← Chapters

ရေမရှိတဲ့နေရာကိုလမ်းလျှောက်သွား ၊ တိမ်တွေမြင့်တက်လာတာကိုထိုင်ကြည့်

Vol. 59 Ch. 826

ရေမရှိတဲ့နေရာကိုလမ်းလျှောက်သွား ၊ တိမ်တွေမြင့်တက်လာတာကိုထိုင်ကြည့်

Vol. 59 Ch. 826

အခန်း (၈၂၆) ရေမရှိတဲ့နေရာကိုလမ်းလျှောက်သွား ၊ တိမ်တွေမြင့်တက်လာတာကိုထိုင်ကြည့်

လက်ရှိမှာတော့ ဖုထင်က စောစောက ရန်ကျောက်ကဲနှင့် တိုက်ခိုက်ခဲ့သလို လက်ရည်စမ်းမှုမျိုး မပြုလုပ်တော့ဘဲ အရှိန်အဟုန်ဖြင့် အနိုင်ရရန်သာ ကြိုစားခဲ့သည်။

တိုက်ပွဲကိုကြည့်နေသည့် ရန်ကျောက်ကဲမှာလည်း ‘ကြာပန်းနီကပ်ဘေး’ ကိုအတိအကျ မျက်မြင်တွေ့မြင်ခဲ့ရသည်။

ဖုထင်က သူမလက်ကိုဆန့်ထုတ်လိုက်ပြီး သူမခါးတွင်ချိတ်ထားသည့် အိတ်တစ်လုံကို ယူလိုက်သည်။ သူမလက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်သည်နှင့် မီးရောင်အလင်းတန်းတစ်ခု လွင့်ပျံထွက်လာသည်။

ထိုမီးရောင်အလင်းတန်းက ပြင်ပကမ္ဘာသို့ရောက်ရှိသည်နှင့် အလွန်တောက်ပသော ကြာနီပွင့်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက်မှာတော့ ကြာပန်းနီကပေါက်ကွဲထွက်သွားပြီး လေထုတစ်ခုလုံးပင် အက်ကွဲသွားသည်။

ပြင်းထန်သောအဖျက်စွမ်းအားများက အလွန်တရာပူပြင်းထက်ရှလှသည်။ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအသုံးပြုမထားသည့် ရန်တိ၏ဓားတိညာဉ်ကဲ့သို့ပင် ဖြစ်၏။

ကံကောင်းသည်မှာ ‘ကြာပန်းနီကပ်ဘေး’ ပွင့်လန်းလာရန်အတွက် အချိန်လိုအပ်လေသည်။ ထိုအရာ၏စွမ်းအားများက အချိန်တိုအတွင်း လွယ်လွယ်နှင့် ဖြစ်တည်မလာနိုင်ပေ။

တစ်ချိန်တည်းပင် ရန်ကျောက်ကဲသည် ဖုထင်၏ ကိုယ်ပိုင်တန်ခိုးစွမ်းအား မည်မျှအားကောင်းကြောင်းကိုလည်း အတည်ပြုလိုက်နိုင်သည်။ သူမက ရတနာပစ္စည်းများကိုချည်း ရိုးရှင်းစွာအားကိုးနေသူတစ်ယောက် မဟုတ်ပေ။

တူညီသောကျင့်ကြံခြင်းအဆင့်တွင် လင်ဟန့်ဟွာ ၊ ကျွမ်းကျောင်းဟွေနှင့် ခန်းဖင်းတို့သည်ပင် သူမကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ပြောရမည်ဆိုလျှင် သူမနှင့်အရည်အချင်းချင်းယှဉ်နိုင်သူမှာ မြောက်ပင်လယ်ဓားခန်းမမှ ယွဲ့ပေါင်ချီဖြစ်နိုင်သော်လည်း မြောက်ပင်လယ်ဓားခန်းမမှ သိုင်းပညာက ပိုးသားဧကရာဇ်ကိုယ်တိုင်သင်ကြားပြသပေးခြင်းခံရသော ဖုထင်၏သိုင်းပညာကိုတော့ မည်သည့်နည်းနှင့်မှ ယှဉ်နိုင်မည် မဟုတ်ပေ။

