မိုဝူကျိအတွက် ရပ်တည်ပေးမယ်
Vol. 50 Ch. 694
အင်မော်တယ်နယ်မြေ ခုနှစ်ခု၌ စိတ်လှုပ်ရှားစရာ အကောင်းဆုံး နေရာမှာ စူးခရာ အင်မော်တယ်မြို့ဟောင်း ဖြစ်နေသည်။
မိုဝူကျိက ဓားအကျဉ်းထောင်ဆီ ဦးတည်သွားစဉ် အင်မော်တယ်နယ်မြေ တစ်လွှားမှ ပါရမီရှင်များနှင့် ကျင့်ကြံသူများမှာ စူးခရာ အင်မော်တယ်မြို့ဟောင်းသို့ ချီတက်နေကြသည်။ အကြောင်းအရင်းမှာ ထင်ရှားလှသည့် အဖြစ်အပျက်နှစ်ခု ဖြစ်ပျက်ခါနီး ဖြစ်၍ ဖြစ်ပေသည်။ ပထမတစ်ခုမှာ အထက်ဘုံမှ တမန်တော် ရောက်ရှိလာကာ ကျိုးပျက်ကမ္ဘာ၏ လေးလွှာမြောက်ကို ဖွင့်ဖို့ရာ ကြံစည်နေသည့်် ကိစ္စ ဖြစ်၏။
စူးခရာ အင်မော်တယ်မြို့ဟောင်း၏ ပထမနှင့် ဒုတိယအလွှာတို့တွင် အင်မော်တယ် ဆေးပင်အမျိုးမျိုး၊ အဆင့် ငါးနှင့်အထက် အင်မော်တယ် ပစ္စည်းများနှင့်အတူ ကျင့်စဉ်များ တွေ့ရှိခဲ့ကြသည်။
စူးခရာ အင်မော်တယ်မြို့ဟောင်း၏ တတိယအလွှာ ဖွင့်ခြင်းက အဆင့်မြင့် ကျင့်ကြံသူများစွာကို မဆွဲဆောင်နိုင်သည့် အကြောင်းအရင်းမှာ အင်မော်တယ်ဆေးပင်များနှင့် ပစ္စည်းများမှာ သူတို့အတွက် အဖိုးမတန်၍ ဖြစ်သည်။
အဆင့်မြင့် ကျင့်ကြံသူများက စူးခရာ အင်မော်တယ်မြို့ဟောင်း၏ ကျိုးပျက်ကမ္ဘာ တတိယအလွှာမှ လော့ကျမ်းစာရွက်၊ အင်မော်တယ်ဘုရင်တာအိုအသီးနှင့် သတ္တု သဘာဝ အမြုတေတို့အပြင် ကံကြမ္မာ ကြာနီ ပေါ်လာသည့် အကြောင်းကို ကြားသိရပြီးနောက် စူးခရာ အင်မော်တယ် မြို့ဟောင်းဆီ တပြုံလိုက် ရောက်ရှိလာကြ၏။
ထိုရတနာများ ပေါ်ထွက်လာမှုမှာ အထက်ဘုံအနေနှင့် လေးလွှာမြောက်ကို အတင်းကြပ် ဖွင့်ဖို့ရာ ကြိုးစားမှုကို ဖြစ်စေခဲ့သည်။ အထက်ဘုံမှ တမန်တော်များကို မဆိုထားနှင့် အင်မော်တယ်နယ်မြေတလွှားမှ အဆင့်မြင့် ကျင့်ကြံသူအားလုံးမှာ လေးလွှာမြောက်၌ ပိုမို တန်ဖိုးကြီးသော ရတနာများ စောင့်ကြိုနေလိမ့်မည်ဟု ထင်မှတ်နေကြသည်။
