← Chapters

မီးပြင်းဖိုကိုသိမ်းပိုက်ခြင်း

Vol. 59 Ch. 827

မီးပြင်းဖိုကိုသိမ်းပိုက်ခြင်း

Vol. 59 Ch. 827

အခန်း (၈၂၇) မီးပြင်းဖိုကိုသိမ်းပိုက်ခြင်း

ကြီးမားသည့် ပုံရိပ်ယောင်နန်းတော်ကြီးက အနက်ရောင်အလင်းတန်းများဖြင့် လွှမ်းခြုံနေပြီး လေထုသည်လည်း လျှို့ဝှက်ဆန်းကျယ်လာကာ ကောင်းကင်တစ်ခုလုံးပျံ့လွင့်သွားပြီး ပတ်ဝန်းကျင်ကွင်းပြင်တစ်လျှောက် ပျံ့နှံ့သွားသည်။

ပြင်းထန်မွှေးပျံသည့်ဆေးရနံ့များက နန်းတော်တစ်ခွင်ပျံ့လွင့်သွားပြီး နေရာတစ်ခုလုံးသို့ စိမ့်ဝင်သွားသည်။

ဤ သီးခြားနယ်မြေကို (၇)လွှာ ပိုင်းခြားထားသည်။

သို့သော် ယခုတော့ အပေါ်ဆုံးအလွှာကိုဗဟိုပြုပြိး အောက်ဘက်မှအလွှာ (၆)လွှာက တစ်ညီတစ်ညွတ်တည်းရွေ့လျားလျှက် အဆက်မပြတ်တွန့်ခေါက်ကာ လာရောက်ပေါင်းစည်းသည်။

အနည်းဆုံး အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်မဟုတ်လျှင် ထို အလွှာ (၆)လွှာတွင်ရှိသူ မည်သူမဆို အရိုးအသားပင်မကျန်အောင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသေဆုံးသွားမည် ဖြစ်သည်။

အနက်ရောင်နန်းတော်ကိုကြည့်ရင်း ရန်ကျောက်ကဲမျက်ဝန်းများထဲတွင် အလင်းရောင်တစ်ခု လက်ခနဲ လင်းလက်သွားသည်။

သူ၏နက်ရှိုင်းရာမှတ်ဉာဏ်များအတွင်းမှ မြင်ကွင်းတစ်ခုက စိတ်ထဲတွင် ပြန်လည်ထင်ဟပ်လာသည်။

အပြင်ပန်းသဏ္ဌန်အရ သူ့အရှေ့မှ နန်တော်ကြီးသည် ယခင်တစ်ချိန် မိုးကောင်းကင်ခုံရုံးရှိ ကောင်းကင်ဘုံနန်းတော်မှ ‘အဂ္ဂိရတ်ခန်းမ’ ဖြစ်နေသည် မဟုတ်ပါလား။

ကောင်းကင်ကိုးထပ်အထက်တွင်တည်ရှိသော မိုးကောင်းကင်ခုံရုံးတွင် အစွမ်းထက်ဆေးဝါးများနှင့် အံ့သြဖွယ်ရာဆေးဝါးများ များပြားစွာတည်ရှိသည်။ ‘အဂ္ဂိရတ်ခန်းမ’ ဆိုသည်က ကောင်းကင်ဘုံနန်းတော်၏ အရေးကြီးသော အဖိုးတန်နယ်မြေတစ်ခု ဖြစ်ခဲ့သည်။

သို့သော် ရန်ကျောက်ကဲမှတ်ဉာဏ်များထဲမှ ‘အဂ္ဂိရတ်ခန်းမ’ ဆိုသည်က ပကတိအဖြူရောင်အတိဖြစ်ပြီး မစွန်းထင်းသောနံရများဖြင့် ရွှေရောင်အလင်းတန်းများလွင့်ပျံနေသည့် နေရာတစ်ခုဖြစ်သည်။ ယခု နန်းတော်ကြီးကတော့ အနက်ရောင်အလင်းများဖြင့် လွှမ်းခြုံခံထားရသည်။

ဤသည်က ‘အဂ္ဂိရတ်ခန်းမ’ အစစ်အမှန်မဟုတ်ဘဲ ဤနေရာတွင်ရှိခဲ့သော ‘အဂ္ဂိရတ်ခန်းမ’ ကိုအသွင်ယူကာပြုလုပ်ထားသည့် ပုံရိပ်ယောင်အစီအရင်တစ်ခုမျှသာ ဖြစ်သည်။

ရန်ကျောက်ကဲ မျက်ဝန်းများကို အသာမှေးမှိတ်လိုက်ရင်း...