ဖုထင်၏ အရည်အချင်း ၊ တန်ခိုးစွမ်းအားနှင့်အတူ ထူးခြားသော အသိပညာ ၊ ရင်သပ်ရှုမောဖွယ်အလှတရားများက ရွယ်တူများအားလုံးထက်သာလွန်သူတစ်ယောက်အဖြစ် သူမကိုဖန်တီးပေးခဲ့သည်။

ဤအချက်များအပြင် သူမတွင် ရတနာပစ္စည်းများစွာလည်း ရှိသေးသည်။ ‘ကြာပန်းနီကပ်ဘေး’ က တိုက်စစ်စွမ်းအားဆိုလျှင် ‘ဇာမဏီတောင်ပံ” က သူမ၏ထင်ရှားသော ခံစစ်ဖြစ်သည်။

ကိုယ်ခွဲပေါင်းစပ်ခြင်း တတိယအဆင့် သိုင်းသူတော်စင်ဖြစ်သည့်တိုင် လက်တွေ့တိုက်ပွဲများတွင် သူမက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များစွာကိုပင် မှောက်လှန်ပစ်နိုင်သူ ဖြစ်သည်။

ယခု သူမ၏ပြိုင်ဘက်ဖြစ်သော ကောင်းချင်သည်လည်း အလားတူ ထူးချွန်သူတစ်ယောက် ဖြစ်၏။ သူမက ဖုထင်ထက်အသက်ငယ်ရွယ်ပြီး ကိုယ်ခွဲပေါင်းစပ်ခြင်း အလယ်ဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

ထိုသို့သောကျင့်ကြံခြင်းအဆင့်မျိုးဖြင့်ဆိုလျှင် သာမန်ကျင့်ကြံသူတစ်ယောက်ဆိုပါက ပြန်လည်တိုက်ခိုက်နိုင်စွမ်းပင်မရှိဘဲ ချက်ချင်းအသက်ပျောက်သွားနိုင်သည်။

ယခု ကောင်းချင်က အနည်းငယ်အသာစီးမရသည့်တိုင် ဖုထင်သည်လည်း သူမကို အချိန်တိုအတွင်း အနိုင်ယူနိုင်ခဲ့ခြင်း မရှိပေ။

ကောင်းချင်က နတ်ဘုရားထောင်ချောက်ဓားသိုင်းနှင့် နတ်ဘုရားအဆုံးသတ်ဓားသိုင်းကို တစ်ချိန်တည်းမှာပင် အသုံးပြုခဲ့သည်။

ထိုဓားသိုင်းပညာ (၂)ရပ်ကို ပြောင်းလဲအသုံးပြုရာတွင် နှောင့်နှေးမှုလုံးဝမရှိဘဲ လိုက်လျောညီထွေအသုံးပြုနိုင်သည်ကို ကြည့်ခြင်းအားဖြင့် တုနှိုင်းမမီသောဓားသိုင်းစွမ်းရည်ကို ပြသနိုင်သည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

"ဒါ တကယ့် နတ်ဘုရားထောင်ချောက်ဓားသိုင်းပဲ ၊ ဒါကြောင့် သူ ဒီသီးခြားနယ်မြေထဲကို အမြန်ဆုံးရောက်လာတာပေါ့ ၊ အံ့သြစရာမရှိတော့ပါဘူး”

“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက စန့်ချင်အဆက်အနွယ်တွေနဲ့ နာမည်ဂုဏ်သတင်းနဲ့အညီ ရှင်သန်နေတာပဲ ၊ ကောင်းချင်ရဲ့တန်ခိုးစွမ်းအားက အထက်ဘုံကမ္ဘာက ဖုထင်ရဲ့တန်ခိုးစွမ်းအားထက် မနိမ့်ဘူးပဲ”

