ခန္ဓာကိုယ်စမ်းသပ်ချက်
Vol. 46 Ch. 639
ဝမ်ဝေ့က နောက်လအနည်းငယ်အထိ သူ့မိသားစုနှင့် အချိန်ကုန်ဆုံးပြီး သူ့သီးသန့်ကျင့်ကြံရေးကို အချိန်ရွှေ့ဆိုင်းထားခဲ့သည်။ ထို့နောက် သူက ကိုယ်ပွားကို ဖန်တီးကာ သူ့ပင်မခန္ဓာကိုယ်က သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့သည်။ ထိုစဉ် ဝူဟုန်ကမူ ယခင်နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ သူမ၏ ပင်မခန္ဓာကိုယ်ကို သီးသန့်ကျင့်ကြံရေး ဝင်ရောက်စေပြီး ကိုယ်ပွားကို ဝမ်ဝေ့၏ ကိုယ်ပွားနှင့်အတူ အချိန်ကုန်ဆုံးဖို့ ထားရှိခဲ့သည်။ ထိုစုံတွဲက ဖြစ်နိုင်သမျှ အချိန်အားလုံးကို အတူတူ ကုန်ဆုံးချင်ကြ၏။
သူ ပထမဆုံးလုပ်သည့်အရာက ဝမ်ကျူ၏ အခမ်းအနား ဖြစ်သည်။ ထိုဖြစ်စဉ်က အစီအရင်၊ အစဉ်အလာထုံးတမ်းနှင့် တခြားအရင်းအမြစ်များစွာ လိုအပ်ပေသည်။ အရာအားလုံး ပြီးဆုံးသွားသည့်အခါ သူ့အရိပ်က သူမ အရိပ်နှင့် ဆက်နွယ်ပြီး သူ့စွမ်းအားတချို့ကို ကူးပြောင်းပေးလိမ့်မည်။
ဝမ်ကျူက အသွင်ပြောင်းရေး ဖြစ်စဉ်ကို ကျော်ဖြတ်ရသည့်အတွက် ပိုးအိမ်လုံးတစ်ခုက လွှမ်းခြုံသွားသည်။ သူမက ဝမ်ဝေ့၏ စွမ်းအား ၇၀ ရာခိုင်နှုန်းကို ရရှိပြီးသည့်နောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် သူလျှိုနှင့် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် ဖြစ်လာလိမ့်မည်။ အထူးသဖြင့် သူမ၏ အရိပ်စည်းမျဉ်းကို မှန်မှန်ကန်ကန် အသုံးပြုသည့်အခါတွင် ဖြစ်၏။
ထို့နောက် ဝမ်ဝေ့က သူ့ပထမဆုံး တွင်းနက်ကြီးကို စတင်ဖွဲ့စည်းလိုက်၏။ လုံလောက်သည့် ကမ္ဘာဦးကြယ်တာရာ အဆီအနှစ်များဖြင့် သူသည် ကမ္ဘာမြေမှ ရှာတွေ့သည့်အရာထက် ကြီးမားသည့် တွင်းနက်ကြီးကို ဖွဲ့စည်းနိုင်ခဲ့သည်။
ပထမဦးစွာက သူက ဒုတိယဆုံမှတ်တုနှင့် ပြဿနာရှိလားဟု စစ်ဆေးကြည့်လိုက်၏။ ထို့နောက် သူက ပင်မဆုံမှတ် ၁၉၆၂ ခုထဲရှိ တွင်းနက်ကြီးများအတွင်း ဝိရောဓိ ဖြစ်နေလားဟုပင် စစ်ဆေးကြည့်လိုက်သည်။ ပြဿနာမရှိကြောင်း အတည်ပြုပြီးသည့်နောက်တွင် သူက တွင်းနက်ကြီးများကို ဒုတိယဆုံမှတ် တစ်သောင်းအတွက် ဖွဲ့စည်းခဲ့သည့်အတွက် စုစုပေါင်း ၁၉၉၆၂ ခု ဖြစ်လာခဲ့သည်။
