သေမျိုးတဖန် အပိုင်း(၂)
Vol. 46 Ch. 643
ပါးစပ်ကြီးကြီးလူက အေးစက်စက်နှင့် ခံစားချက်မဲ့နေသည့် မျက်နှာထားရှိသည့် လူငယ်လေးသည် ဆွေကြီးမျိုးကြီးမျိုးနွယ်ဝင် အမျိုးသမီးနှစ်ယောက်၏ ခေါင်းဖြတ်လိုက်သည်ကို ကြည့်နေ၏။ ထိုသူက မျက်တောင်ပင် မခတ်ပေ။ သူ့အမူအရာတွင် အပြောင်းအလဲပင် မရှိသလို သူ့ မျက်နှာကို ဝှက်ထားဖို့ပင် ဂရုမစိုက်ပေ။
ဒီကောင်လေးက နှစ်နှစ်အတွင်း ဒီလောက်တောင် ပြောင်းလဲသွားတာပဲ…
ပါးစပ်ကြီးကြီးလူက ဤသို့သောအခြေအနေကို ပထမဦးဆုံးအကြိမ် ကြုံတွေ့ဖူးသည့်အတွက် စိုးရိမ်လာမိသည်။ လူအများစုက ဆက်တိုက် သတ်ဖြတ်ရသည့်အပေါ် ထုံထိုင်းသွားပြီး အပြစ်ရှိစိတ်ကို ဖြေဖျောက်ဖို့ သေရည်သောက်ခြင်းနှင့် အပျော်ဂေဟာ သွားခြင်းကဲ့သို့သော အရာများကို ပြုလုပ်တတ်ကြသည်။
သို့သော်လည်း ယန်းဝေ့က မထူးမခြားနားနှင့် အေးစက်စက်ဖြစ်လာသည့်အတွက် ထိုကောင်လေးထံ တစ်စုံတစ်ခု ဆိုးဆိုးရွားရွားဖြစ်ပျက်ခဲ့တာလားဟု စိုးရိမ်လာမိသည်။
“ ယန်းဝေ့ ဒီကိုလာခဲ့ဦး” ထိုကောင်လေးက အလုပ်ရှင်ဆီ လာလိုက်ပြီး စိုက်ကြည့်လိုက်သည်။
“ ငါက သစ်ပင်နီမြို့တော်ကို သွားရမှာ။ ငါနဲ့အတူ လိုက်ခဲ့” ပါးစပ်ကြီးကြီးလူက သူ့ကို ငြင်းဆန်ဖို့ အခွင့်မပေးဘဲ အမိန့်တစ်ခုဟု ဖော်ပြလိုက်သည်။ နောက်တစ်ရက်တွင် ဗိုက်ရွှဲရွှဲ အမျိုးသားက လူငယ်လေးကို သစ်ပင်နီမြို့ဆီ ခေါ်ဆောင်သွားသည်။ ထိုနေရာက တက်ကြွသည့် လူနေမှုပုံစံများကြောင့် လူသိများပြီး အပျော်ဂေဟာများရှိရာ နေရာတစ်ခု ဖြစ်၏။ သူ့အနေဖြင့် ယန်းဝေ့သည် လူသစ်များဖြင့် တွေ့ဆုံပြီး စိတ်ထွက်ပေါက် ရဖို့ရာ မျှော်လင့်မိသည်။
နှမြောစရာကောင်းလှသည်က ယန်းဝေ့သည် ခရီးစဉ်တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့၏။ သူ တုံ့ပြန်လာသည့်အချိန် တစ်ချိန်သာ ရှိခဲ့ဖူးသည်။ လူများစွာက လူနှစ်ယောက်ကို ဝိုင်းကာ ကြည့်နေကြပြီး အဝတ်ကောင်းကောင်း ဝတ်ဆင်ထားသည့် ခပ်ဝဝလူငယ်လေးက အာဟာရပြတ်လပ်ကာ စုတ်တီးစုတ်ပြတ် အဝတ်များကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးကို ကန်ကျောက်နေပြီး သူ့အဝတ်အစားကို ညစ်ပတ်အောင် လုပ်သည့်အတွက် ဆဲဆိုနေစဉ်အခါက ဖြစ်သည်။ အားလုံးက သူတို့၏ မျက်ဝန်းအထက် သနားညှာတာမှုဖြင့် ကြည့်နေကြသော်လည်း မည်သူကမှ ဘာမှမလုပ်ရဲကြပေ။ သူတို့က ထိုဆွေကြီးမျိုးကြီး ကောင်လေး ရပ်တန့်ပြီး ထွက်သွားဖို့ရာသာ ဆုတောင်းနေကြ၏။
“ ကြည့်မနေနဲ့” ပါးစပ်ကြီးကြီးလူက ယန်းဝေ့က လူအုပ်ထဲမှဆွဲကာ ပြောလိုက်သည်။
“ အဲဒါဘယ်သူလဲ” ယန်းဝေ့က မေးလိုက်သည်။
“ အဲဒါက လိုင်မျိုးနွယ်ရဲ့ တတိယသခင်လေးပဲ။ လိုင်မျိုးနွယ်က ဒီပတ်ဝန်းကျင်အစီရင်စုမှာ အချမ်းသာဆုံးမိသားစုပဲ။ သူတို့နဲ့ သွားမရှုပ်နဲ့”
ယန်းဝေ့က ဘာမှမပြောပေ။ သူက ပါးစပ်ကြီးကြီးလူနောက် အရင်ပုံစံအတိုင်း လိုက်လာသည်။ သူတို့က ညဘက်တွင် တည်းခိုဆောင်တွင် နေခဲ့ကြပြီး ပါးစပ်ကြီးကြီးလူက နောက်တစ်ရက်လည်ပတ်ဖို့ရာအတွက် ပြင်ဆင်ထားခဲ့သည်။ သူက လွယ်လွယ်နှင့် လက်မလျှော့လိုပေ။
သို့သော်လည်း နောက်တစ်ရက်တွင် သူက ယန်းဝေ့၏ အခန်းအတွင်း တုန်တုန်ယင်ယင်ဖြင့် ရောက်ရှိလာ၏။
“တ…တ…တတိယသခင်လေးက သေသွားပြီ”
“ ဘယ်သူရဲ့ တတိယသခင်လေးလဲ” ယန်းဝေ့ မေးလိုက်သည်။
“ လိုင်မိသားစုပေါ့။ အနောက်ဖက်လမ်းကြားမှာ သူခေါင်းဖြတ်ခံထားရတယ်”
“ အိုး”
ပါးစပ်ကြီးကြီးလူက လက်သီးဆုပ်လိုက်ပြီးသည့်နောက်တွင် လူငယ်လေးအား စိုက်ကြည့်ကာ “ သူ သေဆုံးတာက မင်းနဲ့ ပတ်သက်နေလား”
“ ဟင့်အင်း” သူက အမှန်လား၊ အမှားလားပင် မပြောနိုင်ပေ။ အဆုံးသတ်တွင် သူက သက်ပြင်းချကာ “ အခု မြို့တော်တစ်ခုလုံးကို လိုင်မျိုးနွယ်က ပိတ်ဆို့ထားတယ်။ ဒီကိစ္စနဲ့ မပတ်သက်တာ အကောင်းဆုံးပဲ”
နောက်ရက်သတ္တပတ်အတွင်း မည်သူကမှ သစ်ပင်နီမြို့အတွင်း မဝင်နိုင်သလို ထွက်လည်း ထွက်မသွားနိုင်ကြပေ။ လိုင်မျိုးနွယ်က နေရာတိုင်း ရှာဖွေပြီး လူသတ်သမားကို လိုက်ရှာနေကြသည်။ ပထမဦးစွာ မည်သည့်အရာမှ ချောမွေ့မနေခဲ့ပေ။ နောက်ဆုံးတွင်မူ သူတို့ တတိယသခင်လေးကို သတ်ခဲ့သည့် ဓားပိုင်ရှင် အမျိုးသားတစ်ယောက်ကို တွေ့ခဲ့ရသည်။
