အပြောင်းအလဲ
Vol. 51 Ch. 701
လေးနာရီကြာပြီးသည့်နောက် ထာဝရ ကမ္ဘာ ပြောင်းလဲမှုကား ရပ်တန့်သွားတော့သည်။ မိုဝူကျိပင် ထာဝရ ကမ္ဘာထဲမှ ပြောင်းလဲမှု အကြီးကြီးကို ခံစားမိလေ၏။
မိုဝူကျိက အဆင့်မြင့် ကုသဆေးလုံးများကို မျိုချလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ အမြန်နှုန်းဖြင့် ပြန်လည် ကောင်းမွန်လာနေသည်။
တစ်ရက်တာ ကုန်ဆုံးသွားပြီးနောက် မိုဝူကျိက အပြည့်အဝ ပြန်လည် ကောင်းမွန်လာတော့သည်။ ထို့နောက် သူက စိတ်စွမ်းအားကို ဖြန့်ကျက်ထားလိုက်၏။ ဟန်ချင်းရုသည် သဘာဝကျီ ဆေးလုံး အကူဖြင့် စွမ်းအားမြင့်တက်နေဆဲ ဖြစ်ကာ သူမ၏ ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်တို့မှာလည်း လုံးဝ ပြန်ကောင်းလုနီးပါး ဖြစ်နေလေပြီ။ လက်ရှိ ဟန်ချင်းရုက အင်မော်တယ်ကျောက်များဖြင့် အသည်းအသန် ကျင့်ကြံနေလေရာ သူမအနေနှင့် ကျင်းရှန်း အလယ်အလတ်အဆင့် ရောက်ရှိဖို့ သိပ်မလိုတော့ပေ။
ဖေးလင်၊ နျဲ့ချုံးအန်းနှင့် ကျန့်မင်ချန်းတို့ သုံးယောက်မှာ ပြန်လည် ကောင်းမွန်လာနေသော်လည်း သဘာဝကျီ ဆေးလုံး၏ ဆေးအာနိသင် အားလုံးကို စုပ်ယူဖို့ရာ ကြိုးစားနေဆဲ ဖြစ်သည်။ သူတို့အတွက် ပြိုင်ဖက်ကင်းအဆင့် သဘာဝကျီ ဆေးလုံးမှာ ဓားအကျဉ်းထောင်ထဲ ပိတ်မိနေခြင်း မဟုတ်လျှင်ပင် အလွယ်တကူ ရရှိနိုင်သည့် အရာ မဟုတ်ချေ။
မိုဝူကျိက လက်ရှိ သူတွင် ရှိနေသော အင်အားစုကို အလွန် ကျေနပ်မိသည်။ ဖန်းဟုန်တို့နှင့် တိုက်လျှင်ပင် သူ့အနေနှင့် ရှုံးနိမ့်တော့မည် မဟုတ်ပေ။ မိုဝူကျိက ဓားစွမ်းအင် ဝဲကတော့အား နောက်တစ်ကြိမ် သွား၍ စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ သူက ထိုဝဲကတော့မှာ အလွန်ထူးဆန်းနေကြောင်း ခံစားမိနေ၍ ဖြစ်၏။
“ ဂိုဏ်းချုပ် အပြင်သွားမလို့လား ” မိုဝူကျိက သူ့အင်မော်တယ်ဂူမှ ထွက်လာသည်နှင့် နျဲ့ချုံးအန်းက မိုဝူကျိဆီ ချည်းကပ်လာကာ မေးလိုက်သည်။
မိုဝူကျိက နျဲ့ချုံးအန်းကို စိတ်ထဲမှ ချီးကျူးမိလိုက်သည်။ သူက အင်အားအပြည့် ပြန်လည် မရရှိသေးသော်လည်း အင်မော်တယ် ဧကရာဇ် တစ်ဦး ဖြစ်နေဆဲ ဖြစ်၏။ အကယ်၍ ဖေးလင်သာ ဖြစ်နေလျှင် သူက မိုဝူကျိ ထွက်သွားသည်ကို သတိပင် ပြုမိလိုက်မည် မဟုတ်ပေ။
