ရေဓာတ် သဘာဝ အမြုတေနှင့် ပေါင်းစပ်ခြင်း
Vol. 51 Ch. 700
ဓားစွမ်းအင် ဝဲကတော့မှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှသောကြောင့် မိုဝူကျိအနေနှင့် ထပ်၍ စုံစမ်းလိုလျှင်ပင် ယခု လုပ်နိုင်မည် မဟုတ်ပေ။ ငါးယောက်သား ဓားစွမ်းအင် ဝဲကတော့ကို ဖြတ်ကျော်လာကာ နောက်ထပ် ဆယ်မိုင်လောက် သွားလာပြီးနောက် မီးခိုးမှိုင်းရောင် ကန္တာရတစ်ခုက သူတို့မျက်လုံးရှေ့ ပေါ်လာလေ၏။
သူတို့က ထိုကန္တာရပေါ် ရပ်နေရင်း ဘေးပတ်လည်မှာ ယခင်ထက် ဓားစွမ်းအင်များ သိသိသာသာ အားပျော့သွားကြောင်း ခံစားမိလိုက်၏။ ဘေးကင်းနွယ်တောင်လောက် ဘေးမကင်းသော်လည်း ဤနေရာကား ဓားအကျဉ်းထောင်ထဲရှိ တခြားနေရာများနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်ဘုံတမျှ ဖြစ်ပေသည်။
ထိုကန္တာရလေးမှာ ဖေးလင် ပြောသည့်အတိုင်း သုံးမိုင်လောက်သာ ကျယ်ဝန်းလေသည်။
“ ဓားအကျဉ်းထောင်ထဲက ကျုပ်တို့ သိသလောက် နေရာထဲမှာ ဘေးကင်းနွယ်တောင်ပြီးရင် ဒီနေရာက ဓားစွမ်းအင် အနည်းဆုံးပဲ။ ဒီနေရာက နည်းနည်း ပုံမှန် မဟုတ်တဲ့အကြောင်းကိုတော့ ကြားဖူးတယ်။ အရင်တုန်းက ဝဲကတော့ထဲ လူတချို့ ပါသွားလို့တဲ့လေ ….” နျဲ့ချုံးအန်းက မိုဝူကျိသည် ဤနေရာကို လေ့လာနေမှန်း သိ၍ ထပ်ပြောလိုက်သည်။
မိုဝူကျိက လေ့လာပြီးနောက် ကာကွယ်ရေး အစီအရင်များကို မတပ်ဆင်သေးပေ။ ထို့နောက် သူက နျဲ့ချုံးအန်းနှင့် ကျန့်မင်ချန်းတို့အား ကြည့်လိုက်ရင်း
“ နှစ်ယောက်လုံးက အင်မော်တယ် ဧကရာဇ် ဖြစ်လာအောင်အထိ ကျင့်ကြံလာနိုင်တယ်ဆိုတော့ သာမာန်တော့ ဟုတ်မှာ မဟုတ်ဘူး။ အဲကြောင့် ကျုပ် တည့်တိုးပဲ ပြောပါ့မယ်။ ဒီကန္တာရက ကျုပ် တစ်ယောက်တည်း ပိုင်တာ မဟုတ်ဘူး။ အဲကြောင့် ခင်ဗျားတို့တွေလည်း ဒီမှာ နေချင်တယ်ဆိုရင် ညီတူညီမျှ ခွဲကြတာပေါ့ …. ”
မိုဝူကျိ စကားမဆုံးခင် နျဲ့ချုံးအန်းနှင့် ကျန့်မင်ချန်းတို့က တစ်ချိန်တည်း ဦးညွှတ်လိုက်ကြပြီး “ ဂိုဏ်းချုပ်မို …. ကျုပ်တို့တွေ ဘေးကင်းနွယ်တောင်ကနေ ထွက်လာတဲ့ အကြောင်းအရင်းက ဖင်းဖန်ထဲ ဝင်ရအောင်လို့ပါ။ ဂိုဏ်းချုပ်မို ကျုပ်တို့ကို လက်ခံပေးဖို့ မျှော်လင့်ပါတယ် … ”