သူ့ခန္ဓာကိုယ်က လျှံပယ်နေသည့် အနေအထားသို့ ရောက်နေကြောင်း ခံစားမိပြီးသည့်နောက်တွင် ဝမ်ဝေ့က ရပ်တန့်ကာ လက်သီးဆုပ်လျက် စွမ်းအားကို ခံစားကြည့်လိုက်သည်။
“ ကမ္ဘာဦးနဂါးအကောင် ငါးဆယ်ခွန်အားပဲ”
သူက မဟာကမ္ဘာ၏ ငါးဆယ်ရာခိုင်နှုန်းကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်လေပြီ။ ထိုအရာသာ တိုးမြင့်လာခြင်း မဟုတ်ဘဲ ကာကွယ်ရေး၊ အရှိန်၊ ပြန်လည်ကောင်းမွန်နိုင်စွမ်းနှင့် ရှင်သန်နိုင်စွမ်းတို့ပါ တိုးမြှင့်လာခဲ့၏။
ရောက်လာပြီ…
သူက ခန္ဓာကိုယ်ကို သုံးသပ်ပြီးသည့်နောက်တွင် တွေးလိုက်မိသည်။ အမည်မသိ စွမ်းအားတစ်ခု သူ့အပေါ် ကျဆင်းလာပြီး ထိုအရာက ခွန်အားအစစ်အမှန် တာအိုနယ်ပယ်မှဖြစ်ကာ သူ့စမ်းသပ်ချက် ကျရောက်လာခြင်းဖြစ်ကြောင်း သိလိုက်သည်။
ဝမ်ဝေ့က မြေပြင်ပေါ် ထိုင်ကာ အသင့်ပြင်ထားလိုက်၏။ သူ့အရေပြားကို ဝါးမျိုနေသည့် တစ်စုံတစ်ခုကို ရုတ်ချည်းခံစားမိလိုက်သည်။ သူ့နာကျင်မှု ခုခံနိုင်စွမ်းနှင့်ပင် သူက နေမင်းတစ်ခုလုံးကို မျိုချလိုက်ရသလိုမျိုး မျက်တောင်ပင် မခတ်နိုင်တော့ပေ။ သူ ခံစားခဲ့ရသည့် အပူချိန်က လည်ချောင်းကို လောင်မြိုက်သွားပြီး အူများကို အရည်ဖျော်ပစ်ကာ အရိုးကိုပင် ပြာကျသွားစေလောက်သည်။ သို့သော်လည်း နာကျင်မှုပြင်းအားက သူ တွေ့ကြုံခံစားဖူးရသလောက် ဘာမှမဟုတ်ပေ။
ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်က သူ့အား ခန္ဓာကိုယ်စမ်းသပ်ချက်အကြောင်း ရှင်းပြခဲ့ဖူးသည်။ စမ်းသပ်ချက်က လူတစ်ယောက်၏ အမြင့်ဆုံး ခံနိုင်ရည်စွမ်းရည်ကို သိကာ ပိုမိုမြင့်မားသည့်အဆင့်ကို ဒဏ်ရာပေးခြင်း ဖြစ်၏။ နာကျင်မှုပြင်းထန်နှုန်းက နာကျင်မှုဂိတ်ပေါက် သို့မဟုတ် ဤလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းဖို့ မဖြစ်နိုင်ရသည့် အကြောင်းအရင်းများစွာထဲမှ တစ်ခု ဖြစ်၏။
ဒီလိုနာကျင်မှု ခံနိုင်စွမ်း မြင့်တာတောင် ငါ့အပေါ် အလုပ်ဖြစ်မယ်လို့ ထင်မထားမိဘူး…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သို့သော်လည်း ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ သူက စမ်းသပ်ချက်အားလုံးကို အတူတကွ ခံယူလိုလားဟု အချက်အလက် တစ်ခုရရှိလိုက်ပြီး တစ်ခါတည်းဖြင့် မည်မျှခံယူမည်ကိုပင် ရွေးချယ်နိုင်လေသည်။ ဝမ်ဝေ့က အားလုံးကို တစ်ပြိုင်နက်ခံယူဖို့ ဆုံးဖြတ်လိုက်၏။ သူက တတိယအဆင့်အတွက် စမ်းသပ်ချက်ကို တစ်ခါတည်းဖြင့် ပြီးမြောက်လိုသည်။
