← Chapters

ဗုဒ္ဓဘာသာထွန်းကားရာကမ္ဘာ

Vol. 59 Ch. 830

ဗုဒ္ဓဘာသာထွန်းကားရာကမ္ဘာ

Vol. 59 Ch. 830

အခန်း (၈၃၀) ဗုဒ္ဓဘာသာထွန်းကားရာကမ္ဘာ

ရန်ကျောက်ကဲက တကယ်လည်းထမင်းငတ်ခံမည့်သူ မဟုတ်ပေ။

အတိအကျဆိုရသော် သူသောက်မည့်ဆေးလုံးများက ဖန်းယွင်ရှန်းတို့ (၃)ယောက်သောက်မည့်ဆေးလုံးများထက်ပင် ပိုများသေးသည်။

သူက ကျင့်ကြံခြင်းအဆင့်မြင့်မားသည့်အတွက် ဆေးလုံးများကိုသောက်သုံးပြီးနောက် ဆေးစွမ်းကိုသန့်စင်ချေဖျက်ရန် ပိုမိုလွယ်ကူသည်။

ဆေးလုံးများကိုစုစည်းရေတွက်နေရင်းမှ ရန်ကျောက်ကဲက လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုထက်သို့ ဖိနှိပ်လိုက်သည်။

သူ၏ခန္ဓာကိုယ်အတွင်းမှ ပရမ်းပတာချီစွမ်းအားအနှစ်သာရများမြင့်တက်လာပြီး သူ၏သိုင်းပညာအခြေခံအုတ်မြစ်ဖြစ်သော ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ၏တန်ခိုးစွမ်းအားထွက်ပေါ်လာသည်။

တိတ်ဆိတ်ငြိမ်သက်နေသော ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုသည် ယခု ပို၍ပင် တိတ်ဆိတ်နေပုံရသည်။

အပြင်လောကတွင် ဘာမှမထူးခြားသော်လည်း လေထုထဲတွင် မီးပြင်းဖိုနှင့်ချိတ်ဆက်နေပုံရသည့် ကြိုးမျှင်တန်းငယ်များကို ရန်ကျောက်ကဲ ဖျတ်ခနဲ တွေ့မြင်လိုက်ကြရသည်။

မီးပြင်းဖိုပတ်ပတ်လည်တွင် တိမ်တိုက်များမသိမသာလွှမ်းခြုံသွားပြီး မီးပြင်းဖိုကို အပြည့်အဝ ကာကွယ်ပေးလိုက်သည်။

အကယ်၍ တစ်ယောက်ယောက်က အဂ္ဂိရတ်ခန်းမကိုအသုံးပြုပြီး ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ရှာဖွေလိုပါက စိတ်ပျက်လက်ပျက်သာ ဖြစ်ရပေလိမ့်မည်။

သို့သော်လည်း ရန်ကျောက်ကဲက မီးပြင်းဖိုနှင့် အဂ္ဂိရတ်ခန်းမကြားမှ ချိတ်ဆက်မှုကို လုံးဝဖြတ်တောက်ခဲ့ခြင်း မရှိပေ။ အနာဂတ်တွင် အဂ္ဂိရတ်ခန်းမကို ရှာဖွေချင်သည်ဆိုပါက သဲလွန်စကျန်ရှိနေစေရန် ဖြစ်သည်။

ရန်ကျောက်ကဲက မီးပြင်းဖိုထက်မှ သူ့လက်ဖဝါးကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး နဂါးနန်းတော်အတွင်းမှထွက်ခွာလျှက် ပန်ပန်၏ဦးခေါင်းထက်သို့ ဆင်းသက်လိုက်၏။

ဖန်ဖန်က အသင်္ချေနဂါးနန်းတော်ကို ကျောထက်တွင်သယ်ဆောင်ရင်း ကောင်းကင်ထက်တွင် ပျံသန်းနေခြင်း ဖြစ်၏။

ဤကမ္ဘာက တစ်စပြင်ကမ္ဘာတစ်ခုမဟုတ်ဘဲ လမ်းတစ်လျှောက် မြို့ရွာများစွာကို ဖြတ်သန်းခဲ့သည်။ သို့သော် ဤကမ္ဘာ၏အခြေအနေကို ကောင်းစွာနားလည်ရန်အတွက် ပိုမိုကြီးမားသည့်မြို့တစ်မြို့ကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

