သေမျိုးတဖန် အပိုင်း(၃)
Vol. 46 Ch. 644
အလယ်အလတ်အရွယ်အစား သစ်သားအိမ်တစ်ခုအတွင်း အမျိုးသမီးက သူမ၏ ခင်ပွန်းဖြစ်သူကို စောင့်ဆိုင်းရင်း ညစာ ပြင်နေသည်။ သူမက ထိုင်ခုံပေါ်တွင် ထိုင်ရင်း နာရီအနည်းငယ်ခန့် စောင့်ဆိုင်းပြီးသည့်နောက်တွင် အမျိုးသားက အိမ်သို့ ပြန်ရောက်လာ၏။ တစ်စုံတစ်ယောက်က စောင့်ဆိုင်းနေသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ထိုအမျိုးသား၏ မျက်နှာက တောင့်တင်းသွားသည် “ အချစ်လေး”
“ ရှင် ဘယ်တွေရောက်နေတာတုန်း” ဇနီးဖြစ်သူက မေးလိုက်သည်။
“ ရှစ်ယောင်ဇူတို့ရဲ့ အိမ်မှာ လယ်သွားပြီးတော့ ကူပေးတာပါ”
“ နေဝင်သွားတာ တော်တော်ကြာနေပြီ” သူမက စားပွဲပေါ်မှ အစားအစာများကို ကြည့်ကာ “ အစားအသောက်တွေကလည်း အေးကုန်ပြီ”
“ ကိုယ် တောင်းပန်ပါတယ်။ ကိုယ် အချိန် သတိမထားမိလိုက်လို့ပါ။ နောက်ကျသွားတယ်ဆိုတာကို သတိထားမိတော့ အပြင်ဘက်မှာ တော်တော်မှောင်နေပြီ”
ဇနီးဖြစ်သူက ချက်ချင်းပြန်မဖြေပေ။ သူမက နာရီကြာချက်ပြုတ်ထားရသည့် အစားအစာများကို ကြည့်ရင်း ကျယ်လောင်စွာ ပြောလိုက်၏ “ သူမက ဘယ်သူလဲ”
“ မင်းက ဘယ်သူ့ကို ပြောတာလဲ”
“ ကျွန်မကို ငတုံးလို လာပြီးတော့ မဆက်ဆံနဲ့။ ရှင့်မှာ နောက်တစ်ယောက် ရှိနေတာသိတယ်။ အဲဒီအမျိုးသမီးက ဘယ်သူလဲ”
“ မဟုတ်ဘူး။ မဟုတ်ဘူး မရဏထိန်းချုပ်ရေး ဘုရင်နာမည်နဲ့ ကိုယ့်ဆီမှာ တခြားမိန်းမ မရှိဘူးဆိုတာ ကျိန်ဆိုရဲတယ်”
“ ရှင့်ကို မယုံဘူး” ဇနီးဖြစ်သူက ပြန်ဖြေ၏ “ ကျွန်မ ကွာရှင်းချင်တယ်”
“ မရဘူး။ အဲဒါကတော့ မရဘူး” ယောက်ျားဖြစ်သူက ဒူးထောက်ကာ ပြောလိုက်၏ “ ကိုယ့်ကို ခွင့်လွှတ်ပေးပါ။ ကိုယ် နောက်ထပ် ထပ်မလုပ်တော့ပါဘူး”
“ ရှင့်ကို သုံးကြိမ် ခွင့်လွှတ်ပြီးသွားပြီ။ အချိန်တိုင်း ရှင်က နောက်ထပ် ထပ်မလုပ်ပါဘူးလို့ ကတိပေးတယ်။ အဲဒီနောက်ပိုင်းကျတော့ရော”
ယောက်ျားဖြစ်သူက ဘာပြောရမှန်း မသိတော့ပေ။
“ ရှင်က ကျွန်မ ခွင့်လွှတ်ပေးမယ်မှန်း သိလို့ အမြဲလုပ်နေတာ။ ကောင်းပြီ။ ကျွန်မ ဒီလောက်ပဲ တော်သင့်ပြီ” ဇနီးဖြစ်သူက ဆက်ပြောလိုက်သည် “ မနက်ဖြန်ကျရင် တရားရုံးကိုသွားပြီး ကွာရှင်းဖို့ သွားလျှောက်ထားမယ်”
ထိုသို့ပြောပြီးသည့်နောက်တွင် ဇနီးဖြစ်သူက ထိုင်ခုံပေါ်မှ ထကာ အိပ်ခန်းအတွင်း ဝင်ဖို့ ပြင်လိုက်သည်။