အထက်ဘုံကို သွားနိုင်သည့် အခွင့်အရေးမှာ ကျင့်ကြံသူများစွာ စူးခရာ အင်မော်တယ်မြို့ဟောင်း၌ စုရုံးနေကြသည့် အကြောင်းအရင်း နောက်တစ်ခုလည်း ဖြစ်ပေသည်။ အင်မော်တယ် ဧကရာဇ်အဆင့်မှ အဆင့်နိမ့် ကျင့်ကြံသူများအထိ အားလုံးက သွားချင်လိုကြသည်။
အထက်ဘုံတွင် သလင်းကျောက်ကဲ့သို့ ကြည်လင်ပြတ်သားလှသော မိုးမြေ စည်းမျည်းများ ရှိသည်ဟု သတင်းထွက်ဖူး၏။ အထက်ဘုံတွင် ကျင့်ကြံခြင်းက ပို၍ အကျိုးထူးလိမ့်မည်မှန်း ပြောကြလေ့ ရှိသည်။ အထက်ဘုံက တမန်တော်က ကန့်သတ်ချက်ပေါင်းများစွာဖြင့် တစ်ကြိမ်လျှင် တပည့်အရေအတွက် နည်းနည်းသာ ရွေးချယ်ခြင်းက နှမြောစရာ ကောင်းလှသည်။ တစ်ကြိမ်နှင့် တစ်ကြိမ် ရွေးချယ်ချိန်ကား သေလုမတတ် ကြာမြင့်လှသေး၏။
ဤတစ်ကြိမ်၌ အထက်ဘုံက သူတို့စည်းမျည်းများ၊ ကန့်သတ်ချက်များကို လျော့ချလိုက်သည့် သတင်းမှာ လူများကို စိတ်ဝင်လာစေသည်။ ကြယ်လေးလုံးနှင့်အထက်ဆိုလျင် ရွေးချယ်ခံရနိုင်ခြေ ရှိပြီး ကြယ်လေးလုံးအဆင့် မရောက်ရှိသေးသေးသည့် လူများကိုပင် ရွေးချယ်သွားနိုင်သည်။ သို့သော်လည်း အထက်ဘုံသို့ ဝင်ရောက်နိုင်ရန် အရည်အချင်းကို ထုတ်ပြရမည် ဖြစ်၏။
ထိုသတင်းမှာ အမှန်ဖြစ်ဖို့ရာ အရမ်းကို ကောင်းလွန်နေပေသည်။ အထက်ဘုံမှ ယခင်ရွေးချယ်မှုများတွင် အနည်းဆုံး ကြယ်ကိုးလုံးအဆင့် ပါရမီရှင် ဖြစ်ဖို့ရာ လိုအပ်ပြီး ကြယ်ရှစ်လုံး ပါရမီရှင်များအနေနှင့် အထက်ဘုံသို့ သွားနိုင်ဖို့ရာ အခွင့်အရေး အနည်းအကျဉ်းသာ ရရှိကြ၏။
ထိုအံ့အားသင့်စေသည့် သတင်းမှာ မရေတွက်နိုင်သည့် ကျင့်ကြံသူများ စူးခရာ အင်မော်တယ် မြို့ဟောင်းသို့ ရောက်ရှိလာစေသည့် အကြောင်းအရင်း ဖြစ်၏။ စူးခရာ အင်မော်တယ် မြို့ဟောင်း၏ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်သို့ မဝင်ချင်သည့်သူ ဟူ၍ မရှိသလို အထက်ဘုံသို့ မသွားချင်သည့် သူ ဟူ၍လည်း မရှိချေ။
……………....