ဓားအကျဉ်းထောင်ပြင်ပရှိ အင်မော်တယ်လောက၌ အင်မော်တယ် ဧကရာဇ် တစ်ယောက်က ဂိုဏ်းကို ဝင်ချင်လျှင် ဂိုဏ်းတစ်ခုလုံးက ပင့်ဖိတ်ခေါ်ဆောင်ကြမည် ဖြစ်၏။ မိုဝူကျိက ဖင်းဖန် အားကောင်းလာစေရန် လိုအပ်နေသော်လည်း သူ့ဘေးနား၌ အချိန်ကိုက်ဗုံးများအား သယ်ဆောင်မထားလိုပေ
“ အဲဆို နှစ်ယောက်လုံးကို အရိုးသားဆုံး ပြောပါ့မယ်။ ကျုပ်ရဲ့ ဖင်းဖန်က အခုထိ မတည်ထောင်ရသေးပေမဲ့ နောင်ကျ အင်မော်တယ်လောကရဲ့ နံပါတ်တစ် ဖြစ်လာမှာပါ … ”
မိုဝူကျိက ထိုအထိ ပြောလိုက်ပြီးနောက် နျဲ့ချုံးအန်းနှင့် ကျန့်မင်ချန်းတို့၏ အမူအယာမှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး အံ့ဩသွားခြင်း မရှိသလို တုန်လှုပ်သွားခြင်းလည်း မရှိချေ။
မိုဝူကျိ၏ ဖင်းဖန်က အင်မော်တယ်လောက၌ နံပါတ်တစ် ဖြစ်ခြင်း၊ မဖြစ်ခြင်းက သူတို့အတွက် ကိစ္စမရှိသည်မှာ သိသာလှသည်။ သူတို့က ထိုအရာမှာ ကြားထားသည့် အတိုင်း မဟုတ်ကြောင်း ခန့်မှန်းထားပြီးသား ဖြစ်လိမ့်မည်။
“ ဒုတိယအနေနဲ့ တကယ်လို့ ကျုပ်ဖင်းဖန်ရဲ့ အင်မော်တယ်ကျောင်းတော်ကို ဝင်ချင်ရင် စိတ်နှလုံးသားနဲ့ ရင်းပြီးတော့ သစ္စာဆိုရမယ်။ မဟုတ်ရင် အင်မော်တယ်ရောင်းရင်းတို့ နှစ်ယောက်လုံး လာတဲ့နေရာကိုသာ ပြန်ဖို့ တိုက်တွန်းချင်ပါတယ် … ”
မိုဝူကျိက ပြောလိုက်ပြီးနောက် ကျန့်မင်ချန်းက တစ်ခုခု ပြောချင်မှန်း သတိပြုမိကာ လက်ကာပြကာ တားလိုက်ရင်း ထပ်ပြောလိုက်၏ “ သစ္စာဆိုတာက စောင့်ဆိုင်းလို့ ရတယ်။ တတိယအနေနဲ့ ဘေးကင်းနွယ်တောင်က ထွက်လာပြီးတော့ ကျုပ်လို ဓားအကျဉ်းထောင်ထဲ အခုမှ ရောက်လာတဲ့ လူသစ်လေးနောက် လိုက်ချင်တဲ့ တကယ့်အကြောင်းအရင်းကို ပြောပြရမယ်။ တကယ်လို့ သစ္စာ မဆိုချင်ရင်တော့ ပြောဖို့ မလိုပါဘူး ”
ကျန့်မင်ချန်းနှင့် နျဲ့ချုံးအန်းတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီးနောက် ကျန့်မင်ချန်းက ပြောလိုက်၏
