နှစ်ခါအမြတ်ထွက်
Vol. 59 Ch. 828
အခန်း (၈၂၈) နှစ်ခါအမြတ်ထွက်
ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုက အသင်္ချေနဂါးနန်းတော်ထဲတွင် ငြိမ်သက်တိတ်ဆိတ်စွာရှိနေလေသည်။
နဂါးနန်းတော်ထက်မှ အံ့သြဖွယ်ရာ ရောင်စဉ်ခုနစ်သွယ်အလင်းတန်းများသည်လည်း ပျောက်ကွယ်သွားပြီး နဂါးအစစ်တန်ခိုးစွမ်းအားများသာ ထွက်ပေါ်လျှက် ရှိသည်။ ထို့ကြောင့် ရန်ကျောက်ကဲထံတွင် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို ရောက်ရှိနေသည်ကို အခြားသူများ သတိထားမိရန် ခက်ခဲစေသည်။
အထက်ဘုံကမ္ဘာမှလူတိုင်း လိုချင်တပ်မက်သော ထိပ်တန်းရတနာပစ္စည်း “ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို” သည် ရန်ကျောက်ကဲလက်ထဲ ကျရောက်သွားခဲ့ပေပြီ။
ကောင်းချင်တို့အုပ်စုက ရန်ကျောက်ကဲတို့ကိုမြင်တော့ အံ့အားသင့်သွားသည်။
“ရှင်တို့တွေက...”
ကောင်းချင်တို့အုပ်စုနှင့် ဤနေရာတွင် အမှတ်မထင်ဆုံရသော်လည်း ရန်ကျောက်ကဲမျက်နှာထက် ခံစားချက်တစ်စုံတရာ မပြခဲ့ပေ။
“အားလုံးကို နှုတ်ဆက်ပါတယ်”
စန့်ချင်အဆက်အနွယ်များထဲမှ တစ်စုံတစ်ယောက်က ရုတ်တရက် အမူအရာပြောင်းလဲသွားပြီး သူ့လူများထံ အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။
သူ့စကားကြားတော့ အားလုံး အံ့အားသင့်သွားကြပြီး ကောင်းချင်က ရန်ကျောက်ကဲကို စိတ်ဝင်တစားဖြင့်ကြည့်ရင်း တိုက်ရိုက်ပင်မေးလိုက်၏။
“ရှင်က နေဝန်းထက်ယံအရှင်သခင်ရဲ့ ဆက်ခံသူ ရန်ကျောက်ကဲလား...”
ထိုစကားကြားတော့ ဤစန့်ချင်အဆက်အနွယ်များက စွန်းကျုန်းတာ့လိုပင် သူ၏အလင်းပုံရိပ်ကို မြင်ဖူးထားရမည်ဟု ရန်ကျောက်ကဲ တွေးလိုက်သည်။
သူက ပြုံးရင်း...
“ငါက ရန်ကျောက်ကဲဆိုတာမှန်ပါတယ် ၊ ဒါပေမဲ့ နေဝန်းထက်ယံအရှင်သခင်ရဲ့အဆက်အနွယ်တော့ မဟုတ်ပါဘူး”
ကုန်းချင်တို့အုပ်စုက ရန်ကျောက်ကဲကို အကဲခတ်နေပြီး မည်သို့ရှေ့ဆက်စကားပြောရမည်ကို စဉ်းစားနေပုံရသည်။
ရန်ကျောက်ကဲ၏ ကျော်ကြားမှုက အထက်ဘုံကမ္ဘာ ၊ အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်ကိုကျော်လွန်နေပြီဖြစ်သော်လည်း သူ၏ဇာစ်မြစ်နှင့်ပတ်သက်ပြီး အမျိုးမျိုးသော ကောလဟလများထွက်ပေါ်နေလေရာ သူ့အကြောင်း သေချာသိရှိရန် ခက်ခဲသည်။
