ခင်ဗျားကို မျက်နှာသာ မပေးဘူး
Vol. 51 Ch. 698
သူက တစ်ကိုယ်လုံး တစစီ စုတ်ပြဲလာကာ သွေးများမှာလည်း သူ့ကို ဝန်းရံထားလောက်နိုင်လောက်သည့် ပမာဏအထိ များပြားလာသည်။ သူက ခေါင်းမှ ခြေဆုံး သွေးသံရဲရဲ ဖြစ်နေသည်။
“ ဗွမ်း ” သူက ကျောက်စိမ်းပုံးကို အမြန်သိမ်းကာ နောက်ပြန်ဆုတ်လိုက်သည်။ ဓားစွမ်းအင်မြစ်ထဲ ချော်ကျသွားရုံဖြင့် အသက်ပျောက်သွားနိုင်သည်မှာ ယုံမှားဖွယ် မရှိပေ။ သူ့ကျင့်ကြံဆင့်မှာ သူ့အင်မော်တယ်ရုပ်ခန္ဓာနှင့် ယှဉ်လျှင် အလွန်အားနည်းနေသေး၏။ အကယ်၍ သူသာ အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်နေလျှင် ထိုရေတစ်ပုံးအား စိတ်အေးအေးနှင့် သယ်နိုင်လိမ့်မည်။
မိုဝူကျိက သူ့နေရာသို့ မြန်မြန် ပြန်လာလိုက်သည်။
“ ဂိုဏ်းချုပ်မို ဘာတွေ ဖြစ်လာတာလဲ ” ဖေးလင်က မိုဝူကျိ၏ ဆိုးရွားလှသော အခြေအနေကို မြင်သွားကာ မေးလိုက်၏။ သူ့စိတ်ပူမှုမှာ သစ္စာရှိမှုကြောင့် မဟုတ်ဘဲ မိုဝူကျိ သေဆုံးသွားပါက သူ့နေ့ရက်ကောင်းလေးများ အပြီးသတ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေသည်။
“ ဝူကျိ ဘာဖြစ်လာတာလဲ ” ဟန်ချင်းရုလည်း မိုဝူကျိ၏ အခြေအနေကို တွေ့ကာ အထိတ်တလန့် ဖြစ်သွားသည်။ သူမက မိုဝူကျိ ပြန်ရောက်လာပြီဆိုသော အသံကြား၍ ထွက်လာခြင်း ဖြစ်သည်။ သူမက မိုဝူကျိသည် ဝေကျီတောက်နှင့် နှစ်ယောက်တည်း ထွက်သွားခြင်းအပေါ် စိတ်ခံစားချက် မကောင်း ဖြစ်နေမိသည်။
ဟန်ချင်းရုက ဖေးလင်နှင့် မတူဘဲ မိုဝူကျိကို တကယ် ဂရုစိုက်ခြင်း ဖြစ်၏။ သူမက ဓားအကျဉ်းထောင်ထဲတွင် ရရှိလာသော ဒဏ်ရာများမှာ ပျောက်ကင်းဖို့ရာ ခက်ခဲကြောင်း သိထား၏။
သူမက ဘာကိုမှ ဂရုမစိုက်တော့ဘဲ မိုဝူကျိဘေးနားဆီ အပြေးလာလိုက်သည်။
“ စိုးရိမ်ဖို့ မလိုဘူး … ကျုပ် အဆင်ပြေတယ် ” မိုဝူကျိက ဆိုးဆိုးရွားရွား ပုံစံဖြစ်နေသော်လည်း အဆင်ပြေသွားမည် ဖြစ်ကြောင်း သိပေသည်။