“ မဟုတ်ဘူး။ မလုပ်ရဘူး” ယောက်ျားဖြစ်သူက ပြောလိုက်၏။ တိုင်းပြည်၏ စည်းမျဉ်းအရ ကွာရှင်းပြီးသည့်နောက်တွင် သူ့ဖောက်ပြန်မှုကြောင့် ပိုင်ဆိုင်မှုတစ်ဝက်ကျော်ကို ဆုံးရှုံးသွားလိမ့်မည်။ ထို့နောက် ကွာရှင်းထားသည့် အမျိုးသားတစ်ဦးနှင့် ဆက်ဆံဖို့ရာ အမည်းစက်တစ်ခု ဖြစ်နေလိမ့်မည်။ သူက ဘဝကို ကျဉ်ဖယ်ခံရင်း မနေလိုပေ။
ယောက်ျားဖြစ်သူ၏ မျက်ဝန်းက ချက်ချင်းဆိုသလို နီရဲလာပြီးနောက် စိတ်လွတ်သွားသည်။ သူက စားပွဲပေါ်မှ ဓားတစ်ချောင်းကို ယူကာ သူ့ဇနီးဖြစ်သူ၏ နောက်ကျောကို အကြိမ်ဒါဇင်မက ထိုးစိုက်လိုက်၏။
ယောက်ျားဖြစ်သူ အသိပြန်ဝင်လာသည့်အခါ သူ့အင်္ကျီအထက် သွေးများ ပေပွနေပြီး ဓားတစ်ချောင်း ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ သူ ခုနစ်နှစ်တာ ပေါင်းသင်းလာသည့် ဇနီးဖြစ်သူက မြေပြင်ပေါ်တွင် သွေးများစွာ ထွက်နေ၏။ ယောက်ျားဖြစ်သူက နောက်တစ်လှမ်းဆုတ်ကာ သူ ဘာလုပ်ခဲ့တာလဲဟု မေးခွန်းပြန်ထုတ်နေသည်။
သို့သော်လည်း သူ မစဉ်းစားနိုင်ခင် မှော်ဆန်ဆန် တစ်စုံတစ်ခုဖြစ်ပျက်လာခဲ့သည်။ သူ့ဇနီးပေါ်ရှိ ဒဏ်ရာများက မှော်ဆန်ဆန် ပျောက်ကင်းသွားပြီး သူမ၏ ဖြူဖျော့နေသည့် အသားအရည်သည် ပုံမှန် ပြန်ဖြစ်သွား၏။ ထိုမြင်ကွင်းက ယောက်ျားဖြစ်သူကို ကြောက်လန့်သွားစေကာ ထပ်မံ ထိုးစိုက်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း တစ်နေရာမှ မှော်ဒိုင်းကာတစ်ခု ထွက်ပေါ်လာကာ သူမအား ကာကွယ်ပေးထားသည်။
ယောက်ျားဖြစ်သူက သူ့ဇနီးဖြစ်သူ၏ မျက်ဝန်းမှ အကြောက်တရားကို မြင်လိုက်ရပြီး သဘောပေါက်သွားခဲ့သည်။ သူက အချိန်မဖြုန်းဘဲ အပြင်ဆီ ပြေးထွက်လိုက်၏။ သူ့အတွက် ကံဆိုးသည်က တိုင်းပြည်၏ အစောင့်အကြပ်များက သူ့အိမ်ကို ဝိုင်းထားပြီးသား ဖြစ်နေသည်။ သူ့အဝတ်အစားပေါ်မှ သွေးများကို မြင်လိုက်သည့်အခါ သူတို့က လက်နက်များ ထုတ်ယူလိုက်ကြ၏။
ထို့နောက် ခေါင်းဆောင်က ပြောလိုက်သည် “ ဒီနေရာမှာ လူသတ်မှုတစ်ခုကို အာရုံခံမိတယ်။ စည်းမျဉ်းအရ လူသတ်မှုက တရားမဝင်တဲ့ အပြုအမူပဲ”
ယောက်ျားဖြစ်သူက သူသည် ခုခံနေလျှင် အကျိုးအကြောင်း မသင့်မှန်းသိ၍ ဘာမှမပြောပေ။ အစောင့်အကြပ်များက သူ့အား ဖမ်းဆီးလိုက်ကြသည်။ လူသတ်မှု ကျူးလွန်ခြင်းက တိုင်းပြည်ရှိ အကြီးမားဆုံး ပြစ်မှုထဲမှ တစ်ခုဖြစ်သည့်အတွက် ယောက်ျားဖြစ်သူက သူ့ဘဝတစ်လျှောက်လုံးကို အမှောင်ထု အကျဉ်းထောင်အတွင်း ကုန်ဆုံးရလိမ့်မည်။
………………………………………………………………………………………….
