← Chapters

ရတနာခန်းဆောင်၊ ဓားဆေးလုံး

Vol. 13 Ch. 176

ရတနာခန်းဆောင်၊ ဓားဆေးလုံး

Vol. 13 Ch. 176

ထို့ပါ့ချန်သည် အံ့ဖွယ်ကိုးပါးတောင်ကုန်းတိုက်ပွဲပြီးကတည်းက တံခါးပိတ်ကျင့်ကြံနေခြင်း ဖြစ်သည်။

သူသည် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည်ဟု ဟန်မူယဲ့ ယူဆထားခဲ့သည်။

ထိုမြေခွေးအိုကြီးသည် တစ်စုံတစ်ခု ကြီးကြီးမားမား ကြံစည်နေသည်ဟု ဟန်မူယဲ့ အမြဲတမ်း ခံစားနေခဲ့ရသည်။

သူ့အား လာခေါ်သော လူငယ်နှင့်အတူ ဟန်မူယဲ့ ကျောက်တုံးသုံးတုံးစံအိမ်သို့ လမ်းလျှောက်လာခဲ့သည်။

ကျောက်ဖူနှင့် တခြားတပည့်များ တောင်ပေါ်တွင် မရှိတော့ရာ ကျောက်တုံးသုံးတုံးစံအိမ်မှာ ခြောက်ကပ်နေခဲ့သည်။

သူသည် ဝါးစံအိမ်၏ဒုတိယထပ်သို့ တက်လှမ်းလာသောအခါ ထို့ပါ့ချန်သည် စားပွဲရှည်တစ်လုံးရှေ့တွင် ထိုင်ကာ ကျားဖြူစာလိပ်တစ်ခုအား ရေးဆွဲနေ၏။

သို့သော်လည်း ယခု ရေးဆွဲနေသော ကျားဖြူစာလိပ်သည် ယခင်ကနှင့် ကွဲပြား၏။ အဝေးမှပင် ဟန်မူယဲ့က သွေးချီအငွေ့အသက်များအား ပြင်းထန်စွာ ခံစားရသည်။

“ကောင်လေးဟန်… ငါ့ ပန်းချီကားကို လာကြည့်…”

ဟန်မူယဲ့ ရောက်သွားသည်နှင့် ထို့ပါ့ချန်က မော့မကြည့်ဘဲ လှမ်းပြောသည်။

ဟန်မူယဲ့က ထို့ပါ့ချန်ဘေးနားသို့ လှမ်းသွားကာ ပန်းချီကားကို ကြည့်သည်။

“ဆရာဦးလေး… ခင်ဗျား အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းသွားပြီ”

ထို့ပါ့ချန်၏ပါရမီကား အလွန်ကောင်းသည်။ သူ၏ဓားတာအိုသည် ကျားဖြူခွန်အားကို အခြေခံကာ ကျားဖြူဓားမာန်ဟုန်ကို သုံးလျှက် ကောင်းကင်ဘုံတစ်ဝက်အဆင့်အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။

ယခု သူ၏စွမ်းအင်ကျင့်ကြံခြင်းသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်ရာ သူ၏တိုက်ခိုက်ရေးစွမ်းအင်မှာလည်း သေချာပေါက် တိုးမြင့်သွားပေတော့မည်။

“ဟားဟား… ငါမင်းဆီက ဖုံးကွယ်လို့ မရပါလား”

ထို့ပါ့ချန်က ကျောဆန့်လိုက်သည်။ သူ၏မျက်လုံးများ စူးရှနေကာ ဒဏ်ရာရထားပုံလည်း မပေါ်ပါ။

ထင်သည့်အတိုင်း သည်မြေခွေးအိုကား အဆင့်တက်ရန် ကြိတ်၍ ကြိုးစားနေခြင်း ဖြစ်သည်။ သူကား ဒဏ်ရာရထားခြင်း မရှိပေ။

“ဂုဏ်ပြုပါတယ် ဆရာဦးလေး…”

ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

ထို့နောက် ထို့ပါ့ချန်ကလည်း ဟန်မူယဲ့အား အကဲခတ်ကာ ပြောသည်။

“မင်းရဲ့ ကျင့်ကြံဆင့်ကလည်း တိုးတက်လာပုံပဲ”