စူးခရာ အင်မော်တယ်မြို့ဟောင်း၏ ဥယျာဉ်မှာ စူးခရာ အင်မော်တယ်မြို့ဟောင်းအတွင်း အလှပဆုံးနှင့် အထက်တန်းဆန်ဆုံး နေရာ တစ်ခု ဖြစ်ပေသည်။
ကျိုးပျက်ကမ္ဘာ ဖွင့်ခြင်းနှင့်အတူ စူးခရာအင်မော်တယ်မြို့ဟောင်း၏ အဓိက အဖြစ်အပျက်များက စူးခရာ အင်မော်တယ်မြို့ဟောင်း၏ ဥယျာဉ်အတွင်း ဖြစ်ပျက်နေသည်။ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက် ဖွင့်ခြင်းအပြင် အထက်ဘုံမှ လူများစွာ ရွေးချယ်မည် ဟူသော သတင်းများကြောင့် ဥယျာဉ်အတွင်း၌ နေ့တိုင်းနေ့တိုင်း လူများ စုပြုံနေလေ၏။
မြောက်များစွာသော ပါရမီရှင်များနှင့်အတူ အင်မော်တယ်ဂိုဏ်းမှ ထိပ်တန်း တပည့်များက ဥယျာဉ်အတွင်း စုစည်းလျက် ရှိသည်။
ယန်ယွဲ့ရုန်နှင့် ရှောင်ရှောင်ယုတို့မှာ ထိုပါရမီရှင်များကြား ရောက်နေလေ၏။
ယန်ယွဲ့ရုန်၏ အဘိုးဖြစ်သူ ယန်ထန်းမှာ ယုံရင်အင်မော်တယ်နယ်မြေမှ ဂုဏ်ထူးဆောင် အဆင့်မြင့် အင်မော်တယ်တစ်ယောက် ဖြစ်သောကြောင့် ယန်ယွဲ့ရုန်မှာ နယ်မြေအတွင်း အဆင့်မြင့်မြင့် သတ်မှတ်ခ့ရပြီး အဆင့်မြင့် အင်မော်တယ်မြို့စားပင် သူ့မအား လေးစားရ၏။
သို့သော်လည်း ယန်ယွဲ့ရုန်က စူးခရာ အင်မော်တယ်မြို့ဟောင်းအတွင်း ဘာဆိုဘာမှ မဟုတ်ပေ။ ဖြတ်သွားဖြတ်လာကပင် သူမထက် အဆင့်အတန်း ပိုမြင့်မားနေတတ်၏။
ယန်ယွဲ့ရုန်နှင့် ရှောင်ရှောင်ယုတို့က ထိုအရာကို သိပြီး နှစ်ယောက်သား ထောင့်တစ်နေရာ၌ အင်မော်တယ် ဝိညာဉ် အခါးရည်ကိုသာ သောက်သုံးနေကြပြီး ပါရမီရှင် တစ်ယောက်၊ နှစ်ယောက်လောက်နှင့် ရင်းနှီးချင်မိရုံသာ ဖြစ်သည်။
စူးခရာ အင်မော်တယ်မြို့ဟောင်း၏ ဥယျာဉ်မှာ အင်မော်တယ်နယ်မြေ အရပ်ရပ်မှ ပါရမီရှင်များ စုဆုံရာ နေရာဖြစ်နေပြီး ထိုပါရမီရှင်များက သူတို့ဂိုဏ်းအဆင့်အတန်းအား ကြွှားလုံးထုတ်နေကြသည်။
အင်မော်တယ်နယ်မြေအရပ်ရပ်မှ အင်မော်တယ်များမှာ ပါရမီရှင်များ၏ အပြုအမူကို ဂရုမစိုက်ပေ။ အဆင့်နိမ့် အင်မော်တယ်များနှင့် နယ်လှည့်ကျင့်ကြံသူများသာ ကျယ်ကျယ်လောင်လောင် ဘာမှ မပြောရဲကြပေ။ သူတို့က နေရာတစ်လွှားမှ အဆင့်မြင့် ကျင့်ကြံသူများနှင့် ဆုံတွေ့ဖို့ အခွင့်အရေးကို စောင့်ကြည့်ရုံသာ တတ်နိုင်ကြပေသည်။