သေခြင်းမဲ့တိုင်းပြည်၊ တော်ဝင်နန်းတော်
မရဏထိန်းချုပ်ရေးဘုရင် လီဝေ့က ပလ္လင်ပေါ်ထိုင်နေရင်း သူ့အမတ်များကို ကြည့်လိုက်၏။
“ အဲဒါက လိုလို့လား” သူက မေးလိုက်သည်။
“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး” အကြံပေးအမတ်က ပြန်ဖြေလိုက်၏ “ ဒီလူတွေက အကြီးမားဆုံးအပြစ်ကို ကျူးလွန်ခဲ့တော့ အသတ်ခံရသင့်ပါတယ်။ ပြီးတော့ ကျုပ်တို့ရဲ့ အကျဉ်းထောင်တွေကလည်း လူဦးရေ ပြည့်နှက်နေပြီ။ အဲဒါကြောင့် လူတချို့ကို သုတ်သင်တာမျိုး ဒါမှမဟုတ် ထပ်ပြီး တည်ဆောက်တာမျိုး လုပ်မှဖြစ်မယ်”
လီဝေ့က ချက်ချင်းပြန်မဖြေပေ။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက လက်ဝှေ့လိုက်ကာ အနက်ရောင်နှင့် အဖြူရောင် အလင်းကို ထုတ်လွှတ်နေသည့် အနက်ရောင် အဆောင်တစ်ခုကို ပုံဖော်လိုက်သည်။ ဤတိုင်းပြည်ရှိ တိုင်းသူပြည်သားအားလုံးက မသေမျိုး ဖြစ်ကြသော်လည်း ဘုရင်ကသာ သူတို့ဆီမှ မသေမျိုးစွမ်းရည်ကို ဖယ်ရှားနိုင်စွမ်းရှိ၏။
“ ကိစ္စတစ်ခုလုံးကို သေချာ စောင့်ကြပ်ဖို့ လိုမယ်” ဘုရင်က အမိန့်ပေးလိုက်၏။
“ အရှင့်အမိန့်အတိုင်းပါ”
လီဝေ့က အားလုံးကို ပြန်လွှတ်လိုက်ပြီးသည့်နောက်တွင် အခန်း၌သာ ဆက်နေခဲ့သည်။ သူက နာရီပိုင်းကြာ ထိုင်နေခဲ့ပြီးသည့်နောက်တွင် အတွေးနက်နေမိ၏။ သူက မိဖုရားဝမ်ဟုန် အခန်းအတွင်း ဝင်ရောက်လာမှသာ အသိပြန်ကပ်လာသည်။
“ ရှင် အဆင်ပြေရဲ့လား” သူမက သူ့နဖူးကို စမ်းသပ်ကြည့်ရင်း မေးလိုက်သည် “ အခုတလော ရှင် အာရုံတွေ ထွေပြားလွန်းတယ်”
“ ဒီတိုင်းပြည်ကို ဘယ်လိုစတည်ထောင်ခဲ့တယ်ဆိုတာ မှတ်မိလား”
သူမက မှတ်မိလေသည်။ ယခင်က သူတို့သည် သူတို့ကိုယ်သူတို့ စားသောက်ဖို့နှင့် ရှင်သန်ဖို့အတွက် ရုန်းကန်နေခဲ့ရ၏။ ထို့ကြောင့် သူမ၏ ခင်ပွန်းဖြစ်သူက အာဏာပါးကွပ်သားအဖြစ် အလုပ်ကို ထမ်းဆောင်ခဲ့သည်။ ထိုအလုပ်က လစာကောင်းကာ လူတချို့ကသာ လုပ်လိုကြသည်။