ရှေးဟောင်းဖျက်ဆီးခြင်း ဧကရာဇ်က သူ့အား အရိပ်အမြွက်တချို့ ပြောပြခဲ့ဖူးသည်။ စမ်းသပ်ချက်က ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းအရ ခွဲခြားထားပြီး အရေပြား၊ အရိုး၊ သွေး၊ ကြွက်သားနှင့် ချီသွေးကြော၊ အတွင်းအင်္ဂါနှင့် ဆဲလ်များဟူ၍ ဖြစ်သည်။ ထိုကဏ္ဍတွင် မပါဝင်သည့် ထူးကဲသည့် ခန္ဓာသန့်စင်နည်းလမ်းများဖြင့် တစ်ခုချင်းစီအတွက် သီးသန့်စစ်ဆေးမှုများ ပါရှိသည်။
သဘောတရားအရ ဝမ်ဝေ့သည် ထိုစမ်းသပ်ချက်များကို ကမ္ဘာဦးနဂါးနယ်ပယ်အဆင့်တွင် တစ်ခုပြီးတစ်ခု ခံယူဖို့ လိုအပ်သည်။ သို့သော်လည်း ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်က သူ့အား စစ်ဆေးမှုအားလုံးကို အတူတကွ ခံယူပါက ဖြစ်လာမည့် အကျိုးကျေးဇူးတချို့ကို ပြောပြခဲ့၏။ သူက တစ်ခုချင်းစီထက်ယှဉ်လျှင် အင်အားက သိသိသာသာ တိုးမြင့်သွားလိမ့်မည်။ ထိုစဉ် စမ်းသပ်ချက်တစ်ခုက ခန္ဓာကိုယ်သန့်စင်သူ၏ ခွန်အားအစစ်အမှန် တာအိုနယ်ပယ်ကို ဆက်လက်လျှောက်လှမ်းဖို့ ထိုက်တန်မှုကို စစ်ဆေးဆုံးဖြတ်ခြင်း ဖြစ်သည်။
တောင်းဆိုချက်အပြီးတွင် စမ်းသပ်ချက်က ဆက်လက် ဖြစ်တည်လာသည်။ ဝမ်ဝေ့က ဆိုးဝါးလွန်းသည့် နာကျင်မှုကို တွေ့ကြုံခံစားနေရပြီး သူ့အရေပြားက ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားကာ အသားသာ ရှိသည့် သတ္တဝါတစ်ကောင်လိုမျိုး ဖြစ်နေသည်။
သူ့စိတ်ထဲ ရုတ်ချည်းဆိုသလို ကြောက်လန့်စိတ် လွှမ်းမိုးသွား၏။
ကဲ ငါတော့သွားပြီ…
ဝမ်ဝေ့က တွေးလိုက်မိပြီး စိတ်ခံစားချက်များကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်သည်။ သူ့အရေပြား ပျောက်ကွယ်သွားပြီး သေဆုံးမှုအကြောက်တရားက သူ့စိတ်ထဲ လွှမ်းမိုးသွား၏။ ဝမ်ဝေ့က ဤစစ်ဆေးမှု၏ အစိတ်အပိုင်းဖြစ်ကြောင်း သိလေသည်။ သူ၏ အားကောင်းသည့် ဝိညာဉ်က ဝိညာဉ်တိုက်ကွက်အများစုအပေါ် ခံနိုင်ရည်ရှိသည့်အတွက် ထိုဖြစ်စဉ်အတွက် အသုံးမဝင်ပေ။