မိုဝူကျိက အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်သောကြောင့် ကုသဆေးလုံးများကို လိုသလောက် ထုတ်ယူနိုင်ပေသည်။ ဘေးကင်းနွယ်တောင်ထဲ ဝင်ပြီးသည့်နောက်တွင် သူ့အခြေအနေမှာ ပိုကောင်းလာလေ၏။
ဟန်ချင်းရုက မိုဝူကျိသည် သူမ ဒဏ်ရာများကိုပင် ကုသပေးနိုင်စွမ်း ရှိသည့် အကြောင်း ပြန်လည် အမှတ်ရသွားပြီး စိတ်အေးသွားတော့သည်။
ဖေးလင်က ပိုပြီး စိတ်ပူနေပေသည်။ သူက မိုဝူကျိ၏ ဒဏ်ရာများကို စိတ်မပူပေ။ သူ အာရုံစိုက်နေသည်က မိုဝူကျိ၏ ဒဏ်ရာများကို ဖြစ်စေခဲ့သည့် တရားခံကို ဖြစ်၏။
ဖေးလင်က မိုဝူကျိသည် တိုက်ပွဲတစ်ခုအတွင်း ဒဏ်ရာ ရလာခြင်း ဖြစ်လိမ့်မည်ဟု ယူဆနေမိခြင်း ဖြစ်ပေသည်။ အကြောင်းမှာ မိုဝူကျိအနေနှင့် ကုသဆေးလုံးများစွာ ရှိနေရက်နှင့် ဓားစွမ်းအင်မြစ်ရေကို ခပ်ရမည့် အကြောင်းအရင်း မရှိ၍ ဖြစ်ပေသည်။ ထို့ကြောင့် မိုဝူကျိကို ဒဏ်ရာရစေခဲ့သည်မှာ ဝေကျီတောက်လားဟု သံသယဝင်လာမိကာ စိုးထိတ်လာမိ၏။
မိုဝူကျိက ဖေးလင်သည် အတွေးထဲ နှစ်မျှောနေမှန်း သတိမပြုမိဘဲ ပြောလိုက်သည် “ ကျုပ်နောက်ကို လိုက်ခဲ့ .. ”
မိုဝူကျိက သုံးယောက်လုံး ဂူထဲ ရောက်သွားသည့်အခါ အစီအရင်ကို အသက်သွင်းလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “ ဖေးလင် …. ဒီဘေးကင်းနွယ်တောင်အပြင် တခြားအန္တရာယ်ကင်းတဲ့ နေရာကိုရော သိလား ”
“ ဂိုဏ်းချုပ်မို ဘာဖြစ်လို့လဲ ” ဖေးလင်က ပို၍ စိုးရိမ်လာလေ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကပင် သူက မိုဝူကျိနှင့် တွေ့ဆုံခဲ့ရသည့်အတွက် ကံကောင်းကြောင်း မှတ်ယူနေခဲ့သည်။ ဂိုဏ်းချုပ်မိုမှာ ဘေးကင်းနွယ်တောင်သို့ ရောက်ရောက်ချင်း နေရာတစ်ခု အရယူနိုင်ခဲ့သည် မဟုတ်ပါလော။
မိုဝူကျိက ထပ်ပြောလိုက်သည် “ ရှိရင် ပြောပါဦး ”
ဘေးကင်းသည့်နေရာ မရှိလျှင်ပင် မိုဝူကျိအနေနှင့် ဘေးကင်းနွယ်တောင်မှ ထွက်သွားဖို့ရာ ဆုံးဖြတ်ထားပြီးလေပြီ။ အကယ်၍ ဖေးလင်က တကယ် သစ္စာရှိလျှင် သူက ဖေးလင်အား ရုပ်ခန္ဓာကျင့်စဉ်အား သင်ပြပေးပြီး ဓားအဆောင် ဖယ်ရှားနိုင်ရန် ကြိုးစားပေးမည်။ အကယ်၍ ဖေးလင်က သူ့အပေါ် အခွင့်ကောင်းယူရန် နေနေခြင်း ဖြစ်လျှင် သူက ဟန်ချင်းရုနှင့်သာ ထွက်သွားလိုက်မည်။