“ဒါက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကိုအသုံးပြုပြီး တည်ဆောက်ထားတဲ့ယန္တရားတစ်ခုများလား”

ဖုထင် ၊ ကောင်းချင်နှင့် အခြားသူများမှာ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း နားလည်လိုက်သည့်တိုင် အချိန်နှောင်းသွားပြီ ဖြစ်သည်။

ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို လက်ဖြင့်ထိကိုင်ထားသော အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၆)ယောက်မှာ အဆုံးမရှိသောတွင်းနက်ကြီးအတွင်းသို့ အထိန်းအကွပ်မှု စုပ်ယူသွားခြင်း ခံလိုက်ရသည်။

အနက်ရောင်နန်းတော်ကြီးသည် အနက်ရောင်အလင်းတန်းများဖြင့် လွှမ်းခြုံနေပြီး နံရံများကလည်း အတွင်းသို့ ထိုးဖောက်တွေ့မြင်နေရသည်။

ထိုသိုင်းသူတော်စင် (၆)ယောက် နန်းတော်ခန်းမအလယ်တွင် ကူရာကယ်ရာမဲ့စွာ ရုန်းကန်နေသည်ကို ရန်ကျောက်ကဲနှင့် အခြားသူများ တွေ့မြင်နေရသည်။

ထိုသူများက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များဖြစ်သည့်တိုင် သူတို့၏ရုပ်ခန္ဓာများကို ထိန်းချုပ်မှုဆုံးရှုံးသွားပြီး ထိခိုက်လွယ်လာကြသည်။ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်သည်ပင် တွင်းနက်၏စုပ်ယူခြင်းမှ ရုန်းထွက်နိုင်ခြင်းမရှိဘဲ မည်သို့မှမတတ်နိုင်စွာ ရုန်းကန်နေကြရသည်။

အနက်ရောင်နန်းတော်ကြီးက အတွင်းပိုင်းသို့ တဖြည်းဖြည်းပြိုကျလာပြီး အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၆)ဦးလုံး တွင်းနက်ကြီးအတွင်း စုပ်ယူခံလိုက်ရသည်။

နန်း‌တော်အပြင်ဘက်တွင်ရှိနေသည့် ဖုထင် ၊ ကောင်းချင်နှင့် အခြားသူများမှာလည်း ထိုတွင်းနက်ကြီး၏စွမ်းအားကို တွန်းလှန်နိုင်ခြင်း မရှိခဲ့ကြပေ။  ခပ်ဝေးဝေးတစ်နေရာတွင်ရပ်နေသော ရန်ကျောက်ကဲတို့အုပ်စုသည်ပင် ထိုတွင်းနက်ကြီး၏ စုပ်ယူစွမ်းအားကို မခံရပ်နိုင်ဘဲ တွင်းနက်ဆီသို့ ဆွဲခေါ်ခံလိုက်ရသည်။

ကြီးမားသော နန်းတော်အောက်ခြေတွင် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုရှိနေပြီး ထိုမီးပြင်ဖိုက အနက်ရောင်နန်းတော်ဖြစ်တည်လာရာ ရင်းမြစ်ဖြစ်သည်။ မီးပြင်းဖိုက တစ်ချက်တုန်ခါသွားပြီး လေထဲသို့ပျံသန်းလာကာ တွင်းနက်ကြီးအတွင်း ကျဆင်းသွားလေသည်။

တွင်းနက်ကြီး လုံးလုံးလျားလျား ပြိုကျသွားသည့်အခါ အချိန်နှင့်ဗလာနယ်တစ်ခုလုံး ကမောက်ကမအခြေအနေအဖြစ် ပြောင်းလဲသွားသည်။

တွင်းနက်ထဲသို့ရောက်သည်နှင့် အရှေ့ဆီတွင် အဆုံးမရှိသော ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခုရှိနေကြောင်း ရန်ကျောက်ကဲ တွေ့လိုက်ရသည်။ ထိုကမ္ဘာဖြတ်လမ်းကြောင်းက အမည်မသိနေရာတစ်ခုဆီသို့ ဦးတည်နေ၏။

တွင်းနက်ကြီး၏စုပ်ယူခြင်းကို ပထမဆုံးခံလိုက်ရသည့် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၆)ယောက်မှာ မည်သည့်နေရာသို့ ရောက်ရှိသွားမှန်း မသိရတော့ပေ။ ဖုထင် ၊ ကောင်းချင်နှင့် အခြားသူများသည်လည်း သဲလွန်စမကျန် ပျောက်ကွယ်သွားကြပေပြီ။

အားဟူက မချိပြုံးပြုံးရင်း...