သို့သော်လည်း အပြစ်ကင်းသည့် မိသားစုကို သတ်ဖြတ်ဖို့ ဖိအားပေးခံရပြီးသည့်နောက်တွင် သူက ကိစ္စများကို စတင် မေးခွန်းထုတ်လာသည်။ ထို့နောက် တစ်ရက်ကျ မသေမျိုးအရှင် တစ်ယောက်က သူ့အား လာတွေ့ကာ အားလုံးကို မသေနိုင်စွမ်းရှိသည့်တိုင်းပြည်ကို တည်ထောင်နိုင်ဖို့ စွမ်းအားကို ပေးကမ်းခဲ့သည်။ သူကသာလျှင် သေခြင်းရှင်ခြင်း အပါအဝင်ထိုလူ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်လိမ့်မည်။
“ အဲဒီနေ့ကတည်းက မသေမျိုးအရှင်က ကိုယ့်ကို ဒီတာဝန်အတွက် ဘာလို့ ရွေးချယ်ခဲ့လဲဆိုတာကို စဉ်းစားနေတာ။ အကြောင်းအရင်းရှိလားလို့ သိချင်နေတာ”
“ ကျွန်မတို့တွေ ဒါကို အရင်ကလည်း ပြောဖူးတယ်လေ။ မသေမျိုးအရှင်ရဲ့ စိတ်ကို ကျွန်မတို့တွေ ဘယ်လိုလုပ် မှန်းဆနိုင်မှာလဲ။ အဲဒါကြောင့် ကျွန်မတို့ မိသားစုနဲ့ ဒီတိုင်းပြည်အတွက် အဲဒီကိစ္စတွေကို မစဉ်းစားပါနဲ့။” ဇနီးဖြစ်သူက တောင်းဆိုလိုက်၏။
“ တကယ်လို့ ကိစ္စတွေကသာ အဲ့လောက်လွယ်နေရင်” ဘုရင်ဖြစ်သူက ဖြတ်ပြောလိုက်သည် “ ကိုယ် အဲဒီအရာတွေကို မစဉ်းစားရင် အေးအေးချမ်းချမ်း အိပ်နိုင်မှာ မဟုတ်ဘူး”
မိဖုရားဝမ်ဟုန်က သက်ပြင်းချကာ “ ကောင်းပြီ။ ရှင် အကြောင်းအရင်းတွေ့ပြီလား”
“ မသေမျိုးအရှင်က ကိုယ့်ကို စမ်းသပ်ချင်နေတာလို့ ထင်တယ်။ ကိုယ်တင်မဟုတ်ဘူး။ သေမျိုးတွေရောပဲ။ ကိုယ်တို့တွေက အကြွင်းမဲ့အာဏာ ပေးခံလိုက်ရတဲ့အချိန်မှာ လွန်ဆန်နိုင်ပါ့မလားဆိုတာကို စမ်းသပ်နေတာ ထင်တယ်။ အရင် ဒီတိုင်းပြည် စတင်တည်ထောင်ကတည်းက အရင် ၁၅ နှစ်အတွင်းကို အာဏာတွေ၊ စွမ်းအားတွေကြောင့် မပျက်ဆီးသွားစေဖို့ အကောင်းဆုံးကြိုးစားခဲ့တယ်”
မိဖုရားက ထိုအရာသည် မလွယ်ကူကြောင်း သိထားခဲ့၏။ သူမ ခင်ပွန်းဖြစ်သူက တိုင်းပြည်ရှိလူများ၏ သေခြင်းတရားကို ဆုံးဖြတ်ပေးနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်၏။ ထိုစွမ်းအားဖြင့် သူသည် သူ့စွမ်းအားကို အလွဲသုံးစား မသုံးမိစေရန် လူများကို ကောင်းမွန်စွာ အုပ်ချုပ်နိုင်သည့် အုပ်ချုပ်သူတစ်ယောက်ဖြစ်လာဖို့ အကောင်းဆုံး လုပ်ဆောင်ခဲ့သည်။