“ ဟုတ်တယ် ကျုပ် အပြင်ဘက် သွားကြည့်မလို့ … ဒါနဲ့ ဒီနေရာမှာ ခင်ဗျားတို့ ရုပ်ခန္ဓာလေ့ကျင့်ပေးမဲ့ ကျင့်စဉ် ရှိတယ်။ ကျန့်မင်ချန်းတို့၊ ဖေးလင်တို့နဲ့ စမ်းကြည့်ပါ့လား ….” မိုဝူကျိက ပြောလိုက်ရင်း ကျောက်စိမ်းပေလွှာကို နျဲ့ချုံးအန်းဆီ ပေးလိုက်သည်။
“ ဂိုဏ်းချုပ်မို ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ် ” နျဲ့ချုံးအန်းက လက်နှစ်ဖက်ဖြင့် မိုဝူကျိဆီမှ ကျောက်စိမ်းပေလွှာကို စိတ်လှုပ်ရှားစွာ လက်ခံလိုက်လေ၏။
ဓားအကျဉ်းထောင်ထဲ အချိန်ကြာမြင့်စွာ ပိတ်လှောင်ခံထားရသော အင်မော်တယ် ဧကရာဇ်တစ်ယောက်အနေနှင့် မိုဝူကျိက နျဲ့ချုံးအန်းနှင့် ကျန့်မင်ချန်းတို့မှာ သူတို့ခန္ဓာကိုယ်ကို မလေ့ကျင့်ရသေးကြောင်း ခန့်မှန်းမိပေသည်။ သူတို့ ခန္ဓာကိုယ်မှာ အင်မော်တယ် ရုပ်ခန္ဓာအဆင့်မျှသာ ရှိပေဦးမည်။
ရုပ်ခန္ဓာကို လေ့ကျင့်ဖို့ရာ စိတ်မဝင်စားကြသည့် အင်မော်တယ်အချို့ ရှိပေသည်။ အရင်ဦးစွာ သူတို့က ရုပ်ခန္ဓာကျင့်စဉ်မှာ ရှက်စရာ ကောင်းသည်ဟု ထင်မှတ်ကြ၏။ အကြောင်းမှာ ထိုအရာမှာ လူရိုင်းများ လေ့ကျင့်ထားကြသည်ဟုသာ မှတ်ယူထားကြသည်။ အင်မောတ်ယ်များက အင်မော်တယ်စွမ်းအားများ ထုတ်လွှင့်နိုင်လေရာ ရုပ်ခန္ဓာလေ့ကျင့်ဖို့ရာ မည်သူက အလေးထားကြမည်နည်း။ ဒုတိယအနေနှင့် သူတို့ကျင့်ကြံဆင့် တိုးလာသည်နှင့် သူတို့ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း အားကောင်းလာကြသည်။ ထို့ကြောင့် သူတို့အနေနှင့် လျို့ဝှက်ပညာရပ်များနှင့် အင်မော်တယ်စွမ်းအားများ ကျင့်စဉ်များကိုသာ အချိန်ပေး လေ့ကျင့်လေ့ ရှိကြပေသည်။
သို့သော်လည်း သူတို့က ဓားအကျဉ်းထောင်ထဲ ပိတ်မိနေသည် ဖြစ်၍ ခြားနားသွားလေပြီ။ အကြောင်းမှာ ဤနေရာ၌ ရုပ်ခန္ဓာကျင့်စဉ်မှာ တခြားအရာများထက် ပို၍ အဖိုးတန်ပေ၏။
ရုပ်ခန္ဓာ ကျင့်စဉ်က လူသားခန္ဓာကိုယ်ကို အားကောင်းလာစေရုံသာမက ဤနေရာရှိ ဓားစွမ်းအင် တိုက်စားခြင်းမှလည်း ခုခံပေးနိုင်သည်။