ထိုသူက ငြင်းဆန်ဖို့ ကြိုးစားသော်လည်း သက်သေက သူ့လက်ထဲတွင် ဖြစ်၏။ သို့သော်လည်း မျိုးနွယ်က သူ့အပြုအမူနောက်ကွယ်မှ ရည်ရွယ်ချက်ကို ဆက်လက် စုံစမ်းလိုသည်။ ကံဆိုးစွာဖြင့် ထိုလူက အဆိပ်ကြောင့် သေဆုံးသွားခဲ့၏။ ကောက်ချက်ချမှုအရ တစ်စုံတစ်ယောက်သည် သူ့ကို အလုပ်အတွက် ငှားရမ်းခဲ့ပြီး ဖွင့်မပြောနိုင်စေရန် နှုတ်ပိတ်လိုက်ခြင်း ဖြစ်၏။ လိုင်မျိုးနွယ်တွင် ရန်သူများစွာရှိသည့်အတွက် သူတို့အပေါ် တိုက်ခိုက်မှုတစ်ခု ဖြစ်လိမ့်မည်ဟုသာ ကောက်ချက်ချလိုက်သည်။
ထိုရက်သတ္တပတ်တစ်ခုလုံးအတွင်း ပါးစပ်ကြီးကြီးလူက တစ်စုံတစ်ယောက်သည် သူတို့မျှော်နန်းဆောင်အတွင်း ဝင်လာကာ သူတို့နှစ်ယောက်အား လာရောက်ဖမ်းဆီးမည်ကို ကြောက်ရွံ့နေခဲ့၏။ သို့သော် လိုင်မျိုးနွယ်က ပိတ်ဆို့မှုကို ဖယ်ရှားပြီးသည့်နောက်တွင် စိတ်သက်သာရာရမိသွားသည်။ မည်သို့ပင်ဆိုစေကာမူ သူ့ တစ်စိတ်တစ်ပိုင်းက ထိုလူငယ်လေး ယန်းဝေ့သည် သတ်ဖြတ်သည့် ကိစ္စနှင့် ပတ်သက်နေရမည်ဟု ယုံကြည်နေမိဆဲ ဖြစ်၏။
သူတို့မြို့ဆီ ပြန်ရောက်ပြီးနောက် သိပ်မကြာခင် ယန်းဝေ့က သိုင်းပညာကို စတင်လေ့လာခဲ့သည်။ သိပ်မကြာခင် ထိုသူက အံ့မခန်းပါရမီကို ထုတ်ပြလာခဲ့၏။ သူက တစ်ခါမြင်တွေ့ရုံမျှဖြင့် ကျင့်စဉ်အများစုကို သင်ယူနိုင်သည်။ ယန်းဝေ့က ခန္ဓာကိုယ်ကို အားကောင်းစေဖို့အတွက် မိုးမြေကြားမှ ဝိညာဉ်ချီကို စုပ်ယူနိုင်သည့် အသက်ရှူနည်းစနစ်တစ်ခုကိုပင် ရရှိခဲ့သည်။ သူ့သဘာဝခွန်အားကိုပါ ထည့်ပေါင်းလိုက်လျှင် သူက သိုင်းပညာပါရမီရှင်ဖြစ်ဖို့ မွေးဖွားလာခြင်း ဖြစ်၏။
ထိုတိုးတက်မှုအားလုံးက အကောင်းဘက်မှ ဖြစ်နေသော်လည်း ပါးစပ်ကြီးကြီးလူက သစ်ပင်နီမြို့တော်တွင် ဖြစ်ပျက်ခဲ့သည့်အရာများကို မမေ့နိုင်သေးဘဲ တစ်စုံတစ်ခု ဖြစ်ပျက်မည်ကို ကြောက်ရွံ့နေမိ၏။ သူ့တစ်စိတ်တစ်ပိုင်းကမူ ယန်းဝေ့သည် ဤအလုပ်မှ ထွက်ကာ ဘဝသစ် နေထိုင်ဖို့ မျှော်လင့်နေမိသည်။