မကြာမီ မိုးကုတ်စက်ဝိုင်ဆီမှ ကြီးမားသည့်မြို့ကြီးတစ်မြို့ပေါ်လာသည်။

ထိုမြို့ကြီးကိုသေသေချာချာလေ့လာပြီးနောက် ရန်ကျောက်ကဲက ပန်ပန်ကိုရပ်တန့်ခိုင်းလိုက်သော်လည်း အနားသို့မကပ်သေးပေ။

မြို့တော်ကြီးကိုကြည့်ရင်း ရန်ကျောက်ကဲမျက်ခုံးများ တွန့်ချိုးထားပြီး အချိန်အတန်ကြာ စကားမပြောဘဲ စူးစမ်းလေ့လာနေသည်။ မြို့တော်ကြီးက လူဦးရေထူထပ်ကာ စည်ကားနေပြီး တစ္ဆေမြို့တော်လိုမျိုး ခြောက်ကပ်နေခြင်း မရှိပေ။

သို့သော် ရန်ကျောက်ကဲအတွက်တော့ သတိထားစရာဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် မြို့တော်ထက်တွင် ဗုဒ္ဓရောင်ခြည်အလင်းတန်းတစ်ခု လွှမ်းခြုံထားသောကြောင့် ဖြစ်၏။

အေးချမ်းတိတ်ဆိတ်ပြီး တရားသဘောများက ထိုရောင်ခြည်အလင်းတန်းမှထွက်ပေါ်နေပြီး အဝေးတစ်နေရာမှ အဆုံးမရှိသော ဗုဒ္ဓကျမ်းဂန်ရွတ်ဆိုသံကိုပင် ကြားနေရသည်။

မြို့သူမြို့သားများက ဗုဒ္ဓကျမ်းဂန်များကို ရွတ်ဆိုနေကြခြင်းမဟုတ်သော်လည်း သူတို့က ဗုဒ္ဓကို ကိုးကွယ်ယုံကြည်ပြီး နံ့သာပေါင်းပူဇော်ကပ်လှူခြင်းအကျိုးကျေးဇူးမှတစ်ဆင့် ဗုဒ္ဓကျမ်းဂန်ရွတ်ဖတ်သံများ အလိုအလျောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ဒါက...”

ရန်ကျောက်ကဲသည် အမှန်တကယ်ပင် အံ့အားသင့်ခဲ့ရပြီး သူ မတော်တဆရောက်ရှိလာခဲ့သောကမ္ဘာသည် ဗုဒ္ဓဘာသာထွန်းကားသော ကမ္ဘာဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့မိပေ။

အရင်အချိန်များတုန်းက ဗုဒ္ဓဘာသာအမွေအနှစ်နှင့် ဝတ်ကျောင်းတော်များ ပျောက်ကွယ်နေသည်နှင့်ပတ်သက်ပြီး အလွန်ထူးခြားသည်ဟု ခံစားခဲ့မိသည်။

အမှန်တော့ မဟာကပ်ဘေးကြီးမတိုင်ခင်က ဗုဒ္ဓဘာသာက တာအိုဝါဒထက်ပင် တန်ခိုးကြီးမားပြီး ကိုးကွယ်ယုံကြည်သူ ပိုမိုများပြားသည်။

မဟာကပ်ဘေးကြီးပြီးဆုံးသွားသည့်နောက် တာအိုဝါဒသည်လည်းမှေးမှိန်သွားသလို ဗုဒ္ဓဘာသာသည်လည်း လုံးဝပျောက်ကွယ်သွားပြီး ဗုဒ္ဓဘာသာကျမ်းဂန်အကြွင်းအကျန်များကိုပင် မတွေ့မြင်ရတော့ပေ။ ဤအချက်က လုံးဝ မူမမှန်သည့်အချက် ဖြစ်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ ယွမ်ဖူကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာနှင့် အထက်ဘုံကမ္ဘာများတွင် မဟာကပ်ဘေးကြီးမတိုင်ခင်က တာအိုဝါဒအမွေအနှစ်များစွာ ကျန်ရစ်ခဲ့သည်။

ကပ်ဘေးကြီးအလွန် ခေတ်သစ်တစ်ခု ပြန်လည်တည်ထောင်သောအခါ သိုင်းပညာအမွေအနှစ်များကိုတူးဖော်ပြီး အခြေခံအဖြစ်အသုံးပြုကာ ပြန်လည်စတင်ကြရသည်။