ကောင်းချင်နှင့် ဖုထင်၏တိုက်ပွဲက တူညီသောကျင့်ကြံခြင်းအဆင့်သာဖြစ်ခဲ့လျှင် အနိုင်အရှုံးခန့်မှန်းရခက်သည့်တိုက်ပွဲတစ်ခု ဖြစ်နိုင်သည်။

လောလောဆယ်တွင် ကောင်းချင်က အသာစီးမရရှိသော်လည်း သူမက တောင့်ခံထားနိုင်ဆဲ ဖြစ်သည်။

သူမထက် ပိုမိုစွမ်းအားကြီးမားသော ဖုထင်ကိုရင်ဆိုင်ရသည့်အခါ ကောင်းချက်က နတ်ဘုရားထောင်ချောက်ဓားသိုင်းကိုသာ အဓိကထားအသုံးပြုသည်။

နတ်ဘုရားထောင်ချောက်ဓားသိုင်းက ဗလာနယ်အာကာသထဲ ထိုးဖောက်ဖြတ်သန်းနိုင်ရုံသာမက တိုက်ခိုက်ရာတွင် နေရာကာလအပြောင်းအလဲကို ထိန်းချုပ်နိုင်စွမ်းရှိသည်။

ထို့ကြောင့် ထိုဓားသိုင်းကိုအသုံးပြုပြီး ကောင်းချင်က ဖုထင်နှင့် အချိန်ကြာမြင့်စွာ တို်ကပွဲဝင်နိုင်ခဲ့သည်။ သူမ မရှောင်လွှဲနိုင်သည့် ထိုးနှက်ချက်များဖြင့် ရင်ဆိုင်ရသည့်အခါ ကောင်းချင်က နတ်ဘုရားအဆုံးသတ်ဓားသိုင်းဖြင့် ခုခံသည်။

သို့ဖြစ်ရာ ဖုထင်မှာသူမကို အချိန်တိုအတွင်း အနိုင်ရရှိရန် မဖြစ်နိုင်တော့ပေ။

နှစ်ဖက်လုံးတိုက်ပွဲကြားတွင်ပိတ်မိနေပြီး အချိန်ကြာလာသည်နှင့်အမျှ အခြားတစ်ဖက်တွင် ထိပ်တိုက်ရင်ဆိုင်နေကြသော အကြီးအကဲများမှာလည်း ခရမ်းရောင်တိမ်တိုက်ပင်လယ်ကိုဖြတ်ကျော်ကာ ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖိုရှိရာသို့ နီးကပ်လာကြသည်။

ကြီးမားသော မီးပြင်းဖိုကြီးသည် လေထုထဲတွင် ငြိမ်သက်စွာတည်ရှိနေပြီး ပတ်ဝန်းကျင်ပြင်းထန်သောတိုက်ပွဲများက ထိုမီးပြင်းဖိုကို လုံးဝ ထိခိုက်ဟန် မရှိပေ။

ခရမ်းရောင်တိမ်တိုက်များအလယ် ပုန်းကွယ်နေကြသော ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်းနှင့် အခြားသူများကတော့ လက်ရှိအခြေအနေကို အာရုံစူးစိုက်လျှက်ရှိသည်။

အားဟူက...

"သခင်လေး.... ဒီမီးပြင်းဖိုက တစ်ခုခုမှားနေပြီထင်တယ်"

အားဟူမျက်နှာက ခါတိုင်းကဲ့သို့ ပြုံးမနေတော့ဘဲ တည်ကြည်လေးနက်နေသည်။

“အမတကူးပြောင်းခြင်းအဆင့် တန်ခိုးစွမ်းအားရှင်တွေ ဒီနေရာကိုအများကြီးရောက်လာပြီဆိုတော့ သူတို့တွေအားလုံးရဲ့ ပဋိပက္ခတွေကြားမှာ ဒီမီးပြင်းဖိုကိုယူချင်တယ်ဆိုရင် ကျွန်‌တော်တို့တွေ ခက်ခက်ခဲခဲဖိအားတွေ ရင်ဆိုင်ရလိမ့်မယ်”