နှမြောစရာကောင်းလှသည်က သုံးနှစ် ကုန်ဆုံးသွားသော်လည်း ယန်းဝေ့က အတူတူသာ ဖြစ်၏။ သူ့မျက်နှာက မပြောင်းမလဲ အေးစက်စက်ပုံစံဖြစ်ကာ သူ့အလုပ်ကို အမူအရာမရှိ ဆက်လက် လုပ်ကိုင်နေဆဲဖြစ်သည်။ ပထမဦးစွာ ပါးစပ်ကြီးကြီးလူက သူသည် အာရုံခံစားနိုင်စွမ်း ပြင်းထန်လွန်းနေသည်ဟု ခံစားနေခဲ့ပြီး ကိစ္စများက ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်၏။ သို့သော်လည်း သိပ်မကြာခင် သူတို့နေထိုင်ရာ ရေစက်မြို့တော်မှ လူများ ပျောက်ဆုံးနေသည်ကို သတိထားမိလိုက်၏။
ပထမဦးစွာ စည်းမျဉ်းဥပဒေဖြင့် မဖမ်းနိုင်သည့် အပြစ်ကျူးလွန်သူများဖြစ်၏။ ထို့နောက်တွင် အကျင့်ပျက်ခြစားသည့် အစိုးရအရာရှိများ၊ ဆွေကြီးမျိုးကြီးများ၊ သိုင်းပညာရှင်များနှင့် ချမ်းသာသည့် ကုန်သည်တို့ ဖြစ်လာကြသည်။
ဘန်း
တပ်သားရာချီက အကျဉ်းထောင်အတွင်း ပြေးဝင်လာကာ ယန်းဝေ့ကို ဝိုင်းထားလိုက်ကြသည်။
“ ဒါက ဘာလဲ” ယန်းဝေ့က ထိုတပ်သားအလယ်တွင် ပါးစပ်ကြီးကြီးလူကို မြင်လိုက်သည့်အတွက် မေးလိုက်သည်။
“ မင်းကို ဆက်ပြီးတော့ သောင်းကျန်းခွင့်မပြုနိုင်ဘူး” ပါးစပ်ကြီးကြီးလူက ပြောလိုက်သည်။ သူက အနာဂတ်တောက်ပသည့် လူငယ်လေးကို ယုန်တွင်း အတွင်း ဆွဲချမိသလို ဖြစ်စေခဲ့သည့်အတွက် သူ့ကိုယ်သူသာ အမြဲအပြစ်တင်နေခဲ့သည် “ ဘာမှငြင်းဆန်ဖို့ မကြိုးစားနဲ့။ အရာရှိတွေက သက်သေအလုံအလောက် စုဆောင်းပြီးသွားပြီ”
“ မင်းက ဘာလို့ ဒီလိုလုပ်ရတာလဲ”
“ ကျုပ်က ကံကြမ္မာရဲ့ တမန်တော်ပဲ။ အဲဒီအမှိုက်တွေကို နောက်ဆုံးအကဲဖြတ်ချက်ပေးလိုက်တာလေ” ယန်းဝေ့က အေးစက်စက် ပြောလိုက်၏။
“ အမှိုက်တွေတဲ့လား။ အပြစ်ကျူးလွန်သူတွေအတွက် မင်းအပြုအမူကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ မင်း သတ်ခဲ့တဲ့ အပြစ်မဲ့တဲ့သူတွေကရော”
“ အဲဒါက သူတို့ရဲ့ ကံဆိုးမှုကြောင့်ပဲ။ ဒီမြို့ရဲ့ လူအားလုံးရဲ့ နာမည်ကို ခွက်တစ်ခုထဲကို ထည့်ပြီးတော့ ကြုံရာကျပန်း ရွေးချယ်လိုက်တာပဲ။ ရွေးချယ်ခံရတဲ့သူက ကျုပ်ဆီက ကံကြမ္မာဆီက နောက်ဆုံးအကဲဖြတ်မှုကို ခံယူရမယ်”
“ လူတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးရအောင် မင်းက ဘာမလို့လဲ” ပါးစပ်ကြီးကြီးလူက အော်ပြောလိုက်၏။