မိုဝူကျိက ဘေးကင်းနွယ်တောင်မှာ ဓားစွမ်းအင် နည်းပါးသော်လည်း နေဖို့ရာ ဘေးကင်းသည့် နေရာ မဟုတ်ကြောင်း ခံစားမိနေသည်။ ဝေကျီတောက်က ရှန့်ဟဲကောင်းတို့၊ ဖန်းဟုန်တို့နှင့် မပူးပေါင်းခင် အရင်ထွက်သွားကြရမည်။
ဖေးလင်က သက်ပြင်းချကာ မိုဝူကျိ၏ လေသံကို နားထောင်ပြီးနောက် သူတို့ ဤနေရာမှ ထွက်သွားကြမည် ဖြစ်ကြောင်း သိနေသည်။
“ နောက်ထပ် တစ်နေရာတော့ ရှိတယ်။ ဒါပေမဲ့ ဘေးကင်းနွယ်တောင်ထက် ပိုပြီးတော့ ဆိုးဝါးတယ် ” ဖေးလင်က တုံ့ဆိုင်းပြီးနောက် ထုတ်ပြောလိုက်သည်။
“ ဘယ်လိုနေရာမျိုးလဲ ….” မိုဝူကျိက မေးလိုက်သည်။
“ အဲဒါက ကျုပ် အရင်က ပြောဖူးတဲ့ ဓားစွမ်းအင် ဝဲကတော့ နေရာပါ ” ဖေးလင်က ပြန်ဖြေလိုက်၏။
မိုဝူကျိက မျက်မှောင်ကျုတ်ကာ “ အဲဒါက သေမင်းထောင်ချောက်လို့ အသိများတာ မဟုတ်ဘူးလား ”
ဖေးလင်က ခေါင်းညိတ်ပြလိုက်ပြီး “ ဟုတ်ပါတယ် …. ဒါပေမဲ့ ဝဲကတော့နဲ့ မျက်နှာချင်းဆိုင်ဘက်မှာ ရှိတဲ့ ကန္တာရက ဓားစွမ်းအင် အားပျော့တယ်။ ဓားစွမ်းအင်တွေ အကုန်လုံးကို ဝဲကတော့က စုပ်ယူသွားတာဆိုတော့လေ ….. ပြောရမယ်ဆိုရင်တော့ ဘေးကင်းနွယ်တောင်လောက် ကောင်းတဲ့နေရာတော့ မရှိဘူးရယ် …. ”
“နေရာက ဘယ်လောက်ကျယ်လဲ ”
“ သုံးမိုင်ဝန်းကျယ်လောက် ကျယ်တယ်။ ဘေးကင်းနွယ်တောင်က လူတွေလည်း အဲကန္တာရကို သွားဖူကြတယ်။ ဒါပေမဲ့ အဲကတည်းက ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားကြတာပဲ … ပြောကြတာတော့ သူတို့တွေ ဝဲကတော့ထဲ ပါသွားတာတဲ့။ အဲကတည်းက ဘယ်သူမှ ကန္တာရထဲ မသွားရဲကြတော့ဘူး ” ဖေးလင်က ပြန်ဖြေလိုက်၏။
သုံးမိုင်ပတ်လည်မှာ အတော်ကျယ်ဝန်းသော နေရာ တစ်ခု ဖြစ်ပေသည်။ မိုဝူကျိက ပြောလိုက်၏ “ ဖေးလင် … ကျုပ်က ဒီနေရာက ထွက်သွားပြီးတော့ ကန္တာရထဲ သွားနေတော့မယ်။ ကျုပ်နဲ့ အတူတူ လိုက်ချင်ရဲ့လား ”
