်၌ စူးစမ်းရှာဖွေမှုများ တစ်ပြိုင်နက်တည်း ပြုလုပ်လိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ ထိုသို့ စူးစမ်းရှာဖွေနေရင်း တဖြည်းဖြည်းနှင့် မျက်လုံးများ ပြူးလာရ၏။ ထို့နောက် သူသည် ရုပ်သေးရုပ်တစ်ရုပ်အား ထိန်းချုပ်လိုက်ပြီး ဂြိုဟ်တစ်လုံးပေါ်ရှိ တောင်ကုန်းလေးတစ်ခုပေါ်၌ ပေါက်နေသော အနက်ရောင်ဝါးပင်လေးတစ်ပင်အား လှမ်းကြည့်လိုက်တော့သည်။

ထိုဝါးပင်လေးမှာ အပင်တစ်ပင်နှင့် တူနေသည့်တိုင်အောင် ကျောက်သားများဖြင့် ထုဆစ်ထားခြင်းဖြစ်၏။ ၎င်း၏ သစ်ရွက်များမှာလည်း ထိုနည်းတူပင်။ ထို့အပြင် ၎င်း၏ ပင်စည်ထဲမှ အရည်တစ်မျိုးမှာ အောက်သို့စီးကျနေသောကြောင့် ထိုမြင်ကွင်းကြီးမှာ ထူဆန်းနေတော့သည်။

ထိုဝါးပင်လေးမှာ အနံ့မရှိသလို ဝိညာဉ်စွမ်းအင်များကိုလည်း ပိုင်ဆိုင်ထားခြင်းမရှိပေ။ သို့သော်ငြားလည်း ဝမ်ပေါင်လဲ့မှာမူ မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ရင်ခုန်နှုန်းများမှာလည်း ထိန်းမနိုင်သိမ်းမရ မြန်ဆန်လာရပြီဖြစ်သည်။

" ကျောက်တုံးဝါးပင်ပဲ "

ဝမ်ပေါင်လဲ့မှာ သူ၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပြီဖြစ်သည်။ သူသည် ထိုဝါးပင်အကြောင်းအား နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ ဖတ်ရှုလေ့လာခဲ့ဖူး၏။ ၎င်း၏ အမည်မှာ တမူထူးခြားနေခြင်း မရှိပါသော်လည်း ၎င်း၏ တန်ကြေးမှာမူ အလွန်အင်မတန်မှ မြင့်မားပေသည်။ ကျောက်တုံးဝါးပင်မှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ မျိုးသုဥ်းပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းအား ပိုင်ဆိုင်လိုပါက အခြား လူမှုအဖွဲ့အစည်းများဆီမှသာ ရရှိနိုင်မည်ဖြစ်သလို ငွေကြေးအမြောက်အမြားဖြင့် ဝယ်ယူရမည်လည်းဖြစ်သည်။

ကျောက်တုံးဝါးပင််မှာ ဓမ္မစစ်သင်္ဘောကြီးများအား တည်ဆောက်ရာနှင့် အဆင့်မြှင့်တင်ရာတွင် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းတစ်ခု ဖြစ်သည်။ ၎င်းမှာ အလွန်အင်မတန်မှ ရှားပါးပြီး ဝယ်ယူလိုအားမှာ ရောင်းအားထက် အဆပေါင်းများစွာ ပိုများနေ၏။ ထို့ကြောင့် လက်တစ်ချောင်းစာလောက်သာ ရှည်လျားသည့် ကျောက်တုံးဝါးပင်အတွက်ပင် အသက်ပေးကာ တိုက်ခိုက်ကြမည့် လူများ ရှိပေသည်။ ဝမ်ပေါင်လဲ့သာ သူ၏ရှေ့တွင်ရှိနေသည့် ကျောက်တုံးဝါးပင်အား နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲသို့ ယူသွားမည်ဆိုပါက ဂိုဏ်းကြီးနှစ်ဂိုဏ်း ချက်ချင်းလက်ငင်း စစ်ခင်းကြမည့် အနေအထားအထိ ရောက်မသွားနိုင်ပါသော်လည်း အချို့သော စစ်တပ်များမှာ သေချာပေါက် ယောက်ယက်ခတ်သွားကြမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာလည်း ကျောက်တုံးဝါးပင်များကို လိုအပ်နေသောကြောင့် ၎င်းတို့အား လိုက်လံရှာဖွေနေခဲ့၏။ သူသည် ဓမ္မစစ်သင်္ဘောကြီးတစ်စင်း၏ တစ်ဝက်နီးပါး အစွမ်းထက်သည့် ကျိုင်းကောင်ကြီးအား ပိုင်ဆိုင်ထားပြီ မဟုတ်ပါလော။ သို့ဖြစ်ရာ ကျောက်တုံးဝါးပင် အလုံအလောက် အသုံးပြုကာ ၎င်းအား အဆင့်မြှင့်တင်လိုက်မည်ဆိုပါက ၎င်းမှာ ဓမ္မစစ်သင်္ဘောအစစ်တစ်စင်းအဖြစ် ပြောင်းလဲသွားနိုင်ခြေ ရှိပေသည်။