ဟန်မူယဲ့က ခေါင်းညိတ်လျှင် သူ့နောက်၌ ရှေးဟောင်းနွားသိုးပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

“ကောင်လေး… မင်းက အတော်လေးရဲတာပဲ… ရင်းမြစ်ကို လိုက်ရှာတယ်ဟုတ်လား… သတိမထားရင် လမ်းလွဲကို ရောက်သွားနိုင်တယ်…”

ထို့ပါ့ချန်၏အမြင်တွင် ဟန်မူယဲ့၏နည်းလမ်းက စွန့်စားလွန်းရာ ရောက်နေသည်။

“ကျောက်တုံးသုံးတုံးစံအိမ်ကို ဘယ်သူ့ကို လက်ဆင့်ကမ်းပေးရင် ကောင်းမလဲ ငါ့ကို အကြံပေးပါဦး”

နောက်လှည့်ကာ ထို့ပါ့ချန်က ရုတ်တရက် ပြောသည်။

ကျောက်တုံးသုံးတုံးစံအိမ်ကို ဆက်ခံရန်လား။

ဟန်မူယဲ့ အနည်းငယ် အံ့အားသင့်သွားသည်။

ထို့ပါ့ချန်ကား အမြုတေဖွဲ့စည်းခြင်းကို ယခုမှ တက်လှမ်းခြင်း ဖြစ်သည်။ သူ့တွင် အလွန်ရှည်လျားသော သက်တမ်းရှိသေးသည်။ သူက အဘယ်ကြောင့် ထိုစကားကို ပြောရသနည်း။

ထို့ပါ့ချန်က လက်ဝှေ့ယမ်းကာ ပြောသည်။

“ဂိုဏ်းချုပ်က ငါ့အတွက် တခြားတာဝန်တစ်ခု ပေးနေတယ်။ ငါက လတ်တလောမှာ ကျောက်တုံးသုံးတုံးစံအိမ်ကနေ ထွက်သွားဖို့ လိုတယ်”

“မင်းကများ ကျောက်တုံးသုံးတုံးစံအိမ်ကို တာဝန်ယူဖို့ စိတ်ဝင်စားလား”

ကျောက်တုံးသုံးတုံးစံအိမ်ကို တာဝန်ယူရမည်လား။

ကျောက်တုံးသုံးတုံးစံအိမ်သည် ကမ္ဘာမြေမျိုးဆက်အဖွဲ့အစည်းဖြစ်ကာ များစွာသော ရင်းမြစ်များ တပည့်များကို ပိုင်ဆိုင်သည်။

သို့သော်လည်း ဟန်မူယဲ့အတွက် ၎င်းတို့မှာ သိပ်အရေးမကြီးပါ။

ဟန်မူယဲ့က ခေါင်းယမ်းသည်။

“ဆရာဦးလေး… အကောင်းဆုံးကတော့ အစ်ကိုကျောက်ဖူကို လက်ဆင့်ကမ်းပေးတာ ဖြစ်လိမ့်မယ်။ တခြားအကူအညီမျိုးဆိုရင်တော့ ကျွန်တော် သေချာပေါက် အတတ်နိုင်ဆုံး ကူညီပါ့မယ်”

သူကား ဓားစံအိမ်မှ ထွက်သွား၍ မဖြစ်နိုင်ပါ။ ဓားစံအိမ်သည် သူ၏လမ်းစဉ်အောင်မြင်ရန် အရေးကြီးသောနေရာ၌ ရှိပေသည်။

“ဟားဟား… ငါက မင်း လင်းရှန်ကို ထောက်ခံပေးမယ် ထင်ထားတာ”

ထို့ပါ့ချန်က ပြုံးသည်။

“မင်းက ကျောက်ဖူကို ထောက်ခံပေးမှတော့ သူ ပြန်လာတဲ့အထိ စောင့်တာပေါ့”

“ချောက်နက်တောင်ကြားကိစ္စက မကြာခင် ပြီးတော့မယ် ထင်တာပဲ”