တာအိုဝါဒမှ တန်ခိုးစွမ်းအားရှင်အချို့သည်ပင် ကပ်ဘေးကြီးအတွင်းမှ လွတ်မြောက်လာသည်ဟု ယူဆနိုင်ဖွယ်ရှိသော်လည်း ဗုဒ္ဓဘာသာကတော့သဲလွန်စမကျန် လုံးဝ ဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့သည်။

မဟာကပ်ဘေးကြီးက ဗုဒ္ဓဘာသာတစ်ခုလုံးကို အမြစ်ပြတ်ဖယ်ရှားပစ်ရန် ရည်ရွယ်ချက်မရှိပါက ဗုဒ္ဓဘာသာ ပျက်ဆီးသွားရန်မှာ မဖြစ်နိုင်ပေ။

ရန်ကျောက်ကဲအမြင်အရဆိုလျှင် မဟာကပ်ဘေးကြီးက တာအိုဝါဒထွန်းကားရာ ကောင်းကင်ဘုံနန်းတော်ကိုပင် ဦးတည်တိုက်ခိုက်သလို ရှိခဲ့သည်။

ကောင်းကင်ထက်မှဆင်းသက်လာသည့် ကြီးမားသောလက်ဖဝါးကြီးတစ်ဖက်သည် ရန်ကျောက်ကဲ၏ နောက်ဆုံးမှတ်ဉာဏ်များထဲတွင်ရှိနေပြီး ထိုသို့သောတိုက်ခိုက်မှုကို ပြုလုပ်သူများမှာ ဗုဒ္ဓဘာသာဘက်မှ ထိပ်တန်းတန်ခိုးစွမ်းအားရှင်တစ်ယောက်ပင် ဖြစ်နိုင်ကြောင်း ရန်ကျောက်ကဲ သံသယဝင်မိသည်။

မဟာကပ်ဘေးကြီးတွင် ပထမဆုံးစတင်တိုက်ခိုက်သူမှာ ဗုဒ္ဓဘာသာဘက်မှဖြစ်ပြီး တာအိုဝါဒက ပြန်လည်တိုက်ခိုက်သဖြင့် အဆုံးသတ်တွင် နှစ်ဖက်လုံးထိခိုက်နစ်နာကာ တာအိုဝါဒ ညှိုးနွမ်းသွားပြီး ဗုဒ္ဓဘာသာလည်း ဆိတ်သုဉ်းသွားလေသလားဟု ရန်ကျောက်ကဲ တွေးထင်ခဲ့ဖူးသည်။

သို့သော် ယခုတော့ ဤကမ္ဘာကိုကြည့်ရသည်မှာ ထိုသို့မဟုတ်ကြောင်း သက်သေပြနေသည်။

“ဒါက ဘုရားလောင်းရဲ့ ကျင့်စဉ်ကျမ်းစာတွေလား....”

ရန်ကျောက်ကဲ အဝေးတစ်နေရာမှ မြို့တော်ကြီးကိုငေးကြည့်ရင်း တွေးလိုက်သည်။

မြို့တော်ထက်မှ ဗုဒ္ဓရောင်ခြည်အလင်းတန်းသည် ယုံကြည်သက်ဝင်သူများ၏ နံ့သာပေါင်းမီးရှို့ပူဇော်ကန်တော့ခြင်းမှ ဖြစ်တည်လာသော တန်ခိုးစွမ်းအား ပေါင်းစည်းမှု ဖြစ်သည်။

ဘုရားလောင်းက ဗုဒ္ဓဘာသာကို ကမ္ဘာတစ်လွှားပြန့်ပွားစေခဲ့သူ ဖြစ်သည်။ ယုံကြည်သက်ဝင်သူများ၏ နံ့သာပေါင်းပူဇော်မှုကြောင့် တန်ခိုးစွမ်းအား ဖြစ်တည်လာသည်။

“ငါ့ကိုယုံကြည်တဲ့သူတွေ နိဗ္ဗာန်ကိုရရှိနိုင်မယ် ၊ ငါ့ကိုယုံကြည်တဲ့သူ‌တွေ သုခဘုံသို့ ဝင်ရောက်နိုင်မယ် ၊ ငါ့ကိုယုံကြည်တဲ့သူတွေ အမြဲထာဝရအသက်ရှင်ခြင်းချမ်းသာသုခကိုရရှိမယ်”