ကိစ္စများက သူ စီစဉ်ထားသည့်အတိုင်း မဖြစ်သည့်အခါ၊ စိတ်ခံစားချက် ထိန်းချုပ်မှု ကင်းလွတ်သွားသည့်အခါ သို့မဟုတ် လူသားစိတ်၏ အရှုပ်ထွေးဆုံးအပိုင်းနှင့် ရင်ဆိုင်ရသည့်အခါ ထိုစွမ်းအားကို တလွဲမသုံးမိစေရန် ထိန်းချုပ်ထားဖို့ များစွာ အားစိုက်ရသည်။
“ ဒါပေမဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာလား” မိဖုရားက မေးလိုက်သည်။
“ ဟုတ်တယ်။ ဒီဟာက မှန်ကန်တဲ့ ကောက်ချက်ချမှု မဟုတ်ဘူးလို့ ထင်တယ်”
“ ရှင်က ဘာတွေရရှိဖို့ မျှော်လင့်နေတာလဲ” မိဖုရားက မေးလိုက်၏ “ ရှင်ကိုယ်တိုင်ကတောင် တကယ့်စွမ်းအားမရှိတဲ့ သေမျိုးတစ်ယောက်ကလွဲပြီး ဘာမှမဟုတ်ဘူးလေ။ ရှင်က မသေမျိုးအရှင်လိုမျိုး ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ရည်ရွယ်ချက်ကို ဘယ်လိုမှန်းဆနိုင်မှာလဲ”
ဘုရင်က ပြန်မဖြေပေ။
“ ရှင် ဘယ်လိုခံစားနေရတယ်ဆိုတာကို သိပါတယ်” မိဖုရားက ဆက်ပြောလိုက်၏ “ ကျွန်မလည်း အဖြေလိုချင်တယ်။ ဒါပေမဲ့ ကျွန်မက အသက်ရှင်မှုကို ပိုပြီးတော့ အလေးထားတယ်။ ရှင် တုံးတုံးအအ အရာတွေ မလုပ်ခင် နှစ်ခေါက်ပြန်ပြီးတော့ စဉ်းစားပါဦး”
ဘုရင်က သူ အုပ်ချုပ်စဉ်တစ်လျှောက်လုံး သူမ၏ အကြံကို လိုက်နာခဲ့သည်။ သူက ဆုံးဖြတ်ချက်ချသည့် အချိန်တိုင်း နှစ်ခါပြန် စဉ်းစားလေ့ရှိ၏။ မည်သို့ပင်ဆိုစေကာမူ သူက သူ့တည်ရှိမှု၏ ရည်ရွယ်ချက်ကို ဖော်ထုတ်ဖို့ ကြိုးစားနေသည်ကို မရပ်တန့်ခဲ့ပေ။
၉၃ နှစ်အရွယ်တွင် ဘုရင်က ကုတင်ပေါ်တွင် လဲလျောင်းရင်း သေခြင်းတရားက ချဉ်းကပ်လာ၏။ မိဖုရားက သူ့ဘေးနားတွင် ရှိနေကာ သူနှင့်အတူ နောက်ဘဝအထိ လိုက်ပါဖို့ အဆင့်သင့်ဖြစ်နေလေပြီ။
“ ကိုယ် သိသွားပြီ။ ကိုယ် တစ်စုံတစ်ခုတော့ သိသွားခဲ့ပြီ”
“ ဘာများလဲ”
“ တကယ်လို့ ကံကြမ္မာက မသေမျိုးအရှင်လို ဘုရင်ဆီကနေ တစ်စုံတစ်ခု လိုချင်သလိုမျိုး ကိုယ့်ဆီက တစ်ခုခု လိုချင်နေတယ်ဆိုရင်ရော ကိုယ့်ကံကြမ္မာက လွတ်မြောက်ပြီး အနှောင်အဖွဲ့ကင်းမဲ့ ကိစ္စက ကံကြမ္မာကြောင့် ချီးမြှင့်ခံရမဲ့ ပစ္စည်းတစ်ခုဖြစ်နေရင်ရော။ အဲဒါက ကိုယ့်ဆီက လိုချင်နေရင်ရော ဘယ်လိုလုပ်မလဲ”
