← Chapters

ကျုပ်တို့တွေ ဘေးကင်းနွယ်တောင်ကနေ ထွက်သွားချင်တယ်

Vol. 51 Ch. 699

ကျုပ်တို့တွေ ဘေးကင်းနွယ်တောင်ကနေ ထွက်သွားချင်တယ်

Vol. 51 Ch. 699

ဝေကျီတောက်၏ မျက်နှာအမူအယာမှာ ပြောင်းလဲသွားလေ၏။ မိုဝူကျိက သူ့အား ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့ ရှေ့၌ အရှက်ခွဲခဲ့သည်။ သူက အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်ပြီး ဘေးကင်းနွယ်တောင်၌ သူ့အား မည်သူကမှ မစော်ကားရဲကြပေ။ သူက မိုဝူကျိကို တိုက်ခိုက်ရမလား စဉ်းစားလိုက်သော်လည်း သူ့အနေနှင့် ဓားစွမ်းအင်မြစ်မှ ဒဏ်ရာများမှာ အပြည့်အဝ ပြန်မကောင်းသေးပေ။

ဝေကျီတောက်က တွေးတောနေစဉ် ရှန့်ဟဲကောင်းက ပြောလိုက်၏  “  ဂိုဏ်းချုပ်မိုက ဆေးလုံးကို ထုတ်မပေးချင်မှတော့ ကျုပ်တို့တွေ ဒီမြေကို ပြန်သိမ်းကြတာပေါ့ ”

မိုဝူကျိက စိတ်ပျက်သွားမိသည်။ သူက ဝေကျီတောက်အား ရန်စလိုက်သည်မှာ သူ့အား တိုက်ခိုက်စေလို၍ ဖြစ်သည်။ ဝေကျီတောက်က လှုပ်ရှားသည်နှင့် ဖန်းဟုန်သည်လည်း ပါဝင်လာလိမ့်မည်။ ထိုအခါ သူ ခင်းကျင်းထားသော သေမင်း ထောင်ချောက်များနှင့် အစီအရင်များက အသက်ဝင်လာကာ  ထိုလူများကို သတ်နိုင်ဖို့ အလွယ်တကူ ဖြစ်သွားလိမ့်မည်။

ရှန့်ဟဲကောင်းက ဝေကျီတောက် တွေဝေနေစဉ်အတွင်း  တင်းမာမှုများကို ဖြေလျော့လိုက်သည်က နှမြောစရာ ကောင်းလှသည်။

“ သွားကြစို့ ” မိုဝူကျိက ဟန်ချင်းရု၊ ဖေးလင်တို့နှင့်အတူတူ တုံံ့ဆိုင်းခြင်းမရှိ ထွက်သွားလိုက်သည်။ ဝေကျီတောက်ကိုလည်း ထပ်မံ၍ ရန်စမနေတော့ပေ။

ဖန်းဟုန်တို့အဖွဲ့က ထိုသုံးယောက် ထွက်သွားသည်ကို ကြည့်ပြီး လိုက်ပါသွားခြင်း မရှိပေ။

သူတို့က မိုဝူကျိ အသက်ကို  သူတို့စိတ်တိုင်းကျ အချိန်မရွေး နှုတ်ယူနိုင်ကြောင်း သိနေ၍ ဖြစ်သည်။ သူတို့တွင် ဓားစွမ်းအင်မြစ်ရေကို ပမာဏ များများ ခပ်နိုင်သည့် နည်းလမ်း ရှိနေပြီ မဟုတ်ပါလော။ ယခုအချိန် ဦးစားပေးမှာ သူတို့ဒဏ်ရာများကို ပြန်လည် ကုသပြီး အင်အားပြည့်လာသည့်အခါ မိုဝူကျိနှင့် ရင်ဆိုင်ဖို့ ဖြစ်၏။

“ မိုဝူကျိက လျို့ဝှက်ချက် တစ်ခုခု ရှိတဲ့ပုံပဲ။  အစ်ကိုဝေ မတိုက်လိုက်တာ  ခင်ဗျား ကံကောင်းသွားတယ် ….”  ရှန့်ဟဲကောင်းက မိုဝူကျိ ထွက်သွားပြီးနောက် ဝေကျီတောက်အား သတိပေးလိုက်သည်။