“ ကျုပ် အရင် ပြောပါ့မယ်။ ကျုပ် ဘေးကင်းနွယ်တောင်ထဲ ဝင်ပြီး ပထမဆုံးအကြိမ် ထွက်လာတုန်းက ကျုပ်တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရတယ်။ အဲတုန်းက ထူးဆန်းတယ်လို့ ထင်မိပေမဲ့ ဒုတိယအကြိမ် ပြန်ထွက်ကြည့်တော့ ဘာမှ မခံစားမိတော့ဘူး။ ကြည့်ရတာ ကျုပ်က ဘေးကင်းနွယ်တောင်နဲ့ အသားကျသွားလို့ ထင်တယ်
အဲဒီအချိန်ကတည်းက ကျုပ် ဘေးကင်းနွယ်တောင်ကနေ ထွက်လာချင်ခဲ့တာ။ ဒါပေမဲ့ ဘယ်ကို သွားရမယ်မှန်းလည်း မသိဘူး။ ဘေးကင်းနွယ်တောင်က ကျုပ်ကို မသက်မသာ ခံစားရစေပေမဲ့ အနည်းဆုံးတော့ အသက်ဆက်ရှင်နိုင်သေးတယ်လေ။ ဘေးကင်းနွယ်တောင်မှာ နေတဲ့ လူတိုင်းကလည်း တစ်နှစ်ထက် တစ်နှစ် ဓားစွမ်းအင် ပမာဏ လျော့နည်းလာတာကို ခံစားမိကြတယ် ”
မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။ နောက်ဆုံးတော့ သူ တစ်ယောက်တည်း ဤသို့ခံစားနေရခြင်း မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီ။
“ ဒီလိုဆိုမှတော့ ဘာလို့ စောစောစီးစီး မလာတာလဲ ” မိုဝူကျိက တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။
ကျန့်မင်ချန်းက ခေါင်းခါကာ “ ကျုပ် မလာရဲတဲ့ အကြောင်းအရင်းက အရင်တုန်းက ဒီကို အင်မော်တယ် ဧကရာဇ် တစ်ယောက် လာဖူးတယ်လေ။ သူက အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ဆိုပေမဲ့ ဒီကို ရောက်လာပြီးတဲ့နောက်ကျ ဓားစွမ်းအင် ဝဲကတော့ထဲ ပါသွားခဲ့တယ်။ ကျုပ် ဂိုဏ်းချုပ်မိုနောက် လိုက်ဖို့ ရွေးချယ်လိုက်တဲ့ အကြောင်းအရင်းက ဂိုဏ်းချုပ်မိုက အင်မော်တယ် အစီအရင်ဆရာ တစ်ယောက် ဖြစ်နေလို့ပဲ …. ဂိုဏ်းချုပ်မိုက ဒီနေရာမှာ အဆင့် ၆ ကာကွယ်ရေး အစီအရင်ကို ခင်းကျင်းနိုင်ရင် ကျုပ်တို့တွေ ဓားစွမ်းအင် ဝဲကတော့ထဲ မပါသွားအောင် တားဆီးပေးထားနိုင်တယ်လေ ”
နျဲ့ချုံးအန်းက နောက်မှ လိုက်ပြောလိုက်သည်
“ ဘေးကင်းနွယ်တောင်မှာ ခံစားမိတဲ့ ခံစားချက်အပြင် နောက်ထပ် အကြောင်းအရင်းတစ်ခုလည်း ရှိသေးတယ်။ ဖန်းဟုန် တွေ့ထားတဲ့ ရေခပ်နည်းအသစ်က ကျင့်ကြံဆင့် မြင့်လေလေ ပိုပြီးတော့ နာကျင်မှု နည်းလေလေပဲ …. အင်မော်တယ် ဧကရာဇ်အဆင့်အောက်က ကျင့်ကြံသူတွေက မြစ်ရေကို ခပ်နိုင်မှာ မဟုတ်ဘူး။ အင်မော်တယ်ရှန့်အပြင် ကျုပ်က သမာဓိတောင်မှာ တစ်ဦးတည်းသော အင်မော်တယ် ဧကရာဇ်လေ။ ကျုပ်သာ ထွက်မလာရင် မကြာခင် အင်မော်တယ်ရောင်းရင်း ဖေးလင်လို ဖြစ်လာလိမ့်မယ်။ ကျုပ် ရေမခပ်နိုင်တော့တဲ့ နေ့ရက် ရောက်လာရင် ကျုပ်နေ့ရက်တွေလည်း အဆုံးသတ်သွားမှာပဲ ….. ”