နျဲ့ချုံးအန်းက ရုပ်ခန္ဓာကျင့်စဉ် ရရှိလိုက်၍ အလွန်ဝမ်းသာသွားသည့် အကြောင်းအရင်းမှာ သူ့အသက်ရှင်နိုင်ခြေမှာ နောက်တဆ တိုးမြင့်သွား၍ ဖြစ်ပေသည်။
မိုဝူကျိက ခေါင်းညိတ်ပြလိုက်ပြီး “ ကျုပ် အပြင်ခဏ သွားလိုက်ဦးမယ်။ မကြာခင် ပြန်လာခဲ့မယ်။ ကျုပ် ပြန်ရောက်လာပြီးရင် ထွက်လမ်းကို ရှာမတွေ့သေးခင် မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ဓားအဆောင်ကို ဖယ်ကြည့်ဖို့ ကြိုးစားပေးမယ် ”
“ ဂိုဏ်းချုပ်မိုက ထွက်လမ်းကို ရှာမှာလား ” နျဲ့ချုံးအန်းက ပြောလိုက်ရင်း သိမ့်သိမ့် တုန်လာမိ၏။
မိုဝူကျိက ခေါင်းခါကာ “ သိပ်တော့ မသေချာသေးဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံရဲ့ တာအိုက အမြဲတမ်း နည်းလမ်း တစ်ခုထက် ပိုပြီး ရှိတတ်ကြတယ်လေ။ ကျုပ်တို့တွေ ရှာမတွေသေးတဲ့ အကြောင်းအရင်းက မရှိလို့ မဟုတ်ဘူး၊ ရှာမတွေ့သေးတာ …. ကျုပ် အခု အပြင်သွားတုန်း ကြိုးစားကြည့်ဦးမယ်။ တကယ်လို့ ကျုပ် ရှာမတွေ့ခဲ့ဘူးဆိုရင်တောင် နောက်ထပ် အကြံတွေ စဉ်းစားလို့ ရပါသေးတယ် ”
နျဲ့ချုံးအန်း၏ စိတ်နှလုံးသားက တုန်လှုပ်မိသွားသည်။
ဂိုဏ်းချုပ်မိုက သူတစ်ခါမှ မတွေးမိသည့် ရိုးရိုးရှင်းရှင်း သဘောတရားကို မည်သို့များ စဉ်းစားမိပါ့လိမ့် ….
“ ဂိုဏ်းချုပ်မို အဲဆို ကျုပ်လည်း လိုက်လာချင်တယ် ” ထိုစဉ် နျဲ့ချုံးအန်းက မိုဝူကျိသည် ထွက်လမ်းကို ရှာတွေ့နိုင်ကြောင်း အမှန်တကယ် ယုံကြည်လာသည်။
မိုဝူကျိက တားကာ ပြောလိုက်၏ “ မလိုပါဘူး … ခင်ဗျားတို့တွေက ဒီမှာ နေပြီးတော့ ကျင့်ကြံဖို့ပဲ အာရုံစိုက်ထားလိုက်။ ကျုပ် တစ်ယောက်တည်း သွားလိုက်မယ်။ မကြာခင် ပြန်လာခဲ့မယ် ”
“ဟုတ်ကဲ့ပါ ” နျဲ့ချုံးအန်းက မိုဝူကျိအပေါ် ပို၍ပင် လေးစားမိသွားသည်။ ဤဂိုဏ်းချုပ်က မရိုးရှင်းချေ။ အကြောင်းမှာ သူက အင်မော်တယ် အစီအရင် ဆရာ တစ်ယောက် ဖြစ်နေရုံသာမက သဘာဝကျီ ဆေးလုံးများကိုလည်း ထုတ်ပေးနိုင်သလို အင်မော်တယ် ဧကရာဇ်များ အသုံးပြုနိုင်သော ရုပ်ခန္ဓာကျင့်စဉ်ပင် ပိုင်ဆိုင်နေသေးပေသည်။ ကြည့်ရသည်မှာ ဓားအကျဉ်းထောင်ထဲ ရောက်မနေလျှင် ဖင်းဖန်ကို ဝင်လိုက်ခြင်းက ဆိုးသည့် အရာတော့ မဟုတ်ပေ။
…………….....