ခွန်အားအစစ်အမှန် နယ်ပယ်၏ အမည်မသိ စွမ်းအားက သူ့ပင်ကိုစံပြဝိညာဉ်ဝိညာဉ်ကို ဂရုမစိုက်ပေ။ သူ့အလိုလိုသိစိတ်က သူသာ သံကြိုးများကို ဖယ်ရှားလိုက်ပြီး ဝိညာဉ်စွမ်းအားကို တိုးမြှင့်လိုက်မည်ဆိုလျှင်ပင် အရေးပါမည် မဟုတ်ကြောင်း ပြောပြနေ၏။
ဝမ်ဝေ့က သူ့စိတ်စွမ်းအားအပေါ် မူတည်၍ နာကျင်မှုကို တောင့်ခံထားလိုက်သည်။ သူ့တာအိုနှလုံးသားနှင့် စိတ်အခြေအနေက အကြောက်တရားကို တွန်းလှန်နေ၏။ သို့သော်လည်း ကိစ္စများက ပိုမိုကောင်းမလာခင် ထပ်မံ ဆိုးရွားသွားခဲ့သည်။
သူက အရေပြား မရှိသည့် အသားစိုင်အဖြစ် ပြောင်းလဲသွားပြီး ကြွက်သားများက အငွေ့ပျံသွားကာ နာကျင်မှုနှင့် အကြောက်တရားက ပိုမိုတိုးပွားလာသည်။ ဝမ်ဝေ့က ဆက်လက် ညည်းတွားနေရင်း နာကျင်မှုကို ထိန်းဖို့ ကြိုးစားနေ၏။ ထိုစဉ်သူ့စိတ်က ပြိုလဲလုနီးပါးဖြစ်နေကြောင်း ခံစားမိလိုက်သည်။
ငါ မသေချင်ဘူး ငါ မသေချင်ဘူး ငါ မသေချင်ဘူး …
သူက ထိုစကားများကို ထပ်ခါထပ်ခါ ရွတ်နေ၏။ သို့သော်လည်း သူ့အတွင်းအင်္ဂါအလှည့် ကျရောက်သွားသည့်အခါ ကိစ္စများက ပိုမိုဆိုးရွားလာခဲ့သည်။
အကယ်၍ ရှေးဟောင်းဧကရာဇ်သာ ဤနေရာတွင် ရှိနေပါက ဝမ်ဝေ့အား ရူးမိုက်သည့် အပြုအမူအတွက် လက်မထောင်ပြလိမ့်မည်။ ထိုသူအား စစ်ဆေးမှုများကို အတူတကွ ခံယူဖို့ ပြောခဲ့စဉ်အခါက သူက နှစ်ခု၊ သုံးခုကိုသာ ဆိုလိုခြင်းဖြစ်ပြီး တစ်ခါတည်းဖြင့် အရာအားလုံးကို မဟုတ်ပေ။
ဝမ်ဝေ့က အရိုးများသာ ကျန်ရှိတော့သည့်အချိန် အသံကြိုး မရှိတော့သော်လည်း ဆက်လက်အော်ဟစ်နေဆဲ ဖြစ်၏။ သူ့အော်ဟစ်သံက ဝိညာဉ်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူက သူ့အရိုးများ ပျက်သုဉ်းသွားခြင်းကို ကြည့်နေရင်း အကြောက်တရားက ပိုမိုပြင်းထန်လာသည်။ ဆဲလ်တစ်ခုချင်းစီ ပျောက်ဆုံးသွားသည့်အခါ သူက ရူးသွပ်လုနီးပါးအထိ ဖြစ်သွား၏။
နာကျင်မှုက ဤအခြေအနေကို ဘာမှအကူအညီ မပေးနိုင်ပေ။ သူ့ကို လက်လျှော့ပြီး ဤလမ်းစဉ်ကို စွန့်ပစ်ဖို့ တီးတိုးသံကိုပင် ကြားနေရ၏။ သူက ထိုစကားကို နားထောင်လိုချင်သည်။
လက်လျှော့လိုက်ရင် ဘယ်လောက်တောင် လွယ်ကူသွားလိုက်မလဲ…