နျဲ့ချုံးအန်း မပြောလိုက်သည့် နောက်ထပ် အကြောင်းအရင်း တစ်ခု ရှိပေသည်။ ထိုအရာမှာ သူက ရှန့်ဟဲကောင်း ပြီးလျှင် ရာထူးအနေအထားမှာ ဒုတိယနေရာတွင် ရှိကြောင်း ဖြစ်၏။ သို့သော်လည်း သူ ခပ်နိုင်သော ဓားစွမ်းအင် မြစ်ရေ ပမာဏမှာ ရှန့်ဟဲကောင်း၏ ငါးပုံတစ်ပုံမျှ ရှိလေသည်။ သူ့အတွက် ဓားစွမ်းအင် မြစ်ရေ နည်းနည်းရဖို့ရာ အသက်ကို စတေး၍ သွားနေရလေ၏။ နျဲ့ချုံးအန်းအနေနှင့် ထိုသို့ ဆက်၍ မလုပ်ချင်ပေ။
“ အဲဆို ဖန်းဟုန်ရဲ့ ရေခပ်နည်းကို သိတယ်လား ” မိုဝူကျိက သံသယဖြင့် မေးလိုက်သည်။
နျဲ့ချုံးအန်းက ခေါင်းခါကာ “ အဲဒါကို မသိပေမဲ့ မှန်းကြည့်လို့ ရတယ်လေ။ တကယ်လို့ ကျုပ် သိနေရင် သမာဓိတောင်ကနေ ထွက်လာလို့ ရမှာ မဟုတ်ဘူး ”
“ ဟုတ်ပြီ ခင်ဗျားတို့ နှစ်ယောက်လုံးကို ယုံလိုက်မယ်။ ကျုပ်ရဲ့ ဖင်းဖန်အကြောင်းလည်း ပြောထားပြီးပြီဆိုတော့ နှစ်ယောက်လုံး ဖင်းဖန်ကို ဝင်ချင်ရင်တော့ သွေးသစ္စာ ဆိုပေးကြပါ ” မိုဝူကျိက ပြောလိုက်၏။
အကယ်၍ သူက အင်မော်တယ် ဧကရာဇ် ဖြစ်နေလျှင် နျဲ့ချုံးအန်းနှင့် ကျန့်မင်ချန်းတို့အနေနှင့် ကျိန်ဆိုဖို့ရာ မလိုသော်လည်း သူက မဟာလော့ရှန်းအဆင့်မျှသာ ရှိသေး၍ ထိုသို့ သစ္စာဆိုမှုကား မရှိမဖြစ် လိုအပ်နေပေသည်။
ကျန့်မင်ချန်းနှင့် နျဲ့ချုံးအန်းတို့က စိတ်ထဲ ပြင်ဆင်ထားပြီးသား ဖြစ်သည့်အတွက် တုံ့ဆိုင်းခြင်းမရှိ သစ္စာဆိုလိုက်ကြသည်။ ဤဓားအကျဉ်းထောင်ထဲ၌ အသက်ရှင်လျက် နေနိုင်သည်က လွဲပြီး ကျန်တာ အရေးမကြီးပေ။ ထို့ကြောင့် နှစ်ယောက်လုံးက မိုဝူကျိအပေါ် စိတ်နှလုံးသား အနက်ရှိုင်းဆုံးဖြင့် သစ္စာဆိုလိုက်ကြခြင်း ဖြစ်ပေသည်။
အင်မော်တယ် ဧကရာဇ် နှစ်ယောက် ကျိန်ဆိုလိုက်သည့်အခါ ဓားအကျဉ်းထောင်ထဲ ရှိနေလျှင်ပင် မိုးခြိမ်းသံများ ကြားလိုက်ရ၏။
……………....