သူ ပထမရောက်လာစဉ်က ကဲ့သို့ ဓားစွမ်းအင် ဝဲကတော့မှာ ကောင်းကင်တခွင် မြင့်တက်နေပြီး ဓားစွမ်းအင်များကို အသည်းအသန် စုပ်ယူနေဆဲ ဖြစ်သည်။ မိုဝူကျိက အနီးအနား မသွားလိုက်နိုင်ခင် ထိုကြောက်မက်ဖွယ် ဓားစွမ်းအင်များက သူ့အား ဝဲကတော့ထဲ ဆွဲခေါ်ဖို့ ကြိုးစားနေပေတော့၏။
မိုဝူကျိက သူ့စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်ပြီး ဓားစွမ်းအင် ဝဲကတော့အား ကြည့်လိုက်သည့်အခါ သူ့စိတ်စွမ်းအားဖြင့် မမြင်ရသည့် အရာများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
သာမာန် စိတ်စွမ်းအားမှာ ဓားအကျဉ်းထောင်ထဲရှိ ဓာစွမ်းအင်များကို တောင့်ခံမထားနိုင်ပေ။ ဓားစွမ်းအင်များက ခန္ဓာကိုယ်ကို တစစီ ဖြစ်အောင် ဖျက်စီးပစ်နေသည့်အခါ သို့မဟုတ် ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်ကို ထိခိုက်စေသည့်အခါမှသာ ဓားစွမ်းအင်ကို ခံစားမိခြင်း ဖြစ်၏။
ယခု မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သောအခါ ထိုဝဲကတော့ကြီး ပတ်လည်၌ ဓားစွမ်းအင် မှိန်ဖျဖျ လှုပ်ရှားနေသည်ကို သိသိသာသာ မြင်တွေ့လိုက်ရသည်။
မိုဝူကျိ၏ စိတ်ဝိညာဉ်မျက်လုံးက ဓားစွမ်းအင် ရွေ့လျားနေသည့် လမ်းကြောင်း အတိုင်း လိုက်ကြည့်လိုက်၏။ တစ်ကီလိုမီတာ ရှိပြီးနောက် သူက အံ့အားသင့်မိသွားသည်။
သူက ကျောက်တုံးကြီးပေါ်၌ စိတ်ခံစားချက်မရှိ ထိုင်နေသော အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ အဆုံးမသတ်နိုင်သည့် ဓားစွမ်းအင်များက ထိုလူအား များများစားစား ထိခိုက်ဒဏ်ရာပေးနိုင်ခြင်း မရှိပေ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….