စန့်ချင်အဆက်အနွယ်များက အထက်ဘုံကမ္ဘာမှ ယွိချင်နှင့် ထိုက်ချင်အဆက်အနွယ်များကို ဆန့်ကျင်ခဲ့ကြသော်လည်း သူတို့က မျက်စိတ်မှိတ်ရန်လိုနေခြင်း မဟုတ်ပေ။ အထူးသဖြင့် ရန်ကျောက်ကဲကဲ့သို့ လူသိများပြီး တန်ခိုးစွမ်းအားမြင့်မားသော်လည်း ဇာစ်မြစ်ကိုသေသေချာချာမသိနိုင်သည့် လူငယ်တစ်ယောက်ကို သူတို့က တိုက်ခိုက်မည် မဟုတ်ပေ။
အားလုံးက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကိုရရှိရန် တိုက်ခိုက်ခဲ့ကြသော်လည်း ကောင်းချင်တို့အုပ်စုကတော့ ထိုမီးပြင်းဖိုက ရန်ကျောက်ကဲလက်ထဲရောက်သွားမည်ဟု မထင်ခဲ့ကြပေ။
ထို့ပြင် သူတို့နှစ်ဖွဲ့ကြားတွင် ပဋိပက္ခများလည်း မရှိခဲ့ကြပေ။
ရန်ကျောက်ကဲက မီးပြင်းဖိုကိုရယူရန် နောက်ကွယ်မှစောင့်ဆိုင်းနေသည်ဟု ဖုထင်ကဲ့သို့ သူတို့က သံသယဝင်ခြင်း မရှိခဲ့ကြပေ။
ခရမ်းရောင်တိမ်တိုက်ပင်လယ် ပျောက်ကွယ်သွားချိန်တွင် ရန်ကျောက်ကဲတို့အုပ်စုထွက်ပေါ်လာသည်ကို တွေ့လိုက်ရသော်လည်း သူတို့အုပ်စုက ထိုနေရာတွင်ရောက်နေသည်မှာ ကြာပြီလား ၊ နောက်ပိုင်းမှ ရောက်လာခြင်းလားဆိုသည်ကို မသိခဲ့ကြပေ။
မည်သို့ပင်ဖြစ်စေ သူတို့က ရန်ကျောက်ကဲအပေါ် ရန်လိုသည့်သဘောထားမရှိခဲ့ကြသဖြင့် အတိတ်တစ်ချိန်က နေဝန်းထက်ယံအရှင်သခင်သည် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ လာရောက်လည်ပတ်ခဲ့ဖူးကြောင်း ရန်ကျောက်ကဲ သဘောပေါက်လိုက်သည်။
အထက်ဘုံကမ္ဘာတွင် ခွန်လွန်အထင်ကရ (၉)ပါး နေလိုလလိုထွန်းလင်းတောက်ပလျှက် အုပ်စိုးစဉ်အခါက အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ဆက်ဆံရေးက ယခုလောက်အခြေအနေတင်းမာခြင်း ရှိဟန်မတူပေ။
ရန်ကျောက်ကဲက ခဏမျှ စဉ်းစားရင်း...
“စောစောက တွင်းနက်ထဲစုပ်ယူခံလိုက်ရတော့ တခြားနေရာတစ်ခုကို ငါတို့ကိုဆွဲယူနေတဲ့ ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခုပေါ်လာတယ် ၊ ဒါပေမဲ့ အဲဒီကမ္ဘာဖြတ်လမ်းကြောင်းက ရုတ်တရက် ပျက်ဆီးသွားတော့ ငါတို့လည်း ဗလာနယ်ထဲမှာ မျောသွားပြီး အခု ဒီကမ္ဘာကိုတွေ့တော့မှ ဒီမှာတစ်ထောက်နားပြီး အခြေအနေသုံးသပ်မလို့ ရောက်လာတာ ၊ မင်းတို့လည်း အဲဒီလိုပဲလား မသိဘူး”
ထိုစကားကိုကြားတော့ စန့်ချင်အဆက်အနွယ်များ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ခေါင်းညိတ်လိုက်ကြသည်။
ကောင်းချင်က...
“ကျွန်မတို့လည်းအတူတူပါပဲ ၊ အဝေးကိုစုပ်ယူခံလိုက်ရတာလေ ၊ ဒါပေမဲ့ ကမ္ဘာဖြတ်လမ်းကြောင်းက ဘာကြောင့်မှန်းမသိ ရုတ်တရက်ကြီး ပြိုကျသွားတာ”
ရုတ်တရက် သူမမျက်နှာထက်စိုးရိမ်ပူပန်မှုများထွက်ပေါ်လာပြီး...