ဝေကျီတောက်က သဘောတူစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်   “ အမှန်ပဲ …. မိုဝူကျိက ဓားအကျဉ်းထောင်ထဲ အဆင့် ၆ သေမင်း ထောင်ချောက် အစီအရင် လုပ်နိုင်တာတော့ အတော်လေး အံ့အားသင့်စရာပဲ ”

ဖန်းဟုန်က ဝင်ပြောလိုက်လေ၏  “ မိုဝူကျိက အရမ်းဉာဏ်များတဲ့သူ ….  သူက ဝေကျီတောက်ရဲ့ ဒေါသကို ဆွပြီး တိုက်ခိုက်အောင် လှုံ့ဆော်ပြီးတော့ ငါတို့အားလုံးကို ထောင်‌ချောက်ထဲ ဆွဲခေါ်ဖို့ ကြိုးစားနေတာ  ”

ဓားအကျဉ်းထောင်အပြင်ဘက်၌ အဆင့် ၆  သေမင်း ထောင်ချောက် အစီအရင် ဖျက်စီးပစ်ဖို့ရာ ဘာမှမပင်ပန်းသော်လည်း  ဓားအကျဉ်းထောင်ထဲတွင်မူ သူတို့အနေနှင့် နဂိုအင်အား၏ တစ်စိတ်တစ်ပိုင်းမျှသာ ရှိလေ၏။

“ ဟုတ်တယ် … ကျုပ်လည်း သူနဲ့ ပတ်သတ်လာတာ ကြာပြီဆိုပေမဲ့ အခုထိ သူ့အကြောင်း အသေးစိတ် မသိသေးဘူး။  သူက အဆင့် ၆ သတ်ဖြတ်ရေး အစီအရင် ထားခဲ့မှတော့ ကျုပ်တို့တွေ ဝင်ကြည့်ကြတာပေါ့ ” ဝေကျီတောက်က ပြောလိုက်၏။

“ ကောင်းပြီ ” ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့လည်း ဝေကျီတောက် အကြံပြုချက်ကို သဘောတူလိုက်ကြသည်။

ကျန်ရှိနေသော လူခြောက်ယောက်မှာ အစီအရင်အပြင်ဘက်ကနေ စောင့်နေလိုက်ကြသည်။

ဖန်းဟုန် နောက်လိုက်တစ်ဦး ဖြစ်သည့် အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က   ထိုသုံးယောက် ဝင်သွားသည်နှင့် လှည့်ထွက်လာလိုက်သည်။

ဘေးကင်းနွယ်တောင်၌ ဖန်းဟုန်၊ ရှန့်ဟဲကောင်းနှင့် ဝေကျီတောက်တို့၏ လုပ်ပိုင်ခွင့် အပေါ် စိမ်ခေါ်မည့်သူ မရှိသော်လည်း  ထိုသုံးယောက်ကို မစောင့်ဆိုင်းဘဲ ထွက်သွားရဲသည့် အင်မော်တယ် ဧကရာဇ်တစ်ယောက်ကိုလည်း မည်သူမှ မေးခွန်း မထုတ်ရဲကြပေ။

“ အင်မော်တယ်ရောင်းရင်း ကျန့် …  ဘာလို့ ကျုပ်ကို မစောင့်တာလဲဗျ။ ဘယ်ကို သွားမလို့လဲ ” ထိုသူ ဘေးကင်းနွယ်တောင်မှ ထွက်လာသည့်အခါ နောက်မှ  အသံတစ်သံ ထွက်ပေါ်လာလေ၏။

ကျန့်မင်ချန်းက ထိုသူ့အား လှည့်ကြည့်လိုက်ပြီး   “ နျဲ့ချုံးအန်း …. ငါတို့တွေ တစ်ယောက်ကိစ္စ တစ်ယောက် ဝင်မရှုပ်ဘဲ နေကြရအောင်။ ပြီးတော့ ငါက သမာဓိတောင်က လူတစ်ယောက်ဆီ ပြန်ဖြေဖို့ အကြောင်းအရင်း မရှိဘူး  ”