“ အဲဒါဆို ဆင်းရဲတဲ့ တိုင်းသူပြည်သားတစ်ယောက်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးရအောင် ဆွေကြီးမျိုးကြီးက ဘာမလို့လဲ” ယန်းဝေ့က ပြန်လည်ချေပ၏ “ သူ လုပ်တာက သူ့ဆီမှာ အင်အားရှိနေလို့လေ”
ပါးစပ်ကြီးကြီးလူက ထိုမျက်ဝန်းနီနီနှင့် လူငယ်လေးအား ကြည့်ကာ သူ သိထားခဲ့သည့်လူက မရှိတော့ကြောင်း သဘောပေါက်သွားသည်။ သူ့အနေနှင့် ထိုအချက်ကို ပြောင်းလဲနိုင်မည့်အရာ မရှိပေ။
“ သူ့ကို ဖမ်းကြ”
တပ်သားများက လက်နက်များနှင့်အတူ ယန်းဝေ့ဆီ ပြေးဝင်လာကြသည်။ ကံဆိုးစွာဖြင့် သူ့သိုင်းပညာက အတော်လေး ထူးချွန်နေခဲ့၏။ သူက အခန်းနှင့် ပတ်ဝန်းကျင်အနေအထားကို အသုံးပြုကာ ဒဏ်ရာအပြင်းအထန်ရလျက်နှင့် ထွက်ပြေးနိုင်ခဲ့သည်။ လအနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် တရားရုံးမှ နာမည်များကို ခိုးယူပြီး ကံကြမ္မာလူသတ်သမားက ကြုံရာကျပန်း ရွေးချယ်ကာ ရွေးချယ်ခံခဲ့ရသည့်လူအားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။
ယခုမှစ၍ ထိုအရာသည် သူ၏ လုပ်ထုံးတစ်ခု ဖြစ်လာခဲ့၏။ သူ ခရီးသွားလာတိုင်း တူညီသည့်အရာကို လုပ်ဆောင်လိမ့်မည်။ ကံဆိုးစွာဖြင့် သူ့အပြုအမူများက တိုင်းပြည်အုပ်ချုပ်ရေးနှင့် သိုင်းပညာဂိုဏ်းများကို ရန်စမိသလိုဖြစ်ပြီး သူတို့က မဟာမိတ်အဖြစ် ပူးပေါင်းကာ သူ့အားနှိမ်နင်းခဲ့ကြသည်။
ယန်းဝေ့က ထိုမဟာမိတ်အဖွဲ့ဖြင့် သုံးရက်တာ ဒဏ္ဍာရီလာတိုက်ပွဲကို တိုက်ခိုက်ခဲ့၏။ ကံဆိုးစွာဖြင့် သူ့အကြွင်းမဲ့ အဆုံးသတ်က လက်နက်ဒါဇင်ချီဖြင့် ထိုးစိုက်ခံလိုက်ရသည်။
ယန်းဝေ့က သူ့ကိုယ်သူ အုတ်ဂူမှ တူးထွက်လာ၏။
“ ကံကြမ္မာစွမ်းအားကြောင့် ပျက်စီးသွားတာလား။ ငါ ဒီအကြောင်းကို တစ်ခါမှ တွေးမထားမိဖူးဘူးပဲ” သူက ရေရွတ်လိုက်သည်။ သူ့ ရည်မှန်းချက်က ကံကြမ္မာကို ထိန်းချုပ်ဖို့ ဖြစ်သော်လည်း သူ့အပြုအမူ၏ ဖြစ်နိုင်ချေဆိုးကျိုးများကို တစ်ခါမှ မတွေးခဲ့မိပေ။ ပြောရလျှင် သူက တွေးခဲ့ဖူးသော်လည်း သူ့ကျင့်ကြံရေးနှင့် စိတ်အခြေအနေက ဤသို့အောင်မြင်မှုမျိုး ရရှိသည်ကို လိုက်မှီလိမ့်မည်ဟု အမြဲတမ်း ယုံကြည်ထားခဲ့သည်။ သို့သော်လည်း ဤသည်က အမြဲတမ်း မမှန်ကြောင်း သဘောပေါက်သွားခဲ့၏။