“ဆရာဦးလေး’ထန်’ နဲ့ ဆရာဦးလေး’လု’ တို့ ဘယ်ရောက်သွားပြီလဲ မသိဘူး”
ထိုစကားကိုကြားတော့ စန့်ချင်အဆက်အနွယ်များ စိတ်ဓာတ်ကျပြီး မျက်နှာမကောင်းဖြစ်သွားကြသည်။
ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ထိကိုင်လိုက်ကြသည့် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၆)ယောက်မှာ မီးပြင်းဖိုကိုအခြေခံပြီး ပြုလုပ်ထားသည့် ထုံးတမ်းအစီအရင်ကြောင့် ပြိုကျသွားသည့်အနက်ရောင်နန်းတော်ကြီးနှင့်အတူ တွင်းနက်ကြီးအတွင်းသို့ ချက်ချင်းပင် စုပ်ယူခံလိုက်ရသည်။
ပြီးမှ ရန်ကျောက်ကဲ ၊ ကောင်းချင်နှင့် ဖုထင်တို့အုပ်စုများက အတွင်းသို့ စုပ်ယူခံကြရခြင်း ဖြစ်၏။
သို့သော် ရန်ကျောက်ကဲက ကောင်းကင်ဘုံနန်းတော် ထောက်တိုင် ၊ တိုင်လုံးနှင့် တံခါးကြီးများ၏ စွမ်းအားဖြင့် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ဆွဲယူလိုက်သဖြင့် ကမ္ဘာဖြတ်လမ်းကြောင်းက လမ်းတစ်ဝက်တွင် အက်ကွဲပျက်ဆီးသွားလေရာ သူတို့အားလုံး အန္တရယ်ကို ရှောင်ရှားနိုင်ခဲ့ကြသည်။
သို့သော် တွင်းနက်ထဲသို့ ပထမဆုံးစုပ်ယူခံလိုက်ရသည့် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များ၏ ကံကြမ္မာကတော့ ပြောရန်ခက်ခဲသည်။
အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များသည်ပင် ထိုထောင်ချောက်အစီအရင်ကို ခုခံနိုင်စွမ်း မရှိခဲ့လေရာ တွေးကြည့်လေ ကျောရိုးထဲစိမ့်မတတ် ထိတ်လန့်ခံစားရလေ ဖြစ်၏။
လက်ရှိတွင် ကောင်းချင်တို့အုပ်စုမှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အလျှင်အမြန်ဆက်သွယ်ပြီး အကြီးအကဲများနှင့်ချိတ်ဆက်ကာ ဤပြဿနာကို ဖြေရှင်းရန် ဖြစ်သည်။
သို့သော် ပရမ်းပတာအခြေအနေများတွင် ထိုသို့ပြုလုပ်ရန်မှ မလွယ်ကူသဖြင့် စိတ်ရှည်လက်ရှည် အချိန်စောင့်ဆိုင်းနေကြရသည်။
ရန်ကျောက်ကဲက...