မိုဝူကျိ၏ ပထမဆုံးအတွေးမှာ ထိုအရာက အမှန်တကယ် ဖြစ်ဖို့ရာ အလွန်ယုတ္တိ မတန်ချေ။ အကြောင်းမှာ ထိုအမျိုးသားက အသက်ရှိနေဆဲ ဖြစ်ပြီး သူ့အသားရည်များမှာ ခြောက်သွေ့နေလေ၏။ မိုဝူကျိက ထိုအမျိုးသားဆီမှ ထွက်ပေါ်နေသော အသက်ဓာတ် မှိန်ဖျဖျကို ခံစားမိလေသည်။
အကယ်၍ တခြားလူ ဖြစ်နေပြီး ဓားစွမ်းအင် ဝဲကတော့ထဲ ပါသွားကာ အမွေးတိုင် တစ်တိုင်စာလောက် ကြာရှည်နေသည်ဆိုလျှင် မိုဝူကျိက ထိုမျှအထိ အံ့ဩမိမည် မဟုတ်ပေ။ ယခုကား ဝဲကတော့အတွင်း အေးအေးဆေးဆေး ထိုင်နေခြင်း ဖြစ်၏။
အသက်ဆယ်ရှိုက်စာလောက်အကြာတွင် မိုဝူကျိက ထိုအမျိုးသားမှာ ရုပ်ခန္ဓာ လေ့ကျင့်နေခြင်း ဖြစ်ကြောင်း သတိထားမိလိုက်၏။ မြောက်များစွာသော ဓားစွမ်းအင်များ သူ့ခန္ဓာကိုယ်ကို ဖြတ်စီးသွားသည့်အခါတိုင်း အင်မော်တယ် စွမ်းအား အပြောင်းအလဲလေးတချို့ ဖြစ်ပေါ်လာစေသည်။
မိုဝူကျိက သူ့စိတ်ဝိညာဉ် မျက်လုံးမှာ မမှားယွင်းကြောင်း ယုံကြည်ချက် အပြည့် ရှိ၏။
မိုဝူကျိက ရှေ့တိုးလိုက်ပြီးနောက် စိတ်ဝိညာဉ်မျက်လုံးဖြင့် ထိုအမျိုးသား၏ နေရာအလွန် ဓားစွမ်းအင် ဝဲကတော့အနက်ထဲ ကြည့်လိုက်သည်။ နှမြောစရာ ကောင်းသည်က မိုဝူကျိအနေဖြင့် သူ့စိတ်ဝိညာဉ်မျက်လုံးမှာ ဝဲကတော့အနက်ပိုင်း၌ ဘာရှိနေသည်ကို မမြင်နိုင်ကြောင်း သတိပြုမိလိုက်၏။
ဤဓားစွမ်းအင် ဝဲကတော့မှာ ဓားစွမ်းအင်မြစ်နှင့် တူညီလုနီးပါး ဖြစ်ကာ နီးကပ်သွားသည်နှင့် ပိုမို ကြောက်မက်ဖွယ် ဓားစွမ်းအင်များကို ခံစားရလေလေ ဖြစ်ပေသည်။ သို့သော်လည်း ဓားစွမ်းအင်မြစ်နှင့် ဓားစွမ်းအင် ဝဲကတော့တို့မှာ ခြားနားချက် ရှိနေသည်။ ခြားနားချက် တစ်ခုမှာ ဓားစွမ်းအင်မြစ်မှ ဓားစွမ်းအင် ကွာဟချက်မှာ အလွန်တရားကြီးမားလွန်းနေခြင်း ဖြစ်၏။ ဓားစွမ်းအင်မြစ်ဘေးတွင် ရပ်နေသည့်အခါ မိုဝူကျိက ဓားစွမ်းအင်ကို ခံနိုင်ရည် ရှိသော်လည်း မြစ်ရေနှင့် ထိတွေ့လိုက်သည်နှင့် သူက အသက်ရှိုက်စာအကြိမ်ရေ နည်းနည်းပင် ခံနိုင်ရည် မရှိချေ။
မိုဝူကျိအတွက် သူ့ရုပ်ခန္ဓာ လေ့ကျင့်ဖို့ရာ အသင့်တော်ဆုံး နေရာတစ်ခု ဖြစ်ပေသည်။
မိုဝူကျိက သူ တောင့်မခံနိုင်တော့သည့် နေရာအထိ ဆက်လျှောက်လာလိုက်ပြီး သူ့ရုပ်ခန္ဓာကျင့်စဉ်ကို စတင် ကျင့်ကြံလိုက်တော့သည်။ မကြာခင် သူက ဓားစွမ်းအင်တွေ များများ စုပ်ယူရင်း ခန္ဓာကိုယ်ကို လေ့ကျင့်လေလေ အင်မော်တယ်စွမ်းအား စုပ်ယူနှုန်းကလည်း ပိုမို မြန်ဆန်လာလေလေ ဖြစ်ကြောင်း သတိထားမိလိုက်သည်။