အထက်ဘုံ၏ တမန်တော် ကျင်းယူက စူးခရာ အင်မော်တယ်မြို့ဟောင်းမှ ထွက်သွားပြီ ဖြစ်၏။ စူးခရာ အင်မော်တယ်မြို့ဟောင်းရှိ ပါရမီရှင်ကြားမှ စိတ်ဓာတ် တက်ကြွမှုမှာ လျော့ကျမသွားသေးပေ။ အချုပ်အားဖြင့် ဆိုရလျှင် အားလုံးက နဂိုထက်ပင် ပို၍ တက်ကြွနေကြသေး၏။ သူတို့အားလုံးက အထက်ဘုံမှ ရွေးချယ်ပွဲ အပါအဝင် ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်အကြောင်းကို ဆွေးနွေးနေကြဆဲ ဖြစ်သည်။
“မမရှောင်ယု …. အဲဒီနည်းလမ်းမှာ အဓိက ဟာကွက်ကြီး ရှိနေတယ်။ ဥပမာအနေနဲ့ ပြောရရင် အားလုံးနီးပါးက ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်ထဲ ဝင်မယ်ဆိုရင်တောင် နောက်ဆုံးကျ တစ်ယောက်ကိုပဲ ရွေးချယ်မှာမလား၊ မတရားလိုက်တာ …” ကျင်းယူ ထွက်သွားပြီးနောက် ယန်ယွဲ့ရုန်က ရှောင်ရှောင်ယုနား ကပ်ပြောလိုက်သည်။
ရှောင်ရှောင်ယုက အသာပြုံးကာ “ မမလေး... တခြားသူတွေလည်း အဲလို မတွေးမိဘူးလို့ ထင်နေလား။ အထက်ဘုံက ခွဲခြားဖို့ နည်းလမ်း ရှိမှာပါ။ ပြီးတော့ လော့ကျမ်းစာရွက်လိုမျိုး ရတနာ ရလာခဲ့ရင် မမလေးက အထက်ဘုံ ဝင်ခွင့် တစ်နေရာနဲ့ လဲမှာလား ”
“ သေချာပေါက် လဲမှာပေါ့။ ကျမက အထက်ဘုံရဲ့ တပည့်တစ်ယောက် ဖြစ်ပြီးသား ဆိုပေမဲ့ အထက်ဘုံအတွက် တစ်ခုခု ပြန်လုပ်ပေးချင်သေးတယ်လေ။ အထက်ဘုံက လိုအပ်နေတဲ့အရာဆိုရင် သေချာပေါက် လိုလိုလားလား ပေးမိမှာ။ ဒါနဲ့ နင်တို့ နှစ်ယောက် ပြောနေတာက အထက်ဘုံကို မလေးစားရာ ကျတယ်နော်… ” ကြည်လင် ပြတ်သားသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
“ ရှောင်ရှောင်ယုနဲ့ ယန်ယွဲ့ရုန်က မိန်းကလေးကျီယွဲ့ကို နှုတ်ဆက်ပါတယ်။ စောစောလေးက ကျမတို့တွေ လျှောက်ပြောနေကြတာပါ။ မိန်းကလေး ကျီယွဲ့က သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါ ” ရှောင်ရှောင်ယုက လျှောက်လှမ်းလာသည့် အမျိုးသမီးကို မြင်သောအခါ ယန်ယွဲ့ရုန်ကိုပါ ဆွဲ၍ လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။