သူက နျဲ့ချုံးအန်းသည် သမာဓိတောင်ရှိ အင်မော်တယ် ဧကရာဇ် နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်ကြောင်း သိပေသည်။ နောက်တစ်ယောက်မှာမူ ရှန့်ဟဲကောင်း ဖြစ်၏။

“ ဟားဟား … အကြောင်းအရင်းတွေက ရှိတာပေါ့ဗျာ။ တကယ်လို့ ကျုပ် ခန့်မှန်းချက်သာ မှန်ရင် မိုဝူကျိနဲ့ ပူးပေါင်းဖို့အတွက် နတ်ဆိုးလက်က ထွက်လာဖို့ ကြံစည်နေတာမလား။ နတ်ဆိုးလက်က သစ္စာဖောက်တွေကို ဘယ်လိုအပြစ်ပေးလဲဆိုတာ သိတယ်မလား ” နျဲ့ချုံးအန်းက  ကျန့်မင်ချန်းအား သတိပေးလိုက်သည်။

ကျန့်မင်ချန်းက ပြန်ဖြေလိုက်၏ “ အရင်ဆုံး ငါက နတ်ဆိုးလက်နဲ့ ပူးပေါင်းထားရုံပဲ။ သူ့ရဲ့ လက်အောက်ခံ မဟုတ်ဘူး။ အဲဒါကြောင့် ငါနဲ့ ဖန်းဟုန်ကြားက ဆက်ဆံရေးမှာ သစ္စာဖောက်တာတွေ၊ ဘာတွေ ရှိလာမှာ မဟုတ်ဘူး။ ဒုတိယအနေနဲ့ ငါ ကျန့်မင်ချန်းက မင်းကို မကြောက်ဘူး ”

နျဲ့ချုံးအန်းက ကျန့်မင်ချန်း ပြောသည့်စကားများကို စိတ်ထဲ မထားသည့်အလား ဆက်ပြောလိုက်သည်  “ ခင်ဗျား မှားနေပြီ။ ကျုပ်က ခင်ဗျားကို စိမ်ခေါ်ဖို့ လိုက်လာတာ မဟုတ်ဘူး။ ကျုပ်လည်း ပူးပေါင်းမလို့ပဲ … ”

“ ခင်ဗျားလည်း  ….” ကျန့်မင်ချန်းက စကားဖြင့် မဖော်ပြနိုင်လောက်သည့်အထိ အံ့အားသင့်သွားသည်။

ကျန့်ချုံးအန်းက တိတ်တဆိတ်သာ ခေါင်းညိတ်ပြလိုက်၏။

.................

ဟန်ချင်းရု၏ ရုပ်ခန္ဓာကျင့်စဉ်မှာ သူမအနေနှင့် ဘေးပတ်ဝန်းကျင်ရှိ ဓားစွမ်းအင်များကို တောင့်ခံထားနိုင်ရုံမျှ ထောက်ပံ့ပေးထား၏။ ဖေးလင်၏ အလားအလာနှင့်  ဓားစွမ်းအင်မြစ်ဆီ ခဏတိုင်း သွားနေရသည့် အကျိုးဆက်ကြောင့် သူ့၌ ရုပ်ခန္ဓာကျင့်စဉ် မရှိသော်လည်း  သူ့ခန္ဓာကိုယ်မှာ ဟန်ချင်းရုနှင့် ယှဉ်လျှင် ပိုမို ခံနိုင်ရည်စွမ်း ကောင်း၏။

မိုဝူကျိက ဟန်ချင်းရုကိုယ်၌ သွေးများ စွန်းထင်းနေသည်ကို မြင်သော်လည်း ဝင်ကူညီ မပေးပေ။  ထိုအရာမှာ ရုပ်ခန္ဓာကျင့်စဉ်အတွက် သူမ ဖြတ်ကျော်ရမည်မှန်း သိပေသည်။ ထို့အပြင် ဟန်ချင်းရုအနေနှင့် ဓားစွမ်းအင်များနှင့် အသားကျသွားသည်က ပိုမို ကောင်းမွန်ပေလိမ့်မည်။ အကြောင်းမှာ သူက သူမအနားတွင် တချိန်လုံး ရှိနေပေးနိုင်မည် မဟုတ်ချေ။