အထက်ဘုံ ရွေးချယ်မှုကား အပြောများဆုံး ခေါင်းစဉ် ဖြစ်နေကြပြီး ကျိုးပျက်ကမ္ဘာ တတိယအလွှာမှ ရတနာများ ထွက်ပေါ်လာခြင်းနှင့်အတူ လေးလွှာမြောက်တွင်လည်း ရတနာများ ရှာတွေ့နိုင်ဖို့ရာ ပြင်းပြနေကြ၏။
“ ကျုပ် ကြားတာတော့ ကံကြမ္မာ ကြာနီကို အခုထိ မတွေ့သေးဘူးတဲ့ … တတီယအလွှာထဲ ဝင်သွားတဲ့ များပေမဲ့ ဘယ်သူမှ ရှာမတွေ့ကြသေးဘူး … ”
“ ကံကြမ္မာ ကြာနီ ပါသွားပြီဆိုရင်တောင် ယူသွားတဲ့သူကတော့ ပြောနေပါ့မလား … ”
“ ကံကြမ္မာ ကြာနီ ပေါ်လာတာက လူသိများတယ်လေ။ အားလုံးက မိုဝူကျိဆီမှာ သတ္တုဓာတ် သဘာဝ အမြုတေနှင့် အင်မော်တယ် ဘုရင်တာအိုအသီးပင် ရှိတာကို သိကြတာပဲကိုး …. ပြီးတော့ အားလုံးက မုရုန်ရှန်းယွီက လော့ကျမ်း ရသွားတယ်ဆိုတာလည်း သိကြတယ် ”
“ ဒါပေမဲ့ မုရုန်ရှန်းယွီနဲ့ မိုဝူကျိက အခု ဘယ်မှာလဲ …. ”
“ မိုဝူကျိက အသတ်ခံလိုက်ရပြီ မဟုတ်ဘူးလား။ သူက ဒီလောက်ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ဟာကို … ဆာကျန်းတို့ ဆရာတပည့်ကိုလည်း သူပဲ သတ်သွားတာလေ ”
“ အဲလိုဆိုရင်တောင် မိုဝူကျိက ရတနာအများကြီး ရလိုက်သေးတယ်။ သတ္တုဓာတ် သဘာဝ အမြုတေနဲ့ အင်မော်တယ် ဘုရင်တာအိုအသီးပင်ကို ခဏထားလိုက်ဦး … မဟာခွန်ဗုဒ္ဓ မီးအိမ်၊ နဂါးမျိုးနွယ်က ရတနာတို့ တခြား အင်မော်တယ်တွေဆီက ရတနာတွေ ရထားတာက သူ့အတွက် အဆင့်သစ် ရောက်ဖို့ လုံလောက်တယ်လေကွာ … ”
“ ငါရဲ့ နဂါးမျိုးနွယ်ကို အဲဒီလူ သတ်သွားတာ .. ငါ အောင်းယွီလုက လက်စားမချေရရင် နဂါးမျိုးနွယ်ဝင် မဟုတ်တော့ဘူး ” အသံတစ်သံက လူအုပ်ကြားမှ ထိုးထွက်လာသည်။
အားလုံးက လတ်တလော အဖြစ်အပျက်များကို ပြောဆိုနေကြသော်လည်း ဤအသံပိုင်ရှင်ကား ခြားနားလှပေ၏။ သူမ အသံတွင် စိတ်ခံစားချက်များ ပါဝင်ကြီးစိုးနေသည်။
“ အလောတကြီး အဆုံးမဖြတ်သင့်ဘူးလေ။ တစ်ယောက်ယောက်က မိုဝူကျိကိုယ်တိုင် ဆာကျန်းတို့ ဆရာတပည့်ကို သတ်လိုက်တာ မြင်လိုက်လား ဒါမှမဟုတ် နဂါးမျိုးနွယ်ကို သူ ကိုယ်တိုင် သတ်နေတာကို မြင်လိုက်တာလား။ သတင်းမှားတွေလည်း ဖြစ်နေနိုင်တာပဲ …” တစ်ယောက်က ညင်ညင်သာသာ ဝင်ပြောလိုက်သည်။
“ မင်းက ဘယ်သူများလဲ။ မိုဝူကျိက ငါတို့ နဂါးမျိုးနွယ် သေဆုံးမှုနဲ့ ဘာပတ်သတ်မှုမှ မရှိဘူးလို့ ဘယ်လိုများ ပြောရဲတာလဲ ” အောင်းယွီလုက ရုတ်တရက်လှည့်ကာ အော်ထည့်လိုက်သည်။