ထိုအမျိုးသမီးမှာ ရှောင်ရှောင်ယု မြင်ဖူးသမျှ၌ ဉာဏ်အများဆုံးသူ ဖြစ်ပေသည်။ မကြာသေးခင်က မြို့စား တုံ့ရှန်းလေ့၏ တပည့် အဖြစ် အသိအမှတ်ပြုခံရပြီး အဆင့်အတန်းကို အသုံးချကာ တာအိုလက်တွဲဖော်ကိုပင် လူသိရှင်ကြား ရှာပေးခဲ့ရသေး၏။ မျက်စိတစ်မှိတ်အတွင်း သူမက အထက်ဘုံ၏ တပည့်တစ်ဦး ဖြစ်လာပြန်လေပြီ။ ရှောင်ရှောင်ယုက အတွေ့အကြုံ ကြွယ်ဝသည့်သူ ဖြစ်၍ ရွေးချယ်စရာ မရှိသရွေ့ ကျီယွဲ့နှင့် တစ်စက်လေးမှ မပတ်သတ်ချင်ပေ။
ကျီယွဲ့ကက ရယ်မောရင်း လျှောက်လှမ်းလာကာ “ အရင်တုန်းက နင်တို့နဲ့ အတူတူ လာတဲ့ တာ့ဟွမ်လို့ ခေါ်တဲ့သူရော ဘယ်ရောက်သွားလဲ ”
“ အာ …” ယန်ယွဲ့ရုန်က တာ့ဟွမ်သည် သေမျိုးတစ်ယောက်သာ ဖြစ်သောကြောင့် ကျီယွဲ့လို လူမျိုးက ရှာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ခဏအကြာတွင် သူမက ပြန်ဖြေလိုက်၏ “ တာ့ဟွမ်က ကိုယ့်လမ်းကို လျှောက်ချင်တယ်ဆိုပြီး ကျမတို့နောက် ပါမလာဘူး ”
“ အဲဆို သူက ဘယ်မှာနေတာလဲ ”
“ အဆုံးအစွန်ပင်လယ်နားက သွေဖယ်ခြင်းရွာလို့ ခေါ်တဲ့ ရွာငယ်လေးမှာပါ။ ကျမတို့က သူနဲ့ မတော်တဆ အနီးအနားက မြို့မှာ တွေ့ခဲ့ကြတာလေ …. ”
“ ညီမလေးကို ကျေးဇူးပဲ ” ကျီယွဲ့က ယန်ယွဲ့ရုန်ကို ပြုံးပြကာ ထွက်သွားလေ၏။
…………….…
မိုဝူကျိက အစီအရင်မျိုးစုံ ခင်းကျင်းဖို့ရာ ငါးရက်တာ ကြာမြင့်ခဲ့သည်။ ဟန်ချင်းရုက ရုပ်ခန္ဓာကျင့်စဉ်ကို လေ့ကျင့်နေပြီ ဖြစ်ရာ သူမ အခန်း၌သာ နေလေ့ ရှိ၏။ ဖေးလင်အနေဖြင့် သူ့ကမ္ဘာဦးစိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ပြန်လည် သက်သာလာပြီ ဖြစ်၏။
ဖင်းဖန်အဖွဲ့သား နှစ်ယောက် ဖြစ်သည့် နျဲ့ချုံးအန်းနှင့် ကျန့်မင်ချန်းတို့မှာ အပျော်ရွင်ဆုံ ဖြစ်နေကြသည်။ သူတို့က မိုဝူကျိဆီမှ သဘာဝကျီ ဆေးနှစ်လုံးနှင့် အင်မော်တယ်ပေါများ ဆေးသုံးလုံးစီ လက်ခံရရှိထားကြသည်။
ဓားစွမ်းအင်မြစ်ရေနှင့် ယှဉ်လျှင် သဘာဝ ကျီဆေးလုံးက ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်ကို ကုသရာ၌ ပို၍ အကျိုးထိရောက်မှု ကောင်းပေသည်။ မိုဝူကျီက သဘာဝကျီ ဆေးလုံးများကို ထုတ်ပေးပြီးသည်နှင့် ကျန့်မင်ချန်းနှင့် နျဲ့ချုံးအန်းတို့ နှစ်ယောက်လုံး ဘေးကင်းနွယ်တောင်မှ ထွက်ခွာ၍ မိုဝူကျိနောက် လိုက်လာသည့် ဆုံးဖြတ်ချက်မှာ မှန်ကန်သွားကြောင်း စိတ်ထဲ၌ တွေးမိလိုက်ကြပေ၏။