“ ဂိုဏ်းချုပ်မို ခဏရပ်ပါဦး ….” မိုဝူကျိတို့က ဝဲကတော့နား ရောက်ခါနီးတွင် နောက်မှ အသံကို ကြားလိုက်ရသည်။

သူက ရပ်တန့်လိုက်သည့်အခါ အမျိုးသား နှစ်ယောက်ကို မြင်လိုက်ရသည်။ တစ်ယောက်မှာ သာမာန်ခန္ဓာကိုယ် အချိုးအစား ရှိကာ နည်းနည်း ဝပြီး စူးရှ‌သော မျက်ဝန်းများ ပိုင်ဆိုင်ထား၏။ သူက ထိုအမျိုးသားကို မှတ်မိပေသည်။ ထိုသူမှာ ရှန့်ဟဲကောင်းနောက်မှ ပါလာသော အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။ သူက ဝေကျီတောက်သည် နျဲ့ချုံးအန်းဟု ခေါ်သော အားကောင်းသည့် အမျိုးသား တစ်ယောက်အကြောင်း ပြောဖူးသည်ကို ပြန်အမှတ်ရလိုက်မိ၏။

နောက်တစ်ယောက်မှာ သေးနုပ်သော တည်ဆောက်ပုံ ရှိပြီး မည်းနက်နေသည့် ဆံနွယ်များ ပိုင်ဆိုင်ထား၏။ စိတ်ဝင်စားဖို့ ကောင်းသည်မှာ ထိုသူကား လက်ချောင်း ကိုးချောင်းနှင့် မွေးဖွားလာခြင်း ဖြစ်ပေသည်။ သူသည်လည်း အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ဖြစ်ပြီး  ဖန်းဟုန်နောက်လိုက်မှန်း သိသော်လည်း နာမည်ကိုတော့ မသိထားချေ။

ဖန်းဟုန်နောက်တွင် လိုက်ပါလေ့ ရှိသော အင်မော်တယ် ဧကရာဇ် နှစ်ယောက် ရှိပေသည်။ တစ်ယောက်မှာ သူကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသော်လည်း ရှန့်ဟဲကောင်း၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။  ယခု ထိုသူကား ဖန်းဟုန် နောက်လိုက်ထဲမှ  နောက်ထပ် အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်၏။

မိုဝူကျိက စိုးရိမ်မိသွားသည်။ ဘေးကင်းနွယ်တောင်ထဲ၌ တိုက်ခိုက်သည်က သူ့အတွက် ပြဿနာ မရှိခြင်းမှာ  သူ့အနေနှင့် သေမင်းထောင်ချောက် အစီအရင်များ ပြင်ဆင်ထားခဲ့သည် မဟုတ်ပါလော။ ယခုလို  သေမင်းထောင်ချောက် မရှိသလို ၊  ဝေကျီတောက်၏ အကူအညီလည်း ရှိမနေသည့် အခါမျိုး၌ ထိုနှစ်ယောက်လုံးကို အနိုင်တိုက်နိုင်ပါ့မလား မသေချာပေ။

“ သူတို့နှစ်ယောက်က နတ်ဆိုးလက်ရဲ့ ကျန့်မင်ချန်းနဲ့  သမာဓိတောင်ရဲ့  နျဲ့ချုံးအန်းတဲ့ ….” ဖေးလင်က မိုဝူကျိဘေးကနေ သူတို့အား ကြည့်လိုက်ရင်း တိုက်ပွဲအတွက် ပြင်ဆင်ထားလိုက်၏။ သူက ဖင်းဖန်အဖွဲ့ဝင် တစ်ယောက် ဖြစ်နေပြီ ဖြစ်ရာ  သူ့အသက်ကို စတေးပြီး ကာကွယ်ဖို့ရာ လိုလားပေ၏။