သူက ဘာလို့ ဒီလောက်တောင် တောင့်ခံနေရမှာလဲ…
အကယ်၍ သူသာ အားကောင်းသည့် ခန္ဓာကိုယ်ကို လိုချင်လျှင် ခွန်အားစည်းမျဉ်းကို နားလည်ဖို့ လိုအပ်ရုံမျှသာ ဖြစ်ပြီး သူ့ကိုယ်သူ ဤမျှရက်စက်စရာ မလိုပေ။ ဤသည်က မထိုက်တန်ပေ။
ငါ လက်လျှော့…မဖြစ်သေးဘူး ငါ လက်မလျှော့သေးဘူး…
သူက ကိုယ်ထည်မရှိသည့် ထူးဆန်းသည့် အခြေအနေတွင် ရှိနေသော်လည်း တည်ရှိနေသည်။ ဝမ်ဝေ့က သူ့စိတ်စွမ်းအား၏ စွမ်းအားအပြည့်ကို ထုတ်သုံးနိုင်ကြောင်း တွေ့ရှိသွား၏။ ထို့ကြောင့် သူက ထိုစွမ်းအားအတွင်း ပိတ်မိနေသည်။
ထိုအပြုအမူက အခြေအနေကို အထောက်အကူဖြစ်သော်လည်း ပြဿနာကိုမူ ဖြေရှင်းမပေးနိုင်ပေ။ သူက မလိုလားမှုနှင့် ငြင်းဆန်ခြင်းခံစားချက်ကို ဖက်တွယ်ထား၏။ အဆုံးမဲ့လေဟာနယ်အတွင်း မြောလွင့်နေသည့် မှတ်ဉာဏ်များက သူ့စိတ်ထဲ ပြန်လည်ပေါ်ထွက်လာသည်။
ယခင်က သူသည် ခေတ်ကာလများစွာ တစ်ကိုယ်တည်း တိုက်ခိုက်ခဲ့ပြီး သေခြင်းတရား၏ အကြောက်တရားကို ကျော်လွှားနိုင်ခဲ့သည်။ သူက လက်မလျှော့ခဲ့ပေ။ ထို့ကြောင့် ယခုတွင်လည်း လက်မလျှော့နိုင်ပေ။ သူက မရှိသည့် သွားများကို အံကြိတ်လျက် ဆက်လက် ထိန်းထားလိုက်သည်။
သူ့တည်ရှိမှု၏ နောက်ဆုံး ဆဲလ်သာ ကျန်ရှိတော့သည့်အချိန် သူ့အကြောက်တရားနှင့် နာကျင်မှုက မပြောပြနိုင်လောက်သည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုဆဲလ်က အငွေ့ပျံသွားသည့်အခါ သူက ဝိညာဉ်တွင် ကွဲအက်သွားသလို ခံစားလိုက်ပြီး စိတ်ပြိုလဲလုနီးပါးအခြေအနေအထိ ရောက်ရှိသွားသည်။ သို့သော်လည်း သူက သူ့တည်ရှိမှု ဖျက်ဆီးခံလိုက်ရသည့် အတွေ့အကြုံကို ပြန်လည်ထုတ်ယူနိုင်ခဲ့သည်။
အကြောက်တရားအားလုံးကို လွှမ်းမိုးပြီး နာကျင်မှုကို ခုခံနိုင်ခဲ့သည်။ သူက ထိုသို့နာကျင်မှုမျိုးကို ဆယ်စက္ကန့်ကြာ တောင့်ခံထားခဲ့သော်လည်း တစ်သက်တာ ကြာမြင့်နေသလို ခံစားနေရသည်။ ဆယ်စက္ကန့်ကြာမြင့်ပြီးသည့်နောက်တွင် နာကျင်မှုက အဆုံးသတ်သွားပြီး သူ့ခန္ဓာကိုယ်က ဆဲလ်တစ်ခုချင်းစီ ပြန်လည်ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က ကမ္ဘာဦးစိတ်ဝိညာဉ်နှင့် ပြန်လည်ဆက်သွယ်သွားသည့်အခါ ပြန်လည်ကြီးထွားလာ၏။