အချိန်တိုလေးအတွင်း မိုဝူကျိက ခန္ဓာကိုယ် လေ့ကျင့်ခြင်းထဲ၌ စိတ်နှစ်မျှောသွားတော့သည်။ ယခင်က မိုဝူကျိသည် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ရာ ကြိုးစားရင်း အမျိုးမျိုးသော ခံစားမှုများ၊ ဒုက္ခများကို ဖြတ်ကျော်ခဲ့ရသည်။ ဤဓားစွမ်းအင်က ကြောက်မက်ဖွယ် ကောင်းသော်လည်း သူ့တွင် ကမ္ဘာဦး ဝိညာဉ်မရှိဘဲ ခရမ်းရေကန်သာ ရှိသည့်အတွက် သူ့အနေနှင့် ခန္ဓာကိုယ် လေ့ကျင့်ဖို့ရာ အတော်လေး သင့်တော်လှပေသည်။
အကယ်၍ မိုဝူကျီသာ ဓားအကျဉ်းထောင်ထဲ၌ ဓားစွမ်းအင်ကို ဝဲကတော့ကို မတွေ့ခဲ့လျှင် သူ့အနေနှင့် နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၂ ရောက်ရှိဖို့ရာ အချိန်အတော် ကြာမြင့်သွားလောက်ပေ၏။
ကျင့်ကြံခြင်းကား အချိန်ယူရသလို ခန္ဓာကိုယ် လေ့ကျင့်ခြင်းလည်း အချိန် လိုအပ်သည်။ မိုဝူကျိကဲ့သို့ ရုပ်ခန္ဓာ လေ့ကျင့်ထားသူ တစ်ယောက်အနေနှင့် ဓားစွမ်းအင်ကြောင့် ဒဏ်ရာများမှာ သူ တောင့်ခံနိုင်သော အရာများ ဖြစ်၏။
နှစ်ဝက်တာ ကုန်ဆုံးသွားပြီးနောက် မိုဝူကျိက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၂ ကို အခြေတည်ရုံသွားရုံသာမက နတ်ဘုရား ရုပ်ခန္ဓာ အဆင့် ၃ သို့ ရောက်ရှိသွားလေပြီ။
အင်မော်တယ်လောက၌ တစ်စုံတစ်ယောက်အနေဖြင့် နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၃ အထိ လေ့ကျင့်နိုင်ခြင်းကို ကြားသိရလျှင် အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြလိမ့်မည်။ မဟာဧကရာဇ်များပင် နတ်ဘုရား ရုပ်ခန္ဓာအဆင့် ရှိကြသည် မဟုတ်ပေ။ မိုဝူကျိလို မဟာလော့ရှန်းအဆင့်လေးအနေနှင့် ပြောနေဖို့ပင် မလိုတော့ချေ။
မိုဝူကျိက နတ်ဘုရား ရုပ်ခန္ဓာအဆင့်ထဲ ရောက်ရှိလာစဉ် သူ့ကျင့်ကြံဆင့်မှာ အလွန်နိမ့်ကျလွန်းနေ၏။ ဓားအကျဉ်းထောင်ထဲတွင် အဆင်ပြေနေသော်လည်း ခန္ဓာကိုယ်ပေါ်ရှိ ဓားစွမ်းအင်များ၏ တိုက်စားမှု၊ နာကျင်မှုကို တောင့်ခံထားရန် လိုအပ်နေသေးသည်။
လက်ရှိ မိုဝူကျိက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၃ ဖြစ်သောကြောင့် ဓားအကျဉ်းထောင်ထဲ ပုံမှန်သမာရိုးကျ လမ်းလျှောက်လျှင်ပင် သူ့ခန္ဓာကိုယ်မှာ ဓားစွမ်းအင်ကြောင့် ထိခိုက်မည် မဟုတ်တော့ပေ။