“သူမကို မှတ်မိတယ်။ သူမက ရေသဘာဝ ယင်အင်မော်တယ်မြို့စားရဲ့ သမီး ဝမ်လျန်ရှီး လေ။ ရေသဘာဝ ယင်အင်မော်တယ်မြို့က မိုဝူကျိ မရှိဘဲ အဆင့်မြင့်မြို့ ဖြစ်လာမှာ မဟုတ်ဘူး။ ပြောကြတာက ကွေ့ဖေးယွင်က မိုဝူကျိကြောင့် ငွေကြေး ဆုံးရှုံးမှုကို ခံစားခဲ့ရတယ်တဲ့ …. ရေသယာဝ ယင်အင်မော်တယ်မြို့ကို ဘာမှ မလုပ်ဘူးလားဆိုတာတော့ မသိဘူး။ သူမက မိုဝူကျိဘက်ကနေ ရပ်တည်ပေးတာ အံ့ဩစရာတော့ မရှိဘူး ဟားဟား ….” ကြောင်တောင်တောင် အသံတစ်သံကို ကြားလိုက်ရပြန်သည်။
မိုဝူကျိအတွက် ဝင်ပြောပေးလိုက်သူမှာ ဝမ်လျန်ရှီးသာ ဖြစ်၏။ သူမလည်း အထက်ဘုံသို့ ပါလိုပါငြား ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်ပေသည်။ မိုဝူကျိက ကွေ့ဖုန်းယွင်၏ အင်မော်တယ် ဧကရာဇ် ရတနာကို လုယူသွားသည်က အများသိသည့် အဖြစ်အပျက် တစ်ခု ဖြစ်ပေရာ ဝမ်လျန်ရှီးတို့ မိသားစုသည်လည်း ကောင်းကောင်း သိထားကြသည်။
ဝမ်လျန်ရှီး၏ ဖခင်မှာ သူတို့မိသားစု အသတ်ခံရမည့်အချက်ကို ညှိနှိုင်းချင်သော်လည်း မျှော်လင့်မထားသည်က ကွေ့ဖုန်းယွင်သည် ဆေးပညာပြိုင်ပွဲ ပြီးဆုံးသွားသည်နှင့် တံခါးပိတ် ကျင့်ကြံဖို့ရာ ဝင်သွားခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ရေသဘာဝ ယင်အင်မော်တယ်မြို့နှင့် ဝမ်လျန်ရှီးတို့ မိသားစုမှာ အေးအေးချမ်းချမ်း တဖန် ပြန်နေနိုင်သွားလေ၏။
ဝမ်လျန်ရှီးက မြို့အတွင်း၌ အန္တရာယ်ကို ဆက်တိုက် ခံစားနေရဆဲ ဖြစ်ကာ မိသားစုက မြို့အပြင် မပြောင်းရွေ့ရဲကြပေ။ ဝမ်လျန်ရှီးက အထက်ဘုံ၏ ရွေးချယ်ပွဲကို အခွင့်ကောင်းယူကာ ရောက်ရှိလာခြင်း ဖြစ်ပေသည်။ သူမသာ အထက်ဘုံ၏ ရွေးချယ်မှု ခံလိုက်ရပါက သူမ၏ ဝမ်မိသားစုမှာ အကြောက်တရားနှင့် ဆက်လက်၍ မနေရတော့ပေ။
အင်မော်တယ်နယ်မြေ အသေးလေး၏ မြို့စား သမီးတစ်ယောက်အနေနှင့် ဝမ်လျန်ရှီးက အကျယ်ကြီး မပြောရဲပေ။ သို့သော်လည်း တခြားသူများက မိုဝူကျိအား စွပ်စွဲနေသည်များကို ဆက်မကြည့်ရက်တော့ပေ။ သူမတို့ မိသားစုက မိုဝူကျိအပေါ် အကြွေးတင်နေလေရာ မိုဝူကျိကို ကာကွယ်ပြောဆိုပေးသည်က သူမအတွက် ပုံမှန်သာ ဖြစ်၏။