"သခင်လေး... ဒီလိုဖြစ်လာမယ်လို့ အာရုံခံမိတာလား ၊ အခုတော့ ကျွန်တော်တို့လည်း ဒုက္ခရောက်ပြီ...”

ရန်ကျောက်ကဲ၏မျက်နှာအမူအရာက တည်ကြည်လေးနက်နေသော်လည်း နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ထင်ဟပ်လာသည်။

“မသေချာသေးပါဘူး”

ရန်ကျောက်ကဲ တွေးနေစဉ်မျာပင် အသင်္ချေနဂါးနန်းတော်၏ ထုတ်တန်း ၊ တိုင်လုံးကြီးနှင့် နန်းတော်တံခါးတို့မှ ရောင်စဉ်ခုနစ်သွယ်အလင်းတန်းများ ဖြာလင်းထွက်ပေါ်လာသည်။

ထိုအလင်းတန်းများထွက်ပေါ်လာသည်နှင့် ရန်ကျောက်ကဲတို့ကိုစုပ်ယူနေသည့် တွင်းနက်ကြီး၏စွမ်းအားနှေးကွေးသွားပြီး တဖြည်းဖြည်း ရပ်တန့်သွားသည်။

သူတို့ရှေ့မှ ပရမ်းပတာဖြစ်နေသည့် ကမ္ဘာဖြတ်လမ်းကြောင်းက မြဲမြံခိုင်မာသည့် တကယ့်အစစ်အမှန်လမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်တံခါးကို မှီလျှက်ထိုင်နေပြီး လက်ညှိုးကိုဆန့်ကာ လေထဲတွင် ဝိညာဉ်သင်္ကေတများ ရေးလိုက်သည်။

ထိုအခါ ပတ်ဝန်းကျင်တစ်ခုလုံးတွင် များပြားလှစွာသော ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာသည်။ ထိုဝိညာဉ်သင်္ကေတများက ဤနေရာတွင် နဂိုကပင် ရှိနေသော ဝိညာဉ်သင်္ကေတများဖြစ်ပြီး ယခင် ကောင်းကင်ဘုံနန်းတော် ၊ အဂ္ဂိရတ်ခန်းမနှင့်ဆက်စပ်နေသော ဝိညာဉ်သင်္ကေတများ ဖြစ်ကြသည်။

အသင်္ချေနဂါးနန်းတော်ထဲတွင်ပေါင်းစပ်ပြုလုပ်ထားသည့် ကောင်းကင်ဘုံနန်တော်ထောက်တိုင် ၊ ကောင်းကင်ဘုံနန်းတော်ထုတ်တန်းနှင့် ကောင်းကင်ဘုံနန်တော်တံခါးများက အလင်းရောင်များတောက်ပလာပြီး မျက်နှာပြင်ထက်တွင် ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာသည်။

လေထုထဲတွင် ဝိညာဉ်သင်္ကေတများ ပေါင်းစပ်သွားပြီး ‌ရောင်စဉ်ခုနစ်သွယ် အလင်းတန်းများစွာအဖြစ်သို့ ပြောင်းလဲသွားသည်။

ခဏအကြာတွင် လေထုထဲတွင် ကျယ်လောင်သောအသံတစ်သံ ရုတ်တရက်ထွက်လာပြီး ၊ ထို့နောက်မှာတော့ ရောင်စဉ်ခုနစ်သွယ်အလင်းတန်းများ ပျောက်ကွယ်သွားပြီး နက်ရှိုင်းသောအမှောင်ထုထဲမှ ကြီးမားသော မီးပြင်းဖိုကြီးတစ်လုံး ထွက်ပေါ်လာသည်။

ထိုမီးပြင်းဖိုကြီးမှ ခရမ်းရောင်အလင်းတန်းများတောက်ပနေပြီး အတိအကျပင် ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖို ဖြစ်၏။