ဘေးကင်းနွယ်တောင်ပြင်ပ၌ တစ်ယောက်ယောက်ကို ထိခိုက်ဒဏ်ရာ ရစေရန် သို့မဟုတ် သတ်ရန်မှာ အလွန်တရာ ခက်ခဲကြောင်း နားလည်သည်။

“ ဒီက နှစ်ယောက်က ဘေးကင်းနွယ်တောင်ကနေ ထွက်ပြီးတော့ ကျုပ်ကို လာရှာတယ်ဆိုတော့ ဘာကိစ္စများ ရှိလို့လဲ ” မိုဝူကျိက လေးလေးစားစား မေးလိုက်သည်။ သူက မဟာဧကရာဇ်များနှင့် တိုက်လာသည် ဖြစ်ရာ ဓားအကျဉ်းထောင်ထဲ၌ အင်မော်တယ် ဧကရာဇ် နှစ်ယောက်က သူ့အား မည်သို့ ခြိမ်းခြောက်နိုင်မည်နည်း။

“ ကျန့်မင်ချန်းက ဂိုဏ်းချုပ်မိုကို နှုတ်ဆက်ပါတယ် ”

“ နျဲ့ချုံးအန်းက ဂိုဏ်းချုပ်မိုကို နှုတ်ဆက်ပါတယ် ”

နှစ်ယောက်လုံးက မိုဝူကျိအား ဦးညွှတ်လိုက်ကြသည်။ မိုဝူကျိက ထိုနှစ်ယောက်လုံးမှာ သူတို့၏ နတ်ဆိုးလက်နှင့် သမာဓိတောင်အကြောင်း ထည့်မပြောသည်မှာ ထူးဆန်းနေကြောင်း သတိထားမိလိုက်၏။

မိုဝူကျိက တိတ်တိတ်နေလိုက်ရင်း သူတို့ ရှင်းပြသည်များကို စောင့်ဆိုင်းလိုက်သည်။

ကျန့်မင်ချန်းက စကားနည်းသူ ဖြစ်၍ နျဲ့ချုံးအန်းကသာ အရင်ဦးစွာ  ပြောလိုက်သည်  “ ကျုပ်တို့က ဘေးကင်းနွယ်တောင်ကနေ ထွက်လာပြီးတော့ ဂိုဏ်းချုပ်မိုနောက် လိုက်ဖို့ ဆန္ဒရှိပါတယ် ”

ဖေးလင်က ထိုနှစ်ယောက်အား နားမလည်စွာ ကြည့်လိုက်၏။ ထိုနှစ်ယောက်က ဘေးကင်းနွယ်တောင်ကို ချန်ရစ်၍ မိုဝူကျိ နောက် လိုက်ချင်သည့် အကြောင်းအရင်းကို  သူ့အနေနှင့် နားမလည်နိုင်ပေ။

မိုဝူကျိကလည်း သတိထားကာ မေးလိုက်သည်  “ ဘာလို့ ကျုပ်နောက်ကို လိုက်ချင်တာလဲ။ ကျုပ်တို့တွေ ဘေးကင်းနွယ်တောင်ကနေ ထွက်လာပြီးရင် နေစရာ မရှိဘူးဆိုတာရော သိတယ်မလား  ”

နျဲ့ချုံးအန်းက ရှင်းပြလိုက်၏  “ ဂိုဏ်းချုပ်မိုက ဓားစွမ်းအင် ဝဲကတော့ အနားက ကန္တာရဆီ သွားမလို့မလား။ အဲဒါက သက်တောင့်သက်သာ မဖြစ်ပေမဲ့ ဘေးကင်းနွယ်တောင်နဲ့ ယှဉ်ရင် ပိုပြီးတော့ လုံခြုံဘေးကင်းတယ်လေ ”

မိုဝူကျိက  “ တကယ်လို့ ကျုပ်သာ ဘေးကင်းနွယ်တောင်မှာ နေလို့ ရရင်  ထွက်လာမှာ မဟုတ်ဘူး”