ရန်ကျောက်ကဲက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို စူးစိုက်ကြည့်လိုက်သည်။

"ငါလည်း ဒီမီးပြင်းဖိုက တစ်ခုခုမှားနေတယ်လို့ ခံစားရတယ်"

တကယ်တော့ မီးပြင်းဖိုကိုရယူရန် ယခုအချိန် လှုပ်ရှားသည်က အကောင်းဆုံးဖြစ်သည်။

မြောက်ဖေးတောင်ထွတ်မှ ကျင့်ကြံသူများနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ကျင့်ကြံသူများမှာ တိုက်ပွဲအလယ်တွင် ပိတ်မိနေဆဲဖြစ်ပြီး မည်သူမှ မီးပြင်းဖိုကိုရယူရန် ဖောက်ထွက်နိုင်ခြင်း မရှိကြသေးပေ။

သို့ဖြစ်ရာ လက်ရှိအချိန်တွင် လှုပ်ရှားမည်ဆိုပါက ရန်ကျောက်ကဲအတွက် အောင်မြင်ရန် အခွင့်အလမ်းများစွာရှိသည်။

လှုပ်ရှားမည်လား ၊ မလှုပ်ရှားဘူးလား။

သူ့စိတ်အာရုံခံစားချက်ကို ယုံကြည်ရမည်လား။

ရန်ကျောက်ကဲက ဆက်တိုက်ဆိုသလို စဉ်းစားရင်း မေးခွန်းထုတ်နေခဲ့သည်။

အယူအဆတစ်ချက်လွဲမှားသွားသည်နှင့် ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖိုကဲ့သို့ ရတနာပစ္စည်းတစ်ခုကို အချည်းနှီးစွန့်လွှတ်လိုက်ရမည် ဖြစ်သည်။

ထိုရတနာပစ္စည်းက ဆေးလုံးအနည်းငယ် ၊ သို့မဟုတ် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကဲ့သို့ ရိုးရှင်းခြင်း မရှိပေ။

ထိုရတနာပစ္စည်းက တိုက်ခိုက်ရေးပစ္စည်းတစ်ခုမဟုတ်သော်လည်း အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများသာမက ‘အမတမှော်ဝင်ပစ္စည်း’ တစ်ခုထက်ပင် တန်ဖိုးရှိသည်။

ရန်ကျောက်ကဲ တုံ့ဆိုင်းနေသော်လည်း သူ၏သံသယများကိုထောက်ခံရန် မှန်ကန်သည့်အထောက်အထား မရှိခဲ့ပေ။ အားလုံးက သူ့စိတ်ခံစားချက်အပေါ်တွင်သာ အခြေခံသည်။

ထိုခံစားချက်က သူ့စိတ်အနက်ရှိုင်းဆုံးနေရာတွင် ရှိနေခဲ့သော မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံနန်းတော်နှင့်ပတ်သက်သည့် အမှတ်တရများမှ ဆင်းသက်လာသော ခံစားချက် ဖြစ်သည်။

ရန်ကျောက်ကဲကဲ့သို့ ကျင့်ကြံသူတစ်ယောက်အတွက် စိတ်အာရုံခံစားမှုဆိုသည်က သာမန်မဟုတ်ဘဲ ထူးခြားသောကိစ္စ ဖြစ်သည်။

သို့သော် အာရုံခံစားမှုဆိုသည်က လျှို့ဝှက်ဆန်းကျယ်ပြီး အချို့အရာများက ထင်ယောင်ထင်မှားဖြစ်ကြလေရာ သိုင်းကျင့်ကြံသူတစ်ယောက်ကို ဝေခွဲမရဘဲ လမ်းမှားသို့လည်း ရောက်ရှိသွားစေသည်။

အပြင်ဘက်တွင် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များ ပြင်းထန်စွာတိုက်ခိုက်နေကြသည်မှလွဲပြီး မည်သည့်မူမမှန်မှုကိုမှ မခံစားရပေ။

ရန်ကျောက်ကဲ ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်လိုက်သည်။

“သူခံစားနေရသည့် ခံစားချက်က ထင်ယောင်ထင်မှားခံစားချက်တစ်ခုလား...”