“ ဘာကိုလိုချင်မှာလဲ”
“ တစ်ယောက်ယောက်ကို ထိန်းချုပ်ဖို့ပေါ့ ဖန်တီးနိုင်မဲ့ တစ်စုံတစ်ယောက်။ အချိန်က တသတ်မတ်တည်း မဟုတ်ဘူး”
“ ရှင်က အဲဒါကို အချိန်ထပ်ကာထပ်ကာ ဖြစ်စဉ် လို့ ခေါ်တာ တူတယ်” မိဖုရားက ပြောလိုက်သည်။
“ ဟုတ်တယ်။ ကံကြမ္မာက ကိုယ့်ကို ဖန်တီးတယ်။ အဲဒါကြောင့် ကိုယ်ကလည်း ဖန်တီးနိုင်တယ်” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးသည့်နောက်တွင် အကြည့်များက ပိုမိုတောက်ပလာ၏ “ ဒါက အဓိပ္ပာယ်မရှိတဲ့ အတွေးတစ်ခု ဖြစ်နေနိုင်တယ်ဆိုပေမဲ့ ဒီဖြစ်နိုင်ချေကို ထည့်စဉ်းစားရမယ်”
“ ရှင်က ဘာလုပ်ချင်တာလဲ”
ဝမ်ဝေ့က သူမကို ပြန်မဖြေဘဲ သူ့ဘာသာသူ ရေရွတ်လိုက်၏ “ မဟာတာအိုရဲ့ ကံကြမ္မာမြစ်ကြောင်း … ငါ့ရဲ့ ကံကြမ္မာမြစ်ကြောင်း”
သူက မှတ်ဉာဏ်၊ စွမ်းအားနှင့် ငယ်ရွယ်မှုဘဝကို ပြန်ရလာစဉ် ဉာဏ်အလင်းပွင့်မှုကြောင့် တစ်စုံတစ်ခု ပြောင်းလဲသွားသလို ခံစားမိလိုက်၏။ သူက လက်မြှောက်ကာ လက်ဝါးအထက် ကြီးကျယ်ခမ်းနားသည့် အဆောက်အအုံ ကိုးခုကို ပုံဖော်လိုက်သည်။ ထိုအရာ၏ အလယ်တွင် တစ်ခုရှိကာ ဘေးဘက်ဆီတွင် လေးခုစီ ရှိထားပြီး အလယ်ခေါင်ကို ဗဟိုပြုကာ စက်ဝိုင်းပုံသဏ္ဌာန် ဖြစ်နေသည်။
“ ဒါက ရှင့်ရဲ့ ကံကြမ္မာနန်းဆောင်တွေလား” ဝူဟုန်က ထိုအရာမှ ထုတ်လွှတ်နေသည့် ကံကြမ္မာစွမ်းအားကို အာရုံခံမိလိုက်သည့်အတွက် မေးလိုက်သည်။
“ ဟုတ်တယ်” သူက ပြန်ဖြေလိုက်၏ “ ကိုယ် ဉာဏ်အလင်းပွင့်ပြီးတဲ့နောက်မှာ တစ်စုံတစ်ခု ပြောင်းလဲသွားပုံပဲ။ ဒါပေမဲ့ ဘာမှန်းမသိဘူး”
သူမက ထိုအရာကို ကြည့်ကာ “ ကံကြမ္မာနန်းဆောင်က ရှင့်ရဲ့ ကျင့်ကြံရေးနဲ့ ဆက်နွယ်နေတဲ့ ဝိညာဉ်အုတ်မြစ် ပုံစံတစ်ခုပဲ။ ရှင်က ကိုးခုပဲ ရှိနေတာက သေမျိုးအဆင့် ဖြစ်နေလို့။ တာအိုကို သက်သေပြပြီးတဲ့အချိန်မှာ ရှင်က ဆယ်ခုမြောက်ကို ဖွဲ့စည်းနိုင်ပြီးတော့ အပြောင်းအလဲကို သေချာသိလာလိမ့်မယ်”
“ မင်း တစ်ခုခု သိထားလို့လား”
“ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မ မှန်းဆမိလို့ပါ”