“ ဒါပေမဲ့ ကျုပ်တို့တွေက ဒီမှာ အစီအရင်တွေ ခင်းကျင်းပြီးခါစပဲ ရှိသေးတယ်လေ။ ပြီးတော့ ကန္တာရမှာ ပိုပြီးတော့ အားပြင်းတဲ့ ဓားစွမ်းအင်တွေ ရှိတယ်။ ဝဲကတော့နဲ့လည်း နီးနေသေးတယ် … ” ဖေးလင်က စိတ်မချမ်းမသာ ပြောလိုက်၏။
မိုဝူကျိက အပြင်ဘက်ရှိ နွယ်ပင်များကို ခံစားမိပြီး ပိုပြီး စိတ်မသက်မသာ ဖြစ်လာသည်။
“ ဒီလိုဆိုရင်တော့ ဟန်ချင်းရုနဲ့အတူတူ ထွက်သွားတော့မယ်။ ခင်ဗျားက ဒီမှာ နေခဲ့ပေါ့ ” မိုဝူကျိက ထရပ်လိုက်သည်။ ဟန်ချင်းရုသည်လည်း တွေဝေခြင်းမရှိ ထရပ်လိုက်လေ၏။ သူမက မိုဝူကျိ သွားရာ လိုက်ဖို့ ဆန္ဒရှိပေသည်။
“ ဂိုဏ်းချုပ်မို နောက်ကို လိုက်ပါ့မယ် ” ဖေးလင်က မိုဝူကျိနောက်ကို လိုက်ရုံမှအပ ရွေးချယ်စရာ မရှိပေ။ ဤနေရာတွင် နေခဲ့ခြင်းက ကိုယ့်သေတွင်းကို တူးနေသလို ဖြစ်နေလိမ့်မည်။
မိုဝူကျိက ဖေးလင်အား စိုက်ကြည့်လိုက်ပြီး “ ကျုပ်က ဖင်းဖန်ရဲ့ ဂိုဏ်းချုပ် … မတည်ထောင်ရသေးပေမဲ့လည်း တစ်ရက်ကျ ထိပ်တန်း အင်မော်တယ်ဂိုဏ်း တစ်ခု ဖြစ်လာမှာဆိုတာ မလွဲဧကန်ပဲ။ အဲဒါကြောင့် ခင်ဗျားအနေနဲ့ သွေးသစ္စာဆိုပြီး ဂိုဏ်းကို ဝင်ဖို့ ဆန္ဒရှိလား ….. တကယ်လို့ ဆန္ဒမရှိရင်လည်း ဒီမှာ ဆေးလုံးတချို့ ထားပေးခဲ့ပါ့မယ် ”
ဖေးလင်က ပြောစရာ ရှာမတွေ့ ဖြစ်မိသွားသည်။
ဖေးလင်က မည်သို့ပင် ရွေးချယ်စေကာမူ အထက်ဘုံမှ အားအကောင်းဆုံး အင်မော်တယ်များပင် ဓားအကျဉ်းထောင်အား မချိုးဖောက်နိုင်ကြပေ။ ဓားအကျဉ်းထောင် အပြင်ဘက်ရှိ အင်မော်တယ်လောက၌ အောင်မြင်မှုမှာ သူ့အပေါ် သက်ရောက်မှု မရှိပေ။
ဖေးလင်က အရဲစွန့်၍ ဆုံးဖြတ်ချက် ချလိုက်တော့သည်။ သူက မိုဝူကျိအား ဦးညွှတ်လိုက်ပြီး “ ဖေးလင်က ဖင်းဖန်ဂိုဏ်းရဲ့ တပည့် ဖြစ်လာဖို့ လိုလားပါတယ်။ ဖေးလင်က တစ်ခုခု လုပ်မိခဲ့ရင် မိုးကြိုးပစ်ပါစေ၊ နတ်ဆိုးများ ဝါးမျိုးခြင်း ခံရပါစေ၊ ပြီးတော့ အင်မော်တယ် ဧကရာဇ်အဆင့်ကို ဘယ်တော့မှ မတက်လှမ်းနိုင်ပါစေနဲ့ …. ”
မိုဝူကျိက ခေါင်းညိတ်ကာ ဖေးလင်ဆီ ကျောက်စိမ်းနှစ်ပုလင်း ထုတ်ပေးလိုက်၏ “ ဒီပုလင်းထဲမှာ သဘာဝကျီဆေး နှစ်လုံးနဲ့ အင်မော်တယ်ပေါများ ဆေးခြောက်လုံး ပါတယ်။ ခင်ဗျား ဒဏ်ရာတွေကို ကုဖို့ သုံးလိုက် …. ”