" ကျောက်တုံးဝါးပင်... " ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီ ဖြစ်သည်။ သို့သော် သူသည် အန္တရာယ်များကို အာရုံခံမိနေဆဲဖြစ်သောကြောင့် ချီတုံချတုံဖြစ်နေရ၏။ သူ ထိုကဲ့သို့ ချီတုံချတုံဖြစ်နေစဉ် သူ၏ ရုပ်သေးရုပ်များမှာ ဂြိုဟ်လေးလုံးပေါ်၌ စူးစမ်းရှာဖွေမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ထိုအချိန်တွင် ကျောက်တုံးဝါးပင်များမှာ မြေကြီးထဲမှ တစ်ပင်ပြီးတစ်ပင် ထိုးထွက်လာကြ၏။ ထိုသို့ဖြင့် တတိယမြောက်ဂြိုဟ်ပေါ်တွင် ကျောက်တုံးဝါးပင် အပင်တစ်ရာကျော် ပေါ်ပေါက်လာပြီဖြစ်သည်။

အခြားဂြိုဟ်များပေါ်တွင်မူ ဒါဇင်အနည်းငယ်မျှသာ ရှိပေသည်။ ဝမ်ပေါင်လဲ့မှာ ထိုဝါးပင်လေးများ မြေကြီးထဲမှ ထိုးထွက်လာသည်ကို မြင်လိုက်ရသဖြင့် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရပြီး မျက်လုံးများ နီမြန်းလာရ၏။ မြည်းလေးနှင့် ဝူလေးတို့မှာမူ ထိုအခြင်းအရာများကို မမြင်နိုင်သောကြောင့် ဝမ်ပေါင်လဲ့ ခံစားနေရသည့် အရာများကို မသိနိုင်ဘဲဖြစ်နေရသည်။ သို့သော်လည်း ဝူလေးမှာ ချက်ချင်းဆိုသလိုပင် ရိပ်မိသွား၏။ သူတို့မှာ အဖိုးတန်ပစ္စည်းတစ်ခုခုအား ရှာတွေ့သွားခဲ့ခြင်း ဖြစ်ပေသည်။

မြည်းလေးမှာ ဝမ်ပေါင်လဲ့ တွေးနေသည့်အရာများကို မသိနိုင်ပါသော်လည်း ‌ဝမ်ပေါင်လဲ့တစ်ယောက် ကျောက်တုံးဝါးပင်များအား လောဘတက်နေသကဲ့သို့ ၎င်းမှာလည်း ဤ ကြယ်စင်စုကြီးအား လောဘတက်နေပြီ ဖြစ်သည်။ ၎င်း၏ရှေ့တွင် အပျက်အစီးများနှင့် ဓမ္မရတနာ အပိုင်းအစပေါင်း မြောက်မြားစွာ ပြန့်ကျဲနေကြသည် မဟုတ်ပါလော။ မြည်းလေး၏ မျက်ဝန်းများထဲတွင် ၎င်းတို့မှာ စားစရာများ ဖြစ်နေ၏။

၎င်းတို့ထဲမှ အချို့မှာဆိုလျှင် အလွန်အင်မတန်မှ အရသာရှိမည့်ပုံ ပေါက်နေသည်...

ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် မြည်းလေးတို့မှာ တစ်ပြိုင်နက်တည်း အသက်ရှူသံများ မြန်ဆန်လာကြ၏။ ဝူလေးမှာမူ သူတို့နှစ်ယောက်အား ကြောက်လန့်တကြားနှင့် ကြည့်ရင်း တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်းစားတွေးတောနေလိုက်တော့သည်။ ထို့နောက် သူသည်လည်း သူတို့အတိုင်း လိုက်လုပ်ရန် ဆုံဖြတ်လိုက်ပြီး အသက်ရှူသံများ မြန်လာအောင် အတင်းလုပ်ယူလိုက်တော့သည်။