ဟု ဘုရားလောင်းက ဆိုခဲ့သည်။

ရန်ကျောက်ကဲကတော့ ထိုသို့သောစကားက အနည်းငယ်အလှမ်းဝေးသလို ခံစားရသည်။

သို့သော် ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသော သက်ဝင်ယုံကြည်သူများသည် ဗုဒ္ဓ၏တန်ခိုးတော်ကြောင့် များစွာကျင့်ကြံအားထုတ်နေစရာမလိုဘဲ တန်ခိုးစွမ်းအားများရရှိနိုင်ကြောင်း ကောလဟလများ ကြားဖူးထားသည်။

အချို့သောဗုဒ္ဓဘာသာဝင်များဆိုလျှင် ဗုဒ္ဓ၏ပလ္လင်ခြေရင်းဖြစ်သော သုခဘုံတွင်မင် မွေ့လျော်နိုင်ကြပြီး ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးစွာနေထိုင်ရသည်ဟု ဆိုစမှတ်ရှိကြသည်။

ဘုရားအလောင်းက သူပြောသည့်အတိုင်းပင် လူသားမျိုးနွယ်များအားလုံးကို အမှန်တကယ် ကယ်တင်မည် ဖြစ်သည်။

မဟာကပ်ဘေးကြီးမတိုင်ခင်က သာမန်လူများသည် တာအိုဝါဒထက် ဗုဒ္ဓဘာသာကို ပိုမိုယုံကြည်ကိုးကွယ်ကြသည်။ ဤအချက်က တစ်ခုခုမှားယွင်းနေသည်ဟု အမြဲတမ်းခံစားမိသော်လည်း ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး သိပ်ပြီးနားမလည်သည့်အတွက် ရန်ကျောက်ကဲအနေဖြင့် ကောက်ချက်ချရန် မလွယ်ကူခဲ့ပေ။

သူ့စိတ်ထဲမှာ သံသယစိတ်တွေရှိနေတာကြောင့် ရန်ကျောက်ကဲဟာ ဗုဒ္ဓဘာသာဖြင့်ရင်ဆိုင်ရသည့်အခါ ပိုပြီးသတိထားခဲ့သည်။

အထူးသဖြင့် မဟာကပ်ဘေးကြီးအလွန်ကာလတွင် ဗုဒ္ဓဘာသာ၏နိမိတ်များကို တစ်ခါမှ မတွေ့ဖူးသေးသော ရန်ကျောက်ကဲအနေဖြင့် ယခု သူ့အရှေ့တွင် ဗုဒ္ဓဘာသာထွန်းကားသော ကမ္ဘာနှင့်ရုတ်တရက် ရင်ဆိုင်ရသည့်အခါ အထူး သတိထားခဲ့လေသည်။

ပြီးတော့ ဤနေရာက “သုခဘုံ” ပမာဖြစ်နေလေရာ ရန်ကျောက်ကဲ အမှန်တကယ်ပင် အံ့အားသင့်ခဲ့ရသည်။

ခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲက မြို့တော်ကြီးအတွင်းသို့မဝင်တော့ဘဲ အနီးပတ်ဝန်းကျင်မြို့ရွာများကိုသာ စူးစမ်းလေ့လာရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခုပေါ်လာသောကြောင့်ပင်။

ယခုတော့ ရန်ကျောက်ကဲက လူနေထူထပ်ခြင်းမရှိသည့် မြို့ငယ်လေးတစ်မြို့ကို ရွေးချယ်လိုက်၏။

ဤမြို့ငယ်လေးတွင်လည်း ဗုဒ္ဓရောင်ခြည်အလင်းတန်း ထွက်ပေါ်လျှက် ရှိသည်။ စောစောကတွေ့မြင်ရသော မြို့တော်ကြီးထက် ရောင်ခြည်အလင်းတန်းက အားနည်းသော်လည်း ၊ ဤသို့ဖြစ်ရသည်မှာ လူအများ ဗုဒ္ဓကို မကိုးကွယ်ကြသောကြောင့်မဟုတ်ဘဲ မြို့နေလူဦးရေ နည်းပါးသောကြောင့်သာ ဖြစ်သည်။

ရန်ကျောက်ကဲက ပန်ပန်ပကို သေးငယ်သွားအောင်ပြောင်းလဲလိုက်ပြီး အသင်္ချေနဂါးနန်း‌တော်ကိုလည်း သိမ်းဆည်းလိုက်သည်။