“ စိတ်ဝင်စားစရာပဲ” သူက ခန္ဓာကိုယ်အသစ်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ ထိုစမ်းသပ်မှုက သူ့စိတ်စွမ်းအား အားလုံးကို အသုံးပြုကာ သူ့ကန့်သတ်ချက်ကို ကျော်လွန်စေခဲ့သည်။ သူက ပထမဆုံးအကြိမ်အဖြစ် တကယ့်စိန်ခေါ်မှုဟု ခံစားမိနေ၏။ ဤအတွေ့အကြုံက စိတ်ကို လေ့ကျင့်ပေးဖို့ နည်းလမ်းကောင်း ဖြစ်သည်မှာ ပြောစရာ မလိုတော့ပေ။
“ ကမ္ဘာဦးနဂါးအကောင် ၇၀ ခွန်အားပဲ။ နောက်ထပ်နှစ်ဆယ်တောင် ထပ်တိုးလာတာပဲ။ ဒါက ငါ့ရဲ့ ဆုလာဘ်လား”
သူက ရေရွတ်လိုက်သည်။ ဤအဆင့်သို့ ရောက်ရှိဖို့ အခြေအနေ ခက်ခဲခဲ့သော်လည်း ကျေနပ်နေမိသည်။
“ ဒါတင် မဟုတ်သေးဘူးပဲ”
သူက လက်မြှောက်လိုက်သည့်အချိန် အာကာပြင်က တုန်ခါသွား၏။ သူက မည်သည့်ချီ၊ စည်းမျဉ်း သို့မဟုတ် တခြားသော စွမ်းအားများကို အသုံးပြုထားခြင်း မရှိပေ။ သူက စိတ်စွမ်းအားဖြင့် ထိုသို့သော အောင်မြင်မှုမျိုးကို ရရှိခဲ့ခြင်း ဖြစ်၏။
ဝမ်ဝေ့က ထိုအတွေ့အကြုံကို ပြန်လည်စဉ်းစားကာ ထိန်းချုပ်မှု ပိုမိုကောင်းမွန်အောင် လေ့ကျင့်ယူလိုက်သည်။ ပထမဦးဆုံးအကြိမ်အဖြစ် သူက စိတ်စွမ်းအားကို ခန္ဓာကိုယ်ပျက်စီးခြင်းမရှိ အသုံးပြုနိုင်သည်။ ထိုအရာက အစိတ်အပိုင်းမျှသာ ဖြစ်သော်လည်း ထိုအဆင့်မတိုင်ခင် မဟာဧကရာဇ် ဖြစ်လာဖို့ လိုအပ်နေကြောင်း ယုံကြည်ထားသည်။
“ တကယ့်ကို ခြေလှမ်းကောင်းပဲ” သူက ရေရွတ်လိုက်မိသည်။ ထို့နောက် သူက သက်ပြင်းချလိုက်ပြီး ခွန်အားအစစ်အမှန် တာအိုနယ်ပယ်အကြောင်း စဉ်းစားနေသည်။ ထိုအရာသည် ရိုးရှင်းသည့် ကျင့်ကြံရေး လမ်းစဉ်မဟုတ်ကြောင်း သိထား၏။ သို့သော် ယနေ့စမ်းသပ်ချက်က သူ့မှန်းဆချက်ကို အတည်ပြုလိုက်နိုင်သည်။
သူက ခွန်အားအစစ်အမှန် တာအိုနယ်ပယ်နှင့် ပတ်သက်ပြီး သီအိုရီများစွာ ရှိ၏။ အကောင်းဆုံးတစ်ခုက ပထမခွန်အားနည်းစနစ် ဖြစ်၏။ ဟွင်သွမ်းစကြဝဠာ မွေးဖွားလာပြီးသည့်နောက်တွင် ပထမဦးဆုံးသက်ရှိ ပေါ်ထွက်လာပြီးသည့်နောက် ဝမ်ဝေ့အနေနှင့် ပင်ကိုသက်ရှိ မရှိကြောင်း ယုံကြည်ထားသည်။ အနည်းဆုံးတော့ သူတို့က ပင်ကိုစည်းမျဉ်းဖြင့် အားကောင်းစွာ မွေးဖွားလာခြင်း မဟုတ်ပေ။