ထို့ပါ့ချန်က ဟန်မူယဲ့အား ဆက်ပြောသည်။

“မင်းရဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်းက အားနည်းသေးတယ်။ ဂိုဏ်းရဲ့ ရတနာခန်းဆောင်ကို သွားပြီးတော့ ကျားရိုးနှစ်ဆက် သွားရှာယူလာခဲ့။ ငါ မင်းကို ကျားဖြူနည်းစနစ်ကို သင်ပေးပြီးတော့ ခန္ဓာကိုယ်ကို သန့်စင်ပေးမယ်။ မင်း ကြိုးစားလေ့ကျင့်ရင် အခြေခံအုတ်မြစ်အဆင့်မတိုင်ခင် မင်းရဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်းက အတော်လေး မြန်လိမ့်မယ်”

ပြောရင်းဖြင့် ထို့ပါ့ချန်က ဟန်မူယဲ့အား ပန်းချီစာလိပ်တစ်ခုကို ပေးသည်။

၎င်းသည် ကျောက်တုံးသုံးတုံးစံအိမ်၏ အမွေအနှစ်ဖြစ်သော ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်၊ ကျားဖြူနည်းစနစ် ဖြစ်သည်။

ကျားဖြူနည်းစနစ်သည် ရှေးဟောင်းနတ်သားရဲတစ်ကောင်၏ သွေးမျိုးဆက်ကို ကျင့်ကြံနိုင်သော အစွမ်းထက်နည်းစနစ်ဟု နာမည်ကြီးပေသည်။

ကျောက်တုံးသုံးတုံးစံအိမ်မှ ထွက်လာသည့်တိုင် ဟန်မူယဲ့ကား အနည်းငယ် တွေဝေနေသေးသည်။

ထို့ပါ့ချန်က သူ့အား အဘယ်ကြောင့် ကျောက်တုံးသုံးတုံးစံအိမ်၏အမွေအနှစ်အား လက်ဆင့်ကမ်းပေးခဲ့သနည်း။

တောင်ကုန်းလမ်းအတိုင်း လမ်းလျှောက်လာရင်း ဟန်မူယဲ့ တစ်စုံတစ်ခုအားတွေးမိကာ တုန်လှုပ်သွားသည်။

ဂိုဏ်းချုပ်က ထို့ပါ့ချန်အား တခြားတာဝန်တစ်ခု ပေးခဲ့သည်လား။

ကျောက်တုံးသုံးတုံးစံအိမ်မှ ထွက်သွာရန် မည်သို့သော တာဝန် ဖြစ်သနည်း။

ဂိုဏ်းချုပ်ကျင်းကျီ၏သက်တမ်းမှာ ကုန်ခမ်းခါနီး ဖြစ်ဟန်ရသည်။ ၎င်းသည် ထို့ပါ့ချန်၏ တာဝန်အသစ်နှင့် ဆက်စပ်နေသည်။

ဆိုလိုသည်က ဂိုဏ်းချုပ်ကျင်းကျီသည် ထို့ပါ့ချန်အား ဂိုဏ်းချုပ်နေရာကို ဆက်ခံစေလိုနေသည်။

သို့သော်လည်း ဘာမှ အတည်ဖြစ်မလာသေးခင် လျှောက်စဉ်းစားနေ၍ မဖြစ်ချေ။

ဟန်မူယဲ့ ရတနာခန်းဆောင်ထံသို့ လှမ်းလာခဲ့သည်။

ရတနာခန်းဆောင်သည် ဂိုဏ်းက အမျိုးမျိုးသော ရတနာများအား သိမ်းဆည်းထားသော နေရာဖြစ်သည်။

ဓားမဟုတ်သော ရတနာပစ္စည်းများအားလုံးကို ရတနာခန်းဆောင်သို့ ပို့ဆောင်ရသည်။

ဆေးပင်များ၊ ဆေးလုံးများ၊ အဆောင်လက်ဖွဲ့များ၊ တခြား လက်နက်များအားလုံးမှာ ရတနာခန်းဆောင်၌ သိမ်းဆည်းရ၏။

သူက ရတနာခန်းဆောင်မှ ရတနာများကို လိုချင်ပါက သတ်မှတ်ထားသော အကျိုးဆောင်မှတ်များဖြင့် လဲလှယ်၍ ရသည်။