ထို့နောက် ရန်ကျောက်ကဲက မြို့ငယ်လေးထဲသို့ ကိုယ်တိုင်ပင်လမ်းလျှောက်ဝင်သွားပြီး လေ့လာကြည့်လိုက်တော့ ဤနေရာမှလူများသည် သိုင်းကျင့်ကြံသူများမဟုတ်ကြဘဲ သာမန်လူများသာဖြစ်ကြောင်း သိလိုက်ရသည်။

သို့သော် လူတိုင်း၏ခန္ဓာကိုယ်တွင် ပုန်းကွယ်နေသော ဗုဒ္ဓအလင်းရောင်ရှိနေသည်။ သာမန်လူများအမြင်မှာတော့ လူသားအားလုံးက သာမန်အတိုင်း အတူတူပင် ဖြစ်၏။

သိုပေသိ ရန်ကျောက်ကဲ၏အမြင်မှာတော့ လူတိုင်း၏ခန္ဓာကိုယ်မှ ဖန်သားပမာကြည်လင်သောရောင်ဝါများဖြာလင်းထွက်ပေါ်နေသည်ကို တွေ့မြင်ရသည်။

အချို့ရောင်ဝါများက အားကောင်းပြီး အချို့ကတော့ အားနည်းကြသည်။

ကျင့်ကြံသူများမဟုတ်ကြသဖြင့် ဤ ဗုဒ္ဓအလင်းရောင်သည် လူတိုင်း၏ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေပြီး မည်သည့်စွမ်းအားမှ ထွက်ပေါ်လာခြင်းမရှိပေ။ သို့သော် လူအများကို အန္တရယ်ကင်းစေပြီး ဖျားနာမှုများ ကင်းဝေးစေသည်။

သို့ရာတွင် ထိုသူများသာ ကျင့်စဉ်လမ်းသို့လျှောက်လှမ်းမည်ဆိုပါက ဤ ဗုဒ္ဓအလင်းရောင်က ကျင့်ကြံခြင်းအခြေခံအုတ်မြစ်အဖြစ် လျှင်မြန်စွာပြောင်းလဲသွားနိုင်သည်ဟု ရန်ကျောက်ကဲက ယူဆခဲ့သည်။

ထိုအခြေခံအုတ်မြစ်ကိုအသုံးပြုပြီး ကျင့်ကြံမည်ဆိုလျှင် ကျင့်စဉ်လမ်းက အလွန်လွယ်ကူပေလိမ့်မည်။

မဟာကပ်ဘေးကြီးမတိုင်ခင်က ကောလဟလများအရ ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်သည် ခက်ခက်ခဲခဲကျင့်ကြံရန် မလိုအပ်သလို ကျင့်ကြံခြင်းတစ်ဆို့မှုများလည်းမရှိကြ‌ပေ။ သူတို့အတွက်လိုအပ်သော တစ်ခုတည်းသောအရာမှာ ဗုဒ္ဓကို ဇွဲလုံ့လအပြည့် သစ္စာရှိရှိဖြင့် ဆည်းကပ်ရန်သာ ဖြစ်၏။

“အဘိုး... အနှောက်အယှက်ပေးရတာအားနာပါတယ်”

ရန်ကျောက်ကဲက မျက်နှာထက်တွင် အပြုံးရိပ်ဆင်မြန်းရင်း အိမ်တစ်အိမ်မှထွက်လာသည့် သာမန်အဘိုးအိုတစ်ယောက်ဆီသို့ လမ်းလျှောက်သွားကာ နှုတ်ဆက်လိုက်သည်။

မြို့ထဲတစ်ဝိုက်လေ့လာကြည့်ပြီးသည့်နောက် ဤကမ္ဘာတွင်အသုံးပြုသော ဘာသာစကားက မဟာကပ်ဘေးကြီးမတိုင်ခင်က ဘာသာစကားနှင့် အတိအကျတူညီနေကြောင်း အံ့သြဖွယ်ရာ တွေ့ရှိခဲ့ရသည်။  ခေတ်အခြေအနေနှင့် သမိုင်းကြောင်းပြောင်းလဲမှုကြောင့်သာ အနည်းအကျဉ်း ကွာခြားမှု ရှိခဲ့သည်။