“ဟုတ်တယ် ၊ စောစောက အချိန်နဲ့ဗလာနယ်တစ်ခုလုံးက ပရမ်းပတာနဲ့ရှုတ်ထွေးနေတယ် ၊ လူတိုင်းကို ကမ္ဘာဖြတ်လမ်းကြောင်းရဲ့တစ်ဖက်ဆီ ဆွဲခေါ်ခံရပေမယ့် လမ်းတစ်ဝက်မှာ အဲဒီလမ်းကြောင်း ပျက်ဆီးသွားလို့ သက်သာရာရခဲ့တာ ၊ ဒါပေမဲ့ အရင်ဆုံး စုပ်ယူခံလိုက်ရတဲ့သူတွေကတော့ ဘယ်လိုရှိမလဲမသိဘူး”
ကောင်းချင်တို့အုပ်စုမှာ ရန်ကျောက်ကဲနှင့်စကားပြောနေရင်း အနည်းငယ် ရှက်ရွံ့နေမိသည်။
အမှန်တော့ စွန်းကျုန်းတာ့က ရန်ကျောက်ကဲအဖြစ်ဟန်ဆောင်ပြီး အထက်ဘုံကမ္ဘာသို့ထွက်ခွာသွားသည်ကို သူတို့အားလုံး သိရှိကြလေသည်။
ယခုတော့ စွန်းကျုန်းတာ့အခြေအနေ မည်သို့ရှိသည်မသိပေ။ သူက အထက်ဘုံကမ္ဘာ ၊ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ သဲလွန်စများကိုရှာဖွေပြီး ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုတည်ရှိရာ သီးခြားနယ်မြေသို့ ဝင်ရောက်ရန် ရည်ရွယ်ခဲ့သည်။
အဆုံးသတ်မှာတော့ ဘုံခုနစ်ဆင့်သီးခြားနယ်မြေသို့ စွန်းကျုန်းတာ့ရောက်မလာဘဲ တကယ့်ရန်ကျောက်ကဲအစစ်သာ ရောက်လာခဲ့သည်။
ထို့ကြောင့် ကောင်းချင်တို့အုပ်စုမှာ စွန်းကျုန်းတာ့အခြေအနေ မည်သို့ရှိမည်ကို သိချင်နေကြသည်။
အထက်ဘုံကမ္ဘာသို့ရောက်သည်နှင့် ရန်ကျောက်ကဲအဖြစ်ဟန်ဆောင်ထားသော စွန်းကျုန်းတာ့မှာ ရန်ကျောက်ကဲရှေ့ ပက်ပင်းတိုးသည့်အဖြစ်မျိုးတော့ မကြုံရနိုင်ဘူး မဟုတ်လား။
ကောင်းချင်က မေးမြန်းကြည့်ရန်ဟန်ပြင်လိုက်စဉ် သူ့ဘေးမှတပည့်တစ်ယောက်က အသံပို့လွှတ်စနစ်ဖြင့် လျှို့ဝှက်သတိပေးလိုက်သည့်အတွက် ဆက်မမေးဖြစ်တော့ပေ။
စွန်းကျုန်းတာ့အကြောင်း ရန်ကျောက်ကဲအား တိုက်ရိုက်ကြီးသွားမမေးသည်က ပိုကောင်းသည်။ မဟုတ်ပါက အရှက်ကွဲပေလိမ့်မည်။
လက်ရှိတွင် သူတို့အတွက် အရေးကြီးဆုံးကိစ္စမှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အဆက်အသွယ်ရရှိရန်ဖြစ်ပြီး အခြားပြဿနာများ ဖန်တီးရန် အချိန်ကောင်းမဟုတ်ပေ။ အပြာရောင်ခရီးရှည်နန်းတော်မှ အကြီးအကဲများရောက်လာမှသာ ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည် ဖြစ်၏။
ကောင်းချင်နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်ပြီး မည်သည့်စကားမှ မဆိုတော့ပေ။
ရန်ကျောက်ကဲက သူတို့အချင်းချင်း အသံပို့လွှတ်စနစ်ဖြင့် ပြောဆိုကြသည်ကို မသိရှိသော်လည်း ကောင်းချင်က စွန်းကျုန်းတာ့အကြောင်း မေးရန်ဟန်ပြင်ပြီးမှ ရပ်တန့်သွားခြင်းဖြစ်ကြောင်း ရိပ်မိလိုက်သည်။
ကောင်းချင်တို့အုပ်စုက မေးမြန်းခြင်းမရှိသဖြင့် ရန်ကျောက်ကဲသည်လည်း ပျော်ပျော်ကြီးပင် မသိချင်ယောင်ဆောင်နေလိုက်တော့သည်။
ရန်ကျောက်ကဲက...
“ဒီကမ္ဘာရဲ့ရောင်ဝါကိုကြည့်ရတာ... ဒီ’ရန်’ တစ်ခါမှမရောက်ဖူးတဲ့နေရာဒေသပဲ ၊ မင်းတို့ရော အရင်က ဒီနေရာကိုရောက်ဖူးကြသလား”
ထိုစကားကြားတော့ စန့်ချင်အဆက်အနွယ်များ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ခေါင်းခါယမ်းလိုက်ကြသည်။
ရန်ကျောက်ကဲက သူတို့ကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...