သူမျက်လုံးကိုအသာမှိတ်လိုက်ပြီး မီးပြင်းဖိုကိုမကြည့်တော့ဘဲ စိတ်အာရုံကို စူးစိုက်လိုက်သည်။

အချိန်အတန်ကြာမှ ရန်ကျောက်ကဲက မျက်လုံးများဖွင့်လိုက်ပြီး နက်ရှိုင်းသည့်လေသံဖြင့်...

“ရေမရှိတဲ့နေရာကိုလမ်းလျှောက်သွား ၊ တိမ်တွေမြင့်တက်လာတာကိုထိုင်ကြည့်...”

“ငါတို့တွေ စောင့်လိုက်ကြတာပေါ့”

ရန်ကျောက်ကဲက ပြောလိုက်သည်။

“ငါမှားသွားတယ်ဆိုရင်လည်း ဘာမှမတတ်နိုင်ဘူး ၊ ငါ့ဆုံးဖြတ်ချက်အတွက် နောက်ဆက်တွဲအကျိုးဆက်ကို ငါပဲခံစားရမှာပဲ”

ရန်ကျောက်ကဲက စောင့်ဆိုင်းရန်ပြောလိုက်သည်နှင့် ဖန်းယွင်ရှန်း ၊ အားဟူနှင့် ရှောင်အိုက်တို့ကလည်း မည်သည့်စကားမှမဆိုဘဲ ဆက်လက်စောင့်ဆိုင်းနေကြသည်။

အားလုံးက ပင့်သက်ရှိုက်ရင်း ရန်ကျောက်ကဲနှင့်အတူ ရွှမ်ရှောက်ကျိကျင်းမီးဖိုကို စိုက်ကြည့်ကာ စိတ်ရှည်စွာ စောင့်နေကြသည်။

အချိန်အတန်ကြာပြီးနောက် ခရမ်းရောင်တိမ်တိုက်ပင်လယ်ပြင်မှတိုက်ပွဲများက ပိုမိုပြင်းထန်လာသည်။

ကောင်းချင်နှင့်အခြားသူများမှာ နောက်သို့ဆက်တိုက်ဆိုသလိုဆုတ်နေရပြီး ခံစစ်တိုက်ခိုက်ရန်ပင် တဖြည်းဖြည်းခက်ခဲလာသည်။

ထိုအချိန် ခရမ်းရောင်တိမ်တိုက်များကိုထိုးခွင်းပြီး အတွင်းထဲမှ လူရိပ်များထွက်ပေါ်လာသည်။

အပြင်းအထန်တိုက်ခိုက်နေကြသော သိုင်းသူတော်စင် (၃)တွဲသည် နက်ရှိုင်းလှသော ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖိုကို တွေ့ရသည့်အခါ မျက်ဝန်းများတောက်ပလင်းလက်သွားကြသည်။

သူတို့ရောက်လာသည်နှင့် ဖုထင် ၊ ကောင်းချင်နှင့်အခြားသူများ တိုက်ခိုက်ခြင်းရပ်တန့်လိုက်ပြီး ဘေးသို့ဆုတ်ခွာသွားကြသည်။ သူတို့ဆက်လက်တိုက်ခိုက်မည်ဆိုလျှင်လည်း အဓိပ္ပါယ်ရှိတော့မည် မထင်ပေ။

ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်သော သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူ (၂)ယောက်က အဆက်မပြတ်ပင် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုနားရောက်လာပြီး လက်ဖြင့်ထိကိုင်ရန် ကြိုးစားလိုက်ကြသည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ တန်ခိုးစွမ်းအားရှင်က နတ်ဘုရားထောင်ချောက်ဓားသိုင်းကို လေ့ကျင့်ထားသူဖြစ်လေရာ အချိန်နှင့်နေရာကို လျစ်လျူရှုပြီး မီးပြင်းဖိုအနားသို့ရောက်ရှိသွားကာ လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

မီးပြင်းဖိုက ရုတ်တရက် ပြင်းထန်စွာတုန်ခါလာပြီး သူ့လက်တစ်ခုလုံး ပြုတ်ထွက်သွားလုမတတ် ဖြစ်ရသည်။

သူက အပြင်းထန်ဆုံးတန်ခိုးစွမ်းအားအသုံပြုထားသည့်တိုင် မီးပြင်းဖိုကို ယူဆောင်ရန် မဖြစ်နိုင်ခဲ့ပေ။

ခဏမျှနှောင့်နှေးသွားသော သူ၏ပြိုင်ဘက်ကလည်း သူ၏ဓားကိုရှောင်တိမ်းကာ မီးပြင်းဖိုတစ်ဖက်သို့ရောက်သွားပြီး လက်ဖြင့်ထိကိုင်လိုက်သည်။

ယခုအချိန်တွင် နှစ်ဖက်စလုံးက မီးပြင်းဖိုကိုထိန်းချုပ်ရန်ကြိုးစားနေကြပြီး အချိန်အတန်ကြာအောင် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေကြသည်။

ကျန်ရှိသော အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၄)ယောက်မှာလည်း တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန် တိုက်ခိုက်ကြရင်းပင် ရှေ့သို့တိုးလာကာ မီးပြင်းဖိုကိုလှမ်းကိုင်ရန် ကြိုးစားလိုက်ကြသည်။

ထိုအချိန်...

“ရွှမ်ရှောက်ကျိကျင်း” မီးပြင်းဖို ရုတ်တရက် တုန်လှုပ်သွားပြီး မီးပြင်းဖိုအဖုံးပွင့်သွားကာ အတွင်းထဲမှ အလင်းတန်းများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြင်းထန်သောအရှိန်အဟုန်ဖြင့် ရိုက်ခတ်သွားသည်။

ထို့နောက်မှာတော့ မီးပြင်းဖိုကိုကာကွယ်ပေးထားသည့် ပတ်ဝန်းကျင်တစ်ခုလုံးမှ ခရမ်းရောင်တိမ်တိုက်များမှာ ကောင်းကင်ထက်သို့လှမ့်တက်သွားပြီး မီးပြင်းဖိုအတွင်းသို့ စုစည်းဝင်ရောက်သွားသည်။

အဂ္ဂိရိတ်မီးပြင်းဖိုမှ ထုတ်လွှတ်နေသော ရွှေရောင်အလင်းတန်းများက အရပ်ရပ်သို့ လင်းထိန်တောက်ပနေသည်။

ဖုထင် ၊ ကောင်းချင်နှင့်အခြားသူများ အံတင်းတင်းကြိတ်လိုက်ပြီး အရှေ့ဆီသို့သွားရောက်ကာ ကူညီရန် ဟန်ပြင်လိုက်ကြသည်။

ခရမ်းရောင်တိမ်တိုက်များပျောက်ကွယ်သွားသည်နှင့် ရန်ကျောက်ကဲတို့အုပ်စုသည်လည်း သူတို့ရှိနေသည့်နေရာတွင် ထွက်ပေါ်လာကြသည်။

အားလုံးအံ့အားသင့်နေကြစဉ်မှာပင်...

အဂ္ဂိရတ်မီးပြင်းဖိုအတွင်းမှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

အနက်ရောင်အလင်းတန်းက နေရာတိုင်းသို့ လွှမ်းခြုံသွားပြီး ကြီးမားသော ပုံရိပ်ယောင်နန်းတော်ကြီးအသွင် ပြောင်းလဲသွားလေ၏။

All Chapters