လူတိုင်းတော့ ရတနာခန်းဆောင်သို့ ဝင်ခွင့်မရပါ။ အမွေခံတပည့်များနှင့် တိုက်ရိုက်တပည့်များသာ ရတနာခန်းဆောင်သို့ ဝင်ခွင့်ရှိသည်။

ရတနာခန်းဆောင်သည်လည်း သုံထပ်ဆောင်ဖြစ်သည်။ ပထမထပ်ကား အမွေခံတပည့်များအတွက် ဖြစ်ကာ ဒုတိယထပ်သည် အကြီးအကဲများအတွက် ဖြစ်ပြီး တတိယထပ်သည် တိုက်ရိုက်တပည့်များ၊ မဟာအကြီးအကဲများနှင့် အမြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲများအတွက် ဖြစ်သည်။

ဟန်မူယဲ့ ရတနာခန်းဆောင်သို့ ရောက်သွားသောအခါ လူများ ခြောက်ကပ်နေသည်။

ယခု တပည့်အများစုမှာ တာဝန်ဖြင့် တောင်အောက်သို့ ရောက်နေကြပေသည်။

“ဓားစံအိမ်က စီနီယာအစ်ကိုဟန်လား”

ဟန်မူယဲ့ ရတနာခန်းဆောင်ထဲကို ဝင်လာလျှင် တံခါးဝတွင် ထိုင်နေသော အဖိုးအိုတစ်ဦးက အံ့အားသင့်စွာ ထရပ်သည်။

“ရှားပါးတဲ့ဧည့်သည်ပဲ”

ဟန်မူယဲ့က သူ့အား ကြည့်သည်။ သူသည် အဖိုးအိုအား လွန်ခဲ့သော ရက်အနည်းငယ်က ပြုလုပ်သော အစည်းအဝေး၌ မြင်ဖူးသည်။

ဟန်မူယဲ့က အဖိုးအို၏နာမည်အား မသိပေ။

“ဟန်မူယဲ့က စီနီယာကို နှုတ်ခွန်းဆက်ပါတယ်”

ဟန်မူယဲ့က အဖိုးအိုကို လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

“ကျုပ်က ခန္ဓာကိုယ်ကျင့်စဉ်ကို လေ့ကျင့်ပါတယ်။ ဒါကြောင့် ကျားဖြူအရိုးနှစ်ဆက်ကို လာရှာတာပါ”

ခန္ဓာကိုယ်ကျင့်ကြံခြင်း၊ ကျားဖြူအရိုး။

အဖိုးအိုက ဟန်မူယဲ့အား ပြုံးလျက် ပြောသည်။

“ငါ့နာမည် ချိုးရှန်… ရတနာခန်းဆောင်ကို စောင့်ရှောက်ရတဲ့ စီမံခန့်ခွဲရေးမှူးငါးယောက်ထဲက တစ်ယောက်ပဲ”

“စီနီယာအစ်ကိုဟန်က ကျားဖြူအရိုးကို လိုချင်မှတော့ သားရိုင်းအရိုးတွေ သိမ်းဆည်းတဲ့ ဒုတိယထပ်မှာ သွားရှာပါ”

ထို့နောက် ချိုးချန်က ပြောသည်။

“စီနီယာအစ်ကိုဟန်… ရတနာခန်းဆောင်က ပစ္စည်းတွေဟာ ဓားလက်ခံသလို တိုက်ရိုက်ဆုချီးမြှင့်တာမျိုးမဟုတ်ဘူး”

ရတနာခန်းဆောင်တွင် သတ်မှတ်တန်ဖိုးကို ပေးရန် လိုသည်။

ဟန်မူယဲ့ကလည်း ထိုအချက်ကို သိပေသည်။

ထို့အပြင် ရတနာခန်းဆောင်မှ တန်ဖိုးသည် တစ်ခါတစ်ရံ အပြင်လောကထက်ပင် များနေတတ်သေးသည်။

“ကျုပ် နားလည်ပါတယ်”

ဟန်မူယဲ့က ပြုံးလျက် ပြောကာ ဒုတိယထပ်သို့ တက်လာခဲ့သည်။

ရတနာခန်းမဆောင်ကား ဓားစံအိမ်နှင့် ဆင်တူပေသည်။ ရတနာပစ္စည်းများအားလုံးမှာ စင်များဖြင့် ထိန်းသိမ်းထားသည်။

