မိသားစု ပြန်လည်ဆုံစည်းခြင်း
Vol. 46 Ch. 638
ဝမ်ဝေ့၏ ဟောပြောပို့ချချက်က အရာအားလုံးကို ခြုံငုံပြောထား၏။ ယခုတွင် ထိုလူများက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်အထိ ကျင့်ကြံရေးအကြောင်းကို ကောင်းကောင်းမွန်မွန် သိသွားကြလေပြီ။ သူတို့က အဆင့်တစ်ခုချင်းစီတွင် အဆီအနှစ်၊ ချီနှင့် စိတ်ဝိညာဉ်အပေါ် မည်သို့အခြေပြုထားကြောင်း နားလည်သွားကြသည်။ ထိုဗဟုသုတဖြင့် သူတို့သည် ထိုနယ်ပယ်အဆင့်များသို့ အလွယ်တကူ ဝင်ရောက်နိုင်ပြီး ပါရမီလုံလောက်ပါက ကန့်သတ်ချက်ကို ကျော်လွန်နိုင်လိမ့်မည်။
စည်းမျဉ်းကဏ္ဍအတွက်မူ ဝမ်ဝေ့က ဓာတ်ငါးပါး စည်းမျဉ်းနှင့် သူ့ကံကြမ္မာစည်းမျဉ်း အကြောင်းအနည်းငယ်ပါ ထည့်ပြောခဲ့၏။ သို့သော်လည်း သူက စည်းမျဉ်းထိန်းချုပ်ရေးနှင့်အတူ သူ့အစွမ်းထိန်းချုပ်ရေးပညာရပ်ကို အဓိကထား ဟောပြောခဲ့သည်။
ယနေ့ဟောပြောပို့ချချက်က ဧကရာဇ်တစ်ပိုင်း ဖြစ်မလာခင်အချိန်အထိ အကျိုးအမြတ် ဖြစ်ထွန်းစေလိမ့်မည်။ ထိုထက်ပင် ပိုနိုင်သေး၏။
ဝမ်ဝေ့က အားလုံးကို ပြန်လွတ်လိုက်ပြီးသည့်နောက်တွင် ကုသိုလ်ကို လက်ခံရယူလိုက်၏။ တပည့်အများစု၏ မျက်နှာအထက် တောင့်တမှုမျိုးကို မြင်တွေ့နေရသည်။ ဤသည်က စကြဝဠာ၏ အခြေခံသဘောတရားများကို အလွယ်တကူ နားလည်နိုင်သည့်နည်းဖြင့် ရှင်းပြလိုက်သလိုမျိုး ဖြစ်ကာ လူများက ဆက်လက် နားထောင်လိုကြ၏။ ထိုခံစားချက်က စွဲမက်စေသည်။
“ တကယ့်ကို ပြောင်မြောက်တဲ့ ဟောပြောချက်ပဲ” တစ်ယောက်က ရုတ်ချည်း ပြောလိုက်၏။
ဝမ်ဝေ့က အသံလားရာကို လှည့်ကြည့်လိုက်သည့်အခါ အကြည့်များ တောက်ပသွားသည်။
“ အမေ အဖေ”
ယုယန်က သူ့သားဆီ ပြေးကာ ဖက်လိုက်ပြီး ဝမ်ထျန်းကလည်း နောက်မှ လိုက်ပါလာသည့်အတွက် မိသားစုက ဝမ်ဝေ့ကို အလယ်မှာထားကာ ဖက်လိုက်ကြသည်။
“ ဘယ်တုန်းက ပြန်ရောက်ကြတာလဲ”
“ လီလင်းအလှည့်ပြီးကတည်းကပဲ” ယုယန်က ပြောလိုက်၏ “ မင်းကို အံ့ဩသွားအောင်လို့လေ”
“ အမေတို့ ပြန်လာတာ ကောင်းတယ်” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်သည် “ တခြားနေရာကို သွားကြစို့”