ဤအဂ္ဂိရတ်မီးပြင်းဖိုသည် ကောင်းကင်ဘုံနန်တော်ထောက်တိုင် ၊ ကောင်းကင်ဘုံနန်းတော်ထုတ်တန်းနှင့် ‌ကောင်းကင်ဘုံနန်းတော်တံခါးတို့မှ ရောင်စဉ်ခုနစ်သွယ်အလင်းတန်းများဖြင့် ဆွဲယူခံလိုက်ရပြီး အိပ်ပျော်နေသည့်အလား အလွန်တိတ်ဆိတ် ငြိမ်သက်နေသည်။

ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ကိုဖွင့်လှစ်လိုက်သည့်အခါ နန်းတော်ကြီးက မီးပြင်းဖိုကြီးကို တစ်ချက်တည်း စုပ်ယူမိုချပစ်လိုက်သည်။

ထို့နောက်မှာတော့ ကြီးမားသောတံခါးကြီးက ဝုန်းကနဲပိတ်သွားလေသည်။

အသင်္ချေနဂါးနန်းတော်တံခါးကြီးပိတ်သွားသည်နှင့် ပတ်ဝန်းကျင်မှ အချိန်နှင့်ဗလာနယ်အာကာသက ရုတ်တရက် ပရမ်းပတာအခြေအနေအဖြစ် ပြောင်းလဲသွားသည်။

ကမ္ဘာဖြတ်လမ်းကြောင်းအစွန်းတစ်ဖက်မှ ဆွဲငင်နေသော ကြီးမားသည့်စွမ်းအားမှာ တစ်ဖက်မှ ရုတ်တရက် ကြိုးစကိုလွှတ်ချလိုက်သည့်အလား ရုတ်ချည်းပင် ပေါ့ပါးသွားသည်။

တစ်ဆက်တည်းပင် ‘ဝုန်း’ ကနဲမြည်သံနှင့်အတူ ကမ္ဘာဖြတ်လမ်းကြောင်း ပျက်ဆီးသွားလေသည်။

ရန်ကျောက်ကဲ ၊ အားဟူ ၊ ဖန်းယွင်ရှန်းနှင့် ရှောင်အိုက်တို့က အသင်္ချေနဂါးနန်းတော်ထဲတွင် ရှိနေကြပြီး နဂါးနန်းတော်ကြီးက ရှုတ်ထွေးလှသော ဗလာနယ်အာကာသအတွင်း မျောပါသွားသည်။

ထိုအချိန်ခဏအတွင်းမှာပင် နဂိုမူလ ကမ္ဘာဖြတ်လမ်းကြောင်းတည်ရှိရာ အစွန်းတစ်ဖက်မှ အေးစက်သောအငွေ့အသက်တစ်ခု ထွက်ပေါ်လာကြောင်း ရန်ကျောက်ကဲ ခံစားလိုက်ရသည်။

ထိုအေးစက်မှုက ဓားသွားတစ်လက်ပမာဖြစ်ပြီး ဒေါသနှင့်မကျေနပ်မှုများ ပြည့်နက်နေသော ခံစားချက်ကိုပေးစွမ်းသည်။ ဒေါသနှင့် မကျေနပ်မှု ခံစားချက် (၂)ခုက ရောယှက်ပေါင်းစပ်နေပြီး တစ်ချိန်ထဲမှာပင် ရန်ကျောက်ကဲထံသို့ ရှင်းလင်းစွာ ဝင်ရောက်လာသည်။

စိတ်မကောင်းစရာမှာ ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖိုက အသင်္ချေနဂါးနန်းတော်ထဲတွင် ချိတ်ပိတ်ခံရပြီး လုပ်ဆောင်နေသည့် ထုံးတမ်းအစီအရင်သည်လည်း လုံးဝ ရပ်တန့်သွားခြင်း ဖြစ်သည်။

ရန်ကျောက်ကဲတို့အုပ်စုက ထိုကမ္ဘာဖြတ်လမ်းကြောင်းအဆုံးသို့ မသွားတော့ဘဲ ဖရိုဖရဲအာကာသအတွင်းမှ အခြားလမ်းကြောင်းများဆီသို့ ဦးတည်ထွက်ခွာသွားသည်။

ထိုကမ္ဘာဖြတ်လမ်းကြောင်းသည်လည်း လျှင်မြန်စွာပင် ပျက်သုဉ်းသွားပြီး တဖြည်းဖြည်း သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။