သို့သော်လည်း ပစ္စည်းများမှာ အရွယ်အစားအမျိုးမျိုးရှိရာ ၎င်းတို့ကို ထိန်းသိမ်းထားသော စင်များမှာလည်း အရွယ်အစားအမျိုးမျိုးဖြစ်သည်။

ဟန်မူယဲ့က ရတနာခန်းဆောင်ထဲမှ ပစ္စည်းများအား စိတ်ဝင်စားစွာ လိုက်ကြည့်သည်။

အမျိုးမျိုးသော အဆောင်လက်ဖွဲ့များ၊ ဝင်္ကပါအစီအရင်စက်သွားများနှင့် ဆေးလုံးများကို တွေ့နိုင်သည်။

၎င်းတို့မှာ အသင့်သုံးပစ္စည်းများ ဖြစ်ကြသည်။

သတ္တုများ၊ ဆေးပင်များနှင့် သားရဲအရိုးများ၊ အရေပြားများနှင့် တခြားသော ပစ္စည်းကရိယာများမှာ အသင့်သုံးမဟုတ်ပေ။

ထို့အပြင် ကျိုးပဲ့နေသော လက်နက်များ၊ ယိုယွင်းပျက်စီးနေသော အဆောင်လက်ဖွဲ့များနှင့် သဘာဝစွမ်းအင်ကင်းမဲ့သွားသော ပစ္စည်းများစွာကိုလည်း တွေ့ရသည်။

တချို့သော ပစ္စည်းများမှာ အမျိုးအမည်ကို ခွဲခြားမသိနိုင်ဘဲ သည်အတိုင်း ထိန်းသိမ်းထားရ၏။

ရတနာခန်းဆောင်က သည်မျှ စိတ်ဝင်စားစရာ ကောင်းမည်ဟု ဟန်မူယဲ့ မတွေးမိခဲ့ပါ။ မဟုတ်လျှင် သူသည် အစောကြီးကတည်းက သည်နေရာသို့ ရောက်နှင့်ပြီး ဖြစ်ပေမည်။

“စီနီယာအစ်ကို… ခင်ဗျားလည်း ဒီမှာ ကောင်းတာလေးတွေ လာရွေးတာမလား”

အိုးပုလေးတစ်လုံးရှေ့တွင် ဟန်မူယဲ့က ဆောင့်ကြောင့် ထိုင်လိုက်သောအချိန်တွင် အဖြူရောင်ဝတ်စုံဖြင့် လူငယ်တစ်ဦး ရောက်လာကာ ပြုံးလျက် ပြောသည်။

“ဒီအိုးကလေးက စိတ်ဝင်စားစရာကောင်းတာ ကျွန်တော်လည်း အရင်ကတည်းက သတိထားမိတယ်။ ဒီအိုးလေးက နှစ်သုံးထောင်လောက် ရှိပြီလို့ ခန့်မှန်းရတယ်။ သေချာပေါက် ရှေးခေတ်သေရည်အိုးတစ်လုံးပဲ”

လူငယ်ကလည်း ဟန်မူယဲ့ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ရင်းနှီးဖော်ရွေစွာ ရှင်းပြသည်။

လူငယ်၏စကားကို ကြားလျှင် ထိုအမျိုးအမည် မသိသော ရတနာများမှာ အမှန်တကယ် အသုံးဝင်သည့်အလား ထင်မှတ်ရသည်။ ထို့အပြင် ထိုရတနာများတွင် မသိမမြင်နိုင်သော အခွင့်အလမ်းများ ရှိနေတတ်၏။

“စီနီယာအစ်ကို… ကျုပ်နာမည် လျှိုဟုန်ပါ… စီနီယာအနေနဲ့ ရတနာမုတ်ဆိုးလုပ်မယ်ဆိုရင်တော့ ဒီအိုးလေးက အရမ်းသင့်တော်တယ်”

ထို့နောက် လူငယ်က လက်ဖဝါးအရွယ် အနက်ရောင်သံလုံးတစ်လုံးအား ဟန်မူယဲ့ကို ကမ်းပေးသည်။

“ဒါက ရှေးဟောင်းဓားဆေးလုံးပဲ”