မိုဝူကျိက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၃ ရောက်ရှိသွားသည်နှင့် သူ့စိတ်ထဲ၌ အရာအားလုံးကို လျစ်လျှူရှုထားပြီး အဆင့် ၄ အဖြစ် တက်လှမ်းဖို့ရာသာ ကြိုးစားလိုစိတ် ရှိတော့သည်။
ရုပ်ခန္ဓာ လေ့ကျင့်ထားသူ တစ်ယောက်အနေနှင့်် မိုဝူကျိက နတ်ဘုရား ရုပ်ခန္ဓာ အဆင့် ၃ နှင့် အဆင့် ၄ ကြား မည်မျှ ကွာခြားချက် ရှိကြောင်း ကောင်းကောင်း သိပေ၏။
သူသာ နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၄ ရောက်ရှိသွားလျှင် ဓားစွမ်းအင်မြစ်ရေ သယ်ဖို့ ကိစ္စကား ဌက်ပျောသီး အခွံခွာစားရသလို လွယ်ကူလာလိမ့်မည်။ ထို့ကြောင့် သူက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၄ ရောက်ဖို့ရာ စိတ်အားပြင်းပြနေခြင်း ဖြစ်၏။ သူက ရုပ်ခန္ဓာ စတင်မလေ့ကျင့်ခင်အချိန်က သူ့ကိုယ်သူ ဓားစွမ်းအင် ဝဲကတော့အနီး အရမ်းကပ်မသွားစေရန် သတိပေးနေရသည်။
လက်ရှိ မိုဝူကျိက သူ့စိတ်ထဲမှ စိုးရိမ်မှုများကို ထုတ်ထားလိုက်သည်။ ဓားစွမ်းအင် ဝဲကတော့ အဖျားနားမှ ဓားစွမ်းအင်များက သူ့အတွက် အကျိုးမရှိတော့ပေ။ သူ အမှန်တကယ် တိုးတက်လိုလျှင် ဓားစွမ်းအင်ဝဲကတော့ အနီးဆီ သွားရမည်မှန်း သိ၏။
……………….…
ဘေးကင်းနွယ်တောင်၌
ဖန်းဟုန်၊ ရှန့်ဟဲကောင်းနှင့် ဝေကျီတောက်တို့မှာ ဝေကျီတောက်၏ အင်မော်တယ် အမဲလိုက်သူ အင်အားစု ခန်းမ၌ ထိုင်နေကြသည်။
သုံးယောက်လုံး၏ မျက်နှာပေါ်၌ လေးနက်သော အမူအယာများ ရှိနေပြီး သူတို့ဒဏ်ရာများမှာ ယခင်နှစ်ဝက်ကထက် ပို၍ ကောင်းမွန်လာသော်လည်း ပြန်လည်ကောင်းမွန်လာသည့် အမြန်နှုန်းမှာ သူတို့ ခန့်မှန်းထားသည်နှင့် အလှမ်းကွာနေသေး၏။
“ အင်မော်တယ်ရောင်းရင်းဝေ …. ပြောပါဦး ” အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရှန့်ဟဲကောင်းက အရင်ဦးစွာ ပြောလိုက်သည်။
ဝေကျီတောက်ကား မပြောင်းမလဲ တည်ရှိနေပြီး
“ ခင်ဗျားတို့ နှစ်ယောက်လုံး ကျုပ်တို့တွေ ဓားစွမ်းအင်မြစ်ရေကို အသုံးပြုလေလေ ပြန်ကောင်းလာတဲ့နှုန်းက သက်ရောက်မှု နည်းလာလေလေဆိုတာကို သတိပြုမိကြလား။ ပြီးတော့ ကျုပ်တို့က အင်မော်တယ်ရောင်းရင်းဖန်းရဲ့ နည်းလမ်းနဲ့ဆိုရင်တောင် ဓားစွမ်းအင် မြစ်ရေ ခပ်ဖို့က ခက်နေတုန်းပဲ ….