သုံးယောက်သားက ဝမ်ဝေ့၏ ကံကြမ္မာသာလွန်တောင်ထိပ်ဆီ ပျံသန်းသွားကြသည်။ ဝူဟုန်အပါအဝင် အားလုံးက ထိုင်ကာ စကားစမြည်ပြောကြ၏။ ဝမ်ဝေ့က မိသားစုအတွက် အဖန်ရည် ပြင်ဆင်ပေးလိုက်သည်။
“ မင်းရဲ့ ဟောပြောချက်က တကယ်ကို ထူးချွန်ပြောင်မြောက်တယ်” ဝမ်ထျန်းက မှတ်ချက်ပေးလိုက်၏ “ ငါ အများကြီး သင်ယူခဲ့ရတယ်”
သူက လိမ်ညာနေခြင်း မဟုတ်ပေ။ အထူးသဖြင့် ထိုအရာကို ကြားပြီးသည့်နောက်တွင် သူ့အစွမ်းထိန်းချုပ်ရေး ပညာရပ်က မြင့်မားသည့်အဆင့်တစ်ခုသို့ ရောက်ရှိသွားလေ၏။
ယုယန်က ခေါင်းညိတ်ကာ ဘာမှမပြောပေ။ သူမက သူ့သားလက်ကို ဆုပ်ကိုင်ထားပြီး ကလေးတစ်ယောက်နှယ် ပွေ့ဖက်နေသည်။ ဝမ်ဝေ့က မခုခံပေ။
“ ဒါနဲ့ အမေတို့ သေမျိုးတဖန်ကရော ဘယ်လိုလဲ။ ဘယ်လိုလုပ်ခဲ့ကြတုန်း။ အသစ်ရှာဖွေတွေ့ရှိမှုတွေရော ရှိသေးလား”
သူက ထိုသူနှစ်ဦးသည် ထိပ်သီးအထွတ်အထိပ် နယ်ပယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်သည့်အတွက် ပိုမိုအောင်မြင်ကြောင်း ပြောနိုင်လေသည်။ သူတို့က ဧကရာဇ်တစ်ပိုင်းဖြစ်လာဖို့ ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။
“ အမေ့ဟာကတော့ စိတ်ဝင်စားဖို့ ကောင်းတယ်” ယုယန်က ပြောလိုက်၏။
“ အမေက တစ်ဘဝလုံး အမှောင်ထုမှာ နေထိုင်ရတဲ့ မျက်ကန်းသေမျိုးတစ်ယောက် ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အမှောင်ထုအပေါ် ဉာဏ်အလင်းပွင့်ပြီးတော့ မှတ်ဉာဏ်ရပြီးတဲ့နောက်မှာ မလုံလောက်ဘူးလို့ ခံစားခဲ့ရတယ်လေ။ အဲဒါကြောင့် ဒုတိယသရုပ်ကို လိင်ကုန်ကူးသူ၊ မုဒိမ်းသမား၊ လူသတ်သမား အစရှိတဲ့ အဖွဲ့အစည်းနဲ့ ဆက်သွယ်မှုရှိတဲ့သူ ဖြစ်လာခဲ့တယ်။ ကမ္ဘာရဲ့ အမှောင်ထုကို တွေ့ကြုံခံစားခဲ့ရတာပေါ့။ အဲဒီသရုပ်က လူမှုအဖွဲ့အစည်းရဲ့ အမှောင်ထု၊ စိတ်ရဲ့ အမှောင်ထုကို နားလည်စေတယ်။ ဒါပေမဲ့ အမေက မကျေနပ်သေးဘူး။
အဲဒါကြောင့် သေမျိုးတွေနဲ့ ကျင့်ကြံသူအားလုံးကို အမှောင်ထုအဖြစ် ပြောင်းလဲထားတဲ့ ကမ္ဘာငယ်တစ်ခုထဲမှာ ထည့်ထားခဲ့တယ်။ သူတို့ကို နေရောင် မရှိဘဲ အမှောင်ထုပဲ ရှိတဲ့ ကမ္ဘာထဲမှာ အသက်ရှင်နေထိုင်တာကို လေ့လာခဲ့ရတာက စိတ်ဝင်စားဖို့ကောင်းတယ်”
“ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ အမေ့ကို အမှတ်ပြည့်ပေးတယ်” ဝမ်ဝေ့က ပြောလိုက်၏။
“ ကျေးဇူးပါ။ အမေ့ကို မြှောက်လွန်းနေပြီ” ယုယန်က ပြုံးကာ သူ့သား၏ ချီးကျူးမှုအတွက် ကျေနပ်နေ၏။
“ လူအိုကြီး … အဖေကရော”
“ ငါက အဲ့လောက် စိတ်ဝင်စားဖို့ မကောင်းဘူး” ဝမ်ထျန်းက ပြောလိုက်၏ “ ငါက သေမျိုးကမ္ဘာမှာ သရုပ်အမျိုးမျိုး ရှိခဲ့တယ်။ အကျင့်စရိုက်ကွဲပြားတဲ့ ဓာသမားအားလုံးထဲ ဓားတာအိုအတွက် သူ ချစ်မြတ်နိုးရသူတွေကို သတ်ဖြတ်ခဲ့တဲ့ ဓားသမားတစ်ယောက်အဖြစ်ရော၊ ပြီးတော့ သိုင်းပညာလောကမှာ မိတ်ဆွေအများကြီးရှိတဲ့သူအနေနဲ့ရော။
ပြီးတော့ အမူးသမား ဓားသမားတစ်ယောက်အနေနဲ့ရော ရှိခဲ့တယ်။ အဲဒီသရုပ်ကနေ ဓားအကြောင်း အခြေခံအရာကို သင်ယူခဲ့တဲ့အချိန်တိုင်း မှတ်ဉာဏ်နိုးထလာပြီးတော့ နောက်တစ်ခုကို ရွေးချယ်ခဲ့တယ်”
ဝမ်ထျန်းက အဖန်ရည် တစ်ငုံသောက်လိုက်ပြီးနောက် “ အဲဒီနောက် ကိုယ့်ဘာသာကို ဓားအဖြစ် ပြောင်းလဲပြီးတော့ ဘယ်လိုခံစားရလဲဆိုတာကို တွေ့ကြုံခံစားခဲ့တယ်။ နှစ်ရာချီအတွင်းမှာ ဓားသမားအများစုက အဖေ့ဓားနဲ့ ဒဏ္ဍာရီ ဖန်တီးခဲ့ကြတယ်။ ရလဒ်အနေနဲ့ အဖေကတော့ လက်နက်ဓားဆိုတာက သတ်ဖြတ်ရေးလက်နက်တစ်ခုဆိုတဲ့ အခြေခံအမှန်တရားတစ်ခုကို သင်ယူခဲ့ရတယ်။ အဲဒါထက်လည်း မပိုသလို အဲဒါထက်လည်း မလျော့ဘူး”
“ အဖေက ဒီတွေ့ရှိမှုနဲ့ ပတ်သက်ပြီးတော့ မပျော်ဘူးထင်တယ်” ဝမ်ဝေ့က သူ့အဖေ၏ ထူးထူးဆန်းဆန်း စိတ်အခြေအနေကို အာရုံခံမိ၍ ပြောလိုက်သည်။
“ ဒါကို သိထားတာကြာပြီဆိုတော့ အဲ့လိုတော့ မဟုတ်ပါဘူး” ဓားရေးတွင် အောင်မြင်မှုဖြင့် ဓားတည်ရှိမှု၏ အခြေခံရည်ရွယ်ချက်အကြောင်း သိထားသည်။
“ အဖေ ၈နှစ်အရွယ်ကတည်းက မင်းအဘိုးက သစ်သားဓားပေးပြီးတော့ လေ့ကျင့်ခိုင်းခဲ့တယ်။ အဖေက အဖေ့နာမည်အတိုင်း သူ့ကို ရှောင်ထျန်း(ကောင်းကင်ငယ်)လို့ နာမည်ပေးထားသေးတယ်။ အခုထိတောင် သိမ်းထားတုန်းပဲ။ မင်း လေ့ကျင့်ရေးအတွက် လက်ဆင့်ကမ်းပေးဖို့ မျှော်လင့်ထားခဲ့တာ။ ဒါပေမဲ့ မင်းက ဒီလိုဖြစ်လာခဲ့တယ်လေ”