“ ဟုတ်တယ် ကျမ ဝမ်လျန်ရှီးက မိုဝူကျိ ကို ကောင်းကောင်း သိတယ်။ ရှင်တို့အားလုံး ပြောနေတဲ့ လူစားမျိုး မဟုတ်ဘူးဆိုတာလည်း ကောင်းကောင်း သိတယ်။ ကျမလည်း သူ့ကို တစ်ခါ နားလည်မှု လွဲခဲ့ဖူးတယ်။ ဒါပေမဲ့ သူက တကယ့်ကို စိတ်ထားမြင့်မြတ်တဲ့သူပဲ …. ”
“ ဝမ်လျန်ရှီး ပါးစပ်ပိတ်စမ်း … ငါ အောင်းယွီလုက မင်းကို မသတ်ရဲဘူးများ ထင်နေလား ။ မင်းနဲ့ လူသတ်သမား မိုဝူကျိတို့က တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေတဲ့ သူတွေပဲ။ ဒီစူးခရာ အင်မော်တယ်မြို့ဟောင်းရဲ့ ဥယျာဉ်မြေတော့ နှမြောစရာပဲ ” အောင်းယီလုက ဝမ်လျန်ရှီးကို ဖြတ်ပြောလိုက်ပြီး သူမဆီ တရှိန်ထိုး ဝင်ရောက်သွားသည်။
ပြစ်မှုများ ကျူးလွန်၍ မရကြောင်း ပြောလေ့ ရှိသော်လည်း ပါဝင်သူများက ဂရုမစိုက်ကြပေ။ တစ်ယောက်ချင်းစီက အင်အားအပြည့်နှင့် ဖြစ်ပြီး တစ်ခုခု ဖြစ်ပျက်သွားဖို့ရာ မစောင့်နိုင်ကြတော့ပေ။ အောင်းယွီလုအနေနှင့် ဝမ်လျန်ရှီးကို သတ်မည့် ကိစ္စအား မည်သူကမှ မတားကြပေ။
ဝမ်လျန်ရှီး မျက်နှာ၌ ဖြူဖျော့သွားလေ၏။ သူမက ရွမ်ရှန်းအဆင့်မျှသာ ဖြစ်ပြီး အောင်းယွီလုလိုမျိုး မဟာလော့ရှန်းအဆင့်နှင့် ယှဉ်ရစဉ် သေဆုံးတရားကို စောင့်ဆိုင်းနေရုံမှ လွဲပြီး ဘာမှ မလုပ်နိုင်ပေ။ သူမက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ နင် ငါ့ကို သတ်ရင်တောင် မိုဝူကျိဘက်က ရပ်တည်ပေးမှာပဲ … ”
“ သူမကို ထိရဲ ထိကြည့်စမ်း ” နောက်ထပ် အသံတစ်သံ ပျံ့လွှင့်လာပြီး အသံပိုင်ရှင်မှာ လူငယ်လေး တစ်ယောက် ဖြစ်၏။
အောင်းယီလုက ရပ်လိုက်ပြီး လျှောက်လှမ်းလာသည့် လူငယ်လေးအား ကြောင်အမ်းစွာ ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည် “ အောင်းရှား… စန်းကျီ… မင်းတို့တွေ … ”
“ ဘာလဲ ငါတို့ကို သေဖို့ မျှော်လင့်နေတာလား ” အောင်းရှားက အေးစက်စွာ ပြောလိုက်သည်။
“ မင်းတို့တွေ တကယ်အဆင်ပြေရဲ့လား ” အောင်းယွီလုက အတော်လေး ပျော်ရွင်နေပြီး အောင်းရှား၏ အေးစက်စက် အသံကို ဂရုမပြုမိချေ။
အောင်းရှားက အောင်းယွီလုနှင့် ဆက်အခြေအတင် ပြောချင်နေသည်ကို ခံစားမိပြီး အောင်းစန်းကျီက အောင်းရှားကို တားလိုက်ကာ