“ဒီလိုဆိုမှတော့... ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက်ဦးမယ် ၊ တခြားကိစ္စမရှိရင် ဒီ’ရန်’ ကို ခွင့်ပြုပါဦး”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲ ထွက်ခွာသွားလေသည်။
ကောင်းချင်မှာလည်း စကားမဆိုဖြစ်တော့ဘဲ အချင်းချင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သက်ပြင်းချရင်း အခြားတစ်ဖက်သို့ ထွက်ခွားသွားကြ၏။
သူတို့သည်လည်း ဤနေရာမှ ရောင်ဝါလည်ပတ်မှု ၊ ကမ္ဘာ့မြေပြင်အနေအထားနှင့် ချီစွမ်းအားစီးဆင်းမှုများကို လေ့လာရမည်ဖြစ်သည်။ သို့မှသာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ဆက်သွယ်နိုင်မည်ဖြစ်သလို ထိုနေရာသို့ပြန်ရန်လည်း နည်းလမ်းရှာဖွေနိုင်ပေမည်။
***
ပန်ပန်၏ခန္ဓာကိုယ်ကြီးက ရုတ်ချည်းပင် အဆမတန်ကြီးမားလာပြီး အသင်္ချေနဂါးနန်းတော်ကိုကျောထက်တင်ရင်း လေထဲတွင် ပြေးလွှားလျှက် ရှိသည်။
ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ထဲတွင် ထိုင်နေပြီး ဤကမ္ဘာ၏ရောင်ဝါနှင့် ချီစွမ်းအားလည်ပတ်မှုကိုလေ့လာရင်း ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကိုလည်း ကြည့်ရှုစစ်ဆေးနေသည်။
ဘုံခုနစ်ဆင့်ရှိသော သီးခြားနယ်မြေပြိုကျပျက်ဆီးသွားပြီးနောက် ထိုနေရာမှဆေးလုံးများအားလုံးက ချီစွမ်းအားစီးဆင်းမှုလမ်းကြောင်းအတိုင်း မီးပြင်းဖိုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ရန်ကျောက်ကဲတို့အုပ်စု အချိန်မရသဖြင့် မကောက်ယူဘဲချန်ထားခဲ့သော သီးခြားကမ္ဘာအတွင်းမှ ဆေးလုံးများစွာသည် ယခုတော့ အားထုတ်စရာမလိုဘဲ မီးပြင်းဖိုထဲတွင် အကျအနရောက်ရှိနေခဲ့သည်။
အထူးသဖြင့် ရန်ကျောက်ကဲကို အံ့အားသင့်စေသည်မှာ မီးပြင်းဖိုအောက်ခြေတွင်လည်း နဂိုကတည်းက သိုလှောင်ထားသော ဆေးလုံးများစွာ ရှိနေဆဲ ဖြစ်သည်။ ထိုဆေးလုံးများက ပမာဏများစွာ အရည်အသွေးများစွာ ဖြစ်ကြသည်။
အဂ္ဂိရတ်ထိုးရာတွင်အသုံးပြုရန်အတွက် မီးပြင်းဖိုထဲထည့်ထားခြင်းမဟုတ်ဘဲ ဤအတိုင်းပင် မီးပြင်းဖိုထဲ ထည့်သွင်းသိမ်းဆည်းထားခြင်း ဖြစ်၏။
ထိုဆေးလုံးများအရေအတွက်မှာ ဘုံခုနစ်ဆင့်သီးခြားနယ်မြေမှရရှိသော လက်ကျန်ဆေးလုံးအရေအတွက်ထက်ပင် ပိုမိုများပြားနေသေးသည်။
ရန်ကျောက်ကဲ အတော်လေးစိတ်ဝင်စားသွားပြီး...
“အရင်က ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို အသုံးပြုခဲ့တဲ့သူက ဘယ်သူလဲ ၊ အဲဒီလူနဲ့ ထုံးတမ်းအစီအရင်ကို ပြုလုပ်ခဲ့တဲ့သူက အတူတူပဲလား”
စဉ်းစားရင်းဖြင့် ရန်ကျောက်ကဲက နက်မှောင်နေသည့် ဆေးလုံးတစ်လုံးကို ကောက်ယူလိုက်သည်။
ဆေးလုံးက လက်ခနဲတောက်ပသွားပြီး မျဉ်းကွေးတစ်ခုပမာပျံသန်းရင်း တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားရှေ့သို့ ရောက်ရှိသွားလေသည်။