ဝမ်ဝေ့က သူ့အဖေအား မလုံမလဲပြုံးကာ ကြည့်လိုက်သည်။ သူက လက်နက်များ မချစ်မြတ်နိုးသည်မှာ သူ့အမှား မဟုတ်ပေ။ ဝမ်ထျန်းကလည်း သူ့သားကို အပြစ်မတင်ပေ။
“ ဓားအပေါ် ချစ်မြတ်နိုးမှုနဲ့ စွဲလမ်းမှုက ဒီလောက်အထိ ဖြစ်လာခဲ့တာပဲ။ ဒါပေမဲ့ အဲဒါက ဓားကို ပိုပြီးတော့ ချစ်မြတ်နိုးစေပြီးတော့ လက်နက်တစ်ခုထက် ပိုပြီးတော့ တွေးခဲ့မိတယ်။ ဒီဟာက လက်နက်တွေရဲ့ ဘုရင် … အကောင်းဆုံးလက်နက် အလှပဆုံးလို့ တွေးခဲ့မိတယ်။ ကံဆိုးတာက ကျင့်ကြံရေးကတဆင့် ဒီဟာရဲ့ အနှစ်သာရက သတ်ဖြတ်ဖို့ဆိုတာကို တွေ့ရှိသွားတယ်။ အဖေရဲ့ တစ်စိတ်တစ်ပိုင်းက သေမျိုးတဖန် မတိုင်ခင်အထိ ဒီအချက်အလက်ကို လက်ခံဖို့ ငြင်းဆန်နေခဲ့တယ်”
သူက ဓားအဖြစ် ကုန်ဆုံးခဲ့စဉ်အချိန်အတွင်း ကွဲပြားသည့်လူများ၏ လက်ထဲတွင် ကျရောက်သွားခဲ့သည်။ ဓား၏ ဖန်တီးမှုနောက်ကွယ်တွင် ပန်းပဲဆရာရှိပြီး ဘုရင်ကမူ ထိုအရာကို အာဏာ၏ သရုပ်သကန်သင်္ကေတအဖြစ် အသုံးပြုသည်။ သို့သော်လည်း သူကမူ သတ်ဖြတ်ဖို့ လက်နက်သာ ဖြစ်နေ၏။
ထိုနောက်ဆုံးသော တွန့်ဆုတ်မှုကို ဖယ်ရှားပြီးသည့်နောက်တွင် ဝမ်ထျန်းက သူ့စိတ်အခြေအနေ ပိုမိုသိမ်မွေ့သွားပြီ ဓားရေးကလည်း မြင့်မားသည့် အဆင့်တစ်ခု ရောက်ရှိသွားကြောင်း သိလိုက်သည်။
“ အဖေ သိရင် ပြီးတာပါပဲ” ဝမ်ဝေ့က ပြောလိုက်သည် “ အခုရော ဘယ်လောက်အားကောင်းနေပြီလဲ။ အားအကောင်းဆုံးတိုက်ကွက်ကို ဓားချီအဖြစ် ပြောင်းပြပါဦး။ ကျွန်တော် ကြည့်ချင်လို့”
ဝမ်ထျန်းက တုံ့ဆိုင်းမနေဘဲ သူ ထွက်မသွားခင်က သူ့သားသည် မည်မျှအားကောင်းကြောင်း သိထားခဲ့၏။ သူက လက်ကို မြှောက်ကာ သွားထိုးတံအရွယ် ဓားငယ်လေးအဖြစ် ဖွဲ့စည်းလိုက်သည်။
“ ထင်ထားတဲ့အတိုင်းပဲ” ဝမ်ဝေ့က ဓားဆီမှ ထွက်ပေါ်နေသည့် စွမ်းအားကို ခံစားမိသည် “ ပွင့်ချပ်သုံးလွှာ အလယ်အလတ်အဆင့်ပဲ။ အဖေ ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်လာပြီးရင် ပွင့်ချပ်လေးလွှာအဆင့် ချိုးဖောက်နိုင်ချေရှိတယ်။”