ဝမ်ဝေ့က ဆက်မမေးဘဲ သူ့အလိုလိုသိစိတ်အနေဖြင့် ကံကြမ္မာနန်းဆောင်သည် နဝမအဆုံးစွန်တာအိုအုတ်မြစ်မှ အဆင့်(၅) တာအိုဘိုးဘေးအဆင့်စွမ်းအားကို ရယူပေးသည့် ပစ္စည်းတစ်ခုထက်ပိုကြောင်း ပြောပြနေသည်။
သူက ကံကြမ္မာနန်းဆောင်ကို ပြန်သိမ်းလိုက်ပြီးသည့်နောက်တွင် သူ့ဇနီးဖြစ်သူအား ကြည့်ကာ “ ကိုယ့်ရဲ့ သေမျိုးတဖန်အတွင်းမှာ မောင်းမဆောင်ထားဖို့ ခွင့်မပြုဘူးလား”
“ တကယ်လို့ ရှင့်ရဲ့ ဝမ်ဝေ့အငယ်လေးကို ဆုံးရှံးချင်တယ်ဆိုရင်တော့ ကြိုးစားကြည့်လိုက်လေ”
“ တော်ပြီ တော်ပြီ။ ကိုယ် အဲဒါ မပြောတော့ဘူး”
ဝမ်ဝေ့က သူ့တခြား သရုပ်အတွက် ထွက်ခွာသွားသည်။ သူက အကျင့်ပျက် အရာရှိများကို ဖြေရှင်းရသည့် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ဖြစ်လာခဲ့သည်။ ထိုသူက ကံကြမ္မာ၏ ဓားဖြစ်ခြင်း သဘောတရား ပါဝင်နေသည်။ သူ့တစ်ဘဝလုံးကို လုပ်ကြံသတ်ဖြတ်သူအဖြစ် ကုန်ဆုံးပြီးသည့်နောက်တွင် သူ အသုံးမဝင်တော့သည့်အခါ ဘုရင်က သူ့ကို သတ်ဖို့ အမိန့်ပေးခဲ့သည်။
သူက ကံကြမ္မာထိန်းချုပ်ရေးလမ်းစဉ်တွင် ဂရုမစိုက်ပါက ဖြစ်လာနိုင်သည့် ကံကြမ္မာကို သင်ယူခဲ့ရသည်။
နောက်ထပ် သရုပ်က တိုင်းပြည်ကို နောက်ကွယ်မှ ကြိုးကိုင်သည့် လူအကြောင်း ဖြစ်၏။ သူက တိုင်းပြည်၏ အရှင်ဘုရင် မဟုတ်သော်လည်း ထိုသူက ဘုရင်နှင့် တော်ဝင်မျိုးနွယ် မိသားစုအပါအဝင် တိုင်းပြည်တစ်ခုလုံး၏ ကံကြမ္မာကို ထိန်းချုပ်နိုင်သည်။
သူက သူ့အနီးနားမှ လူတစ်ယောက်၏ သစ္စာဖောက်မှုကြောင့် သေဆုံးသွားခဲ့ရသည်။ ဝမ်ဝေ့က ကံကြမ္မာသည် မည်မျှ ပြောင်းလဲလွယ်ကြောင်း သင်ယူခဲ့ရ၏။ လူတစ်ယောက်က သူတို့သည် ကံကြမ္မာနှင့် ကစားနေသည် သို့မဟုတ် ထိန်းချုပ်နေသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း ကံကြမ္မာက သူတို့နှင့် ကစားနေခြင်း ဖြစ်နေနိုင်သည်။
နောက်ဆုံးတွင် ဝမ်ဝေ့က သိပ္ပံနှင့် နည်းပညာကမ္ဘာကို ကျန်ရှိနေသည့် သေမျိုးတဖန်ဖြစ်စဉ်အတွက် အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။
***