ထိုပထမသက်ရှိများသည် ကျင့်ကြံရေးနည်းစနစ် မရှိသော်လည်း ခန္ဓာကိုယ်ကို ခွန်အားဂိတ်ပေါက်ပုံစံဖြင့် တိုးမြင့်ဖို့ အလားအလာရှိကြောင်း တွေ့ရှိခဲ့လိမ့်မည်။ ခွန်အားအစစ်အမှန် တာအိုက မသေမျိုးနှင့် ထာဝရကို ရရှိနိုင်သည့် ပထမဦးဆုံးနည်းလမ်း ဖြစ်နေနိုင်၏။
ဤသည်က သူ့သီအိုရီထက် ပိုပေသည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ သမိုင်းကြောင်းသည် ခေတ်ကာလအမျိုးမျိုး ပိုင်းခြားနိုင်ကြောင်း ယုံကြည်ထား၏။ ပထမခေတ်ကာလတွင် ဒိုင်မေးရှင်းအနိမ့် မရှိသလို ကောင်းကင်အလိုဆန္ဒများလည်း ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ထိုခေတ်ကာလမှ သက်ရှိများသည် ကျင့်ကြံဖို့ရာ ခွန်အားအစစ်အမှန် တာအိုနယ်ပယ်ကို အားကိုးခဲ့ကြလိမ့်မည်။
တစ်ခါက သူသည် ထိုသီအိုရီနှင့် ပတ်သက်ပြီး ဝူဟုန်နှင့် ပြောဆိုခဲ့ဖူးသော်လည်း သူမက ထိုသမိုင်းကြောင်းနှင့် ပတ်သက်ပြီး မှတ်ဉာဏ် မရှိကြောင်း ပြောပြခဲ့သည်။ သို့သော် သူက မှန်ကောင်းမှန်နေနိုင်၏။
“ ရှင်က စမ်းသပ်ချက်တွေ အကုန်လုံးကို တစ်ပြိုင်နက် ခံယူလိုက်တာလား”
ဝမ်ဝေ့က အသံလားရာကို ကြည့်လိုက်သည့်အခါ သူ့ဇနီးကို မြင်လိုက်ရသည်။ သူမက အစီအရင်အတွင်း ဝင်ရောက်လာသည်ကို စိတ်ထဲမထားဘဲ သူက ပြောလိုက်၏ “ ဟုတ်တယ်”
ဝူဟုန်က ဘာပြောရမှန်းပင် မသိတော့ပေ။ သူမက ခန္ဓာကိုယ်စမ်းသပ်ချက်ကို အမှတ်ရနေဆဲ ဖြစ်၏။ သူမက ၃ ခုဆက်တိုက် ကြိုးစားခဲ့ပြီး ထိုအချိန်က နာကျင်မှုကို မမေ့နိုင်သေးပေ။ သူမ၏ သက်တမ်းတစ်လျှောက် ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်နိုင်သည့်သူ သို့မဟုတ် မငြိမ်းသတ်နိုင်သည့် စံပြတချို့နှင့် တွေ့ဆုံခဲ့ဖူးသည်။ ထိုစမ်းသပ်ချက်နှစ်ခုကို ဆက်တိုက်ခံယူနိုင်သည့် လူအရေအတွက်က လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ရ၏။ အများစုက ထိုစမ်းသပ်ချက်၏ ကြောက်စရာကောင်းမှုအကြောင်း အချက်အလက်နည်းနည်းသာ သိထားသည့်အတွက် မတော်တဆ လုပ်ခဲ့ခြင်းသာ ဖြစ်သည်။
ကံမကောင်းသည့်လူများကမူ နှစ်ခုနှင့်အထက် စမ်းသပ်ချက်များကို ခံယူပြီး ကျဆုံးသွားကာ ဤလမ်းစဉ်ကို လျှောက်လှမ်းဖို့ အိပ်မက်က အဆုံးသတ်သွားကြရသည်။
***