အရင်တုန်းက အင်မော်တယ် အုပ်စိုးသူအဆင့်နဲ့ အင်မော်တယ် ဧကရာဇ် တပိုင်းအဆင့်တွေက ရေခပ်နိုင်ပေမဲ့ အခုကျ ကျုပ်တို့သုံးယောက်အပြင် ဘယ်သူကမှ ရေမခပ်နိုင်ကြတော့ဘူး။ ကျုပ်တို့တွေ ရေအများကြီး ခပ်မိလို့ ဓားစွမ်းအင်မြစ်ထဲက မျှခြေ ပျက်သွားတာများလား ….. ”
ရှန့်ဟဲကောင်းက ပြန်ဖြေလိုက်၏ “ အစ်ကိုဝေ ပြောတာ မှန်တယ်။ အဲဒါအပြင် အစ်ကိုဝေနဲ့ အစ်ကိုဖန်းတို့ ဘေးကင်နွယ်တောင်က ဓားစွမ်းအင်တွေ အားလျော့လာတာကို သတိထားမိကြတယ်မလား။ အရင်က လေးနာရီလောက်ပဲ ဓားစွမ်းအင် ကင်းလွှတ်နေတာ ဆိုပေမဲ့ အခုတော့ နေရာအများစုမှာ ၁၆ နာရီလောက် လွှတ်နေတဲ့ နေရာတွေ ရှိလာပြီ။ ပြီးတော့ ကျန်ရှိနေတဲ့ ၈ နာရီထဲက ဓားစွမ်းအင်ကလည်း အားအရမ်းနည်းတယ် … ”
ရှန့်ဟဲကောင်းက အသက်ပြင်းပြင်း ရှုကာ
“ ပုံမှန်ဆိုရင်တော့ ကျုပ်တို့တွေ ဘေးကင်းနွယ်တောင်မှာ ဓားစွမ်းအင် လျော့နည်းသွားတာကို ပျော်သင့်တယ်ဆိုပေမဲ့လည်း ကျုပ်တော့ ခံစားချက် ထူးဆန်းနေတယ်။ ဓားစွမ်းအင်တွေ အားနည်းသွားလေလေ ကျုပ် ခံစားလာရတာ သိသာလာလေလေပဲ … ခင်ဗျားတို့ နှစ်ယောက်ရော ကျုပ်လို ခံစားမိကြလား ”
ရှန့်ဟဲကောင်း၏ စကားကို ကြားပြီး ဖန်းဟုန်နှင့် ဝေကျီတောက်တို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်ပြလိုက်သည်။ သူတို့လည်း စိတ်မသက်မသာ ဖြစ်မှုက တဖြည်းဖြည်း ပိုဆိုးလာသည်ကို ခံစားမိကြသည်။
“ နျဲ့ချုံးအန်းနဲ့ ကျန့်မင်ချန်းတို့ မိုဝူကျိကို သွားရှာဖို့ ဘေးကင်းနွယ်တောင်ကနေ ထွက်သွားတဲ့ အကြောင်းအရင်းကို သိသွားပြီ။ မိုဝူကျိက သဘာဝကျီဆေးလုံး ပိုင်ဆိုင်ထားတယ်လေ။ ဓားစွမ်းအင် မြစ်ရေ ကိစ္စက သူတို့အတွက် ဒုတိယအကြောင်းအရင်းပဲ ဖြစ်လိမ့်မယ်။ အဓိကအကြောင်းအရင်းက …”
ဝေကျီတောက် ရပ်လိုက်ပြီး မည်သူကမှ ဆက်မပြောကြတော့ပေ။ အားလုံးက စိတ်ထဲ၌ အဖြေကို သိနေကြပြီး ထိုအရာမှာ ဘေးကင်းနွယ်တောင်နှင့် ပတ်သတ်ပြီး တစ်ခုခု မှားယွင်းနေသည့် အချက်ကြောင့်သာ ဖြစ်လိမ့်မည်။