ပြီးတော့ ဤကမ္ဘာမှ ယဉ်ကျေးမှုအမွေအနှစ်များမှာလည်း မဟာကပ်ဘေးကြီးမတိုင်ခင်က ယဉ်ကျေးမှုအမွေအနှစ်များနှင့် သိပ်ပြီးကွာဟမှု မရှိပေ။ သို့သော် အတင်းအကျပ်ပြုပြင်ထားသောအရာများရှိနေကြောင်း လက္ခဏာအချို့ကိုတော့တွေ့ရသည်။

“အဘိုး... ကျွန်တော်က ခရီးသွားတစ်ယောက်ပါ ၊ ဒီမြို့ကိုရောက်တော့ ဒီနေရာနဲ့သိပ်မရင်းနှီးဘူးဖြစ်နေတယ် ၊ ဆိုတော့ ဘယ်နေရာမှာများ ဗုဒ္ဓဝတ်ကျောင်းတော်ရှိမလဲ သိပါရစေ ၊ မြို့ကိုရောက်ရောက်ခြင်း အရင်ဆုံး ဗုဒ္ဓကို ကန်တော့ချင်လို့ပါ”

ရန်ကျောက်ကဲစကားကိုကြားတော့ အဘိုးအိုက ပြုံးလိုက်ရင်း...

“မင်းက အသက်ငယ်ပေမယ့် ဘာသာတရားကိုင်းရှိုင်းသားပဲ ၊ မြို့တောင်ဘက်ကိုလျှောက်သွားလိုက်ရင် အဓိကလမ်းမကြီးပေါ်မှာ ဗုဒ္ဓဝတ်ကျောင်းတော်တွေ့လိမ့်မယ် ၊ မြို့ကကျဉ်းတော့ သိပ်ရှာရမှာမဟုတ်ပါဘူး”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ပြီး အဘိုးအိုနှင့် ခဏမျှ စကားစမြည်ပြောဆိုလိုက်သည်။

ပြီးမှ...

“ဒါနဲ့လေ အဘိုး ၊ စောစောက မြို့အပြင်ဘက်မှ စန်းချင်း (၃)ပါးကို ကိုးကွယ်နေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရတယ် ၊ သူက ဘာလို့ စန်းချင်း (၃)ပါးကို ကိုးကွယ်နေတာလဲ မသိဘူးနော်”

“စန်းချင်း (၃)ပါး ဟုတ်လား...”

အဘိုးအိုက နားမလည်ဟန်ဖြင့် ပြန်လည်မေးမြန်းသည်။

“စန်းချင်း(၃)ပါးဆိုတာ ဘာများလဲ လူငယ်လေး ၊ မင်း အမြင်မှားတာဖြစ်ရမယ် ၊ ကျုပ်တို့ဆီက ဗုဒ္ဓကိုပဲကိုးကွယ်ကြတာ... မင်းပြောတဲ့ တခြားပုဂ္ဂိုလ်တွေကိုကိုးကွယ်နေတယ်ဆိုရင်တော့ အဲဒီလူက အယူမှားတဲ့မိစ္ဆာပဲဖြစ်ရမယ်”

ရန်ကျောက်ကဲ စိတ်ထဲမှတွေးလိုက်သည်။

“လက်စသတ်တော့ဒီလိုကိုး....”

အထက်ဘုံကမ္ဘာနှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာ အစရှိသောကမ္ဘာများတွင် ဗုဒ္ဓဘာသာ၏ သဲလွန်စ တစ်ခုတလေပင် မရှိသကဲ့သို့ ဤကမ္ဘာတွင်လည်း တာအိုဝါဒနှင့်ပတ်သက်သည့်သဲလွန်စ တစ်ခုတလေပင် မရှိခဲ့ပေ။

***

(မှတ်ချက် : ဤစာစဉ်မှ ဗုဒ္ဓဘာသာဆိုသည်မှာ မဟာယာန Zen ဗုဒ္ဓဘာသာကိုရည်ညွှန်းခြင်းဖြစ်ပါသည် ၊ စန်းချင်း (၃)ပါး ဆိုသည်မှာ တာအိုဝါဒ၏အဓိပတိကြီးများဖြစ်သော လင်ပေါင်ထျန်းကျွင်း ၊ ယွမ်စီထျန်းကျွင်းနှင့် ထိုက်စန့်လောင်ကျွင်း (၃)ပါးကိုပြောခြင်းဖြစ်ပါသည်)

All Chapters