သူက သူ့အဖေအကြောင်း သိထားလေသည်။ ကျိလန်ဖန်းက ထိုသို့ အလားအလာမျိုး ရှိသည့်အတွက် သူ့အဖေကလည်း ထိုသူနှင့် ယှဉ်နိုင်သည်မှာ အဓိပ္ပာယ် ရှိ၏။
“ ကျစ်” ယုယန်က နှုတ်ခမ်းတွန့်လိုက်၏။ သူမက သူ့သား၏ ပွေ့ဖက်ထားမှုထဲမှ ထွက်ကာ တိတ်ဆိတ်နေသည့် သူ့ချွေးမဆီ ရောက်ရှိသွားသည်။
“ ဘာဖြစ်လို့လဲ”
“ မင်းအမေကို အဖေ့စွမ်းအား ပြပြီးတာတောင် အဖေတို့မျိုးဆက်မှာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲရှိမယ်ဆိုရင် သူမက နိုင်ဦးမယ်လို့ ထင်နေတာလေ” ဝမ်ထျန်းက ပြောလိုက်၏။
“ သား … မင်းရော အဲ့လိုထင်တယ်မလား”
“ ဟုတ်တာပေါ့”
“ အာ လာစမ်းပါ။ မင်းက မင်းအမေဘက်ပဲ နေမှာလား” ဝမ်ထျန်းက ပြန်လည်ချေပလိုက်၏။
“ အရင်ဦးဆုံး ထာဝရအရှင်တစ်ယောက်နဲ့ ရင်ဆိုင်ဖို့ တွေးတာက စိန်ခေါ်မှုတစ်ခု မဟုတ်သေးဘူး။ အခွင့်အရေးသာ ပေးမယ်ဆိုရင် အမေကလည်း လုပ်နိုင်လောက်တယ်” ဝမ်ဝေ့က ပြောလိုက်၏ “ဒုတိယအနေနဲ့ အဖေ သေမျိုးနဲ့ မသေမျိုးကြားက နယ်နိမိတ်ကို ချိုးဖောက်နိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းက အခြေအနေကြောင့်ပဲ”
“ အခု မင်းက ငါ့ကို ပေါ်တင်ကို ပြောနေပြီပေါ့”
“ အဖေ့ရဲ့ လက်ရှိအောင်မြင်မှုအတွက် အဓိကအကြောင်းအရင်း သုံးခု ရှိတယ်။ ပထမတစ်ချက်က အဖေက သူတော်စင်အဆင့်မှာ အကြာကြီးနေခဲ့တော့ အခြေခံအုတ်မြစ်ကို အဖေတို့မျိုးဆက်မှာ တိုက်ပွဲ ရှိတာထက်စာရင် အောင်မြင်နိုင်တာထက် ကျော်လွန်နေအောင် လက်ရည်သွေးထားနိုင်တယ်။ တခြားနှစ်ခုက တုယီနယ်ပယ်နဲ့ အစွမ်းထိန်းချုပ်ရေးပညာရပ်ပဲ”
ဝမ်ထျန်းက စဉ်းစားလိုက်ပြီးသည့်နောက်တွင် အမှန်တကယ် ဖြစ်နေကြောင်း သဘောပေါက်သွားသည်။ ထိုအရာများက သူ့လက်ရှိအင်အားကို ဖြစ်လာစေသည့် အကြောင်းအရင်းများ ဖြစ်၏။ တခြားသော အကြောင်းအရင်းတချို့လည်း ရှိနေသေးသည်။ နမူနာအားဖြင့် သူသည် သူ့သား ကြီးထွားလာသည်ကို မြင်သည့်အခါ သူ့ကန့်သတ်ချက်ကို ကျော်လွန်အောင် ဖိအားပေးခဲ့သည်။ ပြိုင်ပွဲနှင့် စိတ်ဆန္ဒများက လူတစ်ယောက်၏ စိတ်ခံစားချက်ကို ကျော်လွန်စေဖို့ အကောင်းဆုံး လှုံ့ဆော်မှု မဟုတ်ပါလော။