ပထမရက်တချို့၌ မိုဝူကျိက ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့က သူဆီ ပြဿနာ လာရှာမည်ကို စိုးရိမ်မိသော်လည်း သူ့ကာကွယ်ရေး အစီအရင်များ ခင်းကျင်းပြီးသည့်တိုင် သူတို့ကား ရောက်မလာကြပေ။ မိုဝူကျိက ဖန်းဟုန်တို့မှာ နောက်ထပ် မလာတော့ကြောင်း သိလိုက်၏။ ထိုလူသုံးယောက်မှာ ဓားစွမ်းအင်မြစ်ရေ စုဆောင်းဖို့သာ အာရုံစိုက်နေကြခြင်း ဖြစ်လိမ့်မည်။
သူ့ကိုယ်ပိုင် အင်မော်တယ်ဂူ၌ အစီအရင်များစွာ ခင်းကျင်းပြီးနောက် မိုဝူကျိက ထာဝရ ကမ္ဘာထဲ ဝင်သွားလိုက်သည်။
သူ ရေဓာတ် သဘာဝ အမြုတေကို ရရှိပြီးကတည်းမှ မိုဝူကျိက ထာဝရ ကမ္ဘာထဲ မရောက်ရှိသေးပေ။ ယခင် သူက အချိန်မရှိ၍ ဖြစ်သော်လည်း ဘေးကင်းနွယ်တောင်ကို ရောက်ရှိပြီးနောက် သူက ဘေးမကင်းကြောင်း သိနေ၍ မဝင်ရဲခြင်း ဖြစ်ပေသည်။ ဘေးကင်းနွယ်တောင်မှ ထွက်လာပြီးနောက် မိုဝူကျိ ပထမဆုံး တွေးမိသည့်အရာမှာ ရေဓာတ် သဘာဝ အမြုတေနှင့် သူ့ထာဝရ ကမ္ဘာကို ပေါင်းစပ်ဖို့ ဖြစ်၏။
ရွိုက်ကောက အားနည်းနေကြောင်း သိသည့်အတွက် ထာဝရ ကမ္ဘာထဲတွင် နေထိုင်ရင်း အရူးအမူး ကျင့်ကြံနေလေ၏။ လက်ရှိ သူက အဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့် ရောက်ရှိနေလေပြီ။ ရွိုက်ကောက အင်မော်တယ်ကျောက်များကို ရွေးချယ်ထားပြီးလေပြီ ဖြစ်၏။ သူက ထိုကျောက်များကို တစ်ချက်မှ မကြည့်ဘဲ သုံးစွဲပစ်တော့သည်။
မိုဝူကျိက ရေဓာတ် သဘာဝ အမြုတေကို ထုတ်လိုက်သည်နှင့် ချက်ချင်းဆိုသလို ရေဓာတ် စွမ်းအား အများအပြားကို ခံစားလိုက်ရသည်။ ထိုစွမ်းအားများမှာ ဖြည်းဖြည်းချင်း ကျယ်ပြန့်လာပြီး သူ့အသက်ဓာတ်မှာလည်း ဆက်တိုက်ဆိုသလို စုပ်ယူခံလိုက်ရတော့သည်။ ထာဝရ ကမ္ဘာ တစ်ခုလုံးက ပြောင်းလဲနေပြီး နဂိုခြောက်သွေ့နေသော ကမ္ဘာမှာ ယခုအခါ ကြည်လင်ကာ လတ်ဆတ်လာဟန် ပေါ်၏။
ရွိုက်ကောက တစ်ခုခု လွဲမှားနေကြောင်း သတိပြုမိပြီး ချက်ချင်း ဆိုသလို ပျံထွက်လာပြီး ထာဝရကမ္ဘာ၏ အပြောင်းအလဲများကို အံ့ဩတကြီး ကြည့်နေလေ၏။
ထာဝရ ကမ္ဘာမှာ အကန့်သတ်မဲ့ ကျယ်ပြန့်သွားရုံ သာမက ရေဓာတ် စွမ်းအားများနှင့် အပြည့် ဖြစ်နေသည်။
မိုဝူကျိက မြေပြင်ပေါ် ထိုင်နေလေ၏။ သူက သဘာဝ အမြုတေကို သူ့အသက်ဓာတ်ကို ထုတ်၍ ထာဝရ ကမ္ဘာနှင့် ပေါင်းစပ်ခြင်းအား ကျင့်သားရနေလေပြီ။ သူသာ တောင့်ခံနိုင်သရွေ့ ဖြစ်စဉ်တစ်ခုလုံးမှာ သိပ်မကြာမြင့်ပေ။