အရာအားလုံးက အိပ်မက်ထဲမှ ပုံရိပ်ယောင်တစ်ခုပမာပင်။

သို့သော် ဘုံခုနစ်ဆင့်စေတီပါရှိသော ဤသီးခြားနယ်မြေတစ်ခုလုံး ပြိုကျပျက်ဆီးသွားပြီဖြစ်သော်လည်း ဤနေရာမှ တုန်လှုပ်ဖွယ်ရာမြင်ကွင်းက လူတိုင်းကိုအမှတ်ရနေစေသည်။

ပြီးတော့ အခြားသူများထက် အရင်ဆုံး တွင်းနက်ထဲစုပ်ယူခံလိုက်ရသည့် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၆)ယောက်မှာလည်း အချိန်မီထိုးဖောက်ထွက်နိုင်ခြင်းမရှိဘဲ အပြည့်အဝ စုပ်ယူခံလိုက်ရဟန်တူသည်။

ရန်ကျောက်ကဲက သူ့မျက်စိရှေ့မှ အဖြစ်အပျက်များကိုပြန်စဉ်းစားရင်း လေးလေးနက်နက်သုံးသပ်နေသည်။

အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်ကိုပင် မည်သို့မှ ခုခံနိုင်စွမ်းမရှိအောင် သုတ်သင်နိုင်ခဲ့သော ဤထုံးတမ်းအစီအရင်က စွမ်းအားကြီးမားလွန်းလှ၏။

ရန်ကျောက်ကဲ၏ အသင်္ချေနဂါးနန်းတော်မှ ကောင်းကင်ဘုံနန်းတော် ထုတ်တန်း ၊ ထောက်တိုင်နှင့် တံခါးတို့ကြောင့်သာမဟုတ်လျှင် ဤ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိမှ စွမ်းအားကိုအသုံးပြုထားသည့် ထုံးတမ်းအစီအရင်က သူတို့အားလုံးကိုပင် အဝေးသို့စုပ်ယူသွားမည် ဖြစ်သည်။

သို့ဆိုလျှင် ဤ ထုံးတမ်းအစီအရင်ကို ပြုလုပ်ထားသူက မည်သူဖြစ်ပါသနည်း။

အခြားသူများက မသိနိုင်သော်လည်း ရန်ကျောက်ကဲကတော့ ပုံရိပ်ယောင်တစ်ခုဖြစ်သော အနက်ရောင်အဂ္ဂိရတ်ခန်းမကို တွေ့ရချိန်တွင် တစ်စုံတစ်ခုကို သေချာသွားခဲ့သည်။

အတိတ်တစ်ချိန် မဟာကပ်ဘေးကြီးအပြီးတွင် အဂ္ဂိရတ်ခန်းမက ထိုကပ်ဆိုးကြီးမှ လွတ်မြောက်ခဲ့ဟန်တူသည်။ ကပ်ဘေးကြီးမှ လွတ်မြောက်ပြီးနောက် ထိုအဂ္ဂိရတ်ခန်းမကြီးသည် အဆုံးမရှိသောဗလာနယ်ထဲတွင် လွင့်မျောနေခဲ့ဟန်ပင်။

ထို့ကြောင့်ပင် ထုံးတမ်းအစီအရင်တည်ဆောက်သူသည် အနက်ရောင် ပုံရိပ်ယောင်နန်းတော်ကြီးကို ပုံဖော်နိုင်ခဲ့ခြင်း ဖြစ်၏။

သို့သော် ဤ ထုံးတမ်းအစီအရင်ကို ပြုလုပ်ခဲ့သူက မည်သူဖြစ်ပါသနည်း။

ယုတ္တိကျကျပြောရမည်ဆိုလျှင် ဤသို့သောစွမ်းဆောင်နိုင်သူတစ်ယောက်ရှိလျှင် ထိုသူသည် အဂ္ဂိရတ်ခန်းမနှင့် မီးပြင်းဖိုကို အပိုင်သိမ်းသွားမည် ဖြစ်၏။

ယခု ရန်ကျောက်ကဲက ထုံးတမ်းအစီအရင်ကိုဖျက်ဆီးပြီး ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို သိမ်းပိုက်လိုက်သည့်အခါ တစ်ဖက်လူက အစီအရင်ကိုမရပ်တန့်ဘဲ မကျေမနပ်ဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။ သို့သော် ထုံးတမ်းအစီအရင် ရပ်တန့်သွားသဖြင့် ရန်ကျောက်ကဲကို တားဆီးနိုင်ခြင်းမရှိဘဲ ဘာမှဆက်မလုပ်နိုင်ခဲ့ပေ။

ရန်ကျောက်ကဲ အတော်လေးခေါင်းခြောက်သွားသလို သူ့စိတ်ထဲ သံသယများစွာဖြင့် ပြည့်နက်လာသည်။

“ဒါ အတော်လေး ထူးဆန်းတာပဲ...”