“ ကြည့်ရတာ ဘယ်အရာကမှ မပျက်စီးနိုင်တာ မဟုတ်ဘူးပဲ။ မဟာတာအိုအပါအဝင်ပဲ” သူက ရေရွတ်လိုက်ပြီးသည့်နောက်တွင် အကြည့်များက တောက်ပလာသည်။ ဤအတွေ့အကြုံက သူ့အား စကြဝဠာတစ်ခုလုံး၏ ကံကြမ္မာစွမ်းအားကို ထိန်းချုပ်သည့်အခါ သူ့စိတ်အခြေအနေကို ပျက်ပြားသွားခြင်းမှ ကာကွယ်ဖို့အတွက် သတိဝီရိယ ရှိသင့်ကြောင်း သင်ကြားပေးခဲ့သည်။
သူက ရေစက်မြို့တွင် ပြန်လည်ပေါ်ထွက်လာသည်။ သူက အုတ်ဂူတစ်ခုရှေ့ ရပ်ကာ သန့်ရှင်းရေးလုပ်လိုက်ပြီး ပန်းတချို့ တင်ပေးလိုက်၏။
၈နှစ်အရွယ်ကလေး ဘယ်လောက်တောင် ငယ်ရွယ်ပြီး အပြစ်ကင်းနေမလဲ..
သူက တွေးလိုက်ရင်း သူမကို အသက်ပြန်သွင်းဖို့ တွေးလိုက်မိသည်။ သူ၏ သေခြင်းရှင်ခြင်း စွမ်းရည်ဖြင့် သေမျိုး ကလေးငယ်တစ်ယောက်ကို အသက်ပြန်သွင်းဖို့က ပို၍ လွယ်ကူသည်။
သို့သော်လည်း သူက ခေါင်းအသာယမ်းလိုက်သည်။ ကံကြမ္မာသည် ရက်စက်ကြောင်း သိထားပြီး နေ့စဉ်နေ့တိုင်း အပြစ်မဲ့သည့်အမျိုးသမီးနှင့် ကလေးများစွာက ကံကြမ္မာ ဆုံးဖြတ်မှုအောက် သေဆုံးနေကြရသည်။ တစ်ရက်ကျ သူက သူ့စိတ်ဆန္ဒနှင့် အရာအားလုံးကို လိုက်လျောညီထွေ မဖြစ်ခင် ထိုရက်စက်မှုနှင့် အသားကျသွားနိုင်သည်။
ဝမ်ဝေ့က အုတ်ဂူရှေ့ ခေတ္တမျှနေပြီးသည့်နောက်တွင် ပျောက်ကွယ်သွား၏။ သူက သင်ခန်းစာကို သင်ယူခဲ့ရပြီး လွတ်လပ်ကာ အနှောင်အဖွဲ့ကင်းသည့် ရည်မှန်းချက်ကို နှိုင်းနှိုင်းချိန်ချိန် ချဉ်းကပ်ရမည်ဖြစ်ကြောင်း သင်ယူခဲ့သည်။ သူက ယန်းဝေ့ကဲ့သို့ စိတ်မလွတ်သွားလိုပေ။
သူက ထွက်လာပြီးသည့်နောက်တွင် နောက်ထပ် သရုပ်ဖြစ်သည့် စိတ်ဝင်စားစရာကောင်းသော တိုင်းပြည်၏ ဘုရင် ဖြစ်လာခဲ့သည်။ ဝမ်ဝေ့က သူသည် ဤအတွေ့အကြုံမှ အဖိုးတန် သင်ခန်းစာတစ်ခုခု သင်ယူနိုင်ဖို့ မျှော်လင့်ထား၏။ သူသည် ဤသေမျိုးတဖန် ဖြစ်စဉ်အတွက် သရုပ်အားလုံးမှ တစ်စုံတစ်ခု သင်ယူနိုင်ဖို့ရာ မျှော်လင့်ထားသည်။
***