“ အင်မော်တယ်ရောင်းရင်းတို့ကို နှုတ်ဆက်ပါတယ်။ ကျမက အောင်းစန်းကျီပါ …. ဒါကတော့ ကျမရဲ့ ဝမ်းကွဲမောင်လေး အောင်းရှားပါ။ ကျမတို့က အထက်ဘုံကို သွားဖို့ ရည်ရွယ်ချက်နဲ့ ဒီကို ရောက်လာတာပါ။ ဒါပေမဲ့ အများသိအောင် ကြေညာစရာ တစ်ခု ရှိပါတယ်။ မဟုတ်ရင် ကျမတို့ တစ်ဘဝလုံး နောင်တ ရနေပါလိမ့်မယ် … ”
လူအုပ်ကြီးက ငြိမ်ကျသွားလေ၏။ အများစုမှာ အောင်းရှားနှင့် အောင်းစန်းကျီတို့မှာ နဂါးမျိုးနွယ်စု ပျက်သုန်းစဉ်က ပျောက်ကွယ်သွားကြသော နဂါးမျိုးနွယ် ပါရမီရှင်မှန်း သိကြသည်။ အားလုံးက ထိုနှစ်ယောက်လုံးမှာ အသတ်ခံလိုက်ရပြီဟု ထင်မှတ်နေကြသော်လည်း မျှော်လင့်မထားစွာ နှစ်ယောက်လုံးက အသက်ရှင်နေကြသေး၏။
အောင်းစန်းကျီ၏ စကားအရ နဂါးမျိုးနွယ် အသတ်ခံရခြင်း နောက်ကွယ်မှ လျို့ဝှက်ချက်ကို မကြာခင် ထုတ်ဖော်ပြောတော့မည် ဖြစ်၏။ မည်သူကများ ထိုလျို့ဝှက်ချက်ကို မသိဘဲ နေချင်ကြမည်နည်း။
အောင်းစန်းကျီက အောင်းယွီယုအား နားလည်ရခက်စွာ ကြည့်လိုက်ရင်း
“ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အဝါရောင်ဝတ်စုံနဲ့ လူနဲ့ ရွှေရောင် ဝတ်စုံနဲ့ လူ နှစ်ယောက် အနောက်ပိုင်းကျုံးပင်လယ်မှာ ရှိတဲ့ နဂါးမျိုးနွယ်ဆီ ရောက်လာကြပြီးတော့ နဂါးမျိုးနွယ် တစ်ခုလုံးကို သတ်ဖြတ်သွားခဲ့တယ်။ ကျမတို့လည်း မိုဝူကျိနဲ့သာ မတွေ့ရင် အသတ်ခံနေရလောက်ပါပြီ။ သူက အသက်ကို စတေးပြီးတော့ ကျမတို့ကို ဘေးကင်းတဲ့နေရာဆီ ပို့ပေးခဲ့တယ်။ အဲဒါကြောင့်ပဲ ကျမတို့က နဂါးမျိုးနွယ်ရဲ့ အဆင့်မြင့် ကျင့်ကြံသူတွေဆီ ရှာတွေ့ပြီးတော့ အသက်ဆက်ရှင်ခဲ့တာပါ … ”
“ ပြောရမယ်ဆိုရင် ဒီအဖြစ်အပျက် တစ်ခုလုံးမှာ မိုဝူကျိက ကျုပ်တို့ဆီက ဘာမှ မတောင်းဆိုခဲ့ဖူးပါဘူး။ ကျုပ်တို့က အစပိုင်းမှာ ကျင့်ကြံဖို့ရာပဲ အာရုံစိုက်ထားကြပေမဲ့ မိုဝူကျိက ကျုပ်တို့ တမျိုးနွယ်လုံးကို သတ်သွားတယ်ဆိုတဲ့ သတင်းတွေ ကြားနေရလို့ ဆက်မသည်းခံနိုင်တော့တာနဲ့ အမှန်တရားကို လာပြောပြတာပါ … ”
“ မင်းတို့ မောင်နှမတွေက ငယ်သေးတယ်လေ …. ”
အောင်းစန်းကျီက လက်ကို မြှောက်လိုက်ပြီး အောင်းယွီလုအား တားဆီးလိုက်၏။ ထို့နောက် သလင်းကျောက် တစ်ခုထုတ်ကာ “ ဒါက အဲတုန်းက အဖြစ်အပျက်ကို မှတ်ထားတဲ့ သလင်းကျောက်ပါ။ အားလုံး မြင်လိုက်တာနဲ့ ဘယ်သူက ငယ်ရွယ်ပြီးတော့ မရင့်ကျက်သေးတာလဲဆိုတာ သိပါလိမ့်မယ် …. ”