မိုဝူကျိက ဖေးလင်သည် အလေးအနက် ကျိန်ဆိုပြီးကြောင်း သေချာသိလိုက်သည်။ ဓားအကျဉ်းထောင်ထဲ ဝင်လာပြီးနောက် ထွက်လမ်း တွေ့ဖို့ရာ သူ့ကိုယ်သူပင် မသေချာပေ။
သူသာ ထွက်လမ်းကို ရှာမတွေ့တော့လျှင် ဓားအကျဉ်းထောင်ထဲ၌ ပိတ်မိသွားလိမ့်မည်။ ထိုအခါ၌ ဆေးလုံး တစ်လုံးချင်းစီမှာ အဖိုးတန်လာလိမ့်မည်။ ဖေးလင်က အမှန်တကယ် စိတ်ရင်းနှင့် ဖင်းဖန်သို့ ဝင်လိုက်ခြင်း ဖြစ်၍ နှမြောတွန့်တိုနေ၍ မဖြစ်ပေ။
“ ဂိုဏ်းချုပ်မိုကို ကျေးဇူးတင်ပါတယ် ” တုံ့ပြန်သည့်အနေဖြင့် ဖေးလင်က ကျေးဇူးစကားဆိုလိုက်သည်။ မိုဝူကျိဆီမှ ဤသို့ အဖိုးတန်ဆေးလုံးများ ရမည်မှန်း သိလျှင် စောစောစီးစီး ဖင်းဖန်ဆီ ဝင်လိုက်မည် ဖြစ်ကြောင်း တွေးနေမိ၏။
“ အခု ထွက်သွားကြရအောင် ” မိုဝူကျိက ဖေးလင် ဆေးလုံးများ သိမ်းပြီးသည်နှင့် ပြောလိုက်သည်။
ဖေးလင်က မိုဝူကျိအား အစီအရင်များကို မည်သို့လုပ်ရန် စီစဉ်ထားကြောင်း မေးတော့မည့်ဆဲဆဲတွင် ဂူအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏ “ ဂိုဏ်းချုပ်မို ဘယ်မှာလဲ ”
“ အဲဒါ ရှန့်ဟဲကောင်းပဲ ” ဖေးလင်က အသံပိုင်ရှင်အား သတိပြုမိလိုက်သည်။
မိုဝူကျိက ဖေးလင်နှင့် ဟန်ချင်းရုတို့အား ခေါ်၍ ဂူမှ ထွက်လာလိုက်သည်။
သူ့ကာကွယ်ရေး ပြင်ပ၌ လူရှစ်ယောက် ရှိနေလေ၏။ ဝေကျီတောက်အပါအဝင် လူ ခြောက်ယောက်မှာ အင်မော်တယ် ဧကရာဇ်များ ဖြစ်ပြီး နောက်ထပ် ဧကရာဇ် တပိုင်း နှစ်ယောက် ရှိနေသည်။
ဝေကျီတောက်မှ ပြင်ပဒဏ်ရာများမှ ပြန်ကောင်းလာသော်လည်း သူ့အသက်ရှုနှုန်းမှာ မတည်မငြိမ် ဖြစ်နေသေး၏။ သူက ဓားစွမ်းအင်မြစ်မှ ဒဏ်ရာများမှာ အပြည့်အဝ ပြန်ကောင်းမလာသေးပေ။
“ ဘာကိစ္စများ ရှိလို့လဲ ” မိုဝူကျိက နှိမ့်ချမှု မရှိသလို ထောင်လွှားမှုလည်း မရှိဘဲ မေးလိုက်သည်။
ရှန့်ဟဲကောင်းက ပြောလိုက်သည် “ အစ်ကိုဝေက ခင်ဗျားရဲ့ သဘာဝကျီဆေးလုံးတချို့ကို မြေ ငါးကီလိုမီတာနဲ့ လဲလိုက်တာလို့ ကြားတယ်လေ။ ကျုပ်လည်း ခင်ဗျားနဲ့ အလဲအလှယ် လုပ်ချင်တယ် ”