" ကျောက်တုံးဝါးပင်တွေ အများကြီးပဲ။ ဖြစ်ချင်ရာ ဖြစ်တော့ကွာ " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေးတောသုံးသပ်လိုက်ပြီးနောက် အံကြိတ်ကာ စိတ်ပိုင်းဖြတ်လိုက်၏။ သူသည် သူ၏ သံလိုက်အိမ်မြှောင်အား ထုတ်ယူကာ အသေးစိတ် ကြည့်ရှုစစ်ဆေးလိုက်သောအခါ ထိုဂြိုဟ်များပေါ်တွင် မည်သည့် စွမ်းအင်သင်္ကေတအရောင်မှ ရှိမနေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ သူ၏ ရုပ်သေးရုပ်များအား ထို ကျောက်တုံးဝါးပင်များကို တူးယူရန် အမိန့်ပေးလိုက်တော့သည်။ ထို့နောက် သူသည် စစ်သင်္ဘောအစင်းရေ ထောင်ပေါင်းများစွာကို ထုတ်ယူလိုက်ပြီးနောက် ရုပ်သေးရုပ်များ တူးယူထားသည့် ကျောက်တုံးဝါးပင်များအား သိုလှောင်နိုင်ရန် ၎င်းတို့အား ဂြိုဟ်အသီးသီးဆီသို့ ပို့ဆောင်လိုက်၏။

ဝမ်ပေါင်လဲ့မှာ လောင်းကြေးထပ်နေရသည် ဖြစ်ရာ သတိကြီးကြီးထားနေသလို သူ၏ ကျင့်ကြံခြင်းစွမ်းအားများကိုလည်း ခန္ဓာကိုယ်ထဲ၌ အဆက်မပြတ် လည်ပတ်နေစေ၏။ ကျိုင်းကောင်ကြီးမှာလည်း နိုးကြားမှုအပြည့် ရှိနေသည်။ သူသည် ကြယ်စင်စုကြီး၏ အစွန်းတွင် ရှိနေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ အန္တရာယ်တစ်ခုခုသာ ပေါ်ပေါက်လာမည်ဆိုပါက သူသည် ဘေးကင်းရာသို့ ချက်ချင်းပြန်လည်ဆုတ်ခွာသွားနိုင်မည်ဖြစ်ကြောင်း ယုံကြည်နေသည်။

ထိုသို့ဖြင့် သူ စိုးရိမ်တကြီးနှင့် သတိကြီးကြီးထားနေစဉ် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ ရုပ်သေးရုပ်များမှာ ကျောက်တုံးဝါးပင်များအား မြေကြီးထဲမှ ခက်ခက်ခဲခဲ တူးထုတ်နေရ၏။ ဂြိုဟ်များ၏ မြေပြင်များမှာ ကျောက်သားများ ဖြစ်နေသောကြောင့် အလွန်အင်မတန်မှ မာကျောနေသဖြင့် ရုပ်သေးရုပ်များမှာ အားအကုန်ထုတ်သုံးကာ ထုနှက်နေကြရသည်။ ဝမ်ပေါင်လဲ့မှာ ရုပ်သေးရုပ်အမြောက်အမြား ပိုင်ဆိုင်ထားသည့်တိုင်အောင် ၎င်းတို့မှာ အချိန် အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ ကျောက်တုံးဝါးပင်တစ်ပင်အား တူးထုတ်နိုင်ခဲ့ပြီး စစ်သင်္ဘောကြီးပေါ်သို့ တင်ဆောင်နိုင်ခဲ့သည်။

" လောနေစရာမလိုပါဘူး။ အေးဆေးလုပ်လို့ရပါတယ် " ဝမ်ပေါင်လဲ့မှာ စိုးရိမ်တကြီး ဖြစ်နေရသည့်တိုင်အောင် အလောတကြီး ပြုမူနေပါက အကျိုးမရှိကြောင်း သိထား၏။ အဆင်အခြင်မဲ့စွာ ပြုမူမိပါက ဘေးဒုက္ခများနှင့် ကြုံတွေ့ရနိုင်သည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ နှစ်သိမ့်ရင်း သူ၏ရှေ့တွင်ရှိနေသည့် ကြယ်စင်စုကြီးအား စိတ်ဆန္ဒပြင်းပြနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်၏။

ထိုအချိန်တွင် ဂြိုဟ်လေးလုံးထဲမှ တစ်လုံးမှာ ရုတ်တရက်ဆိုသလို သိမ့်ခနဲ တုန်ရီသွား၏။ ဝမ်ပေါင်လဲ့မှာ ထိုတုန်ရီမှုများကို ချက်ချင်းဆိုသလိုပင် အာရုံခံမိလိုက်သည်။ သို့သော် သူ သေသေချာချာ မစစ်ဆေးနိုင်ခင်မှာပင် ထို တုန်ရီမှုများမှာ ပို၍ အားကောင်းလာတော့သည်။ ထို့နောက် အခြားဂြိုဟ်သုံးလုံးမှာလည်း စတင်တုန်ရီလာကြ၏။ မြေပြင်ကြီးမှာလည်း မြေကြီးအောက်တွင် မြွေကြီးတစ်ကောင် ရွေ့လျားနေသကဲ့သို့ လှိုင်းတွန့်များ ထလာ၏။