သူက  နျဲ့ချုံးအန်းနှင့် ကျန့်မင်ချန်းတို့ ပြောသည့် စကားများကို မယုံနိုင်သေးပေ။

ကျန့်မင်ချန်းက စကားနည်းသူ ဖြစ်သော်လည်း မြန်မြန် ဝင်ရှင်းပြလိုက်သည်  “ တကယ်လို့ ကျုပ် ခန့်မှန်းချက်သာ မှန်ရင် ဂိုဏ်းချုပ်မိုက ဘေးကင်းနွယ်တောင်ကနေ ထွက်သွားဖို့ ကြံစည်ထားပြီးသားမလား။ ကျုပ်တို့သာ ခြေတစ်လှမ်း နောက်ကျပြီးတော့ ရောက်လာခဲ့ရင် ဂိုဏ်းချုပ်မိုတို့ ရှိမှာ မဟုတ်တော့ဘူး …. ”

မိုဝူကျိက ပြန်မပြောလိုက်ပေ။ ဝေကျီတောက်တို့က သူ ထွက်သွားပြီးနောက် နယ်မြေ ပြန်တောင်းမယူသည့် အချက်ကို သတိပြုမိသွားလေသလား။

မိုဝူကျိက မယုံမကြည် ဖြစ်နေသည်ကို မြင်၍ နျဲ့ချုံးအန်းက ထပ်ပြောလိုက်သည်  “ ကျန့်မင်ချန်းနဲ့ ကျုပ်က ဘေးကင်းနွယ်တောင်ထဲ တစ်ခုခု လွဲမှားနေတယ်ဆိုတာကို သိလို့။ အဲမှာ ဆက်မနေချင်ကြတာပါ ”

နျဲ့ချုံးအန်း ပြောသည်ကို ကြားပြီး  မိုဝူကျိက  ပြန်တုံ့ပြန်လိုက်သည်  “ အရင်ဆုံး ကန္တာရထဲ အရင်သွားကြတာပေါ့။ အဲဒီကို ရောက်မှ အသေးစိတ် ထပ်ပြောကြမယ် ”

“ ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်မို …” ထိုနှစ်ယောက်လုံးက မိုဝူကျိအနေနှင့် သူတို့ကို ယာယီနေခွင့် ပြုလိုက်ကြောင်း သိလိုက်ကြ၍ ပျော်ရွင်သွားကြသည်။

မိုင်များစွာ ခရီးနှင်ပြီးနောက် သူတို့က လေထုထဲ ဖြစ်ပေါ်နေသည့်  ဧရာမ ဝဲကတော့ကြီးကို မြင်လိုက်ရသည်။ ဝဲကတော့မှ ဓားစွမ်းအင်များမှာ အနီးအနားရှိ  စိတ်စွမ်းအားတို့ကို တစစီ စိစိညက်ညက် ဖြစ်သွားစေ၏။ ဝဲကတော့အနီး စိတ်စွမ်းအား ရောက်ရှိလာပါက တစ်ခါတည်း ဆွဲခေါ်သွားခံရလိမ့်မည်။

“ ဒါက ဓားစွမ်းအင် ဝဲကတော့လေ။ ကျုပ်တို့တွေ တတ်နိုင်သမျှ ဝေးဝေး နေရမယ် ” နျဲ့ချုံးအန်းက ကောင်းကင်ကို ညွှန်ပြကာ တခြားသူများအား သတိပေးလိုက်၏။

မိုဝူကျိက ချက်ချင်း နောက်ဆုတ်လိုက်သည်။ သူ့ အသိစိတ်ပင်လယ်မှ  စိတ်စွမ်းအားနှင့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းရှိ စိတ်စွမ်းအားတို့ကို  စုပ်ယူသွားသောကြောင့် ဝဲကတော့ကြီး၏ အနက်ကိုပင် မပြောနိုင်ပေ။ အကယ်၍ သူ့စိတ်ဝိညာဉ်မျက်လုံး တည်ရှိမှုအကြောင်း  လျို့ဝှက်ထားချင်၍ မဟုတ်လျှင် စိတ်ဝိညာဉ် မျက်လုံးကို အသက်သွင်းကာ  ထိုဝဲကတော့ အောက်ခြေကို ကြည့်ချင်မိသည်။

All Chapters