“ ဒီလိုပဲ ထားလိုက်ပါတော့။ ဒါပေမဲ့ အဖေ နိုင်ဦးမယ်လို့ ထင်နေတုန်းပဲ”
ဝမ်ဝေ့က ပုခုံးတွန့်ကာ ဘာမှမပြောပေ။ သူက သူ့အမေ နိုင်သည်ဟု ထင်မြင်ခြင်းမှာ သူ့အဖေက အမေအပေါ်တွင် နူးညံ့သည် မဟုတ်ပါလော။ အကယ်၍ သူမသာ ထိုအားနည်းချက်ကို အခွင့်ကောင်းယူနိုင်လျှင် သူက တောင့်ခံနိုင်မည် မဟုတ်ပေ။
သူမက သူ့အပေါ် မည်မျှချစ်မြတ်နိုးသည်ကို ထည့်စဉ်းစားလိုက်လျှင် သူမကလည်း ထိုသို့လုပ်မည် မဟုတ်ပေ။
“ အဖေ့အတွက် ပစ္စည်းနှစ်ခု ရှိတယ်” ဝမ်ဝေ့က ခေါင်းစဉ်ပြောင်းကာ ပြောလိုက်၏ “ ပထမတစ်ခုက ဓားဧကရီဆီက အဆောင်”
ဝမ်ထျန်းက စိတ်လှုပ်ရှားလာ၏။ သူက သူနှင့် ယှဉ်နိုင်သည့် ဓားသမားကို မတွေခဲ့ဖူးပေ။
ထို့ကြောင့် သူက အတိတ်မှ လူများကို သဘောကျပြီး သူ့ဘိုးဘေးက သူသဘောအကျဆုံး ဖြစ်ခဲ့သည်။ သူက ဓားရေးတွင် လမ်းညွှန်မှု လိုအပ်သည့်အချိန်တိုင်း ကောင်းကင်ပိုင်းဖြတ်ရေး ကျမ်း သို့မဟုတ် ဂိုဏ်းတွင် သူမ ချန်ထားခဲ့သည့် ဓားဆန္ဒကို နားလည်အောင် သွားရောက်လေ့ကျင့်ခဲ့ဖူးသည်။
သူက အဆောင်ကို ကလေးတစ်ယောက်လို ပြုံးကာ ယူလိုက်ပြီး သူမ၏ တိုက်ရိုက်လမ်းညွှန်မှုဆီမှ ရရှိမည့်အကျိုးအမြတ်များကို စိတ်ကူးမကြည့်နိုင်ပေ။
“ ဒုတိယတစ်ခုက အဖေနဲ့ လက်ရည်စမ်းချင်တဲ့ ဓားသမားတစ်ယောက်ရဲ့ အဆက်အသွယ်ပဲ” ဝမ်ဝေ့က ကျိလန်ဖန်းအကြောင်း ပြောပြလိုက်သည်။ ဝမ်ထျန်းက ပိုမိုစိတ်လှုပ်ရှားလာ၏။
“ တာအိုရောင်းရင်းနဲ့ အတွေ့အကြုံ လဲလှယ်ဖို့ မစောင့်နိုင်တော့ဘူး” သူက သေမျိုးတဖန်အပြီးတွင် သူ့ကံကောင်းမှု မြင့်တက်လာကြောင်း ခံစားမိလိုက်၏။
“ ကောင်းပြီ။ ဒီလိုပျင်းစရာကောင်းတာတွေကို ပြောမနေနဲ့တော့” ယုယန်က ဝူဟုန်၏ ဆံပင်ကို ပွတ်သပ်ရင်း ပြောလိုက်သည် “ သမီးလေး မြေးဦးကို ဘယ်တော့မွေးပေးမှာလဲ”
“ အမေ့သားကို မေးကြည့်လေ” သူမက လွှဲချလိုက်သည် “ သူက ကလေး မလိုချင်တာလေ”
ဝမ်ဝေ့က မျက်လုံးဝှေ့ကြည့်လိုက်၏။ သူတို့က ထိုအကြောင်းကို ပြောကာ သဘောတူညီထားခဲ့သော်လည်း ယခုတွင် သူ့အပေါ် အပြစ်ပုံချနေလေသည်။
***