မိုဝူကျိက တည်တည်ငြိမ်ငြိမ် သွင်ပြင်ဖြင့် ဝေကျီတောက်အား ကြည့်လိုက်သည်။ သို့သော်လည်း ဝေကျီတောက်က သူ့အကြည့်နှင့် မဆုံရဲပေ။
မိုဝူကျိက ရှန့်ဟဲကောင်း၏ ရည်ရွယ်ချက်ကို မည်သို့ မသိဘဲ နေမည်နည်း။ ရှန့်ဟဲကောင်းအနေနှင့် မိုဝူကျိကို ပေးထားသော နယ်မြေ ငါးကီလိုမီတာအတွက် သဘာဝကျီဆေးလုံး လာတောင်းခြင်း ဖြစ်၏။
“ အဲဆို သဘာဝကျီ ဆေးလုံးကို လိုချင်တာပေါ့ ” မိုဝူကျိက အေးအေးဆေးဆေး မေးလိုက်သည်။
မိုဝူကျိက ရှန့်ဟဲကောင်းတို့ သူ့ကို သတ်ရန် ကြံစည်မည်ကို မကြောက်ပေ။ သူက ထောင်ချောက်များနှင့် အစီအရင်များစွာ ခင်းကျင်းထားသည် မဟုတ်ပါလော။ ထို့အပြင် သူတို့က ဘေးကင်းနွယ်တောင်၌ သူ့ကို သတ်ကြလိမ့်မည် မဟုတ်မှန်း သိနေသည်။ အကြောင်းမှာ ဓားအကျဉ်းထောင်ထဲ၌ မည်သူကမှ စတေးမှုကို မပြုလုပ်ချင်ကြပေ။
“ အမှန်ပဲ …. ခင်ဗျား ရပ်နေတဲ့ နယ်မြေအတွက် သဘာဝကျီ ဆေးလေးလုံး လာတောင်းတာပဲ။ ခင်ဗျား ငြင်းမယ်ဆိုရင် ကျုပ်က ပြန်သိမ်းဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး ” ဖန်းဟုန်က ဝင်ပြောလိုက်သည်။
မိုဝူကျိက ဝေကျီတောက်ကို ကြည့်လိုက်ကာ “ ခင်ဗျားလည်း သဘာဝကျီဆေးလုံး လာတောင်းတာလား ”
ဝေကျီတောက်က မရှောင်ရှားနိုင်တော့မှန်း သိ၍ အားနာစွာ ပြောလိုက်သည် “ ကျုပ်က ဂိုဏ်းချုပ်မိုဆီကနေ သဘာဝကျီဆေးလုံး ဘယ်လိုလုပ် ထပ်တောင်းရဲပါ့မလဲ။ တကယ်လို့ ခင်ဗျားက ရောင်းတယ်ဆိုရင် ဝယ်ချင်လို့ပါ။ ကျုပ်မှာလည်း ရွေးချယ်စရာ မရှိတော့လို့ပါ။ မဟုတ်ရင် ဒီမြေကို ရှန့်ဟဲကောင်းနဲ့ ဖန်းဟုန်ဆီ ပြန်ပေးရတော့မှာ …. ကျုပ်က သူတို့အပေါ် ကျေးဇူးကြွေးတင်ထားတယ် ” ဝေကျီတောက်က ဆက်ပြောလိုက်သည် “ ဂိုဏ်းချုပ်မိုအတွက် နေစရာ စိုးရိမ်နေဖို့ မလိုပါဘူး။ ကျုပ်ရဲ့ အင်မော်တယ်အမဲလိုက်သူက နေရာကောင်းကောင်း ရှိပါတယ်။ ကျုပ်အနေနဲ့ ပံ့ပိုပေးလို့ ရပါတယ် … ”
မိုဝူကျိက အေးစက်စွာ ပြောလိုက်သည် “ ကျုပ်က ခင်ဗျားကို မျက်နှာသာ ပေးမှာ မဟုတ်ဘူး ”