ရန်ကျောက်ကဲက သက်ပြင်းတစ်ချက်ချလိုက်ပြီး အသင်္ချေနဂါးနန်းတော်နက်ရှိုင်းရာသို့ လှမ်းကြည့်လိုက်သည်။  ထိုနေရာတွင် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုမှာ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ ‘အိပ်မောကျလျှက်’ ရှိ၏။

ယိုးမင်ဂမ္ဘီရစက်ဝန်းသည်လည်း တိတ်ဆိတ်ငြိမ်သက်နေသည့်တိုင် ထိုရတနာပစ္စည်းက ပြင်ပလောကမှ တိုက်ခိုက်မှုများကို ခံရသည့်အခါ အနည်းငယ် တုံ့ပြန်မှု ရှိသေးသည်။

သို့သော် ရွှမ်ရှောက်ကျိကျင်း မီးပြင်းဖိုကတော့ မည်မျှပင်ကြိုးစားပါစေ တစ်ချက်မှ လှုပ်ရှားသက်ဝင်လာခြင်း မရှိခဲ့ပေ။

“ငါ့ရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ ဒီမီးပြင်းဖိုကို သန့်စင်နိုင်ဖို့ မလုံလောက်သေးဘူး ၊ ဒီရတနာပစ္စည်းကို အသုံးပြုချင်တယ်ဆိုရင် အချိန်ယူဖို့လိုတယ်”

ထိုကိစ္စနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲက စိတ်အနှောက်အယှက်မဖြစ်ခဲ့ပေ။ ဤသို့ပင်ဖြစ်လာမည်ဟု သူမျှော်လင့်ထားပြီးသား ဖြစ်၏။

လှိုင်းထန်နေသော အချိန်နှင့်ဗလာနယ် အာကာသစီးကြောင်းမျာကိုဖြတ်သန်းရင်း ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ကို ထိန်းချုပ်မောင်းနှင်လာသည်။ သူတို့အုပ်စုအနေဖြင့် ယာယီအားဖြင့် အန္တရယ်ကင်းနိုင်သော်လည်း ယိုးမင်ဂူဗိမာန်မှထွက်ခွာလာသကဲ့သို့ပင်  အိမ်အပြန်လမ်းကို ရှာဖွေရမည် ဖြစ်သည်။

ဗလာနယ်ထဲတွင် အချိန်ကြာမြင့်စွာ ဆက်လက်လွင့်မျောနေမည်ဆိုပါက အသင်္ချေနဂါးနန်းတော်အနေဖြင့် ဤဝန်ထုပ်ဝန်ပိုးကို ခံနိုင်ရည်ရှိမည် မဟုတ်‌ပေ။

အချိန်အတန်ကြာ ဗလာနယ်အာကာသထဲတွင် လွင့်မျောနေပြီးနောက် သူတို့ရှေ့တွင် ကမ္ဘာတစ်ခုပေါ်လာသည်ကိုတွေ့ရသည်။ ရန်ကျောက်ကဲက ချက်ချင်းပင် နဂါးနန်းတော်ကို ထိန်းချုပ်ပြီး ထိုကမ္ဘာရှိရာသို့ သွားရောက်ရန် ဦးတည်လိုက်၏။

ထိုကမ္ဘာသို့ရောက်သည်နှင့် သူနှင့် ရင်းနှီးနေသောမျက်နှာများကို ရန်ကျောက်ကဲ တွေ့လိုက်ရလေသည်။

လူစုကိုဦးဆောင်သူမှာ ‘ကောင်းချင်’ ဖြစ်ပြီး များပြားလှစွာသော စန့်ချင်အဆက်အနွယ်များက ရုတ်တရက်ရောက်လာသည့် ရန်ကျောက်ကဲတို့အုပ်စုအား အံ့အားသင့်စွာဖြင့် ကြည့်နေကြလေသည်။

All Chapters