မြေပြင်ကြီး တုန်ရီလာပြီးနောက် ဂြိုဟ်များ၏ မြေမျက်နှာပြင်များပေါ်ရှိ ကျောက်ဆောင်များ၊ တောင်ထိပ်များနှင့်‌ တောင်စဉ်တန်းများထဲမှ အားကောင်းသောစွမ်းအားတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့ကြောင့် ကောင်းကင်ကြီးမှာ သိမ့်သိမ့်တုန်သွားကာ တိမ်တိုက်များ တလိပ်လိပ်ထလာပြီး လေပြင်းများ စတင်တိုက်ခတ်လာတော့သည်။ ကြယ်စင်စုကြီးတစ်ခုလုံးမှာ အဆက်မပြတ် တုန်ရီနေပြီ ဖြစ်သည်။ ထိုအချိန်တွင် ကျောက်ဆောင်ကြီးများ၊ တောင်ထိပ်များနှင့် တောင်စဥ်တန်းများမှာ မတ်တတ်ထလာကြတော့သည်။

၎င်းတို့မှာ ကျောက်ဆောင်ကြီးများ၊ တောင်ထိပ်များနှင့် တောင်စဉ်တန်းများ မဟုတ်ကြဘဲ... အရွယ်အစား အမျိုးမျိုးရှိသည့် ကျောက်ဘီလူးကြီးများ ဖြစ်နေကြ၏။

၎င်းတို့မှာ အိပ်မောကျနေခဲ့ရာမှ ဝမ်ပေါင်လဲ့၏ ရုပ်သေးရုပ်များကြောင့် ထွက်ပေါ်လာသည့် ဆူညံသံများကို ကြားလိုက်ရသဖြင့် နိုးထလာကြသည့် ပုံပင်။ ထို့ကြောင့် ၎င်းတို့မှာ ဒေါသထွက်နေသည့်ပုံ ပေါက်နေကြသည်။ ၎င်းတို့မှာ မျက်လုံးများ ပွင့်လာကြပြီး မျက်ဝန်းနီကြီးများဖြင့် ရုပ်သေးရုပ်များအား လှမ်းကြည့်လိုက်ကြ၏။ ထို့နောက် ၎င်းတို့မှာ ခေါင်းမော့ကာ ဒေါသတကြီး အော်ဟစ်မြည်တမ်းလိုက်သဖြင့် ကြယ်စင်စုကြီးတစ်ခုလုံးမှာ တုန်ရီသွားရတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း တုန်လှုပ်ချောက်ချားသွားရ၏။ သူသည် သူ၏ ရုပ်သေးရုပ်များအား ပြန်ခေါ်ရန် ကြိုးစားလိုက်ပါသော်လည်း ထို ကျောက်ဘီလူးကြီးများ၏ အော်ဟစ်သံများမှာ အားကောင်းလွန်းနေသည်။ ၎င်းတို့မှာ လေမုန်တိုင်းများကဲ့သို့ အာကာသထဲ၌ တိုက်ခတ်သွားကြသဖြင့် ထစ်ချုန်းသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ထို့နောက် အင်အားသုံးသောင်းခန့်ရှိသည့် ရုပ်သေးရုပ်များထဲမှ တစ်ဝက်ကျော်မှာလည်း ထို လေမုန်တိုင်းများထဲ၌ မျောပါသွားကြပြီး ချက်ချင်းဆိုသလိုပင် စိစိညက်ညက် ကြေမွပျက်စီးသွားရတော့သည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့၊ မြည်းလေးနှင့် ဝူလေးတို့အား ကြောက်ဒူးတုန်သွားစေသည့် နောက်ထပ်ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်လာပြန်သည်။ ဂြိုဟ်ကြီးလေးလုံးပေါ်၌ အိပ်မောကျနေခဲ့သည့် ကျောက်ဘီလူးကြီးများ နိုးထလာကြပြီးနောက် ဂြိုဟ်တစ်လုံးချင်းစီ၏ အတွင်းပိုင်းထဲရှိ အမြုတေများထဲမှ ထာဝရဝိညာဉ်အဆင့် အငွေ့အသက် ခုနစ်ခု၊ ရှစ်ခုစီ ပေါက်ကွဲထွက်ပေါ်လာကြခြင်း ဖြစ်သည်။

" နောက်နေတာလားဟ " ဝမ်ပေါင်လဲ့မှာ ညည်းတွားမိလိုက်၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ သူ၏ ကျိုင်းကောင်ကြီးအား နောက်သို့လှည့်ကာ ခြေကုန်သုတ်၍ ထွက်ပြေးရန် ပြင်လိုက်တော့သည်။

All Chapters