ဟန်မူယဲ့က လှမ်းယူလိုက်သည်။

၎င်းကား အေးစက်ကာ လေးလံသည်။

သူက စစ်ဆေးကြည့်လျှင် သာမန်သံမဏိလုံးတစ်လုံးဟုသာ ထင်မှတ်ရ၏။

“စီနီယာအစ်ကို… ဒီဓားဆေးလုံးဟာ ဒီမှာ အကျိုးဆောင်မှတ် ၁၀၀၀ ပဲ ရှိတယ်။ ဒါက တန်ဖိုးနည်းလွန်းတယ်။ ရှေးဟောင်းဓားဆေးလုံးဟာ အပြင်မှာ ဝိညာဉ်ကျောက်တုံး တစ်သိန်း အနည်းဆုံး တန်ဖိုးရှိတယ်”

လျှိုဟုန်က ဟန်မူယဲ့၏ပုခုံးကို အသာပုတ်ကာ သက်ပြင်းချသည်။

“ဒါက အကျိုးအမြတ်ကြီးတဲ့ကိစ္စပဲ။ ကံမကောင်းတာက ကျုပ်မှာ ဒါကို ဝယ်ဖို့ အကျိုးဆောင်မှတ်မရှိတာပဲ”

သူက ဟန်မူယဲ့၏လက်ထဲမှ ဓားဆေးလုံးအား နောင်တရစွာ ကြည့်သည်။

အကျိုးဆောင်မှတ်တစ်ထောင်ကား များပြားလွန်း၏။ ဟန်မူယဲ့က ခေါင်းယမ်းကာ သံမဏိလုံးအား ပြန်ထားရန် ပြင်လိုက်စဉ်မှာပင် သူ၏ဒန်ထျန်တွင် ရှိနေသော ဓားဆေးလုံးသည် တုန်ခါသွား၏။

ဒါက သတိပေးတာလား…

သံမဏိလုံးအား ဟန်မူယဲ့က သိမ်းဆည်းလိုက်ကာ အပြင်သို့ ထွက်လာသည်။

ဟန်မူယဲ့က ကျားအရိုးနှစ်ဆက်အား ဆွဲထုတ်လာခဲ့ကာ သံမဏိလုံးကိုလည်း ချိုးရှန်ထံသို့ ကမ်းပေးသောအခါ သူက အံ့အားသင့်သွားသည်။

“စီနီယာအစ်ကိုဟန်… မင်း လျှိုဟုန်ကို တွေ့ခဲ့တာလား”

ချိုးရှန်က ဟန်မူယဲ့၏လက်ထဲမှ သံမဏိလုံးကို ကြည့်ကာ မေးသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ချိုးရှန်က လက်ဝှေ့ယမ်းကာ ပြောသည်။

“သူ့ကို မယုံနဲ့…”

“သူဟာ စီနီယာအစ်ကိုလျှိုချွန်းရီရဲ့ မြေးပဲ။ သူ့ကျင့်ကြံဆင့်က သိပ်မဟုတ်ပေမဲ့ အတော်လေး ဉာဏ်များတယ်”

“ဒီပျက်စီးနေတဲ့ ရတနာတွေအတွက် ဘယ်သူမှ မလဲလှယ်ဘူးလေ။ လျှိုချွန်းရီက သူ့ကို ဒါမျိုးတွေ ရောင်းဖို့ တာဝန်ပေးထားတာ”

“ပြီးတော့ သူက အချိုးကျအမြတ်ဝေစုပေးတယ်လေ”

ဟန်မူယဲ့ ခေါင်းညိတ်သည်။

ထိုပျက်စီးနေသော ရတနာများကို ရောင်းချခြင်းဖြင့် သူတို့က အကျိုးအမြတ်များ ဖြစ်ထွန်းနိုင်ပေသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်ကို မြင်လျှင် ချိုးရှန်က လက်လှမ်းကာ ပြောသည်။

“အဲဒါကို ပေးပါ။ ကျုပ် ပြန်သွားထားလိုက်ပါ့မယ်”

ဟန်မူယဲ့က လက်ဝှေ့ယမ်းကာ ပြောသည်။

“စီနီယာ… ဒါကို ကျုပ် ယူပါမယ်”

All Chapters